← Chapters

ပြဿနာက တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်‌ ရောက်ရှိလာခြင်း

Vol. 7 Ch. 95

ပြဿနာက တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်‌ ရောက်ရှိလာခြင်း

Vol. 7 Ch. 95

မိုဝူကျီက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်သို့ ပြန်ရောက် လာသောအခါ အရုဏ်ဦး  အချိန် ရောက်နေလေပြီ။ ယန်အာနှင့် ရှုန်းရှူကျူတို့ ဇနီးမောင်နှံတို့ကား သူ ပြန်ရောက် လာခြင်းကို မသိရှိကြချေ။ မိုဝူကျီကလည်း သူ့တည်ရှိမှု သိသာအောင် မလုပ်ခဲ့ပေ။

သူကဲ့သို့ အဆင့်နှစ် ဆေးလုံး ဆရာသည် ထိုသို့သော လုပ်ခြင်းက ကိစ္စကြီး မဟုတ်ပေ။ အခန်းကို ပြန်ရောက်သည်နှင့် မိုဝူကျီက ဒဏ်ရာ ပျောက်ကင်း ဆေးလုံးကို မျိုချလိုက်ပြီး ဓားကျိုးမှ ရရှိလာသော စာရွက်ကို ချက်ချင်း ဖွင့်ကြည့် လိုက်တော့သည်။

စာရွက်ရှိ အကြောင်းအရာကား မိုဝူကျီ၏ ဆာလောင်နေသော မျက်လုံးများ အောက်တွင် အချိန်တိုအတွင်း အငမ်းမရ ဖတ်ရှု လိုက်လေသည်။ သူ ဖတ်၍ ပြီးစီး သွားသောအခါ ခဏတာ မှင်တက်မိ သွားလေ၏။ ထိုအပိုင်းက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ် ဒုတိယပိုင်း ဖြစ်သော်လည်း ပထမအပိုင်းထဲမှ တောက်စာလုံးနှင့် ကျွမ်းစာလုံး နှစ်မျိုး ပါဝင်သကဲ့သို့ ထိုထဲတွင် စာလုံးလေးလုံး ပါရှိလေသည်။ သဘောတရား အရ ထိုထဲတွင်လည်း စာလုံးနှစ်လုံးသာ ဖြစ်သင့်သော်လည်း ရှင်းစာလုံး တစ်လုံးတည်း အတွက် ပါရှိလေ၏။

သူသည် ပညာရပ်ကို ရရှိသော်လည်း ယီစာလုံး လစ်လပ် နေလေ၏။

မိုဝူကျီသည် ဓားကျိုးထဲတွင် ထပ်ခါ တလဲလဲ စစ်ဆေး ခဲ့သော်ငြား ထိုထဲတွင် တစ်ခုတည်းသာ ရှိကြောင်း သေချာလေ၏။ အကုန် ခြုံငုံကြည့် လိုက်သောအခါ သံစဉ်ခြွေ ဓားသည် မူလကတည်းက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ရှိ  စာလုံး လစ်လပ်နေသော ပညာရပ် ဖြစ်နိုင်လေသည်။

ရှင်း စာလုံးတွင် အဆင့်လေးခု သတ်မှတ်ထားပြီး ပထမဆုံးကား နဂါး ကြယ်တာရာ လှည့်ပတ်ခြင်း၊ ဒုတိယက မြေကမ္ဘာ ကြယ်တာရာ လှည့်ပတ်ခြင်း၊ တတိယက ကောင်းကင် ကြယ်တာရာ လှည့်ပတ်ခြင်းနှင့် နောက်ဆုံး စတုတ္ထတစ်ခုသည် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ဖြစ်လေသည်။ နောက်ဆုံးတစ်ခုက လျှို့ဝှက်ပညာရပ်နှင့် နာမည်တူ ရှိနေသည်။

