← Chapters

အကူအညီပေးခြင်း

Vol. 152 Ch. 2106

အကူအညီပေးခြင်း

Vol. 152 Ch. 2106

ဝမ်လင်းသည် မဟာအင်ပါယာစုန့်ထျန်က မူလတောင်ကို ကောင်းကင်ထက်သို့ ပင့်မြှောက်သည်ကို စောင့်ကြည့်နေ၏။

ထိုတောင်က မြင့်သထက် မြင့်လာကာ စုန့်ထျန်၏ ဦးခေါင်းထက်တွင် လွင့်မြောလာသည့်အထိပင်။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူသည် ထိုတောင်ကို ပင့်တင်ထားသည့်အလား။

“ဝမ်လင်း…မင်း ဒီမူလတောင်ရဲ့ စွမ်းအားကို တောင့်ခံနိုင်ရင် ငါ ရှုံးတယ်လို့ ဝန်ခံတယ်…” စုန့်ထျန်က မာန်သွင်းကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ မူလတောင်သည် ဝမ်လင်းပေါ်သို့ အရှိန်အဟုန် ပြင်းစွာဖြင့် ကျရောက်လာသည်။

“ဒီတောင်ကို မူလတောင်လို့ ခေါ်တယ်။ ဒါဟာ ရှေးရှီမှာ ပထမဆုံးမွေးဖွားလာတဲ့တောင်ပဲ။ နှစ်တွေအလွန်ကြာခဲ့ပြီးတာတောင် ဒီတောင်ရဲ့ အရွယ်အစားက ပြောင်းလဲမှု မရှိခဲ့ဘူး။ ငါဟာ ဒီနေရာမှာ ငါ့တာအိုကို ပြီးပြည့်စုံပြီး မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့တာ။ ငါ ဒီတောင်ကို သန့်စင်ခဲ့တဲ့နောက် ၎င်းရဲ့ ဖိနှိပ်ခြင်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိခဲ့တယ်…”

“ဝမ်လင်း…ဒီတိုက်ခိုက်မှုကို ခံယူလိုက်…”

လောကသည် တုန်ယင်၏။ တောင်သည် ကျယ်လောင်စွာ မြည်ဟိန်းသံ ပေးသည်။ ထိုတောင်မှ တုန်လှုပ်ဖွယ် ကောင်းလွန်းကာ ချက်ခြင်းပင် ဒီဧရိယာကို ဖိနှိပ်သည်။ တောင်က ထူးခြားလှ၏။ ဝမ်လင်းသည် တောင်ကြောင့် ဥပဒေသ၏ စွမ်းအားသည် တွန်းထုတ်ခံရသည်ကို ရှင်းလင်းစွာ မြင်နေရသည်။ ထိုဆန်းကြယ်သောအားက ဥပဒေသကို ပိုင်းခြားပစ်နေသည်။ သည်တောင်နှင့် လောက၏ ဥပဒေသတို့မှာ အတူတကွ မတည်ရှိနိုင်ကြသည့်အလား။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက နေရာတွင် ရပ်နေသည်။ သူ့ဝတ်ရုံနှင့် ဆံပင်ဖြူတို့မှာ လေနှင့်အတူ ကခုန်သည်။ သူက တိုးဝင်ကျဆင်းလာသော တောင်ကို ကြည့်ကာ ၎င်းထံ လက်သီးချက် ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်က လေဟာနယ်ပေါ် ကျရောက်သွားပြီး ပေတစ်ထောင်အတွင်း လက်သီးအားက တောင်နှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ တုန်ဟည်းမြည်သံ ပဲ့တင်ထပ်ကာ တောင်၏ ကျဆင်းလာနှုန်းက ကြီးစွာ လျှော့ကျသွားသည်။ သို့သော် ၎င်းတောင်က ပြုတ်ကျလာဆဲပင်။

