← Chapters

တစ်မူထူးသော ဓားချောက် ကမ်းပါး

Vol. 7 Ch. 94

တစ်မူထူးသော ဓားချောက် ကမ်းပါး

Vol. 7 Ch. 94

လုပ်ရိုးလုပ်စဉ် တစ်ခုလုံးကား ရိုးရှင်း၍ မိုဝူကျီအတွက် သုံးမီတာကို မိနစ် အနည်းငယ်ဖြင့် ရောက်ရှိခဲ့လေသည်။ ထိုနေရာသို့ ရောက်ပြီးသည်နှင့် လရောင်၏ မှိန်ပျပျ အလင်းရောင်ဖြင့် မိုဝူကျီက ဓားကျိုးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေ၏။

ဓားရိုးကား ချောက်ကမ်းပါတွင် ကျန်ရှိနေလေသည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ လေဒဏ် မိုးဒဏ်များကြောင့် သံချေးပင် တက်နေလေချေပြီ။ ထိုတစ်ဝက်ကား နတ်ဓားတောင်မှ သူတွေ့လာသော ဓားကျိုးလောက် မကောင်းတော့ချေ။

မိုဝူကျီသည် ဓားကျိုး၏ အရည်အသွေးကို စိတ်ထဲမထားပေ။ သူလိုချင်သည်က ဓားကျိုး မဟုတ်ဘဲ ဓားကျိုး အတွင်း၌ ရှိနေသော အရာသာ ဖြစ်လေသည်။ ထို့အပြင် သူသည် ဓားကို ယူသွားရန် စိတ်ကူးမရှိချေ။

မိုဝူကျီသည် ယခု သူ့ရှေ့တွင် ဓားကျိုး ရှိနေလျှင်ပင် သူသည် မည်သည့် အရာကိုမှ အလောတကြီး လုပ်ဆောင်မည် မဟုတ်ပေ။ ထို့အစား သူသည် ဖြည်းဖြည်းချင်း လျှောဆင်း လိုက်လေသည်။ သုတေသန လုပ်ငန်းပေါ်တွင် နှစ်များစွာ မြှုပ်နှံထားခဲ့သော အကျင့်တစ်ခုပင် ဖြစ်၏။ ကိစ္စက ပို၍ အရေးကြီးလေ ပိုဂရုစိုက်ရန် လိုအပ်ပေသည်။

မိုဝူကျီက ဓားကျိုးနှင့် တစ်မီတာလောက် ကွာဝေးသည့် အချိန်တွင် သူ့ခြေထောက်သို့ အားတစ်ခု လာရစ်ပတ်ကာ သူ့အား မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဆွဲခေါ်သွားလေသည်။ ထူးဆန်းသော လေပွေတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့် အလား နံရံပေါ်သို့ ဘုန်းခနဲ ရိုက်မိသွားလေသည်။ သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေး ရောက်နေသော်ငြား ထိုရိုက်ခတ်မှုက မိုဝူကျီကို သွေးအန်စေရုံ သာမက နံရိုး တစ်ချောင်းပါ ကျိုးသွားစေလေသည်။

မိုဝူကျီက သူ့ဓားကို ထုတ်ယူလိုက်ပြီး ချောက်ကမ်းပါးသို့ မျက်နှာမူကာ ချိန်ရွယ် ထားလိုက်၏။ ထိုလေအားက ရုတ်တရက် ရောက်ရှိလာပြီး လျင်မြန်စွာ ပျောက်ကွယ် သွားလေသည်။ မိုဝူကျီကို စနောက်နေသည့် အလား သဲလွန်စမရှိ ကွယ်ပျောက် သွားတော့၏။

မိုဝူကျီက ဖြစ်ပျက်သမျှ အရာအားလုံးကို ထိတ်လန့်မိသည့် အတွက် သူ့အိတ်ထောင်ထဲမှ ဆေးလုံးကို မြန်မြန် မျိုချ လိုက်တော့သည်။ ယခု လေအား မရှိတော့သည့် အတွက် သူ့ကိုယ်သူ ထိန်းချုပ်နိုင် သွားသည်။

