သူမက မင်းအသက်ကို ကယ်လိုက်တာပဲ
Vol. 7 Ch. 97
“မင်းက ငါ သံစဉ်ခြွေ ဓားကို ဘာလို့ ရှာနေလဲဆိုတာ သိတဲ့အပြင် လျှို့ဝှက်ချက်ကိုပါ သိနေတာလား ...”
ယန်ချင်ယင်က အခြေအနေကို သဘောပေါက်ပြီး နေရခက်စွာ မေးကြည့်လိုက်၏။ အကယ်၍ သူမက သံစဉ်ခြွေဓား လျှို့ဝှက်ချက်ကို သလင်းကျောက်မှ ရှာတွေ့ခဲ့လျှင် မိုဝူကျီလည်း တွေ့နိုင်ခြေရှိ၏။ သို့သော်လည်း သူမသည် မိုဝူကျီက သံစဉ်ခြွေဓား လျှို့ဝှက် ပညာရပ်ကို အခွင့်ကြုံ၍ တွေ့ခဲ့ကြောင်းနှင့် သူသည် ပျောက်ကွယ်ဓား ပညာရပ်ပါသော သလင်းကျောက်ကို အသုံးမပြုရ သေးကြောင်းကို မသိခဲ့ပေ။
မိုဝူကျီက ဘာမှ လျှို့ဝှက် မထားတော့ပေ။
“ဟုတ်တယ် သံစဉ်ခြွေဓားထဲက ပညာရပ်ကို ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်လို့ ခေါ်တယ် ....”
ယန်ချင်ယင်က စာရွက်ကို ဖွင့်ကြည့် လိုက်သည့်အခါ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို တွေ့လိုက်ရသည်။ ဘေးတွင် မိုဝူကျီက ဆက်လက် ပြောနေလေ၏။
“အဲဒီ ပညာရပ်ထဲက ယီ စာလုံး တစ်လုံးရဲ့ ကျင့်စဉ်က ပျောက်နေတယ် အခု ဒီပညာရပ်ကို အစ်မယန် ပိုင်ပြီဆိုတော့ ကျွန်တော့်ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ရဲ့ ဆေးလုံး ပြိုင်ပွဲကို ခေါ်သွား စေချင်တယ် တကယ်လို့ မအောင်မြင်ဖူး ဆိုရင်တောင် မကြိုးစား လိုက်ရရင် ကျွန်တော်ရဲ့ ကျန်တစ်ဘဝလုံး စိတ်အေးမှာ မဟုတ်တော့ဘူး ”
သူအနေနှင့် အနာဂတ်တွင် နောက်ထပ် ပညာရပ် တစ်ခုကို ရရှိနိုင်သေး သော်ငြား ယန်အာကိုမူ ချက်ချင်း ကုသရန် လိုအပ်လှ၏။ ထို့အပြင် သူသည် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ရှိ စာလုံ တစ်လုံးချင်းစီနှင့် ကျင့်ကြံခြင်းတိုင်းကို မှတ်သား ထားပြီးပြီ ဖြစ်၏။
ယန်ချင်ယင်က စာရွက်ကို လိပ်လိုက်ပြီးတော့ မိုဝူကျီကို ကြည့်ကာ မေးလိုက်သည်။
“မင်းနဲ့ ယန်အာနဲ့က ဘယ်လို တော်စပ်တာလဲ မေးလို့ ရမလား ”
လျှို့ဝှက် ပညာရပ်ကို တစ်ချက် ကြည့်ရုံဖြင့် ယန်ချင်ယင်သည် ထိုအရာကား သာမန်နှင့် အလှမ်း ကွာလှကြောင်း ပြောနိုင်သည်။ မိုဝူကျီသည် မကျင့်ကြံနိုင်၍ မဟုတ်ဘဲ သူ့စိတ်ထဲတွင် ယန်အာက မည်မျှ အရေးပါကြောင်း သိ၍ ထိုပညာရပ်ကို ပေးခဲ့ခြင်း ဖြစ်လေ၏။
“ယန်အာက ကျွန်တော့် အစေခံ ဖြစ်ခဲ့ဖူးတယ် ...” ထိုစဉ် မည်သည့် အရာကိုမှ ဖုံးကွယ်ထားရန် မလိုတော့ပေ။ မိုဝူကျီက ယောင်ကျိုးမှ သူနှင့်ယန်အာတို့၏ ဖြစ်စဉ်အကုန် ပြောပြ လိုက်တော့သည်။