ဝမ်လင်း၏ လက်သီးချက်က တုန်ယင်လာကာ ထိုလက်သီးချက်နှင့် ထိပ်တိုက်တွေ့ပြီးနောက် တစစီ ဖြစ်သွားသည်။ တချိန်တည်းမှာ ပြင်းထန်သောဖိအားတစ်ခုက ဝမ်လင်းပေါ်သို့ သက်ဆင်းကျလာသည်။ သူ ရှိနေသော ဟင်းလင်းပြင်မှာ ပိုင်းခြားခွဲထုတ်ခံရသည်။ သူ့ပတ်လည်ရှိ ဧရိယာမှာ ဒီလောကနှင့် လုံးဝ ပိုင်းခြားခွဲထွက်သွားသည့်အလား။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းက ခပ်ရေးရေး ပြုံး၏။ သည်မူလတောင်၏ ဖိနှိပ်ခြင်းသည် ရှေးဘိုးဘေး၏လက်ချောင်းနှင့် အလားသဏ္ဌာန်တူသည်။ သို့ပေမည့် ရှေးဘိုးဘေး၏ လက်ချောင်းသည် ဧရိယာကို ၎င်း၏ ကိုယ်ပိုင်လောကအဖြစ်သို့ ပြောင်းကာ ရန်သူနှင့်အတူ ပျက်စီးစေခြင်း ဖြစ်၏။ သည်မူလတောင်ကမူ ၎င်း၏ကိုယ်ပိုင်လောကထဲသို့ ဧရိယာနေရာကို ခွဲထုတ်ကာ ရန်သူ ထွက်ပြေးခြင်းကနေ တားဆီးကာ ဖိနှိပ်ပစ်ရန်ပင်။

ဝမ်လင်းသည် တိုးဝင်လာသော တောင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မဟာအင်ပါယာတစ်ပါး ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တာပဲ။ မဟာအင်ပါယာကိုးယောက်လုံးက ဘယ်သူမှ အားမနည်းကြဘူး။ မဟာအင်ပါယာတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်မန္တာန်တွေ ရှိကြတယ်…”

“ဥပမာအနေနဲ့ စုန့်ထျန်ရဲ့ မူလတောင်ဟာ ဥပဒေသတွေကို ဖယ်ရှားပြီး ရှေးဘိုးဘေးလက်ချောင်းလို ၎င်းရဲ့ ကိုယ်ပိုင်လောကကို ဖန်တီးနိုင်တဲ့ သက်ရောက်မှု အချို့ရှိတယ်။ ဒါက ယုံကြည်မှုမန္တာန် မဟုတ်ပေမယ့်လည်း ဂုဏ်ဝင့်ဖို့ လုံလောက်နေပြီ…”

သူ၏မျက်လုံးက အရောင်တောက်လာ၏။ သူ၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် လောကတွင် မဟာအင်ပါယာကူးတောက်ထက် သူ့ကို ပို၍ ချိန်းခြောက်နိုင်သူ မရှိတော့ပေ။ ကူးတောက်ကလွဲ၍  မည်သည့်မဟာအင်ပါယာကမျှ ဝမ်လင်းကို မချိန်းခြောက်နိုင်တော့ပါ။ သည်မူလတောင်သည် သာမန်ထက်ထူးကဲလှသော်လည်း ထိုမျှသာ ဖြစ်ချေ၏။

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေ၏။ သူက သူ့လက်ကို ပင့်မြှောက်ကာ တိုးဝင်လာသော တောင်ထံသို့ လက်ညွှန်သည်။

ထိုလက်ညွှန်ချက်သည် ရှေးဘိုးဘေး၏လက်ချောင်းပင်။

ယင်းလက်ညွှန်ချက်နှင့်အတူ လောကသည် အရောင်များ ပြောင်းလဲကာ တိမ်များ ပြန့်ကြဲသည်။ တောင်ကနေ ပိုင်းခြားပစ်သည့် ဟင်းလင်းပြင်နေရာသည် တုန်ဟည်းကာ ဝမ်လင်းပတ်လည်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ထိုအက်ကြောင်းများက ပို၍ ရှည်လျားလာချေ၏။ ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်သည် ထိုအားကို ဆက်၍ တောင့်မခံနိုင်တော့သောကြောင့် ပျက်စီးလေတော့မလို ထင်ရသည်။

ဝမ်လင်းက ထိုတောင်ကို လက်ညွှန်လိုက်သည့်နောက် ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ၎င်းသည် ရပ်တန့်သွားသည်။ သို့သော် ထိုတောင်သည် ဆက်လက် တုန်ခါနေကာ အောက်သို့ သက်ဆင်းနိုင်ခြင်း မရှိတော့ပေ။

ထိုအခိုက်တွင် ဝမ်လင်းကို ပိတ်လှောင်ထားသော ပိုင်းခြားခံဟင်းလင်းပြင်နေရာမှာ ပျက်စီးသွားသည်။ ဝမ်လင်းသည် တည်ငြိမ်စွာ လှမ်းထွက်ကာ စုန့်ထျန်ကို ကြည့်သည်။

“ထပ်ပြီး တိုက်ခိုက်ချင်သေးလား…”

