စုန့်ထျန်နှင့် တိုက်ခိုက်ခြင်း
Vol. 152 Ch. 2105
“ဝမ်လင်း…ဒါက တကယ်ပဲ ဝမ်လင်းပဲ…” တောက်ရီကလန်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအော်သံတွင် ဒေါသတို့ ပါဝင်နေသည်။
ဒေါသအပြင် ယင်းအသံ၌ အကြောက်တရားတို့လည်း ပါဝင်နေ၏။ ရှေးမြို့၏ နန်းတော်အတွင်း၌ ဝမ်လင်းနှင့် ရင်ဆိုင်ခဲ့ရချိန်က ဖြစ်ပျက်ခဲ့သမျှကို တောက်ရီသည် မေ့နိုင်လိမ့်မည် မဟုတ်ပေ။ အတိတ်တုန်းက ဝမ်လင်းသည် အတော်လေး အစွမ်းထက်ခဲ့ပြီး ဖြစ်ကာ ခုခါတွင် သူသည် မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပေပြီ။ တောက်ရီသည် ခုချိန်တွင် ဝမ်လင်း မည်မျှ သန်မာမည်ကို စိတ်ကူးပင် မကြည့်ဝံ့တော့ပေ။
ကူးတောက် ပြီးနောက် အကြီးမားဆုံးဖြစ်နေသော မဟာအင်ပါယာနေမင်းကပင် ဝမ်လင်း၏ ခွန်အားကို ဖော်ပြနေခဲ့ပြီ မဟုတ်လား။
“သူက ထာဝရနတ်ဘုရားနယ်မြေကိုတောင် ခုထိ မသွားရောက်ရသေးဘူး။ သူ တကယ်ပဲ သူ့ကိုယ်ပိုင်ခွန်အားနဲ့ မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တယ်…”
မြောက်ပိုင်းကုန်းမြေတွင် ဝဖူန်သည် ကောင်းကင်ထက်သို့ အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။
ခရမ်းရောင်ယင်ကလန်၌ မိန်းကလေးငယ်နှစ်ယောက်သည် ပျော်မြူးနေကြ၏။ သူတို့က တစ်ယောက်လက်ကို တစ်ယောက် ကိုင်ကာ ကောင်းကင်ထက်သို့ ကြည့်နေသည်။
“သူ မဟာအင်ပါယာတစ်ပါး ဖြစ်လာခဲ့ပြီ…”
ရှေးမြို့၏ အင်ပါယာတောင်ပေါ်တွင် မဟာအင်ပါယာကျိုးသဲက ရှေးကလန်ရှိနေသော အရပ်သို့ လှမ်းကြည့်သည်။ သူ့ စိတ်နှလုံးမှာ တုန်ယင်မိသွားပြီး သူ့မျက်နှာသည် အနည်းငယ် ဖြူရောကာ သူသည် မသေမချာ ဖြစ်နေပုံ ပေါက်သည်။
“သူ နန်းတော်မှာ ရှိခဲ့တုန်းက သူဟာ နေမင်းအကြမ်းထည်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ။ အဲ့ဒီနောက် သူဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ရသွားခဲ့တယ်။ ဒီနေမင်းမှာ အဖြူ၊အနက်၊ ရွှေရောင်ဆိုပြီး ပါဝင်နေတယ်။ ရွှေရောင်ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ပေါင်းစည်းလိုက်တာကြောင့် ဖြစ်ပေါ်လာတာပဲ နေမယ်…”
“ပုံမှန်ဆို သူ မဟာအင်ပါယာတစ်ယောက် ဖြစ်လာတာဟာ ကြီးကြီးမားမား တုန်လှုပ်စရာတော့ ဖြစ်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက နှစ်တစ်ရာကျော်လောက်ပဲ ရှိသေးပြီး သူဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို သန့်စင်နိုင်ခဲ့ပြီး ဖြစ်နေတယ်…”
