တတိယစမ်းသပ်မှု၊ ဒုတိယကပ်ဘေး
Vol. 152 Ch. 2107
ရှေးကလန်တခုလုံးတွင် ရှေးဘုံကျောင်းသုံးခုသာ ရှိ၏။ ယင်းတို့မှ သက်ဆိုင်ရာ တော်ဝင်မိသားစု သုံးစု၏ အင်ပါယာမြို့များရှိ သက်ဆိုင်ရာ နိုင်ငံ၏ ရှေးဘိုးဘေးရုပ်တုတစ်ခုစီ၏ အောက်ခြေတွင် တည်ရှိပေသည်။
ရှေးကလန်၏ အရွယ်ရောက်ပြီးသော ကလန်ဝင်တိုင်းသည် သူတို့၏ တတိယမြောက်စမ်းသပ်မှုအတွင်း ရှေးဘုံကျောင်းသို့ လိုလားစွာ လာရောက်ကြ၏။ သို့ပေမည့် သူတို့သည် ဘုံကျောင်းအတွင်းပိုင်းသို့ ဝင်ခွင့်မရပေ။ တော်ဝင်မိသားစုမှ လူများကသာ အတွင်းပိုင်းဧရိယာသို့ ဝင်ခွင့်ရှိသည်။
ရှေးအချိန်များတည်းက အလွန်နည်းပါးသော သူအချို့သာ ရှေးဘုံကျောင်းအတွင်းသို့ ဝင်ရောက်ကာ တံခါးပိတ်ကျင့်ကြံဖို့ အရည်အသွေး ရှိခဲ့ကြ၏။ မဟာအင်ပါယာများအတွက်ပင် ထိုသည်က ဖြစ်ခဲ၏။ အကြောင်းမှာ သည်ဘုံကျောင်းအတွင်းပိုင်းသို့ ဝင်ရောက်ခွင့်သည် မျိုးဆက်၏ အင်ပါယာ၏လက်ထဲတွင် ရှိသောကြောင့်ပင်။ တော်ဝင်မိသားစုဝင်များသာ စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ဘုံကျောင်းအတွင်းပိုင်းသို့ ဝင်ရောက်နိုင်ကြသည်။
ဝမ်လင်းသည် ရှေးရှီ၏ အင်ပါယာမြို့ ဗဟိုချက်တွင် ရပ်နေ၏။ သူက ရှေးဘိုးဘေး ရုပ်တုအောက်ဘက်တွင် ရှိနေကာ ရှေ့သို့ ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
ထိုရုပ်တုသည် ရှေးတောက်၏ ရုပ်တုနှင့် အတူတူပင်။ ရှေးဘိုးဘေးက ကောင်းကင်နှင့်မြေကြီးကို အထင်သေးဟန်ဖြင့် ကြည့်နေပုံကို ရုပ်တုက ဖော်ပြသည်။ ကောင်းကင်ဘုံနင်းခြေခြင်းတံတား သုံးခုကို မဖြတ်သန်းခင်ကဆို ဝမ်လင်းသည် ရှေးတောက်၌ သူ ဒီရှေးဘိုးဘေးရုပ်တုကို မြင်တွေ့ခဲ့ချိန်က များများစားစား မခံစားမိခဲ့ပါ။
သို့သော် အခုအခါတွင် သည်ရုပ်တုက သူ့အမြင်တွင် မတူကွဲပြားလာသည်။
အထင်သေးမှုက အပြင်ပိုင်းတွင်သာ ရှိနေခြင်းဖြစ်၏။ အတွင်းပိုင်းတွင်မူ ဝမ်လင်းသည် ဝမ်းနည်းမှု အငွေ့အသက်ကို မြင်သည်။ ထိုဝမ်းနည်းမှုက သူ့ကိုယ်သူအတွက်နှင့် သက်ရှိဖြစ်တည်မှုအားလုံးအတွက်ပင်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီရှေးဘိုးဘေး ရုပ်တုကို ဘယ်သူ ထွင်းထုခဲ့တာလဲ…”
ဝမ်လင်းဘေးရှိ စုန့်ထျန်က ရုပ်တုကို ကြည့်နေလျက် ဖြည်းဖြည်းချင်း ပြောလာ၏။ “မဟာအင်ပါယာကူးတောက်…”
“ရှေးဘိုးဘေး ပျောက်သွားတဲ့နောက် မဟာအင်ပါယာကူးတောက် ဘယ်ကမှန်းမသိရတဲ့ တောင်သုံးလုံးကို ယူဆောင်လာခဲ့တယ်။ ပြီးတော့ သူက အင်ပါယာမြို့သုံးခုမှာ ရုပ်တုသုံးခုကို သူ ကိုယ်တိုင် ထွင်းထုခဲ့တာပဲ….”