စုန့်ထျန်သည် ခါးသီးသောအမူအရာဖြင့် ရှိနေ၏။ သို့သော် သူက အံတင်းတင်းကြိတ်ကာ မူလတောင်ထိပ်ပေါ်သို့ ခုန်တက်လိုက်သည်။ သူက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ ယင်းတို့က သွေးမြူအဖြစ်သို့ ပြောင်းကာ တောင်က ယင်းသွေးမြူကို စုပ်ယူသည်။ စုန်ထျန်က ထိုင်ချကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေပြီး မာန်သွင်းအော်ဟစ်လိုက်သည်။

“မူလဖိနှိပ်ခြင်း…”

မူလတောင်သည် ကျယ်လောင်စွာ တုန်ဟည်းမြည်သံကို ထုတ်လွှတ်လာ၏။ ၎င်းက ချိုးဖျက်ကာ ဝမ်လင်းထံ ထပ်မံ သက်ဆင်းလာသည်။

ဝမ်လင်းက ခေါင်းယမ်းကာ လှုပ်ရှားလိုက်၏။ သူသည် တောင်ဆင်းသက်လာတာကို စောင့်မနေတော့ဘဲ တောင်ရှေ့တွင် ပေါ်လာကာ သူ့လက်ဖြင့် ၎င်းကို ထိလိုက်၏။

သူ၏ လက်ဝါးချက် ကျဆင်းသွားခိုက်တွင် ထိုတောင်သည် ရုတ်တရက် တုန်ခါကာ စုန့်ထျန်သည် ထပ်မံ သွေးအန်ရသည်။ သူသည် နောက်သို့ ခြေလှမ်းများစွာ လွင့်ထွက်သွားပြီးမှ ရပ်တန့်နိုင်လိုက်၏။

ထိုအခိုက်တွင် ရှေးရှီအင်ပါယာမြို့မှ အလင်းတန်းများ ရောက်လာကာ ပုံရိပ်ဒါဇင်ချီ လှစ်ဟပေါ်သည်။ ရှေ့ဆုံးမှ သူက တော်ဝင်ဝတ်ရုံဖြင့် အဘိုးအိုပင်။ သူက ဝမ်လင်းကို ကြည့်ကာ သူ့အမူအရာသည် ပြောင်းလဲသွားသည်။

ဝမ်လင်းသည် ထို ရောက်လာသောသူများကို ကြည့်ပင် မကြည့်ပေ။ သူက စုန့်ထျန်ကို နောက်ဆုတ်သွားစေပြီးနောက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ မူလတောင်သည် ချက်ခြင်းပင် လည်ပတ်ကာ လက်ဝါးအရွယ်အစားထိ ကြုံ့သွား၏။ ထို့နောက် ၎င်းသည် ဝမ်လင်း၏ ညာလက်ပေါ်သို့ ကျဆင်းသွားသည်။

ထိုတောင်က ကြုံ့သွားသည့်နောက် နွားထီး၏ ဦးခေါင်းအသွင်နှင့် တူလေ၏။

စုန့်ထျန်က ထိုသည်ကို မြင်သည့်အခါ နောက်သို့ ခြေလှမ်းဆုတ်မိကာ သူ့မျက်နှာသည် ဖြူရောသွားသည်။ မရေမတွက်နိုင်သော နှစ်များစွာ တလျှောက် ရှေးရှီ၏ မည်သည့်မဟာအင်ပါယာကမျှ ၎င်းတောင်ကို ထိုအဆင့်ထိ ကြုံ့သွားအောင် လုပ်နိုင်ခြင်း မရှိပေ။

သို့သော် ဝမ်လင်းကမူ ၎င်းကို သည်မျှထိ ကြုံ့သွားအောင် လုပ်နိုင်ပေ၏။ ဝမ်လင်းသည် ၎င်းတောင်ကို သူ စိတ်ဆန္ဒရှိသလို စီမံနိုင်သကဲ့သို့ပင်။ စုန့်ထျန်၏ စိတ်ထဲ၌ ခါးသီးစွာ ခံစားမိလိုက်၏။ သူက သက်ပြင်းချကာ ခုခံမှုအားလုံးကို လက်လျှော့လိုက်သည်။ သူသည် လက်နှစ်ဖက်ဆုပ်ကာ ဝမ်လင်းကို အရိုအသေ ပေးလိုက်၏။