မိုမျိုးနွယ်စုသည် ကျရှုံးသွားမှန်း သိသော်လည်း ယန်အာသည် သူ့ကို ထား၍ ထွက်မသွားပေ။ ထို့အစား သူမသည် အာဟာရ ပြတ်လပ်၍ ပိန်ချုံး နေစေကာမူ သူ့အတွက် အငတ်ခံရန်ပင် ဆန္ဒရှိလေ၏။ မိုဝူကျီ၏ ဘုရင်ဖြစ်ရန် အိပ်မက်ကို ဖြည့်စီးပေးရန် အလို့ငှာ ပိုက်ဆံရှာရန် ညဘက်တွင် အလုပ် ပင်ပင်ပန်းပန်း လုပ်ရှာသေးသည်။ ယန်ချင်ယင်ပင် ယန်အာကို နှစ်ခြိုက် လာလေ၏။ သူမသည် သစ္စာရှိသော အစေခံ ဖြစ်ရုံမက သူမ သခင်လေး၏ မဖြစ်နိုင်သော လိုအင်ဆန္ဒများပင် ဖြည့်စီးပေးရန် အတွက် ငတ်တစ်လှည့် ပြတ်တစ်လှည့် နေခဲ့သေး၏။ ယန်ချင်ယင်သည် ယန်အာကဲ့သို့ အစေခံမျိုးကို တစ်ခါမျှ မတွေ့ဖူးချေ။
ယန်အာသည် သူမ ဝိညာဉ်ကြောက အရမ်းကို ကောင်းနေမှန်း သိပြီးနောက်တွင် သူမက ကျင့်ကြံဖို့ရန် မေးခဲ့ခြင်း မဟုတ်ဘဲ သူမ ဝိညာဉ်ကြောကို သူမ သခင်လေးဆီ လွှဲပြောင်းပေး၍ ရလားဟု မေးခဲ့ခြင်းသာ ဖြစ်လေ၏။ ထိုသို့သော အရာမျိုးသည် တစ်ခါမျှ မဖြစ်ပွားဖူးပေ။ ထိုသည်က သူမ၏ အင်မော်တယ် ဖြစ်မည့် အခွင့်အရေးကို စွန့်လွှတ် လိုက်ခြင်းနှင့် အတူတူ ဖြစ်သည်။
သူမ စကားများက လက်တွေ့ ဖြစ်လာမည်မှန်း မည်သူ သိမည်နည်း။ သို့သော်လည်း လက်တွေ့တွင် သူမ ဝိညာဉ်ကြောကို သူမ သခင်လေးဆီ ကူးပြောင်းပေးခြင်း မဟုတ်ဘဲ တခြား တစ်ယောက်စီ ဖြစ်နေလေသည်။ ကံကောင်းသော ကြောင့်သာ ကူးပြောင်းမှု ကျရှုံးသွားလေ၏။ အကယ်၍သာ အောင်မြင်သွားပါက သူမသည် နေရာမှာတင် သေဆုံးသွားနိုင်၏။ ထိုသို့ဆိုလျှင် သူမသည် ဤနေရာတွင် ရှိမနေနိုင်ချေ။
သူမက မှတ်ဉာဏ် ပျောက်ဆုံးပြီး စိတ်ပုံမှန် မဟုတ်သော်လည်း သူမသည် သခင်လေးကို အမှတ်ရနေဆဲ ဖြစ်၏။ ထိုသို့သော လူမျိုးကား ကယ်တင်ရန် ထိုက်တန်ပေသည်။
“ငါ မင်းကို ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက် ဆေးလုံး ပြိုင်ပွဲကို ခေါ်သွားပေးမယ် တကယ်လို့ မင်းက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာခဲ့ရင် ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မယ် ဒါပေမဲ့ တစ်ခုတော့ သတိပေးချင် သေးတယ် တကယ်လို့ ဘွားဘွား လင်းလောင်နဲ့ တွေ့ရင်တောင် သူမက မင်းကို ကူညီမှာ မဟုတ်ဘူး ....” ယန်ချင်ယင်က သက်ပြင်းချကာ ပြောလိုက်လေ၏။
သူမက မြေကမ္ဘာအဆင့် ဆေးလုံး ဆရာ ဖြစ်သည့် အတွက် ဆေးလုံး ဆရာများ၏ ပင်ကိုစရိုက်ကို ကောင်းကောင်း နားလည်လေ၏။ မိုဝူကျီသည် စိတ်ဓာတ် ခိုင်မာပြီး ပြတ်သားသော်လည်း ဘွားဘွား လင်းလောင်က သူ့အား ကူညီမည့် ရာခိုင်နှုန်းမှာ သုညနီးပါး ဖြစ်လေသည်။
မိုဝူကျီက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်လေ၏။
“ကျွန်တော် အကုန် ကြိုးစားကြည့်မယ်”