”အခု သူ မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီပေါ့…” ကျိုးသဲ၏ စိတ်နှလုံးမှာ တုန်ယင်နေသည်။ သူ တစ်ယောက်သာ စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခု အော်ဟစ်ခဲ့ကြသည့် ကိစ္စနှင့် ပတ်သတ်၍ အမှန်တရားကို သိထားသူပင်။ သူသည် ထိုစဉ်က အကြည့်ကို ပြန်တွေးမိကာ ဝမ်လင်း မဟာအင်ပါယာ ဖြစ်လာခြင်းနှင့် ၎င်းအဖြစ်ကို မချိတ်ဆက်မိဘဲ မနေနိုင် ဖြစ်ရသည်။
ကျိုးသဲသည် ထိတ်လန့်ဟန် ဖြစ်ပေါ်ကာ တကိုယ်တည်း ရေရွတ်လိုက်သည်။ “ဒါ မဖြစ်နိုင်လောက်ဘူး…”
ဟိုင်းဇီက အင်ပါယာတောင်၏ ထောင့်တနေရာတွင် ထိုင်ကာ ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။
ရှေးမြို့၏ နန်းတော်အောက်တွင်လည်း တောင်တလုံးအဖြစ် ပြောင်းလဲသွားသော လျန်တောက်ဖေကမူ မလှုပ်မယှက် ရှိနေလေ၏။
ရှေးကလန်တွင် ရှေးရှီ၏ မူလတောင်ပေါ်တွင် စုန့်ထျန်သည် ခါးသီးသောအမူအရာဖြင့် ရှိနေသည်။ သူ့စိတ်နှလုံးမှာလည်း တုန်ယင်နေ၏။
ရှေးတောက်အင်ပါယာမြို့တွင် ရွှမ်လောက ဝမ်လင်း၏ အော်ရာကို ခံစားမိ၏။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက အလွန်ပျော်နေ၏။ သူသည် အားပါးတရ ရယ်မောလိုက်သည်။
လောဟွာနိုင်ငံ၊ နန်းတော်အထက်ရှိ ကောင်းကင်ယံတွင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ သုံးရောင်စုံမဟာအင်ပါယာနေမင်းသည် ပျောက်ကွယ်သွားလေ၏။ သို့သော် သူ၏ မဟာအင်ပါယာနေမင်း၏ အရိပ်ကမူ ကောင်းကင်ထက်တွင် ထာဝရ ကျန်နေပေလိမ့်မည်။ ဤသည်မှာ သူ မဟာအင်ပါယာတစ်ပါး ဖြစ်လာခြင်း၏ သင်္ကေတ မဟုတ်လား။
ဥပဒေသစွမ်းအား လွင့်ပြယ်လာနေရင်း လောကသည် ပုံမှန် ပြန်ဖြစ်လာ၏။ နန်းတော်ထဲမှ အလင်းတန်းများစွာ ပျံသန်းထွက်လာသည်။ ရှေ့ဆုံးမှသူမှာ မင်းသားကျိတုပင်။
သူက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဝမ်လင်းနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသည့်အခါ ဒူးထောက်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“မဟာအင်ပါယာတစ်ပါး ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိပါတယ်….မွေးစားအဖေ…”