“ငါ အရှုံးကို ဝန်ခံပါတယ်…” စုန့်ထျန်က ထိုသို့ ပြောလာ၏။ ထို့နောက် သူသည် ရောက်လာကြသော သူများထံ လှည့်ကြည့်သည်။ သူတို့အားလုံးမှာ ဒီမြင်ကွင်းကြောင့် တုန်လှုပ်နေ၏။

“ရှေးရှီရဲ့ စောင့်ရှောက်သူတစ်ယောက်၊ မဟာအင်ပါယာတစ်ယောက်အနေနဲ့ ငါဟာ လာမည့်နှစ်တစ်ရာအတွင်း မင်းသားကျိတုဟာ အင်ပါယာဖြစ်လာဖို့ကို အသိအမှတ်ပြုတယ်…” စုန့်ထျန်က ဖြည်းဖြည်းချင်း ပြောလာ၏။ ထို့နောက် သူ့အကြည့်က တော်ဝင်ဝတ်ရုံဖြင့် အဘိုးအိုပေါ်သို့ ကျရောက်သွားသည်။

ထိုအဘိုးအိုသည် ခုလက်ရှိ ရှေးရှီ၏အင်ပါယာပင်။ သူသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေကာ တခုခုကို ပြောချင်နေသည်။ သို့သော် သူက ဝမ်လင်းကို ကြည့်လိုက်မိကာ ငြိမ်သက်သွား၏။ ထို့နောက် သူက စုန့်ထျန်ထံ လက်နှစ်ဖက်ဆုပ်ကာ ခေါင်းညိတ်သည်။

မင်းသားကျိတုက စိတ်လှုပ်ရှားခြင်းနှင့် ပြည့်နေ၏။ သူက ဤသည်မှာ သူ့အတွက် အစစ်အမှန် မဟုတ်သလိုမျိုးပင် ခံစားမိနေ၏။ သူ အိပ်မက်မက်နေခဲ့ရသော အရာကို သည်လောက် လွယ်ကူစွာ ရရှိလိုက်ခြင်းက မင်းသားကျိတုကို မိန်းမောမိသွားစေသည်။ သို့ပေမည့် သူသည် သာမန်လူ မဟုတ်ပေ။တအောင့်အကြာတွင် သူက ချက်ခြင်းပင် အသက်ဝဝရှိုက်သွင်းကာ လူတိုင်းရှေ့သို့ လှမ်းလာသည်။

သူသည် တခဏ တုံ့ဆိုင်းနေကာ စုန့်ထျန် သို့မဟုတ် သူ့အဖေ ဖြစ်သူတို့ကို ကျေးဇူးတင်စကား မဆိုပေ။ ထိုအစား သူသည် တဖက်သို့ လှည့်၍ စုန့်ထျန်၊ သူ့အဖေဖြစ်သူအင်ပါယာ၊ ရှေးရှီ၏ အစွမ်းထက်ကျင့်ကြံသူများ ရှေ့မှောက်မှာပင် ဝမ်လင်းထံ ဒူးထောက်ချလိုက်၏။

“ကျေးဇူးတင်ပါတယ်…မွေးစားအဖေ…”

သည်ဒူးထောက်မှုနှင့် သည်စကားက လူတိုင်း၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူတို့အားလုံးက လှမ်းကြည့်ကာ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။

အင်ပါယာအာဏာစက်က အတုမဲ့ဖြစ်သော ရှေးကလန်၌ အနာဂတ်အင်ပါယာအဖြစ် အသိအမှတ်ပြုခံရသော မင်းသားက တစုံတစ်ယောက်ကို သူ၏ မွေးစားအဖေအဖြစ် သတ်မှတ်ကာ အမှန်ပင် ဒူးထောက်ခဲ့လေ၏။

သည်အပြုအမူက လူတိုင်း စိတ်ကူးနိုင်သည်ထက် ကျော်လွန်သွားကာ အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။

“ကျိတု…မင်း ဘာလုပ်တာလဲ…”  ဦးဆုံး စကားဆိုလာသူမှာ ရှေးရှီအင်ပါယာဘေးတွင် ရပ်နေသော သက်လတ်ပိုင်းလူ ဖြစ်၏။ သူလည်း မင်းသားတစ်ယောက်ပင်။

အကွာအဝေးတစ်ခု၌ လက်သင့်မခံနိုင်ဖြစ်နေသော ချီမန် ရှိနေ၏။ သို့သော် သူ့ထံတွင် သည်အခင်းအကျင်းကို ပြောင်းလဲနိုင်သော စွမ်းအား မရှိလေပေ။ သို့ပေမည့် ခုခါတွင် သူ၏မျက်လုံးက အရောင်တောက်သွားသည်။