ဓားချောက် ကမ်းပါး၏ အားကောင်းလှသော မြေဆွဲအားကို‌ တွေးမိသော်လည်း မိုဝူကျီသည် သတိမမူဘဲ မနေရဲပေ။ မိုဝူကျီက စိတ်ငြိမ်အောင် ထားလိုက်ပြီး နောက်ထပ် အနည်းငယ် ကြာသည့်အထိ ထိုလေပွေ ရောက်မလာ တော့သည်ကို သေချာ လေ့လာ ထားလိုက်သည်။

နှစ်မိနစ် အကြာတွင် မိုဝူကျီက ဓားကျိုး တည်ရှိနေသော နေရာသို့ ရောက်လာလေသည်။ သူ့အောက်တွင် မည်းနက်နေသော ချောက်ကမ်းပါး ရှိနေပြီး မိုဝူကျီသည် ထိုမှ တက်လာသော ကျောချမ်းစရာ အငွေ့အသက်များကို ခံစားမိနေသည်။ အောက်ခြေမှ မွန်းစတားများက သူ့ကို ခေါ်နေသည့် အလား ကြက်သီးများပင် ထလာလေသည်။

မိုဝူကျီသည် ထိုသည်က စိတ်ကူးယဉ် မဟုတ်ကြောင်း သေချာသိ၏။ သူက အခြားသော ဆေးလုံး ဆရာများလောက် အရေး မပါသော်လည်း သေမျိုးများ မျက်လုံးထဲတွင် သူသည် အားကောင်းသော ကျင့်ကြံသူ တစ်ယောက်ဟု ယူဆ၍ ရလေသည်။

ထိုဓားချောက် ကမ်းပါး၏ ထူးဆန်းမှုကို မြင်ရပြီး မိုဝူကျီသည် ပို၍ သိချင်လာပြီး ဖြည်းဖြည်းချင်း နံရံမှ လျှောဆင်းလိုက်သည်။ ဓားကျိုးကို မြန်မြန် ဖမ်းဆုပ်မည့် အစား မိုဝူကျီသည် နောက်တစ်ခေါက် အားကောင်း လှသော လေအား တစ်ခုကို ကာကွယ်နိုင်ရန် သူ့အတွက် ဓားနှင့် အပေါက်တစ်ခု တူးထား လိုက်လေသည်။

ထို့အပြင် ဒဏ္ဍာရီထဲမှ မြေဆွဲအားကား ယခုအထိ ပေါ်မလာသေးချေ။ ပေါ်လာသည်နှင့် ကြိုးက သူ့အား ဘေးကင်း နိုင်ပါ့မလား ဆိုတာ မည်သူ သိမည်နည်း။ ဓားကျိုးကို ထိလိုက်သည်နှင့် တုံ့ပြန်မှုများ ရှိလားမလား ဆိုတာလည်း မသိနိုင်ချေ။ နေ့အလင်းရောင် ပေါ်မလာခင် အချိန်တချို့ ရသေး၍ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားသည်က မမှားပေ။

ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသို့ ရောက်လာသောကြောင့် မိုဝူကျီသည် သူ့ကိုယ်သူ ပုန်းနိုင်ရန် အပေါက်ကို တူးရန် အားနည်းနည်းသာ လိုအပ်လေသည်။

ထိုသို့အရာများ ပြုလုပ်ရန် မိုဝူကျီတွင် လစ်ဟာမှု မရှိသော တစ်ခုတည်းသော အရာကား စိတ်ရှည်မှုပင် ဖြစ်လေသည်။ ကမ္ဘာမြေတုန်းက သူ့ဆေးဝါး သင်ကြားရေး ဆရာက တစ်ခါ ပြောပြဖူးလေ၏ အကယ်၍ လူတစ်ယောက်တွင် စိတ်ရှည်မှုနှင့် ဇွဲသာရှိလျှင် အလုပ်ကား တစ်ဝက်ပြီးစီး သွားပြီ ဖြစ်ကာ ကျန်တစ်ဝက်ကား အရည်အချင်းပေါ်တွင် မူတည် နေလေသည်။ အကယ်၍ လူတစ်ယောက်က စိတ်မရှည်ဘဲ စိုးရိမ်နေမှု များနေလျှင် သူသည် ၉၀ ရာခိုင်နှုန်း ကျရှုံးပြီးပြီ ဖြစ်ကာ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းကား ကံပေါ်သာ မူတည်နေလေသည်။