“ဒါ့ကြောင့်လည်း ကျုပ်တို့ နောက်မျိုးဆက်တွေဟာ ရှေးဘိုးဘေးရဲ့ ပုံပန်းသွင်ပြင်ကို မှတ်မိနေပြီး အချိန်ကာလကြောင့် မမေ့သွားမှာလေ…”
ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူသည် လူမျိုးစုတစ်ခု၌ မျှော်လင့်ချက်သင်္ကေတတစ်ခု ပိုင်ဆိုင်သည်ကို သိသည်။ ထိုသို့ မရှိပါက နောက်ပိုင်းတွင် ယင်းလူမျိုးစုသည် ကြာရှည်စွာ ဆက်ရှိနေမည် မဟုတ်ဘဲ ဖြည်းဖြည်းချင်း အသက်မဲ့သွားနိုင်သည်။
ရှေးဘိုးဘေး၏ ရုပ်တုများနှင့် ဒဏ္ဌာရီများက ရှေးကလန်၏ ယုံကြည်သက်ဝင်ရာပင်။ မဟာအင်ပါယာကူးတောက်၊ ရှေးကလန်၏ စောင့်ရှောက်သူ။ ထိုအမည်ဂုဏ်ပုဒ်ဖြင့်ပင် လူတစ်ယောက်က သူ၏ ဉာဏ်ရည်ကြီးမားမှုကို မြင်နိုင်ပေသည်။
ဝမ်လင်းနှင့် စုန့်ထျန်တို့က တစုံတခုကို စောင့်နေသည့်အလား ရုပ်တုအောက်တွင် ရပ်နေကြ၏။
မကြာမီတွင် အင်ပါယာနန်းတော် ရှိသော အရပ်ထံမှ ခပ်အုတ်အုတ် အသံတသံ ထွက်ပေါ်လာပြီး နက်မှောင်သောအလင်းတန်းတစ်ခုက ဒီနေရာသို့ တဟုန်ထိုး ဦးတည်ကာ ရှေးဘိုးဘေးရုပ်တု ပတ်လည်တွင် လှည့်ပတ်၍ နက်မှောင်သောရောင်စဉ်စက်ဝန်းတို့ကို ဖြစ်ပေါ်စေသည်။
ရုပ်တုအောက်ရှိ ရှေးဘိုးဘေး၏ ခြေကျင်းနေရာ၌ တံခါးချပ်ကြီးတစ်ခု ရှိ၏။ ထိုတံခါးက ပိတ်ထားလျက် ရှိသည်။ သို့သော် ထိုနက်မှောင်သောရောင်စဉ်စက်ဝန်း ပေါ်လာသည့်အခါ တံခါးသည် ဖြည်းဖြည်းချင်း ပွင့်လာသည်။
“အစ်ကိုဝမ်…ရှေးဘုံကျောင်းရဲ့ တံခါးပွင့်သွားပါပြီ။ ကျုပ်တော့ မလိုက်တော့ဘူး။ ဂရုစိုက်ပါ…” စုန့်ထျန်က ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
ဝမ်လင်းသည် ပွင့်နေသော တံခါးကို အလေးအနက်ဟန်ဖြင့် ကြည့်သည်။ သူသည် ထာဝနတ်ဘုရားနယ်မြေသို့ ဝင်ရောက်သည့်အခါ လီမူဝမ်၏ စိတ်ဝိညာဉ်ကို ဘေးကင်းအောင် လုပ်နိုင်ဖို့အတွက် သည်တတိယစမ်းသပ်မှုတွင် နောက်ထပ်စိတ်ဝိညာဉ်သွေးစက်နှစ်စက် ရနိုင်မည့်အပေါ် မူတည်နေသည်။