စာရွက်ကို ယူသွားလိုက်စဉ် သူ့အထဲတွင် သဘောပေါက်မှု တစ်ခု ဖြစ်ပေါ် လာလေသည်။ သူ့၏ လက်ရှိ အဆင့်ဖြင့် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်၏ ပထမဆင့် ၁၂ ဆင့်ကို လေ့ကျင့်ရန် မည်မျှ ကြာမြင့်မည်ကို မသိချေ။ ထို့ကြောင့် အနည်းဆုံး အတိုချုံးအားဖြင့် ယီစာလုံးသည် သူ့အတွက် လုံးလုံး  အသုံးမဝင်ချေ။ ထို့အပြင် သူက လက်ရှိတွင် ချီသွေးကြော ၂၇ခုကိုသာ  ဖွင့်ထားနိုင်သည်။ ဝိညာဉ် လမ်းကြောင်းများ ဖွင့်နိုင်ရန် အခြား နည်းလမ်းများ ရှာရန် လိုအပ်နေလေ၏ မဟုတ်လျှင် သူ့အတွက် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ငါးသို့ ရောက်ရှိဖို့ရန် စိန်ခေါ်မှု အကြီးကြီး ဖြစ်လာလိမ့်မည်။

နောက်တစ်ရက်တွင် ရှုန်းရှုကျူက မိုဝူကျီ ပြန်ရောက် နေသည်ကို မြင်သော်လည်း သိပ်များများ စားစား မတွေးမိပေ။

နောက်ရက်များတွင် မိုဝူကျီက ယန်အာကိုသာ ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်၌သာ အဖော်ပြုပေးနေ၏။ သူ ရင်ဆိုင်နေရသော ဟန့်တားမှုနှင့် ဆက်၍ ကျင့်ကြံလျှင်ပင် များများ သက်ရောက်မှု မရှိနိုင်။ ထို့ကြောင့် အပြင်ထွက်ရန် ကြံရွယ် ထားလေသည်။ အကြောင်းမှာ ထောင်အောင်း၏ ခြေထောက်များကို ယန်ချင်ယင်ထံ မေးမြန်းရန်နှင့် ဝိညာဉ် လမ်းကြောင်းဖွင့် ဖြေဆေးများကို ပြုလုပ်ရန် လိုအပ်သော ဆေးပင်များကို ဝယ်ယူရန် ဖြစ်ကာ ဆေးဖော်စပ်ရန် ဖြစ်သည်။ ထိုအရာများ အပြင် သူ့အတွက် အခက်ကြုံဆုံး ကိစ္စမှာ လျှပ်စီး ဇာစ်မြစ်ရှာရန် ဖြစ်လေသည်။

လေး၊ ငါးရက်လောက် အေးဆေး နေရသော ဘဝကို နှစ်သက် နေသော်လည်း သူက ထွက်သွားတော့မည့် ဆဲဆဲတွင် အံ့အားသင့် စရာကား ယန်ချင်ယင်က သူ့အိမ်ရှေ့သို့ ရောက်လာခြင်း ဖြစ်လေသည်။

“စီနီယာ အစ်မယန် ကျွန်တော်တောင် အစ်မကို လာရှာတာ့မလို့ ကိစ္စတစ်ခုလောက် အကူညီ တောင်းချင်လို့ပါ ဒါပေမဲ့ အစ်မကိုယ်တိုင် ပဒုမ္မာကြာ ဓားတောင်ထိ ရောက်လာမယ်လို့ ထင်မထားမိဘူး...” မိုဝူကျီက ရှေ့ကို တိုးလာပြီး ယန်ချင်ယင် ရောက်ရှိလာမှု ကြိုဆို လိုက်လေ၏။

သူသည် ယန်ချင်ယင်နှင့် အဆက်အဆံ ရှိဖူးသည့် အတွက် သူမက လူကောင်းမှန်း သိ၏။ သို့သော် အကယ်၍ သူတို့ နှစ်ယောက်တွင် ငြင်းခုံစရာများ‌ ပေါ်ပေါက်လာပါက သူမသည် အရေးသာသည့် ဘက်မှ  ဖြစ်လေသည်။ သူမ ပဒုမ္မာကြာ ဓားတောင်သို့ ရုတ်တရက် ရောက်ရှိ လာမှုသည် မိုဝူကျီထံမှ တစ်ခုခု လိုအပ်၍ ဖြစ်ကောင်း ဖြစ်နိုင်၏။ ထိုအရာကို သိ၍ မိုဝူကျီသည် သူ့တောင်းဆို ချက်ကို အရင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ သူမ တောင်းဆိုချက်ကား ဖြည့်စီးပေးရန် ခက်ခဲနိုင်သည်။