သူ့စိတ်ထဲတွင် စွဲမြဲနေသော ထိုအကြံဉာဏ်ကြောင့် သူ့အတွက် အောင်မြင်မှု များစွာ ရရှိခဲ့လေသည်။

မိုဝူကျီက သူ့ပုန်းစရာ နေရာကို တူးပြီး နောက်တွင် ဓားရိုးကို မြဲမြဲ ကိုင်ဆွဲလိုက်လေသည်။

အရာအားလုံးက တည်ငြိမ်ပြီး အေးချမ်းနေဟန် ရှိလေသည်။ စောစောက မြေပြင်ပေါ်သို့ ဆွဲခေါ်သွားသည့် အားပြင်းလည်း ရောက်မလာသလို မြေဆွဲအားလည်း ပေါ်မလာခဲ့ပေ။

မိုဝူကျီက သက်ပြင်း ချလိုက်ရင်း လက်တစ်ဖက်ဖြင့် အကာအကွယ်ကို ကိုင်ထားကာ အခြား တစ်ဖက်က ဓားရိုးကို ဆွဲကာ လှန်ကြည့် လိုက်လေသည်။

ဓားရိုးတွင် ‘လော့ချွီ’ ဟု ရှင်းလင်းလှစွာ ရေးထိုး ထားလေသည်။ ယန်ချင်ယင်က ဓား၏ မူလကို မလိမ်ညာခဲ့ပေ၊။ ထိုဓားသည် မိုလော့ချွီ ပိုင်ဆိုင်ခြင်း ဖြစ်လေသည်။ အမြဲတမ်း စေ့စပ်လှ‌သော မိုဝူကျီက ထိုစာလုံးနှစ်ခုက နောက်ပိုင်းမှ ရေးထွင်းထားခြင်း ဖြစ်ကြောင်း သတိပြုမိ လိုက်လေသည်။ ကြည့်ရသည်မှာ မူလ စာလုံးများပေါ်တွင် ထပ်ရေးသား ထားခြင်း ဖြစ်ရမည်။ ထိုဓားကား မူလက မိုလော့ချွီ၏ ဓားဟုတ်ပုံ မရပေ။ နောက်ပိုင်းတွင် သူ သဘာကျသည့် အတွက် သူ့နာမည်ကို ရေးထွင်းခဲ့ခြင်း ဖြစ်ရမည်။

ဓားပေါ်တွင် ရေညှိများ ကပ်တွယ် နေသော်လည်း အလွန် ချောမွေ့နေဟန် ရှိသေး၏။ မိုဝူကျီက လက်ထဲမှ ဓားဖြင့် ရေညှိများကို သန့်ရှင်း လိုက်သောအခါ အားကောင်းသော လေအားတစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။

မိုဝူကျီသည် သူ့အတွက် အပေါက် သေးသေးလေး တူးထားသော်လည်း လေအားက အားကောင်းလှသည့် အတွက် သူတူးထားသော နံရံအပေါက်နှင့် ဆန့်ကျင်ရာသို့ တွန်းပို့ခံလိုက်ရ၏။ ရလဒ်အနေနှင့် ထိုသက်ရောက်မှု အားကြောင့် လက်ကျိုးလု မတတ် ဖြစ်သွားလေသည်။