“ကျိတု…မင်းသားတစ်ယောက်အနေနဲ့ တစုံတစ်ယောက်ကို မင်းရဲ့ မွေးစားအဖေအဖြစ် ဘယ်လိုများ အသိအမှတ်ပြုနိုင်ရတာလဲ။ မင်းက ရှေးရှီရဲ့ အနာဂတ်အင်ပါယာပဲ။ မင်းက ရှေးတောက်မဟာအင်ပါယာရှေ့မှာ ဘယ်လိုကြောင့် ဒူးထောက်နိုင်ရတာလဲ…”

ရှေးရှီအင်ပါယာသည် ငြိမ်သက်စွာ စဉ်းစားနေဆဲပင်။ သူက ဝမ်လင်းရှေ့တွင် ဒူးထောက်နေသော သူ့သားဖြစ်သူကို ကြည့်နေ၏။ သူ၏မျက်လုံးထဲရှိ မကျေမနပ်အရိပ်အယောင်ကိုမူ မဖုံးကွယ်ထားပေ။

ပတ်ဝန်းကျင်တစ်ခုလုံး၏ ဗြောင်းဆန်ခတ်သွားမှုက မင်းသားကျိတု၏ မျက်နှာကို အနည်းငယ် ဖြူရောသွားစေသည်။ သို့သော် သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နေလျက် သူက ဝမ်လင်းကို ကြည့်နေလေ၏။ သူသည် သူ ဘာလုပ်နေသည်ကို သိ၏။ သူသည် ဤအခြေအနေကို အသုံးပြုကာ သူ ရှေးရှီအင်ပါယာ ဖြစ်လာခဲ့လျှင်ပင် ဝမ်လင်းမှာ သူ၏ မွေးစားအဖေ ဖြစ်နေတုန်းဟု ပြောချင်ခြင်းပင်။

ဝမ်လင်းကလည်း ကျိတုကို ကြည့်၏။ ကျိတုက သူ့အဖေ၊ အစ်ကို၊ သူ့ရောင်းရင်းကလန်ဝင်များရှေ့တွင် ထိုသို့ လုပ်ရဲလောက်အောင် သတ္တိရှိလိမ့်မည်ဟု ဝမ်လင်းအနေဖြင့် မမျှော်လင့်ထားမိခဲ့ပေ။

ကျိတုက ဝမ်လင်းအပေါ် သူ့ကတိကို လျှို့ဝှက်ကာ ဖြည့်ဆည်းပေးနိုင်၏။ ထိုနည်းလမ်းဖြင့်ဆို သူ၏ အင်ပါယာဖြစ်လာမည့် ဖြစ်စဉ်မှာ ချောမွတ်လိမ့်မည်။ သို့သော် ခုခါတွင်မူ သူ၏လမ်းကြောင်းတွင် အလှည့်အပြောင်းများ ရှိလာနိုင်ပေသည်။

လူအများ၏ လက်သင့်မခံနိုင်စွာ အော်သံဟစ်သံတို့က ပိုကျယ်လောင်လာ၏။ သို့သော် စုန့်ထျန်ကမူ မည်သို့မျှ မဆိုပေ။ ရှေးရှီအင်ပါယာမှာလည်း ငြိမ်သက်နေမြဲ ဖြစ်၏။ သူ့အကြည့်ကသာ သုန်မှုန်နေ၏။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကျိတု…မင်းကို ငါ့ရဲ့ မွေးစားသားအဖြစ် လက်ခံတယ်…”

ကျိတုက အသက်ဝဝရှိုက်သွင်းမိလိုက်၏။ သည့်အရင်တုန်းက ဝမ်လင်းသည် သူ့ကို ထိုသို့ လုံးဝ အသိအမှတ်မပြုခဲ့ပေ။ သူကသာ ဝမ်လင်းကို မွေးစားအဖေဟု ခေါ်ခဲ့တာ ဖြစ်၏။ သူက ဝမ်လင်း၏ စကားတို့ကို ကြားသည့်အခါ ထပ်မံ ဦးညွှတ်လိုက်၏။

“နှစ်ပေါင်းတစ်ရာအတွင်း မင်းက ရှေးရှီအင်ပါယာ ဖြစ်လာလိမ့်မယ်…”   ဝမ်လင်းသည် ရှေးရှီအင်ပါယာမြို့ထံသို့ လှမ်းကြည့်လိုက်၏။ သူက အင်ပါယာမြို့တွင် မိုးထိမြင့်မားသော ရှေးဘိုးဘေးရုပ်တုကို လှမ်းမြင်သည်။