သူမ အကြည့်များက မိုဝူကျီထံ ရောက်နေကာ  ပြုံးပြ လိုက်ရင်း

“ဂျူနီယာ မောင်လေးမိုက ပဒုမ္မာကြာ ဓားတောင်ကို ရွေးလိုက်တာပဲ ဒီက လေထုက ပုံမှန်ပဲလေ အဲဒါကြောင့် မင်းက ကျင့်ကြံခြင်း တစ်ခုတည်းကို အားစိုက် တော့မယ်ပေါ့  ဒီတစ်ခါ ဘာများ အကူညီ တောင်းချင်တာလဲ ”

ထိုစကား အဆုံးတွင် မိုဝူကျီသည် ယန်ချင်ယင်က သူ့အား ကောင်းကောင်း နားလည်ကြောင်း သိလိုက်သည်။ ထို့ကြောင့် တဲ့တိုးသာ ပြန်ဖြေ လိုက်လေ၏။

“စီနီယာ အစ်မယန် ကျွန်တော့် မိသားစုထဲက တစ်ယောက်က ခြေထောက် အချိုးခံထား ရတယ် အဲဒါကြောင့် အဲဒါကို ကုသနိုင်ဖို့ အစ်မများ ကူညီနိုင် မလားလို့ပါ ...” မိုဝူကျီက ထိုအရာသာ တောင်းဆိုကြောင်း သိသောအခါ ယန်ချင်ယင်က စိတ်အေးလက်အေး သက်ပြင်း ချမိလိုက်သည်။

“သူ့ကို ဒီဆေးလုံး ပေးလိုက် သူ့ဒဏ်ရာတွေက မြန်မြန် ပျောက်သွားလိမ့်မယ် ...”

“ဘာဆေးလုံး များလဲ” မိုဝူကျီက ယန်ချင်ယင်ဆီမှ ဆေးပုလင်းကို လက်ခံလိုက်ရင်း သိချင်စွာဖြင့် မေးကြည့် လိုက်လေသည်။

“ဒါက အဆင့်သုံး အရိုးအခြေကျ ဆေးလုံးပဲ ” ယန်ချင်ယင်က ပုံမှန် ပြန်ပြော လိုက်လေ၏။ အမှန်တကယ် ဆိုလျှင် အဆင့်သုံး ဆေးလုံးများသည် သူမကဲ့သို့ အဆင့်လေး ဆေးလုံးဆရာနှင့် သက်ဆိုင်မှု မရှိချေ။

မိုဝူကျီက ရှုန်းရှူကျူကို ချက်ချင်း ခေါ်လိုက်ပြီး ဆေးလုံးကို ပေးလိုက်ကာ

“အစ်မကြီး ရှုန်း ဒါက စီနီယာ အစ်မယန်ပေးတဲ့ အရိုးအခြေကျ ဆေးလုံးပဲ အစ်ကိုကြီး ထောင်အောင်းရဲ့ ခြေထောက်တွေက ဒါသောက်ပြီးတာနဲ့ ပျောက်ကင်း သွားလိမ့်မယ် ထင်တယ်...”

“ထင်တာ မဟုတ်ဘူး  တကယ်ကို ပျောက်ကင်းသွားမှာ” ယန်ချင်ယင်က မိုဝူကျီ စကားများကို ဝင်၍ ပြင်ပေးလိုက်လေ၏။ ရှုန်းရှူကျူသည် သူမကို တစ်ခါမျှ မမြင်ဖူးသော်လည်း  သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အစေခံ အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့ရသော သူမသည် မိုဝူကျီက “စီနီယာ အစ်မယန်” ဟု ပြောသောအခါ ဤပုဂ္ဂိုလ်ကား ယန်ချင်ယင် ဖြစ်မည်မှန်း မှန်းဆမိ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က မိုဝူကျီသည် သူမကို‌ ပေးထားဖူးသော ကတိကို ပြန်လည် တွေးမိ၍  စိတ်ထဲတွင် ပျော်ရွှင်မှုများ လွှမ်းခြုံ သွားလေသည်။