“အရှင်ဝမ်ကို နှုတ်ဆက်ပါတယ်…” ကျိတု၏နောက်တွင် အမျိုးသမီးငယ်နှင့်သူမ၏ ခင်ပွန်းဖြစ်သူတို့ကလည်း တလေးတစား ပြောလာသည်။ သူတို့သည် မျက်လုံးထဲရှိ တုန်လှုပ်မှုကို မဖုံးကွယ်ထားနိုင်ဘဲ ဝမ်လင်းရှေ့တွင် ဒူးတစ်ဖက်စီ ထောက်ကြ၏။
တကယ်တော့ ကျိတုသည်ပင် ထိုသို့ ပြုမူနေကာ သူတို့နှစ်ယောက်မှာ လိုက်လုပ်ဆောင်ရမည် ဖြစ်၏။
“အကျွန်တို့ကလည်း အရှင်ဝမ်ကို နှုတ်ဆက်ပါတယ်…” သူတို့သုံးယောက် ထိုသို့ ဆိုပြီးနောက် နန်းတော်ရှိ အစောင့်အကြပ်အားလုံးသည် ဒူးထောက်ကာ ဝမ်လင်းကို အရိုအသေ ပေးကြ၏။
ဝမ်လင်းသည် လေထဲတွင် ရပ်ကာ ထိုသူတို့ကို ကြည့်သည်။ သူက မင်းသားကျိတုနှင့် လူငယ်စုံတွဲအပေါ်သို့ အကြည့်ရောက်သွားပြီး ပြုံးသည်။ ထို့နောက်တွင် သူသည် အေးခဲတောင့်တင်းနေသော ရှေးဟောင်းမိစ္ဆာကို လှမ်းကြည့်ကာ လျှောက်လှမ်းသွားသည်။
ရှေးဟောင်းမိစ္ဆာ၏ ရှေ့တွင် ရပ်ကာ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ပြီး ၎င်း၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။ ရှေးဟောင်းမိစ္ဆာသည် တုန်ယင်သွားကာ နာကျင်သောအမူအရာ ဖြစ်ပေါ်သည်။ အနက်ရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာကာ လေထဲသို့ ပျောက်ကွယ်သွားသည်။ ထိုရှေးဟောင်းမိစ္ဆာသည် နာကျင်မှုကို ဆက်၍ မခံစားရတော့ဘဲ အသိစိတ် ပြန်ရလာ၏။ ၎င်းက ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်သည်။ ၎င်းသည် ပြန်လှုပ်ရှားမှု လုပ်လာနိုင်ပြီ ဖြစ်၏။ သည့်အတွက် ၎င်းသည် ဒူးတစ်ဖက်ထောက်ကာ ဝမ်လင်းထံသို့ ဦးညွှတ်လိုက်သည်။
“ကျိတု…စုန့်ထျန်ကို သွားတွေ့ဖို့ ငါ မင်းကို ခေါ်သွားမယ်…” ဝမ်လင်းက ထိုရှေးဟောင်းမိစ္ဆာ၏ ဦးခေါင်းပေါ်သို့ ခြေလှမ်းတက်ကာ ကျိတုကို လှမ်းကြည့်သည်။
ကျိတု၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူသည် ရုတ်တရက် အပေါ်သို့ မော့ကြည့်၏။ သူက သူ့စိတ်လှုပ်ရှားမှုကို ဆက်၍ ဖုံးဖိမထားနိုင်တော့ပေ။ သူသည် ဝမ်လင်းကို ကျေးဇူးတင်စိတ်ဖြင့် ကြည့်နေမိသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…မွေးစားအဖေ…” ကျိတုက အသက်ဝဝရှိုက်သွင်းကာ ရှေးဟောင်းမိစ္ဆာ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။ သူသည် ဝမ်လင်း၏နောက်တွင် တလေးတစား ရပ်ကာ ဝမ်လင်း၏ နောက်ကျောကို ကြည့်၏။ ထိုနောက်ကျောမှာ ကြီးမားခြင်းမရှိပါ။ သို့သော် သူက ၎င်းမှာ တောင်ကြီးတစ်ခုကဲ့သို့ ခံစားမိရသည်။ ထိုနောက်ကျောကသာ သူ့ကို ထောက်ပံ့ပေးထားသ၍ သူသည် ရှေးရှီ၏ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်တော့ပေမည်။