အားလှိုင်း ပျောက်ဆုံးသွားပြီး နောက်တွင် ပို၍ အားကောင်းသော အားတစ်ခုက ထပ်ရောက်ရှိ လာလေသည်။ ဤအကြိမ်တွင် အားက အောက်ခြေမှ ဖြစ်လေသည်။ အားကောင်းလှသော မြေဆွဲအားက မိုဝူကျီအပေါ် သက်ရောက်လာပြီး အောက်သို့ ဆွဲခေါ်နေလေသည်။

မိုဝူကျီက သူ့နေရာတွင် အားကုန်သုံးကာ နေမြဲအတိုင်း ဆက်နေလေသည်။ သူ့အတွက် ကံကောင်းလှစွာ မြေဆွဲအားသည် ဒေါင်လိုက်သာ သက်ရောက်ခြင်း ဖြစ်၏။ အခြားသော ဦးတည်ချက်များမှ ဆိုလျှင် သူသည် အပေါက်တွင် မည်မျှ အတင်းဆုပ်ကိုင် ထားပါစေ လွင့်ထွက်သွားမည် ဖြစ်၏။

“ဂျွတ်..” မိုဝူကျီသည် သူ့ဘယ်ဘက် ခြေထောက်မှ ကျိုးသံကို ကြားလိုက်ရသည်။ မိုဝူကျီက သတ္တိမွေးကာ သူ၏ ချစ်လှစွာသော အသက်လေး အတွက် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထား လိုက်တော့သည်။

သူသည် အရေးပေါ် အခြေအနေ အလို့ငှာ တူးထားခဲ့သော အပေါက်လေးနှင့် ပတ်သက်ပြီး တိတ်တခိုး စိတ်သက်သာရာ ရသွားလေသည်။ သူ့အပေါ် သက်ရောက်လာသော ထိုသို့သော မြေဆွဲအားကြောင့် သံတိုင်နှင့် ကြိုးသည် ဓားချောက် ကမ်းပါးသို့ သူ့နောက်မှ မြဲမြံစွာ လိုက်ပါလာလေသည်။ သံတိုင်သာ လျော့တိလျော့ရဲ ဖြစ်မနေခဲ့လျှင် သူ့ခန္ဓာကိုယ်ကား တစ်ပိုင်းတစ်စစီ ဖြစ်လောက်လေပြီ။

နာရီဝက် အကြာတွင် အားက ကွယ်ပျောက်သွားကာ မိုဝူကျီသည် ဆေးလုံးကို မြန်မြန် မျိုချလိုက်ရသည်။ ထို့နောက်တွင် မိုဝူကျီက ဓားပေါ်မှ ရေညှိများကို ကတိုက်ကရိုက် ဖယ်ရှား လိုက်လေသည်။

ရေညှိများ ဖယ်ရှားပြီး နောက်တွင် ဓားကျိုးက ပို၍ ကြည့်ကောင်းလာ၏။ မိုဝူကျီက ဓားကျိုးပေါ်တွင် သူ့ဓားတိုလေးဖြင့် ထိုးစွလိုက်လေသည်။ သူမျှော်လင့်ထားသည့် အတိုင်း အပေါက် အသေးလေး ပါရှိလေ၏။ အပေါက်ကို ချဲ့မည့်အစား မိုဝူကျီက ချိတ်လေးနှင့်သာ ရောက်အောင် ယူလိုက်လေသည်။ တစ်ကြိမ်တည်းဖြင့် သူ့တွင် ရှိနေသော စာရွက်လေးကဲ့သို့ နောက်ထပ် စာရွက် အပါးလေးကို ရရှိလာလေ၏။

စိတ်လှုပ်ရှား မှုနှင့်အတူ မိုဝူကျီသည် ပစ္စည်းများကို နေရာတကျ ပြန်မထားခင် စာရွက်လေးကို အိတ်ကပ်ထဲ ထည့်သိမ်း လိုက်သည်။ သူသည် ဓားကျိုးပေါ်တွင် ရေညှိများ ပြန်တင်ပေး လိုက်ကာ နဂိုအခြေအနေ အတိုင်း ထားရှိလိုက်လေ၏။