ဝမ်လင်းက စုန့်ထျန်ကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူသည် အသက်ဝဝရှိုက်သွင်းကာ ရှေးဘုံကျောင်းထံ လျှောက်လာသည်။
သူ တလှမ်းချင်း လှမ်းလာရင်း တံခါးရှေ့သို့ ရောက်လာ၏။ ထို့နောက် ဝမ်လင်းသည် တွေဝေမနေဘဲ အတွင်းသို့ ဝင်ရောက်သွားသည်။
သူ ဝင်ရောက်သည့်အခိုက်တွင် တံခါးက ဖြည်းဖြည်းချင်း ပြန်ပိတ်လာ၏။ အမွှေးတိုင်တတိုင်ဝက်စာလောက် ကုန်ဆုံးပြီးနောက် ထိုတံခါးသည် လုံးဝ ပြန်ပိတ်သွားသည်။
ရှေးဘိုးဘေးရုပ်တုပေါ်ရှိ နက်မှောင်သောအလင်းက တဖြည်းဖြည်း ပြန်မှိတ်သွား၏။ ၎င်းက အလင်းတန်းတစ်ခုအဖြစ် ပြန်ပြောင်းလဲကာ အင်ပါယာနန်းတော်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
စုန့်ထျန်က နေရာတွင် အချိန်အတန်ကြာ ရပ်နေ၏။ ထို့နောက် သူသည် သက်ပြင်းချကာ ထွက်သွားတော့သည်။
ရှေးရှီဝင်များက ရုပ်တုပတ်လည်ရှိ အော်ရာကို မြင်ကြ၏။ သို့သော် အချို့ကသာ ဝမ်လင်း ဝင်ရောက်သွားတာကို သိကြသည်။ သည်သတင်းကို ရှေးရှီအင်ပါယာက ဖိနှိပ်ထားသဖြင့် လူအများသည် ဒီကိစ္စကို တဖြည်းဖြည်း မေ့သွားကြလေ၏။
ရှေးရှီတခုလုံးမှာ အရင်နှင့် ဘာမျှ မကွာခြားသွားပါ။ သို့သော် လူအများက မင်းသားကျိတုသည် အင်ပါယာမြို့သို့ရောက်လာပြီး ခုခါ၌ နန်းတော်တွင် နေထိုင်နေသည်ကို သတိပြုမိလာကြ၏။
သက်လတ်ပိုင်းအရွယ်သရဖူဆောင်းမင်းသားကို လွန်ခဲ့သောဆယ်နှစ်က ဘုရင်ဘွဲ့ထူး ပေးကာ နယ်စပ်ကို စောင့်ကြပ်ဖို့ စေလွှတ်ခဲ့၏။
နောင်ငါးနှစ် ကုန်လွန်လာခဲ့ပြန်သည်။ နောင်တက်လာမည့် အင်ပါယာ ဖြစ်နိုင်ချေရှိသော မင်းသားချီမန်ကိုလည်း ဘုရင်ဘွဲ့ထူးပေးကာ အင်ပါမြို့မှကနေ စေလွှတ်ခဲ့၏။ နောက်ထပ် ဆယ့်ငါးနှစ်ကုန်လွန်သွားပြန်သည်။ မင်းသားများကို ဘုရင်ဘွဲ့ထူးပေးကာ တစ်ယောက်ပြီး တစ်ယောက် အင်ပါယာမြို့ကနေ စေလွှတ်ခံရသည်။ နှစ်ပေါင်းသုံးဆယ် ကြာပြီးနောက် မင်းသားကျိတု တစ်ယောက်သာ ကျန်ခဲ့၏။