ယန်ချင်ယင်က သူ့အား ဆက်၍ မဖျောင်းဖျတော့ပေ။ သူမလက်ထဲမှ စာရွက်ကို ကြည့်ပြီး ပြောလိုက် လေသည်။
“ဂျူနီယာ မောင်လေးမို ဓားချောက် ကမ်းပါးမှာ အပေါက် တူးထားတာ မင်းလား အဲဒီ အကြောင်းကြောင့် ပဒုမ္မာကြာ ဓားတောင်ကို ရွေးခဲ့တာ မလား ...”
မိုဝူကျီ စိတ်ထဲတွင် တုန်လှုပ်လာပြီး ချက်ချင်း ငြင်းဆန်ဖို့ တွေးလိုက်မိသည်။ သို့သော်လည်း သူက ယန်ချင်ယင်ကို သိလာတာ ကြာပြီ ဖြစ်သည့်အတွက် ထိုသို့ လုပ်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ရိုးရိုးသားသား ပြောလိုက်လေ၏။
“ဟုတ်ပါတယ် စီနီယာ အစ်မယန် ကျွန်တော် ဓားချောက် ကမ်းပါးကို သွားခဲ့ပါတယ် ဘယ်လိုများ သိတာလဲဗျ...”
ယန်ချင်ယင်က ဖျော့တော့တော့ ရယ်မောလိုက်ပြီး
“ဘယ်လို သိတာလဲ ဆိုတော့ ဒီဓားရိုးကို ငါကိုယ်တိုင် သွားယူလာလို့ပဲ မင်းတူးခဲ့တဲ့ အပေါက်က ငါ့အတွက် အကူအညီ ဖြစ်ခဲ့သေးတယ်”
ထို့နောက် ယန်ချင်ယင်က ယန်အာကို ကြည့်လိုက်ပြီး
“သူမက မင်းအသက်ကို ကယ်လိုက်တာပဲ”
“ဟမ်..” မိုဝူကျီက ယန်ချင်ယင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်မိလိုက်သည်။ သို့သော်လည်း သူက ချက်ချင်းပင် သဘောပေါက် သွားလေ၏။ သူသည် ဓားရိုးကို ဖွင့်၍ စာရွက်ကို ယူစဉ်က သဲလွန်စ တချို့ ချန်ခဲ့ကောင်း ချန်ခဲ့မိနိုင်၏။ ယန်ချင်ယင်က တုံးအသောသူ မဟုတ်ပေ။ သူမသည် ဓားရိုးမှ ထိုသဲလွန်စများကို သေချာပေါက် ရှာတွေ့လိမ့်မည်။ ထို့အပြင် မိုဝူကျီက ပဒုမ္မာကြာ ဓားတောင်သို့ ပြောင်းရွှေ့လာပြီး ဓားချောက် ကမ်းပါးတွင်လည်း အပေါက်တစ်ခု ထားခဲ့သေး၏။ သူမအတွက် တရားခံမှာ သူဖြစ်ကြောင်း အလွယ်တကူ မှန်းဆနိုင်လိမ့်မည်။
အကယ်၍ သူသာ ယန်အာအတွက် စာရွက်များကို လက်မလျှော့ခဲ့ပါက ယန်ချင်ယင်သည် သံစဉ်ခြွေဓား၏ လျှို့ဝှက် ပညာရပ်ကား မရှိတော့သည်ကို သိသွားသည့်အခါ သူ့အား ကောင်းကောင်း ဆက်ဆံနေမည် မဟုတ်တော့ပေ။ ထို့ကြောင့် ယန်အာက သူ့အသက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုလေ၏။
“စီနီယာ အစ်မယန် တကယ်လို့ ကျွန်တော်သာ စာရွက် ထုတ်မပေးတာကို သိသွားတဲ့အခါ ကျွန်တော့်ကို သတ်မှာလား ” မိုဝူကျီက စိတ်ထဲမှ စိတ်သက်သာရာ ရသွားလေ၏။ သို့သော်လည်း ယန်ချင်ယင်နှင့် အဆက်အဆံ ကြာလာသည့် အတွက် သူမသည် သူ့ကို ထိုအရာကြောင့် သတ်လိမ့်မည်ဟု မယုံပေ။ အလွန်ဆုံးရှိမှ သူမသည် သူ့အား ထိုအရာ ပေးရန် အတင်းကျပ် လုပ်ဆောင်ရုံသာ လိမ့်မည်။
ယန်ချင်ယင်က ခေါင်းကို ခါလိုက်ပြီး ရှင်းပြ လိုက်လေ၏။
“ငါတော့ မသတ်ဘူး ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်က သတ်လိမ့်မယ် ...”