ထိုသည်က မလိုအပ်ကောင်း မလိုအပ်နိုင်ပေမဲ့ မိုဝူကျီက စိတ်ထဲမထားဘဲ ပြုလုပ်ပေး လိုက်သည်။ တာဝန်က မည်သို့ပင် ဖြစ်နေပါစေ ပြည့်ပြည့်စုံစုံ ပြီးစီးအောင် ပြုလုပ်ရမည်။ တစ်ခါတစ်ရံတွင် ဘယ်သောအခါမှ ဖြစ်မလာနိုင်ဘူးဟု တွေးထားသော အရာများသည် အမှန်တကယ်တွင် လက်တွေ့ ဖြစ်လာကြတတ်၏။

ထိုဓားက မည်မျှ ကြာမြင့်နေပြီ ဆိုတာ မည်သူမျှ မသိကြပေ။ အချိန်အကြာကြီး ရှိနေသည့် အတွက် မည်သူကမှ အာရုံမစိုက်ကြချေ။ သို့သော်လည်း မိုဝူကျီကား ထိုသို့ မတွေးပေ။ အကယ်၍ သူပင် ထိုဓားကျိုး၏ သံသယ ဖြစ်စရာများကို ရှာတွေ့နိုင်လျှင် အခြားသော သူများသည်လည်း ရှာတွေ့နိုင်ဖို့ အခွင့်အရေး ရှိမည်ဟု ယုံကြည်လေသည်။

အားလုံးကို စနစ်တကျ ပြင်ဆင်ပြီးသည်နှင့် မိုဝူကျီက ဓားကျိုးကို နေရာတကျ ပြန်ထားလိုက်လေ၏။ ဓားကို လွှတ်လိုက်သည့် အခိုက်အတန့်တွင် လေအားက နောက်တစ်ကြိမ် ရောက်ရှိလာပြန်၏။ မိုဝူကျီက အပေါက်ထဲတွင် နေနေရင်း လေအား ပျောက်သွားမည့် အချိန်ကို စိတ်ရှည်စွာ စောင့်နေလိုက်သည်။

နောက်ထပ် နာရီဝက် ကြာသောအခါ လေအားက လုံးဝ ကွယ်ပျောက် သွားလေ၏။ မိုဝူကျီက အသက်ဝအောင် ရှူလိုက်ကာ ထွက်သွားဖို့ရန် ကြိုးကို မလွတ်ခင် နောက်ထပ် မိနစ် အနည်းငယ်‌ စောင့်လိုက် လေသသည်။

ကံဆိုးသည်က သူတူးထားသော အပေါက်ကို ပြန်၍ မဖုံးနိုင်ပေ။ အကယ်၍ သူလုပ်နိုင်ပါက ထွက်မသွားခင် အပြည့် ပြန်၍ ဖုံးထားခဲ့လိမ့်မည်။

အပြင် အကူညီ မပါရှိပဲ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးဖြင့် မိုဝူကျီက မိနစ်အနည်းငယ် အတွင်းတွင် ကြိုးဖြင့် ပြန်၍ တက်နိုင်ခဲ့ လေသည်။ ကြိုးကို သိမ်းဆည်းပြီး နောက်တွင် သူ့ဓားတိုလေးပါ သိမ်းဆည်း ထားလိုက်သည်။

သူ၏ ဓားတိုလေးမှာ ဟူဖေးဆီမှ ရထားတာ ဖြစ်ပြီး သူ့အသက်ကို အကြိမ်များစွာ ကယ်တင်ပေးခဲ့သည်။ ယခု မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသို့ ရောက်နေ၍ ထိုဓားလေးမှာ မည်မျှ ထူးခြားကြောင်း ပြောနိုင်လေ၏။ ရတနာပစ္စည်းတော့ မဟုတ်သော်ငြား သေမျိုး သံပစ္စည်း လက်နက်ဆိုင်မှ ထိုသို့သော ဓားမျိုးကို သေချာပေါက် လုပ်နိုင်မည် မဟုတ်ပေ။

***

All Chapters