ရှေးတောက်စိတ်ဝိညာဉ်သုံးခု ပိုင်းခြားခွဲထုတ်ခြင်း
Vol. 152 Ch. 2108
“ငါဟာ ရှေးလူပဲ။ ငါဟာ လောက မပေါ်ထွန်းခင်တည်းက မွေးဖွားလာခဲ့တဲ့သူ။ ဒါပေမဲ့ ငါ့ရှေ့မှာ ကောင်းကင်ဘုံသားဆိုတာတွေ ရှိနေတုန်းပဲ။ ကောင်းကင်ဘုံသားတွေက သူတို့ရဲ့ ကျွန်အဖြစ် ငါ့ကို ခိုင်းစေချင်တဲ့အတွက် ငါဟာ သူတို့ကို ဖျက်စီးပစ်ခဲ့တယ်…”
“ငါ ကျရှုံးခဲ့ရင်တောင် ငါ့မျိုးဆက်ဟာ ကောင်းကင်ဘုံသားတွေနဲ့ ရန်သူ ဖြစ်လာစေရမယ်။ ဘယ်ကောင်းကင်ဘုံသားမှ မကျန်တဲ့အထိပဲ…”
“စိတ်ဝိညာဉ်သွေးကိုးစက်၊ ငါဟာ ငါ့သားသုံးယောက်ကို ရှေးကလန်ကို ဦးဆောင်ဖို့ ဒီစိတ်ဝိညာဉ်သွေးသုံးစက်ကို ပေးခဲ့တယ်။ သံစဉ်ကိုးခုနဲ့ သင်္ကေတသုံးခု ပေါ်လာတဲ့အချိန် ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းကို စောင့်နေမယ်။ ငါ့ရဲ့ အမွေဆက်ခံသူကို စောင့်နေမယ်…”
ဝမ်လင်းသည် ရှေးဘုံကျောင်းအတွင်း၌ ထိုင်နေ၏။ သူ၏ခန္ဓာကိုယ်မှာ အလောင်းကောင်ကဲ့သို့ သွေ့ခြောက်နေ၏။ သူ့အဖြူရောင်ဝတ်ရုံသည် ရော့တိရော့ရဲ ဖြစ်နေ၏။
သူ့စိတ်ထဲတွင် ထိုအသံသည် နှစ်ပေါင်းငါးဆယ်ကြာ ပဲ့တင်ထပ်နေ၏။ အစပိုင်းတွင် ထိုအသံက တိုးညင်းသေး၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုအသံသည် ပို၍ ပြင်းထန်လာခဲ့သည်။
ထိုအသံထဲရှိ ကောင်းကင်ဘုံကို ဖိဆန်ခြင်းနှင့် အညံ့မခံခြင်းတို့က ဝမ်လင်း၏ သွေးတို့ကို ဆူပွက်လာစေသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်သည် ၎င်းကို တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စတင်သွေ့ခြောက်လာ၏။ ခုခါတွင် သူသည် အလောင်းကောင်နှင့် တူနေသည်။
သို့ပေမည့် သူသည် တစက်လေးမျှ အားမနည်းပေ။ သူ့ထံ၌ တုန်လှုပ်ဖွယ် အသက်ဓာတ်အားနှင့် ခွန်အား ရှိနေသည့်အလား။ ဝမ်လင်း၏ ခန္ဓာကိုယ်သည် သည်ဘုံကျောင်းအတွင်းပိုင်းသို့ စတင်ဝင်ရောက်ခဲ့ချိန်ကလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ရှေးကလန်၏ တတိယစမ်းသပ်မှုတွင် ကပ်ဘေးသုံးခု ရှိ၏။ ရှေးမျိုးနွယ်သွေး ကပ်ဘေးပြီးနောက် ဒုတိယမြောက်ကပ်ဘေးမှာ ရှေးတောက်စိတ်ဝိညာဉ်သုံးခု ပိုင်းခွဲထုတ်ခြင်းပင်။ ထိုကပ်ဘေးကို ရှင်သန်ပြီးပါက ရှေးကလန်ဝင်၏ ရှေးစွမ်းအားသည် ကြီးစွာ တိုးတက်လာမည် ဖြစ်သည်။