ရှုန်းရှူကျူ၏ လက်များက ဆေးလုံးကို လက်ခံလိုက်ရင်း စိတ်လှုပ်ရှား မှုကြောင့် တုန်ယင် နေလေသည်။ သူမက မိုဝူကျီကဲ့သို့ မတည်ငြိမ်နိုင်ပဲ ထွက်မသွားခင် ယန်ချင်ယင်ကို ကျေးဇူတင်နေလေသည်။ သူမ အဆင့်အတန်းနှင့် အနေအထားကား ပြန်လည် ပေးဆပ်ရန် ကတိစကား ဆိုလျှင် ဟာသပြက်လုံး ဖြစ်နေလိမ့်မည်။

ရှုန်းရှူကျူ ထွက်သွားသည်နှင့် ယန်ချင်ယင်က တိတ်ဆိတ်မှုကို ဖြိုခွဲ လိုက်လေသည်။

“အခု မင်းပြဿနာကို ဖြေရှင်း ပြီးပြီဆိုတော့  ငါလည်းတစ်ခု တောင်းဆိုစရာ ရှိတယ်...”

မိုဝူကျီက ရှောရှောရှူရှူ ပြန်ပြော လိုက်လေ၏။

“စီနီယာ  အစ်မယန် ပြောပါ  ကျွန်တော့် လုပ်နိုင်စွမ်းထဲ ရှိသရွေ့ အကောင်းဆုံး ကြိုးစား ပေးပါ့မယ် ...” သူသည် ကတိကို အရမ်းကာရော မပေးချေ။ ထို့အပြင် သူမက ယန်အာကို ပေးရန် တောင်းလျှင် သူက ပေးနိုင်မည်လား...

ယန်ချင်ယင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး

“မင်းက အကောင်းဆုံး လုပ်ပေးမယ် ဆိုတာ သိပါတယ် ဒါပေမဲ့ ငါ မတောင်းဆိုခင် မင်းကို တစ်ခု ပြောရဦးမယ် မင်း ဘယ်တုန်းက မီးတောက် ဓားတောင် သခင် ချောက်ချန်းရှင်းကို  သွားပြီး စိတ်အနှောင့်ယှက် ပေးမိတာလဲ သူက မကြာခင် မင်းဆီ လာလိမ့်မယ် ထင်တယ်...”

သူ့မျက်ခုံးကား အနည်းငယ် ကြုတ်သွားမိလေ၏။ ဓားတောင်သခင် ဖြစ်နေသော ချောက်ရှုန်းရှင်းက အမှိုက် ကဲ့သို့သော ချောက်ဝမ်ဘင်း အတွက် ရပ်တည်ပေးရဲ သည်လား။

“စောစောက ဆေးလုံး ပေးလိုက်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်း ထောင်အောင်းရဲ့ ခြေထောက်တွေကို ချောက်ဝမ်ဘင်းက ချိုးလိုက်တာ ကျွန်တော်က သူတို့ လင်မယားကို ခေါ်ထား လိုက်ပေမဲ့ သူက လက်လျှော့ ပေးမဲ့ပုံ မပေါ်ဘူး သွေးပဒုမ္မာ ကြာကန်အထိ ပြဿနာ လာရှာသေးတယ် ဒါပေမဲ့ ကျွန်တော်က သူ့အကြံစည်တွေကို ဖျက်ဆီးခဲ့တာ...”

မိုဝူကျီ စကားများကို ကြားပြီး ယန်ချင်ယင်က သူ့အား အထင်ကြီးမိ သွားလေ၏။

“မင်းက တကယ့်ကို စကားတည်တဲ့ သူပဲ မင်းက အဆင့်နိမ့် အဆင့်မြင့် မရှိဘဲ အကျင့်ကောင်းတဲ့ လူနဲ့ မကောင်းတဲ့ လူပဲ ရှိတယ်လို့ တစ်ခါ ပြောဖူးတယ် အဲဒီကနေ ငါ မင်းကို အထင်ကြီးမိ သွားတာပဲ အခုမင်းက ပြောတဲ့အတိုင်း တကယ် လုပ်တာပဲ မင်းကလွဲပြီး အစေခံ အတွက် ဓားတောင်သခင် တစ်ယောက်ကို သွားပြီး ပြန်ခံပြောရဲတဲ့ သူက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး”