ထိုနှစ်ပေါင်းသုံးဆယ်အတွင်း မင်းသားကျိတုက အတော်လေး ငြိမ်သက်နေပြီး အပြင်ဘက်နှင့် များများစားစား ကူးလူးဆက်ဆံခြင်း မရှိပေ။ နောင်တက်လာမည့် အင်ပါယာအဖြစ် သူ့အဆင့်အတန်းမှာ သေချာနေပြီ ဖြစ်၍ သူသည် လျှို့ဝှက်လုပ်ဆောင်နေဖို့ မလိုတော့ပေ။ သူက စောင့်နေရုံသာ ရှိ၏။
တခြားမင်းသားအားလုံးကို ဘုရင်ဘွဲ့ထူးပေးကာ အဝေးသို့ စေလွှတ်ခဲ့ပြီးနောက် ရှေးရှီမှလူများသည် အနာဂတ်အင်ပါယာမှာ မည်သူ ဖြစ်သည်ကို သိနေကြပေပြီ။
ကျိတုက အင်ပါယာ တစ်ယောက် ပိုင်ဆိုင်သော ပုန်းကွယ်နေသည့် အာဏာစွမ်းအားများနှင့် ပတ်သတ်၍ တဖြည်းဖြည်း စတင် ထိတွေ့လာ၏။ ကျန်သည့်နှစ်ခုနစ်ဆယ်တွင် သူ့အဖြေက ထိုအာဏာစက်တို့ကို သူ့ထံ တဖြည်းဖြည်း လွှဲပြောင်းပေးနေခဲ့သည်။
အရာအားလုံးသည် အစီအစဉ် ချထားသည့်အတိုင်း ရှိနေခဲ့၏။ ကျိတုက သူ၏ ကောင်းမွန်သော အလေ့အထကို ဆက်၍ ထိန်းထားဆဲပင်။ သူသည် မနက်ခင်း၊ အိပ်ယာထချိန်တိုင်းလိုလို ရှေးဘုံကျောင်း ရှိရာအရပ်သို့ ငြိမ်သက်စွာ ကြည့်နေလိမ့်မည် ဖြစ်သည်။
သူက သူ့မွေးစားအဖေကို ဘယ်အချိန် ပြန်တွေ့ရမည်အား မသိပေ။ သို့သော် ထိုအလေ့အထက သည်အတိုင်း ရှိနေဆဲပင်။ နောက်ပိုင်းတွင် သူ့ နောက်လိုက် ကလန်ဝင်များက မင်းသားကျိတု၏ ထိုအပြုအမူကို သတိပြုမိကာ စဉ်းစားတွေးတော မိကုန်ကြ၏။ သူတို့က ထိုကိစ္စနှင့် ပတ်သတ်၍ ကြိတ်ပြီး စုံစမ်းကြသော်လည်း မည်သည့်သဲလွန်စမျှ မရကြပေ။
အချိန်ကုန်လွန်လာခဲ့သည်။
ထိုအလေ့အထအပြင် နှစ်ပေါင်းသုံးဆယ်အတွင်း သူက ဝမ်လင်း၏ အမိန့်ကို မေ့မထားခဲ့ပေ။ သူက အမျိုးသမီးတစ်ယောက်ကို တိတ်တဆိတ် စောင့်ကြပ်ပေးဖို့ အစွမ်းထက်သူတော်တော်များများကို ကျောက်တုံးနက်မြို့သို့ စေလွှတ်ခဲ့ပေ၏။ ထိုအမျိုးသမီး၏ အမည်မှာ စုန့်ကျန်ပင်။
နောက်ထပ် နှစ်ပေါင်းတစ်ရာ ကျော်လာပြီးနောက် စုန့်ကျိသည် အရင်ကကဲ့သို့ မဟုတ်တော့ပါ။ အချိန်ကာလ၏ တိုက်စားမှုက ပြသလာခဲ့၏။ သူမသည် ကျောက်တုံးနက်မြို့အရှင်နှင့် အစွမ်းထက်ကျင့်ကြံသူများက သူမကြောင့် လျှို့ဝှက်တာဝန် ထမ်းဆောင်နေရတာကို လုံးဝ မသိပေ။