ကြယ်နှစ်ဆယ့်ခုနစ်လုံးအဆင့်သို့ ရောက်လာကာ အရှင်များ ဖြစ်လာသော လန်သုံးခု၏ အဖွဲ့ဝင်များစွာက စမ်းသပ်မှုသုံးခုနှင့်ကပ်ဘေးခုနစ်ခုတို့ကို တွေ့ကြုံဖြတ်သန်းခဲ့ကြပြီးသူများပင်။ အထူးသဖြင့် ရှေးဘုံကျောင်းအတွင်း၌ တတိယစမ်းသပ်မှု၏ ကပ်ဘေးနှစ်ခုကို ဖြတ်သန်းခဲ့ကြပေသည်။
သို့သော် တသီးပုဂ္ဂလကွာခြားမှုကြောင့် လူတိုင်း၏ ခွန်အားအရာ၌ တိုးတက်ခြင်းနှင့် ကံကောင်းမှုတို့မှာ မတူကြပေ။
နှစ်ငါးဆယ်အချိန်အတွင်း ဝမ်လင်းက သည်နေရာတွင် ထိုင်နေလျက် လုံးဝ မလှုပ်မယှက်နီးပါး ရှိနေခဲ့၏။ ထိုအသံကို သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေတာကိုလည်း သူက ခွင့်ပြုထားသည်။ မင်းသားကျိတု ထွက်သွားပြီးနောက် ဝမ်လင်းသည် တတိယစမ်းသပ်မှု၏ ဒုတိယကပ်ဘေး ရောက်ရှိလာတော့မည်ကို ခံစားမိရသည်။
သူ၏စိတ်ထဲရှိ ထိုအသံက ပိုကျယ်လောင်လာကာ သူ့သွေးများ ဆူပွက်ဗြောင်းဆန်လာသည်။ အပူလှိုင်းခံစားမှုတစ်ခု ပေါက်ကွဲထွက်ကာ သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့သည်။
“ရှေးတောက်စိတ်ဝိညာဉ်သုံးခု ပိုင်းခွဲထုတ်ခြင်း….” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ကျောက်ပြားကနေ သူသည် ထိုကပ်ဘေးအကြောင်းကို သိထားခဲ့ပြီး ဖြစ်၏။ ၎င်းကပ်ဘေးက သူ၏ မူလစိတ်ဝိညာဉ်ကို သုံးပိုင်းခွဲခြမ်းပစ်မည် မဟုတ်ပေ။
ထိုအစား သူက စိတ်ဝိညာဉ်မှာ သုံးပိုင်းအဖြစ် လုံးဝ ခွဲထွက်ပြီး ပြန်ပေါင်းစည်းခြင်းကို တောင့်ခံရမည် ဖြစ်သည်။ သူသည် ထိုသို့ ခွဲထွက်ချိန်တိုင်းတွင် ပြင်းထန်စွာ နာကျင်မှုကို တောင့်ခံရမည် ဖြစ်ကာ သူ့မူလစိတ်ဝိညာဉ်သည် ဒုတိယကြိမ်မြောက် ပြန်ခွဲထုတ်ဖို့အတွက် အတူတကွ ပြန်ပေါင်းစည်းခြင်းကိုလည်း ဇွဲနပဲကြီးစွာ သည်းခံတောင့်ခံရမည်။
ထိုသို့ ပေါင်းစည်းခြင်းတစ်ခုစီ ပြီးပါက သူ၏မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် အရင်ထက် များစွာ ပိုသန်မာလာပေမည်။ သူသည် ထိုကဲ့သို့ သုံးကြိမ်သုံးခါ ခွဲထွက်ပေါင်းစည်းခြင်းကို တောင့်ခံပြီးသည်နှင့် သည်ကပ်ဘေးကို ရှင်သန်ကျော်ဖြတ်ပြီး ဖြစ်လိမ့်မည်။
သည်ကပ်ဘေးတွင် မသေနိုင်ပေ။ သို့သော် တောင့်ခံရမည့် အချိန်က သော့ချက် ဖြစ်၏။ လူတစ်ယောက်က ပို၍ ကြာကြာ တောင့်ခံနိုင်လေလေ အကျိုးကျေးဇူး ပိုရလေပင်။
နာကျင်မှုဟူသည် သာမန်လူများ တောင့်ခံနိုင်သော အရာ မဟုတ်ပေ။ လူအများစုသည် ပြီးပြည့်စုံသော ခွဲထုတ်ခြင်းကိုပင် မစောင့်ကြဘဲ တဝက်နှင့် ပြန်ပေါင်းစည်းဖို့ ရွေးချယ်ကြတာ များ၏။ ထို့အတွက်ကြောင့် လူများကြား သူတို့ရရှိသော ကံကောင်းမှုက ကွာခြားသွားသည်။