ထိုနေရာမှာ ရှေးဘုံကျောင်းရှိနေသော နေရာပင်။

သက်လတ်ပိုင်းအရွယ်မင်းသားနှင့် မင်းသားချီမန်တို့၏ မျက်နှာမှာ ဖြူရောနေ၏။ သူတို့သည် တစ်ခုခု ပြောချင်နေသည်။ ရှေးရှီအင်ပါယာကလည်း တစုံတခုကို နားလည်လိုက်ကာ သက်ပြင်းချ၏။ ထို့နောက် သူသည် ပထမဆုံးအကြိမ်အဖြစ် စကားဆိုလာသည်။

“ငါ့သားက အရှင်ဝမ်လိုမျိုးလူကို မွေးစားအဖေအဖြစ် ရတာ သူ့ရဲ့ ကံကောင်းမှု၊ ငါတို့ ရှေးရှီအတွက် ဂုဏ်ကျက်သရေပဲ။ ငါဟာ ရှေးတောက်အင်ပါယာ မဟုတ်ဘူး။ ဒါ့ကြောင့် အရှင်ဝမ်ကို အတင်းအကြပ် ဖိအား ပေးမှာ မဟုတ်သလို၊ ရှေးရှီအတွက် ကပ်ဘေးတစ်ခုလည်း ဖြစ်စေမှာ မဟုတ်ဘူး…”

“အရှင်ဝမ် ကျုပ်ရဲ့ ရှေးရှီမှာ နေထိုင်ဖို့ တောင်းဆိုပါတယ်။ သင့်မျာ တခြား ဘာပဲ တောင်းဆိုစရာ ရှိရှိ ကျုပ် အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်…”

တော်ဝင်ဝတ်ရုံဖြင့် အဘိုးအိုက လက်နှစ်ဖက်ဆုပ်ကာ ဝမ်လင်းကို အရိုအသေ ပေးလိုက်၏။

ထိုအခိုက်တွင် စုန့်ထျန်က ပြုံး၍ ဝမ်လင်းကို ပြောလာသည်။ “အစ်ကိုဝမ် သွားရမယ့် နေရာ မရှိရင် ဒီမှာပဲ နေပြီး ကျိတု နောက်တစ်ရာအတွင်း အင်ပါယာ ဖြစ်လာတာကို စောင့်ကြည့်နေပါ့လား…”

မင်းသားကျိတုက ထရပ်ကာ ရှေးရှီအင်ပါယာထံ တလေးတစား ပြောလာ၏။ “အဖေ၊ မွေးစားအဖေက ရှေးဘုံကျောင်းကို သွားချင်နေခဲ့တာ၊ သားလည်း သဘောတူထားခဲ့ပါတယ်။ ဒါပေမဲ့ သားအနေနဲ့ အဖေရဲ့ ခွင်ပြုချက်ကို တောင်းခံချင်ပါတယ်…”

“ထိုအဘိုးအိုက ပြုံး၍ ချက်ခြင်း ပြန်ဖြေသည်။ ရှေးဘုံကျောင်းလား။ အရှင်ဝမ်က အဲ့ကို သွားချင်ရင် ကျုပ်လည်း သဘော မတူစရာ ဘာရှိလဲ…”

သူသည် သဘောမတူဝံ့ဘဲ မနေဝံ့ပေ။

သည်အရှင်ဝမ်သည် ရှေးတောက်အင်ပါယာကို သတ်ခဲ့ကာ ရှေးတောက်အင်ပါယာမြို့ကို ချိုးဖျက်ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်လာခဲ့သူ မဟုတ်လား။ မဟာအင်ပါယာကူးတောက်သည်ပင် ထိုကိစ္စအတွက် စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ ထို့အပြင် မဟာအင်ပါယာစုန့်ထျန်သည်ပင် ထိုသူ၏ ပြိုင်ဘက် မဟုတ်တာကို တွေ့မြင်နေရသဖြင့် သူ့အနေဖြင့် ဝမ်လင်းကို မည်သို့ ကလန်ကဆန် လုပ်ဝံ့ပါ့မည်နည်း။

အင်ပါယာအာဏာစက်၏ အတုမဲ့မှု မသက်ရောက်နိုင်သော ခုလိုမျိုး တစုံတရာ ရှိနေသေးပေ၏။

All Chapters