ရှေးဟောင်းမိစ္ဆာက ဝမ်လင်းအမိန့်ပေးနေဖို့ မလိုပေ။ ၎င်းက ဟိန်းအော်သံပေးကာ ဝမ်လင်းနှင့် ကျိတုတို့ကို ခေါ်၍ ၎င်း လာခဲ့သော အက်ကြောင်းထံ ခြေလှမ်းဝင်သည်။ ထို့နောက်တွင် ထိုအက်ကြောင်းနှင့်အတူ သူတို့သည် ပျောက်ကွယ်သွားကြသည်။
ရှေးရှီ၏ အပြင်ဘက်၊ မူလတောင်ပေါ်တွင် ဝမ်လင်းက စုန့်ထျန်၏ နတ်ဘုရားအာရုံကို ဖယ်ရှားပစ်လိုက်ချိန်တွင် စုန့်ထျန်သည် တုန်ယင်သွား၏။ သူ့မျက်နှာက အနည်းငယ် ဖြူရောသွားသည်။ သို့သော် သူသည် အလျင်အမြန် သူ့ကိုယ်သူ ပြန်ထိန်းသည်။
သူ့အမူအရာမှာ သုန်မှုန်နေ၏။ သူက လက်ထဲတွင် ဧရာမပုဆိန်တလက်ကို ကိုင်ထားသည်။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ သူက သူ့အပြုအမူက ဝမ်လင်းကို ဒီနေရာသို့ ရောက်လာစေတော့မည်ကို သိသည်။
“ငါ အစောပိုင်းတုန်းက ဝမ်လင်းကို စမ်းသပ်ဖို့ မကြိုးစားခဲ့ဘူးဆိုရင်လည်း သူက ကျိတုကို နောင်တက်လာမယ့် အင်ပါယာဖြစ်အောင် လုပ်ပေးဖို့ ဒီကို ရောက်လာအုံးမှာပဲ…” စုန့်ထျန်က သက်ပြင်းချလိုက်၏။ သူသည် အနိုင်ရဖို့ ယုံကြည်ချက် မရှိပေ။ သို့သော် မဟာအင်ပါယာတစ်ယောက်အနေဖြင့် သူသည် မတိုက်ခိုက်ဘဲ နာခံရုံသပ်သပ် မလုပ်နိုင်ပေ။
မူလတောင်ပေါ်တွင် ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်နေကာ ထိုတောင်ကို မြူတို့က ဝန်းရံထားသည်။ ၎င်းမြူအတွင်း၌ သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေသော စစ်တပ်ကြီးတစ်တပ် ရှိနေသည်။
“မူလတောင် အစီအရင်နဲ့ မဟာအင်ပါယာကူးတောက် ငါ့ကို လက်ဆောင်ပေးထားတဲ့ ဥပဒေသပါဝင်တဲ့ ပုဆိန်တို့နဲ့ဆို သူဟာ ဥပဒေသကို စီမံခန့်ခွဲနိုင်ပေမယ့် ငါ တန်ပြန်တိုက်ခိုက်နိုင်လောက်မှာပါ…”
စုန့်ထျန်က အသက်ဝဝရှိုက်သွင်းကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်၍ ဝမ်လင်း ရောက်အလာကို စောင့်နေတော့သည်။
သူ့နောက်တွင် ချီမန်သည် ခါးသက်သောအမူအရာဖြင့် ရှိနေပြီး ငြိမ်သက်စွာ စဉ်းစားနေသည်။
အချိန်တဖြည်းဖြည်း ကုန်လွန်လာနေ၏။ မျက်စိတမှိတ်အတွင်း အမွှေးတိုင်တတိုင်ဝက်စာလောက် ကုန်လွန်သွားလေပြီ။ သည်အခိုက်တွင် ကောင်းကင်ထက်မှ ကျယ်လောင်သော ဟိန်းမြည်သံ ထွက်ပေါ်လာကာ အက်ကြောင်းတစ်ခုသည် ပွင့်ဟလာသည်။ အနက်ရောင်အခိုးငွေ့များစွာ ပန်းထွက်ကာ ရှေးဟောင်းမိစ္ဆာ လှမ်းထွက်လာ၏။