သည်လိုဖြင့် နောက်ထပ်နှစ်နှစ်ဆယ် ကုန်လွန်သွားပြန်သည်။ ဝမ်လင်း ရှေးဘိုးဘေး ဘုံကျောင်းသို့ ခြေလှမ်းဝင်ပြီး နှစ်ငါးဆယ်မြောက်တွင် ရှေးရှီ၌ မဟာအခမ်းအနားတစ်ခု ကျင်းပခဲ့လေ၏။
ထိုအခမ်းအနားမှာ မင်းသားကျိတု၏ အင်ပါယာဘွဲ့ထူး ဆက်ခံသော အခမ်းအနားတော့ မဟုတ်ပါ။ သို့သော် သူ၏ မင်္ဂလာဆောင်အခမ်းအနားပင်။ သူသည် စုန့်ထျန်၏ မျိုးဆက်များထဲမှ စုန့်ယုအမည်က အမျိုးသမီးတစ်ယောက်ကို သူ၏ဇနီးအဖြစ် ရွေးချယ်ခဲ့ပေသည်။
ထိုအမျိုးသမီးမှာ စုန့်ထျန်၏ ချစ်မြတ်နိုးခြင်းကို ခံရသော သူ့ မျိုးဆက်ပင်။ သူမသည် သူ၏ ကိုယ်တိုင်သင်ကြားချက်များကို ကိုယ်တိုင်ကိုယ်ကျ နာယူရသော မျိုးဆက်အနည်းငယ်ထဲမှ တစ်ယောက်လည်း ဖြစ်သည်။
ထိုမင်္ဂလာပွဲက လအနည်းငယ် ကြာခဲ့၏။ သည်အချိန်အတွင်း တခြားကလန်နှစ်ခုမှ အဖွဲ့ဝင်များလည်း ရောက်လာခဲ့ကြသည်။ ရှေးတောက်မှ သက်လတ်ပိုင်းလူတစ်ယောက် ရောက်လာခဲ့သည်။ ဝမ်လင်းသာ ထိုသက်လတ်ပိုင်းလူကို မြင်ပါက ထိုသူသည် ယဲ့မိုနှင့်အတော်လေး ရုပ်ချင်းဆင်သည်ကို မြင်ပေလိမ့်မည်။ ထိုသူမှာ ယဲ့မို၏ မျိုးဆက်တစ်ယောက် ဖြစ်သည်။
သည်အခမ်းအနားပွဲ အဆုံးသပ်ပြီး လူတိုင်း ပြန်သွားကြသည့်နောက် ကျိတုက သူ့ဇနီးကို ရှေးဘုံကျောင်းရှေ့သို့ ခေါ်လာခဲ့၏။ သည်အချိန်မှာ ကောင်းကင်ထက်တွင် လမင်းတွဲခိုနေသောအခါပင်။
လရောင်က ညင်သာနူးညံ့ကာ ရှေးဘိုးဘေးရုပ်တုပေါ်သို့ ပက်ဖြန်းနေသည်။ ကျိတုက သူ့ဇနီးဖြစ်သူ၏ လက်ကို ကိုင်ကာ ရှေးဘုံကျောင်းသို့ ရောက်လာပြီး ၎င်းနှင့် ပေတစ်ရာရှေ့တွင် ရပ်လိုက်သည်။
သူက ရှေးဘုံကျောင်းကို ကြည့်နေရင်း မိန်းမောသွား၏။ အချိန်အတန်ကြာပြီးနောက် သူသည် ငြိမ်သက်စွာ ဒူးထောက်ချလိုက်သည်။ သူ့ဘေးရှိ အမျိုးသမီးမှာ စဉ်းစားမရ ဖြစ်နေ၏။ သို့သော် သူမက မမေးပေ။ သူမလည်း ရှေးဘုံကျောင်းနှင့် ပေတစ်ရာအကွာတွင် ဒူးထောက်ချလိုက်သည်။
ကျိတုက ညင်သာစွာ ပြောလာ၏။ “စုန့်ယု…အစ်ကိုတို့က အခု ရှေးဘိုးဘေးကို ဦးညွှတ်နေတာ မဟုတ်ဘူး…”