“ရှေးတောက်စိတ်ဝိညာဉ်သုံးခု ခွဲခြားပိုင်းထုတ်နေစဉ်အတွင်း လူတစ်ယောက်ဟာ အချိန်မရွေး ပြန်ပေါင်းစည်းဖို့ ရွေးချယ်နိုင်တယ်…” ဝမ်လင်း၏ မျက်လုံးက အရောင်တောက်လာ၏။
ရှေးအချိန်များတည်းက ဇွဲနပဲကြီးကာ သည်းခံနိုင်သော သူများ ရှိခဲ့ပေ၏။ သို့ပေမည့် ထိုကပ်ဘေးသည် မသေနိုင်သော်ငြားလည်း လူတစ်ယောက်သည် သူတို့၏ မူလစိတ်ဝိညာဉ်ကို လုံးလုံးလျာလျာ တစစီ ဖြစ်စေပြီး ထို့နောက်တွင် ၎င်းကို ပြန်ပေါင်းစည်းနိုင်စွမ်း မရှိပါက သေဆုံးနိုင်ချေ ဖြစ်လာနိုင်သည်။
ထို့အတွက်ကြောင့် အင်ပါယာမိသားစုနှင့် ဇွဲသတ္တိကြီးသော သူများသည်ပင် ထိုသို့ ရွေးချယ်ခဲ့ပေသည်။ သူတို့သည် ထိုသို့ လုပ်ခဲ့လျှင်ပင် ပထမဆုံးပိုင်းခြားခွဲထုတ်စဉ်အတွင်းသာ လောင်ကြေးထပ်ထပ်သည်။ အလွန်နည်းပါးသောသူအချို့သာ ဒုတိယအကြိမ်ပိုင်းခြားမှုအတွင်း သူတို့၏ အသက်ကို လောင်းကြေး ထပ်ဝံ့ကြသည်။
ပိုနည်းပါးသောလူအချို့ကသာ တတိယကြိမ်မြောက် လောင်းကြေးထပ်ဝံ့ကြသည်။ အများစုမှာလည်း ထိုအခါကျလျှင် သေဆုံးခဲ့ရသည်။
ပြောကြသည်မှာ မရေမတွက်နိုင်သော နှစ်များစွာ ကုန်လွန်လာခဲ့ချိန်တွင် အသန်မာဆုံးမဟာအင်ပါယာ ကူးတောက်သည်သာ လုံးဝ တစစီဖြစ်ဖို့ ရွေးချယ်ပြီး အောင်မြင်ခဲ့သည် ဟူ၏။
တတိယစမ်းသပ်မှု၏ ဒုတိယကပ်ဘေးနှင့် နှိုင်းယှဉ်ပါက တတိယကပ်ဘေးသည် စစ်မှန်သောကပ်ဘေးတစ်ခုဟုပင် ယူဆ၍ မရတော့ပေ။ တကယ်တော့ တတိယကပ်ဘေးဖြစ်သော ရှေးဘိုးဘေး၏ ကောင်းချီးပေးမှုက ရှေးဘိုးဘေးထံမှ ဆုလဒ် ဖြစ်သည်။
ထိုဆုလဒ်မှာ မှတ်ဉာဏ်တစိတ်တပိုင်းလည်း ဖြစ်နိုင်သည်။ မပြည့်စုံသော မန္တာန်တစ်ခု၊ သို့မဟုတ် ရှေးဘိုးဘေး၏ အလွန်တရာ သန့်စင်လှသော သွေးအမျှင်တန်းတစ်ခုလည်း ဖြစ်နိုင်သည်။ သည့်အပြင် စိတ်ဝိညာဉ်သွေးလည်း ဖြစ်နိုင်သေးသည်။
သို့ပေမည့် ထိုအမျှင်တန်းက ကောလဟာလတစ်ခုမျှသာ ဖြစ်သည်။ မဟာအင်ပါယာကူးတောက်သည်ပင် သူ၏ ရှေးဘိုးဘေး ကောင်းချီးပေးမှုအတွင်း စိတ်ဝိညာဉ်သွေးကို မရခဲ့ဟု ဆို၏။
သို့ပေမည့် မဟာအင်ပါယာကူးတောက်က သာမန်ထက်ထူးကဲလှသူ ဖြစ်သည့်အတွက် မည်သူကမျှ တကယ့်အဖြစ်မှန်ကို မသိကြပေ။
ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်သည် စတင် တုန်ခါလာ၏။ သူ၏သွေးက စတင် ဆူပွက်လာသည်။ နာကျင်မှု မြင့်တက်လာကာ သူ့စိတ်ထဲရှိ ဟိန်းအော်သံနှင့် ပေါင်းစည်းသည်။ ယင်းတို့က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆန်းကြယ်သောအားဖြင့် ခြုံလွှမ်းစေသည်။ တချိန်တည်းမှာ သူက သူ့မူလစိတ်ဝိညာဉ်သည် တစစီ ပျက်စီးမည့် အရိပ်လက္ခဏာများကို ခံစားမိလာရသည်။
“ဒါက နောက်ဆုံးတော့ စတင်ပြီ…” ဝမ်လင်းက ရုတ်တရက် မော့ကြည့်လိုက်၏။ သူ၏မျက်လုံးတို့မှာ တည်ငြိမ်နေသည်။ သူသည် ယနေ့ကို စောင့်နေခဲ့တာ နှစ်ပေါင်းငါးဆယ် ရှိခဲ့လေပြီ။ သူ လီမူဝမ်၏ စိတ်ဝိညာဉ်ကို ထာဝရနတ်ဘုရားနယ်မြေသို့ ဘေးမသိဘဲ ဆောင်ယူကာ ဝင်ရောက်နိုင်ဖို့သည် သူ့အနေဖြင် နောက်ထပ်စိတ်ဝိညာဉ်သွေး ထပ်မံရမရအပေါ် မူတည်ပေသည်။
သူ့မူလစိတ်ဝိညာဉ်၌ အက်ကြောင်းများ ပိုပိုပေါ်လာ၏။ အံ့မခမ်းနာကျင်မှုကပါ ကပ်လိုက်လာသည်။ သို့သော် ထိုသို့သော နာကျင်မှုက ဝမ်လင်း တောင့်ခံနိုင်သော အရာသာ ဖြစ်သည်။ သို့ပေမည့် ဤသည်က အစသာ ရှိသေးပေသည်။
“စိတ်ဝိညာဉ်သွေးကို ရဖို့ ငါဟာ ဒုတိယကပ်ဘေးရဲ့ အကန့်အသတ်ရောက်တဲ့အထိ တောင့်ခံရမယ်…” ဝမ်လင်းမျက်လုံးထဲတွင် ပြတ်သားမှုတို့ ရှိနေ၏။ သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ ကပ်ဘေးရောက်လာမည်ကို တောင့်ခံထားသည်။
ဝမ်လင်းသည် ဒုတိယကပ်ဘေးကို ဖြတ်သန်းနေစဉ်တွင် ရှေးဘုံကျောင်းအပြင်ဘက်၌ လှိုင်းဂယက်များ ထလာ၏။ ယင်းတို့သည် အဘက်ဘက်သို့ ပျံ့နှံ့ကာ ရှေးရှီအင်ပါယာမြို့တစ်ခုလုံးထိ လွင့်ပျံ့လာသည်။
ထိုထူးခြားသောဖြစ်စဉ်က ရှေးရှီကလန်ဝင်အားလုံးကို အာရုံစိုက်မိသွားစေသည်။
“ရှေးဘိုးဘေးရဲ့ ရုပ်တုက ရောင်စဉ်ရောင်ဝါစက်ဝန်းတွေ ထုတ်လွှတ်နေတာပဲ။ တယောက်ယောက်က ကပ်ဘေးတွေကို ဖြတ်ကျော်နေတာလား…”
“စက်ဝန်းကိုးခုဆိုတော့ ဒါက တတိယစမ်းသပ်မှုရဲ့ ဒုတိယကပ်ဘေးပဲ ဖြစ်လိမ့်မယ်။ ဒါဟာ ပထမဆုံး ပိုင်းခြားခြင်းပဲ။ ဒုတိယပိုင်းခြားခြင်းဆို စက်ဝန်းရောင်ဝါ ဆယ့်ရှစ်ခု ဖြစ်လာလိမ့်မယ်…”
“ထူးဆန်းတယ်။ ရှေးဘုံကျောင်းက တစ်သီးပုဂ္ဂလအတွက် ဘယ်တော့မှ ဖွင့်ပေးတာ မဟုတ်ဘူး။ အင်ပါယာမိသားစုက ရှေးဘုံကျောင်းကို ဖွင့်လှစ်ဖို့ လုံလောက်တဲ့လူ အရေအတွက် စုစည်းပြီးတဲ့အချိန်ထိ စောင့်ရတာ မဟုတ်လား…”
“ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေက အဲ့လိုအရာမျိုး ငါ မကြားမိခဲ့ပါဘူး…”