၎င်း၏ဦးခေါင်းပေါ်တွင် လူနှစ်ယောက် ရှိနေသည်။ သူတို့မှာ ဝမ်လင်းနှင့် ကျိတုတို့ပင်။
စုန့်ထျန်က ရုတ်တရက် ဝမ်လင်းကို လှမ်းကြည့်သည်။ တချိန်တည်းမှာ ချီမန်၏ အကြည့်က ကျိတု၏အကြည့်နှင့် ဆုံသည်။
စုန့်ထျန်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အေးစက်စက် ပြောလိုက်သည်။ “ဝမ်လင်း…”
ဝမ်လင်းက ပြုံး၍ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “အရှင်စုန့်ကို နှုတ်ဆက်ပါတယ်…”
“အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောနဲ့တော့။ မင်း ဒီကို ဘာကြောင့် ရောက်လာတာလဲ ငါ သိတယ်။ မင်း အနိုင်ရရင် ငါက ကျိတုကို နောက်နှစ်တစ်ရာအတွင်း အင်ပါယာ ဖြစ်စေမယ်…” စု့န်ထျန်သည် သက်ပြင်းချလိုက်၏။ သူသည် သူ အနိုင်ရပါက မည်သို့ ပြုလုပ်မည်ကိုပင် မပြောခဲ့ပေ။ သူက ဘယ်လက်ကို ဝေ့ယမ်း၏။ မြူထဲရှိ တပ်သားများသည် ကြမ်းကြုတ်စွာ အော်သံ ပေးလျက် ဝမ်လင်းထံ တိုးဝင်လာကြသည်။
တချိန်တည်းမှာ စုန့်ထျန်က ပုဆိန်ကို ကိုင်ဆွဲကာ ဝမ်လင်းကို ခုတ်ပိုင်းလိုက်သည်။
မဟာအင်ပါယာစုန့်ထျန်သည် တောက်ရီထက် သန်မာပေသည်။ ဝူဖန်လောက် အစွမ်းထက်ပေ၏။ လွန်ခဲ့သော နှစ်တစ်ရာကသာ ဝမ်လင်းအနေဖြင့် သူနှင့် တိုက်ခိုက်ချင်ခဲ့ပါက အနိုင်ရမှုမှာ မသေချာပေ။ သူ့ကိုယ်ပွားမှ လွဲ၍ ကျန်သည့်သူ့စွမ်းအားကုန်ကို အသုံးပြုကာ တိုက်ခိုက်ခဲ့ရလိမ့်မည် ဖြစ်၏။
သို့သော် ခုခါတွင်မူ။
ဝမ်လင်းသည် မရေမတွက်နိုင်သော တပ်သားများနှင့် ကောင်းကင်ဘုံကို ဖြတ်ပိုင်းလာသော ပုဆိန်ချက်အား တည်ငြိမ်စွာ ရင်ဆိုင်နေ၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ သုံးကြိမ်တိုင် လက်ညွှန်၏။
ပထမလက်ညွှန်ချက်ကြောင့် တပ်သားအုပ်ထံမှ ကျယ်လောင်စွာ တုန်ဟည်းသံ မြည်ဟိန်းကာ ယင်းတပ်သားများသည် ပျောက်ကွယ်သွားကြသည်။ သူတို့သည် မမြင်ရသော အရံအတားနှင့် ထိရိုက်ခြင်း ခံလိုက်ရသည့်အလား။
ချီမန်နှင့် ကျိတုတို့၏ အမြင်တွင်လည်း ထိုသို့သာ ဖြစ်နေ၏။ သို့သော် စုန့်ထျန်၏ အမြင်တွင်မူ သူက ထိုစစ်တပ်၏ရှေ့တွင် လောက၏ ဥပဒေသများ ပေါ်လာသည်ကို တွေ့မြင်ပေသည်။