ထိုအမျိုးသမီး မင်သက်သွားသည်။
“အစ်ကိုတို့က အစ်ကိုရဲ့ မွေးစားအဖေကို ဦးညွှတ်နေတာပဲ…”
“မွေးစားအဖေ…” ထိုအမျိုးသမီးသည် အံ့အားသင့်သွားသည်။
“မွေးစားအဖေ…ကျနောက် အရှင်စုန့်ရဲ့ မျိုးဆက်တစ်ယောက်ကို ဇနီးအဖြစ် သတ်မှတ်ခဲ့ပါပြီ။ သူမက အနာဂတ်မှာ ရှေးရှီရဲ့ ဧကရီ ဖြစ်လာပါလိမ့်မယ်။ ဒီကနေ့ ကျနော် သူမကို ဒီနေရာကို ခေါ်လာခဲ့တာဟာ မွေးစားအဖေကို လေးစားသမှု ပြဖို့အတွက်ပါ…” ကျိတုက အတော်လေး တလေးစား ဖြစ်နေ၏။ ထိုလေးစားမှုသည် သူ၏စိတ်နှလုံးတွင်းမှ ထွက်ပေါ်လာတာပင်။
သူသည် သူ ရရှိခဲ့သော အရာအားလုံးမှာ ဝမ်လင်းကြောင့် ဖြစ်သည်ကို ထာဝရ မှတ်မိနေမည် ဖြစ်၏။ သူသည် ဝမ်လင်းသာ မရှိပါက အင်ပါယာတစ်ယောက် ဖြစ်လာမည့် အခွင့်အရေး မရှိသည်ကို အမြဲသိသည်။
ဝမ်လင်းကြောင့်သာ မဟုတ်ပါက သူ့ဘေးရှိ ထိုအမျိုးသမီးသည်ပင် သူ့ဇနီး ဖြစ်လာလိမ့်မည် မဟုတ် ထိုအစား ချီမန်၏ ဇနီး ဖြစ်လာနိုင်ချေရှိပေမည်။
“မွေးစားအဖေ…ဒီကောင်လေး အင်ပါယာအသစ် ဖြစ်လာဖို့ နောက်ထပ် နှစ်ငါးဆယ်ပဲ လိုတော့တယ်။ အဲ့နေ့ကျရင် ဒီကောင်လေးက မွေးစားအဖေကို တွေ့ရဖို့ မျှော်လင့်ပါတယ်…”
သူမဘေးရှိ အမျိုးသမီးက တခုခုကို မှတ်မိသွားဟန်ဖြင့် ရှေးဘုံကျောင်းကို တုန်လှုပ်ဟန်ဖြင့် ကြည့်လိုက်၏။ သူမသည် စုန့်မိသားစု၏ ဘိုးဘေးဖြစ်သူ အရှင်စုန့်က အမှတ်မထင် အမည်တစ်ခုကို ပြောခဲ့ဖူးတာအား ပြန်မှတ်မိသွား၏။
ထိုအမည်ကို ပြောခဲ့သည့်အခါတွင် စုန့်ထျန်၏ အမူအရာသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ခဲ့သလို လေးစားမှု အရိပ်အမြွက်လည်း ဖော်ပြခဲ့ပေသည်။
ထိုအမျိုးသမီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဝမ်…အရှင်ဝမ်…”
ကျိတုက စကားမဆိုပါ။ သို့သော် သူသည် အချိန်အကြာကြီး ဒူးထောက်နေ၏။ ထို့နောက်မှ သူ ထရပ်ကာ သူ့ဇနီးနှင့်အတူ ထွက်ခွာလာသည်။ သို့သော် သူ ပေရာချီသို့ ရောက်သည့်အခါ ရှေးဘုံကျောင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်း အင်ပါယာသစ် ဖြစ်လာတဲ့အခါကျရင် ငါ ရှိနေမယ်…”