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး

“အစ်မနဲ့ အဲဒါတော့ သဘောမတူဘူးဗျ အစ်မလည်း လူတန်းစား မခွဲတဲ့လူလို့ ထင်မိတယ် ကျွန်တော် အစေခံတပည့် ဖြစ်နေတုန်းက အစ်မက ကျွန်တော့်ဘက်က ဝင်ပြောခဲ့ သေးတယ်လေ ...” ယန်ချင်ယင်က အသာ ပြုံးလိုက်ရင်း

“အဲဒါက မတူဘူးလေ ငါရဲ့ အဆင့်အတန်းက ဆေးလုံးသခင် ဂျူထက် မြင့်လို့ ငါ ဘာပြောပြော ကိစ္စမရှိဘူးလေ သူက ငါ့ကို ဆန့်ကျင်ပြီး မပြောရဲဘူးလေ...”

ထိုစဉ် မိုဝူကျီက ထိုအကြောင်းကို ပြောဖို့ရန် ငြီးငွေ့လာပြီး ခေါင်းစဉ်ကို ပြောင်းလိုက်လေ၏။

“ကျွန်တော်က ပဒုမ္မာကြာ ဓားတောင်ကို ရပြီးပြီ ဆိုတော့ ချောက်ရှုန်းရှင်း လာရင်တောင် သူက ကျွန်တော်ကို ဒီလိုလာသတ်လို့ ရပါ့မလား စီနီယာ အစ်မယန် ဒီနေ့ ဘာအတွက် ရောက်လာတယ် ဆိုတာ မပြောသေးပါ့ လားဗျ...”

ယန်ချင်ယင်က ချောက်ရှုန်းရှင်း အကြောင်း ထပ်၍ မပြောတော့ပေ။ သူမသည် ကျိုးနေသော  ဓားရိုးကို ဆွဲထုတ်လိုက်ပြီး သူမရှေ့မှ စားပွဲပေါ် တင်ထား လိုက်သည်။ မိုဝူကျီက ဓားရိုးကို မြင်သောအခါ နှလုံးခုန် တစ်ချက် မြန်သွားလေ၏။ ထိုဓားကား ဟိုတလောက သူကိုယ်တိုင် ဓားချောက် ကမ်းပါးသို့ သွားကာ ကူလီကူမာ လုပ်ထားသော အရာဖြစ်၏။ ထိုပေါ်တွင် သံစဉ်ခြွေ ဓားဟု ပါရှိလေသည်။

သူ့ရှေ့တွင် သံစဉ်ခြွေဓားကို ထားသည့် နောက်ကွယ်က ယန်ချင်ယင်၏ ရည်ရွယ်ချက်ကား မည်သည့်အရာ ဖြစ်မည်နည်း။ သူက ဓားရိုးတွင် သွား၍ ကလိမ်ကျ ထားသည့် ကိစ္စကို သိသွား၍ မေးခွန်းထုတ်ရန် ရောက်လာခြင်း များလား…

သို့သော် ထိုပြဿနာ မဟုတ်နိုင်ပေ။ အကယ်၍ မေးခွန်း ထုတ်လျှင်ပင် သူ့ဆီ ရောက်လာမည့် သူက  ယန်ချင်ယင် မဟုတ်ဘဲ ပြစ်ဒဏ် စီမံရာခန်းမှ အကြီးအကဲများ ဖြစ်လိမ့်မည်။

“စီနီယာ အစ်မယန် ဒါက...” မိုဝူကျီက ထိုဓားကျိုးကို ပထမဆုံး အကြိမ် မြင်ဖူးသကဲ့သို့ ပြုမူကာ ယန်ချင်ယင်၏ လှုပ်ရှားမှုများကို အသေးစိတ် လေ့လာလိုက်လေ၏။ သူသည် ဘာဆက် ဖြစ်တော့မည်ကို မသိတော့ပေ။

***

All Chapters