ထိုစစ်တပ်အုပ် ပျောက်ကွယ်သွားသည့်နောက် ဝမ်လင်း၏ ဒုတိယလက်ညွှန်ချက်က မူလတောင်ပတ်လည်ရှိ မြူထုကို ပြန့်ကြဲသွားစေသည်။ ထိုအခါ တောင်တခုလုံး တုန်ခါကာ အစီအရင်ကို ထုတ်ဖော်နေသော ရှေးရှီ၏အစွမ်းထက်သူများသည် သွေးအန်လိုက်ရကာ အားနည်းကုန်သည်။
စုန့်ထန်က သူ့ဦးရေပြား ထုံထိုင်သွားသလို ခံစားမိလိုက်ရ၏။ သို့သော် သူက တောင့်ခံထားကာ အေးစက်စက်အကြည့်ကို ထုတ်ဖော်သည်။ သူသည် စစ်ပုဆိန်ကို ကိုင်ထားလျက် ဝမ်လင်းထံ ခုတ်ပိုင်းလိုက်တုန်းပင်။
ထိုအခိုက်တွင် ဝမ်လင်းက တတိယအကြိမ်မြောက် လက်ညွှန်၏။
စုန့်ထျန်၏ ရှေ့တွင် ပုံရိပ်ယောင်လက်သီးချက် ပေါ်လာ၏။ ထိုလက်သီးကို လောက၏ ဥပဒေသကို ကိုယ်စားပြုသော အစင်းကြောင်းများနှင့် ဖွဲ့စည်းထားသည်။ ယင်းလက်သီးချက်က စုန့်ထျန်၏ပုဆိန်နှင့် ထိပ်တိုက်တွေ့သည်။
၎င်းလက်သီးချက်ရှေ့တွင် ပုဆိန်ချက်မှာ တုန်ခါပြီး ထက်ပိုင်း ပြတ်သွားလေ၏။
စုန့်ထျန်သည် သွေးအန်လိုက်ရပြီး ပေတစ်ထောင်ထိ နောက်ဆုတ်ပြီး မူလတောင်ပေါ်သို့ ခြေနင်းလိုက်ရ၏။ တောင်တစ်ခုလုံး တုန်ခါကာ အက်ကြောင်းများ ထင်းထင်းထကုန်သည်။
ဝမ်လင်း၏ လက်ချောင်းထိပ်တွင် အဖြူရောင်အမှတ်အသားတစ်ခု ပေါ်လာခဲ့ချိန်တွင် သူ့ညာလက်မှာ တန့်သွားသည်။ သို့သော် ၎င်းက သူ၏ အရေပြားကို ချိုးဖျက်နိုင်ခြင်း မရှိပေ။
“စစ်ပုဆိန်မှာ ဥပဒေသ ပါဝင်တယ်…” ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ ပုဆိန်အပိုင်းကို လှမ်းကြည့်ကာ သူ့လက်ကို ဆန့်ထုတ်သည်။ ၎င်းပုဆိန်အပိုင်းအစများသည် ဝမ်လင်းထံ ပျံသန်းလာပြီး အတူတကွ စုဝေးကာ ပြည့်စုံသော စစ်ပုဆိန်အဖြစ် ပြန်ဖွဲ့စည်းသည်။
“သင် ဆက်ပြီး တိုက်ခိုက်ချင်သေးလား…” ဝမ်လင်း၏ တည်ငြိမ်သောအကြည့်က စုန့်ထျန်ပေါ်သို့ ကျရောက်သွားသည်။
“ဘာကြောင့် မတိုက်ခိုက်ရမှာလဲ…” စုန့်ထျန်က ရယ်မောကာ ကောင်းကင်ထက်သို့ ပျံတက်လာသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိ မူလတောင်ပေါ်သို့ လက်ဆန့်ထုတ်သည်။
ထိုအခါ တောင်တစ်ခုလုံး တုန်ခါကာ မြင့်တက်လာသည်ဟု ထင်ရသည်။ စုန့်ထျန်ကြောင့် ထိုတောင်မှာ ကောင်းကင်ထက်သို့ မြောက်ကြွလာသလိုမျိုး ခံစားရသည်။
တောင်ထံမှ မရေမတွက်နိုင်သော အလင်းတန်းများ ပျံသန်းထွက်လာ၏။ သူတို့သည် ချီမန်အပါအဝင် တောင်ပေါ်၌ နေထိုင်ကြသူများ ဖြစ်၏။ သူတို့အားလုံးသည် အလန့်တကြား ဖြစ်နေကြသည်။
အင်ပါယာနန်းတော်ထံမှ မရေမတွက်နိုင်သော အလင်းတန်းများ ပျံသန်းလာကာ သည်နေရာသို့ ဦးတည်လာနေလေ၏။