“ဂိုဏ်းခေါင်းဆောင်လည်း ဒီလျှို့ဝှက်ချက်ကို သိတာလား ” မိုဝူကျီက အံ့ဩတကြီး မေးကြည့် လိုက်လေသည်။ အကယ်၍ ဂိုဏ်းခေါင်းဆောင် သိပါက သူသည် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို ပြန်၍ ပေးအပ်လျှင်ပင် အသတ်ခံရကိန်း ရှိ၏။
ယန်ချင်ယင်က ပြန်ဖြေ လိုက်သည်။
“တကယ်လို့ ဂိုဏ်းခေါင်းဆောင်က ဒီသံစဉ်ခြွေဓား လျှို့ဝှက် ပညာရပ်ကို မသိရင် ငါ့ကို ဓားရိုး ယူခွင့် ပြုမယ် ထင်နေလား မင်းသာ ပညာရပ်ကို မပေးခဲ့ဘူး ဆိုရင် မင်းယူခဲ့မှန်း ငါက သေချာပေါက် သိမှာပဲ အဲဒီအခါကျ ငါမင်းကို အကြီးကြီး စိတ်ပျက် သွားပြီးတော့ အမှန်တရားကို ဖုံးကွယ်ထားဖို့ ကူညီမှာ မဟုတ်လောက်ဘူး ငါက ဘာမှ မပြောရင်တောင် ဂိုဏ်းခေါင်းဆောင်က ငါက သံစဉ်ခြွေဓား လျှို့ဝှက် ပညာရပ်ကို မထုတ်တာလဲ အပေါ် သံသယတွေ ရှိလာမှာပဲ အဲဒီအခါကျ ဓားရိုးနေရာကို သွားပြီး စုံစမ်းခိုင်းလိမ့်မည် အဲဒီအခါကျ မင်းတူးထားတဲ့ အပေါက်ကို မြင်မှာပဲ အဲဆို သူက ငါ့ကိုလာမေး လိမ့်မယ်လို့ ထင်လား တူးခဲ့တာ ငါ မဟုတ်ဘူး အဲဒီအပေါက်က ငါ ဓားချောက် ကမ်းပါးကို သွားကတည်းက ရှိနေတာလို့ ပြောလိုက်ရုံပဲ နောက် ဘာဆက်ဖြစ်မယ် ထင်လဲ ...”