“လူ ဘယ်လောက်များများက ဒီကပ်ဘေးကို ကျော်ဖြတ်ဖို့ ကြိုးစားနေလဲ ငါ သိချင်မိတယ်။ သူတို့က ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မှာလဲ။ ပုံမှန်ဆို ဒါက ရက်အနည်းငယ်လောက်ပဲ ကြာမှာ…”
ရှေးရှီရှိ လူများသည် ရှေးဘိုးဘေးရုပ်တုထံမှ ရောင်စဉ်စက်ဝန်းနှင့် ပတ်သတ်၍ အံ့အားတသင့် မဖြစ်သွားကြပေ။ သူတို့သည် အရင်တည်းက ထိုအရာကို မြင်တွေ့ခဲ့ဖူးတာ သိသာ၏။ တချက်နှစ်ချက် ကြည့်ပြီးနောက် သူတို့က ထိုအဖြစ်ကို အာရုံစိုက်မနေကြတော့ပေ။
သို့သော် သူတို့ မသိသည်မှာ ထိုရောင်စဉ်စက်ဝန်းကိုးခု ပေါ်လာချိန်တွင် ရှေးရှီအင်ပါယာနှင့် ကျိတုတို့နှစ်ယောက်လုံးက လှမ်းကြည့်လာကြသည်ကိုပင်။
“နှစ်ငါးဆယ်…။ နောက်ဆုံးတော့ သူက ပထမဆုံးခွဲခြားပိုင်းထုတ်ခြင်းကို စတင်ပြီ။ သူ ဘယ်လောက် တောင့်ခံနိုင်မလဲ ငါ သိချင်မိတယ်။ ရှေးရှီမှာ ပထမဆုံးပိုင်းခြားခွဲထုတ်ခြင်းကို ပြီးပြည့်စုံတဲ့အထိ ရောက်ဖို့ အချိန်တစ်နှစ် ကုန်ဆုံးခဲ့တဲ့သူ ရှိတယ်။ ဒီလူကရော ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ၊ လုပ်နိုင်မလဲ ငါ သိချင်မိတယ်..”
ရှေးရှီအင်ပါယာသည် အကွာအဝေးတစ်ခုသို့ အချိန်အတန်ကြာ ကြည့်နေပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်လိုက်၏။
ကျိတုသည်လည်း သူ့အခန်းပြတင်းပေါက်ဘေးတွင် ရပ်နေပြီး အကွာအဝေးတစ်ခုထံ လှမ်းကြည့်နေသည်။ သူ့ဘေးတွင် သူ့ဇနီးဖြစ်သူ ရပ်နေ၏။ သူမသည်လည်း ထိုအကွာအဝေးထံ လှမ်းကြည့်နေသည်။
“မွေးစားအဖေ…” ကျိတုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့ဇနီးဖြစ်သူက သူ့လက်ကို လှမ်းကိုင်ကာ သူ့ကို ညင်သာစွာ ကြည့်လိုက်သည်။
ထိုအခိုက်တွင် မူလတောင်ပေါ်၌ စုန့်ထျန်သည် တံခါးပိတ်ကျင့်ကြံနေရာကနေ လက်နောက်ပစ်လျက် ထွက်လာ၏။ သူက အင်ပါယာမြို့ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“သူ့ကျင့်ကြံမှုနဲ့ဆို အချိန်က သိပ်တိုတောင်းလိမ့်မှာ မဟုတ်ဘူး။ ထားလိုက်ပါတော့လေ။ သူဟာ အရင်တုန်းက တံခါးပိတ်ကျင့်ကြံနေတုန်းက ငါ နှစ်ကြိမ်တိတိ လှုပ်ရှားခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ငါက ကျိတုကို အင်ပါယာအဖြစ် အသိအမှတ် ပြုခဲ့ပေမယ့်လည်း အရင်ဆုံး သူ့ကို ရန်စမိခဲ့တာကတော့ ငါပဲ။ ပြီးတော့ သူ ရောက်လာတဲ့နောက်မှာလည်း ဒီကိစ္စကို သူက အရေးတယူ လုပ်မနေခဲ့ဘူး။ ဒီတော့ ပြန်ပေးဆပ်တဲ့အနေနဲ့ သူ့ရဲ့ ပထမဆုံးပိုင်းခြားခွဲထုတ်ခြင်းမှာ ငါ သွားပြီး စောင့်ကြပ်ပေးလိုက်မယ်…”