ကျိတု၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ရုတ်တရက် သူက ပြန်လှည့်ကြည့်သည်။ သူသည် ရှေးဘုံကျောင်းကို ကြည့်ကာ ပြုံးလိုက်၏။
ဝမ်လင်းက ရှေးဘုံကျောင်း၏ အတွင်းနက်ပိုင်း၌ ထိုင်နေ၏။ သူ၏ခန္ဓာကိုယ်သည် ဆွေးမြေ့ပျက်စီးခြင်းကို ပေးစွမ်းကာ များစွာ သွေ့ခြောက်နေ၏။ သူသည် အလောင်းတလောင်းနှင့်ပင် တူနေသည်။ သို့သော် သူ့မျက်လုံးတို့ကမူ ကြယ်များအလား တောက်ပနေ၏။
“ရှေးကလန်ရဲ့ စမ်းသပ်မှုသုံးခု၊ ကပ်ဘေးခုနစ်ခု။ လှိုဏ်ဂူလောကမှာ တုန်းက ငါဟာ စမ်းသပ်မှုနှစ်ခုနဲ့ ကပ်ဘေးလေးခုနဲ့ တတိယစမ်းသပ်မှုရဲ့ ပထမဆုံးကပ်ဘေးကိုပါ ဖြတ်ကျော်ခဲ့ပြီး ဖြစ်တယ်…”
“တတိယစမ်းသပ်မှုရဲ့ ပထမဆုံးကပ်ဘေးဟာ ရှေးမျိုးနွယ်သွေးပဲ ဖြစ်တယ်…”
“တတိယစမ်းသပ်မှုရဲ့ ဒုတိယကပ်ဘေးကတော့ ရှေးတောက်စိတ်ဝိညာဉ်သုံးခု ပိုင်းခွဲထွက်ခြင်းပဲ…”
“နောက်ဆုံးဖြစ်တဲ့ တတိယကပ်ဘေးကတော့ ရှေးဘိုးဘေးရဲ့ ကောင်းချီးပေးခြင်း ဖြစ်တယ်…” ဝမ်လင်းသည် ရှေ့တည့်တည့်သို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်၏။ သူ့ရှေ့တွင် ကျောက်ပြားတစ်ခု ရှိနေ၏။ ၎င်းပေါ်တွင် ရှေးကလန်၏ စမ်းသပ်မှုသုံးခုနှင့်ကပ်ဘေးခုနစ်ခုအကြောင်းနှင့် ပတ်သတ်သည့် အချက်အလက်များကို ရေးထွင်းထားသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူသည် တတိယစမ်းသပ်မှု၏ ပထမဆုံးကပ်ဘေးကို ဖြတ်သန်းခဲ့ချိန်၊ စိတ်ဝိညာဉ်သွေးစက်ကို ရခဲ့ချိန်က သူ့စိတ်ထဲတွင် အသံတစ်သံ ပေါ်လာခဲ့ဖူးသည်။
“ငါက ကောင်းကင်ဘုံကို ဖျက်စီးချင်ရင် ပျက်စီးရလိမ့်မယ်။ ငါဟာ မြေပြင်ထုကို ချိုးဖျက်ချင်ရင် ချိုးဖျက်ခံရမယ်။ ငါသာ သက်ရှိဖြစ်တည်မှုတစ်ခုကို သေစေချင်ရင် သေရလိမ့်မယ်။ ဘယ်သူကမှ ငါ့ကို မတားဝံ့ဘူး။ ငါဟာ ကောင်းကင်ဘုံသားတွေကို အသက်ရှင်လျင် မရှိစေချင်ရင်လည်း ဘယ်သူက သူတို့ကို ကယ်တင်ဝံ့မလဲ…”