မိုဝူကျီ နောက်ကျောတွင် ချွေးအေးများ စီးကျလာလေ၏။ ယန်ချင်ယင် ပြောသည်က လုံးဝ မှန်ကန်လေသည်။ အကယ်၍ သူက ယန်ချင်ယင်ကို လိမ်ညာခဲ့ပြီး ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို မပေးခဲ့ဘူး ဆိုရင် ယန်ချင်ယင်က သူ့အတွက် ကာပေးစရာ လိုပါ့မလား ယန်ချင်ယင်က နတ်ဓားတောင်မှ အကြောင်းနှင့် ဓားချောက်ကမ်းပါး အကြောင်း ထုတ်မပြောလျှင်ပင် ဂိုဏ်းခေါင်းဆောင် အနေနှင့် သူ့နှင့် ဆက်နွှယ် နေသည်များကို ရှာတွေ့နိုင်သေး၏။ ထို့အပြင် သူ ပဒုမ္မာကြာ ဓားတောင်သို့ ပြောင်းလာသည့် အချိန်နှင့် ဓားချောက် ကမ်းပါးတွင် အပေါက် ဖြစ်လာသည့် အချိန်က အတူတူလောက် ဖြစ်နေလေသည်။ တိုက်ဆိုင်မှုဟု ဆိုရလောက်အောင် လွန်လွန်း လှပေ၏။ ထို့ကြောင့် ယန်ချင်ယင်က ယန်အာက သူ့အသက်ကို ကယ်တင်ခဲ့သည် ဆိုသော စကားမှာ လုံးဝ မှန်ကန်ပေသည်။
ယန်ချင်ယင်က စာရွက်ကို သိမ်းလိုက်ပြီး
“ဂျူနီယာ မောင်လေးမို မင်းက ငါ့ အသက်ကို တစ်ခါ ကယ်ဖူးတယ် ပြီးတော့ မင်းက ရိုးရိုးသားသား ပြောနေမှန်းလည်း သိတယ် ငါ ယန်ချင်ယင်က ကျေးဇူး မသိတတ်တဲ့သူ မဟုတ်ဘူး မင်းကို ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို မပေးနိုင်ပေမဲ့ ပြဿနာ တစ်ခုခု ရှိတာနဲ့ ငါ ကူညီပေးပါ့မယ် ပြီးတော့ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်က သိုင်းကျမ်း မဟုတ်လောက်ဘူး မင်းက အကြောင်းအရာ အားလုံးကို မှတ်သား ထားရင်တောင် ကိစ္စမရှိဘူး ဒါပေမဲ့ ပေါက်ကြားလို့ မဖြစ်ဘူး ...”
“အဲဒါက သိုင်းကျမ်း မဟုတ်ရင် ဘာလဲ ” မိုဝူကျီက အလျင်အမြန် မေးကြည့်လိုက်သည်။ သူသည် စာရွက်နှစ်ခုလုံးက အကြောင်းအရာများကို မှတ်သား ထားလေ၏။
ယန်ချင်ယင်က ပြန်ဖြေလိုက်၏။
“အထွတ်အမြတ် လျှို့ဝှက် ပညာရပ် ဖြစ်နိုင်တယ် ဒါပေမဲ့ ငါ့ ကျင့်ကြံဆင့်က နိမ့်သေးလို့ ကောင်းကောင်း မဖတ်ဖူးသေးလို့ သေတော့ မသေချာဘူး”
“မို မိသားစု နာမည်နဲ့လူ မင်းကိုယ်မင်း ဧည့်ဆေးလုံးဆရာ ဖြစ်လာတော့ ကိုယ့်ဘာသာ ဟုတ်လှပြီ မှတ်နေလား ဒီစီနီယာက မင်းကို ခြေမွှဖို့ တစ်ချက်ပဲ လိုတယ်ကွ...” အသံဩဩကား အိမ်အပြင်မှ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာကာ ယန်ချင်ယင် စကားကို ဖြတ်တောက် လိုက်လေ၏။ အားပြင်းသော လေဆင်နှာမောင်း တစ်ခုက မိုဝူကျီ၏ အိမ်သို့ ပြေးဝင်လာလေ၏။
မိုဝူကျီနှင့် စကားပြောနေသည့် ယန်ချင်ယင်က ရှေ့သို့တက်ကာ လှိုင်းတစ်ခု ထုတ်လွှင့် လိုက်လေသည်။
“ဝှီး ....”
မိုဝူကျီ၏ အိမ်အပြင်တွင် အားနှစ်ခုကား အချင်းချင်း တွေ့ဆုံ သွားတော့သည်။ မိုဝူကျီက ယန်ချင်ယင်နှင့် ရင်ဆိုင်နေသော လူကို ကြည့်လိုက်သော အခါ ရက်စက်ဟန် ရှိသော လူကို မြင်ရလေသည်။ သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးမှာ ဖုန်များ သောင်းသောင်းလဲ ထနေကာ အရမ်းကို ဖရိုဖရဲ ဖြစ်နေတော့သည်။
***