စုန့်ထျန်သည် လေထဲသို့ ပျံတက်ကာ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် ရှေးဘုံကျောင်းအပြင်ဘက်တွင် ပြန်ပေါ်လာသည်။
“ရှေးဘုံကျောင်းနဲ့ ပေတစ်သောင်းအတွင်း ဘယ်သူမှ ဝင်ခွင့်မပြုဘူး။ မလိုက်နာရင် သေရမယ်…” စုန့်ထျန်၏ နတ်ဘုရားအာရုံသည် ပျံ့နှံ့လာ၏။
ဝမ်လင်းသည် စုန့်ထျန် ရောက်ရှိလာပြီး သူ၏ စကားသံတို့ကို ခံစားမိ၏။ သူက စုန့်ထျန်သည် သူ့ကို စောင့်ကြပ်ပေးလိုသော စိတ်ဖြင့် လာသည်ကို သိသည်။
သူက အသက်ဝဝရှိုက်သွင်းကာ စုန့်ထျန်ထံသို့ နတ်ဘုရားအာရုံသတင်းစကား ပေးပို့လိုက်၏။
“ကျေးဇူးတင်ပါတယ်…”
“မလိုပါဘူး။ ဒါက မင်းကို ဆန့်ကျင်ခဲ့မိတဲ့အတွက် ပထမဆုံးပိုင်းခွဲခြားခြင်းမှ ငါ့အနေနဲ့ မင်းကို စောင့်ကြပ်ပေးရုံ ပါဘဲ…” စုန့်ထျန်သည် လှည့်မကြည့်ပေ။ သို့သော် သူက ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ ခဏတဖြုတ် စဉ်းစားပြီးနောက် သူက မျက်လုံးမှိတ်လိုက်၏။
ဝမ်လင်း၏ နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည့်အခိုက်တွင် သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူက အပေါ်သို့ မော့ကြည့်လိုက်မိသည်။ သူသည် ပထမစိတ်ဝိညာဉ်ပိုင်းခြားခွဲထုတ်ခြင်းတွင် ကြီးမားစွာ နာကျင်မှုကို ခံစားနေရသော်လည်း ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ကြောင့် သူသည် ပုံရိပ်တစ်ခုက သူ့အား တိတ်တဆိတ် လှမ်းကြည့်နေသည်ကို ဝိုးတဝါး ခံစားမိသည်။
ဝမ်လင်းက ထိုပုံရိပ်နှင့် ရင်းနှီးပေသည်။
“ဆရာ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူက သူ့ဆရာမှာ ရှေးတောက်မှ အကြောင်းမရှိဘဲ ထွက်လာမည် မဟုတ်တာကို သိ၏။ သူ့ဆရာ ရွှမ်လော ရောက်လာခြင်းမှာ သည်ကပ်ဘေးကို တောင့်ခံနေစဉ်အတွင်း သူ၏ အားအနည်းဆုံးအချိန်၌ သူ့ကို ကာကွယ်ပေးဖို့ပင်။
ကောင်းကင်ထက်တွင် ရွှမ်လောက ရှေးရှီအင်ပါယာမြို့နှင့် ရှေးဘိုးဘေးရုပ်တုတို့ထံ ငုံ့ကြည့်လိုက်သည်။ သူက ရှေးဘုံကျောင်းထံမှ ဝမ်လင်း၏အော်ရာကို ရေးတေးတေး ခံစားမိနိုင်သည်။
သူက ပြုံးလိုက်၏။ သူ့အကြည့်က ညင်သာမှုအပြည့်ပင်။
“မင်းက ဆရာ့ထက် သန်မာနေပါပြီ။ ဆရာ ခုလုပ်ပေးနိုင်တာက မင်းစိတ်ဝိညာဉ်ပိုင်းခြားခွဲထုတ်နေတဲ့အချိန် မင်း အားနည်းနေစဉ်မှာ ကာကွယ်ပေးရုံပဲ…”