← Chapters

အသွားမဲ့ဓား၊ လေဆန်ဓား

Vol. 9 Ch. 115

အသွားမဲ့ဓား၊ လေဆန်ဓား

Vol. 9 Ch. 115

လော့ယန်မြို့သည် တောင်တန်းများပေါ်တွင် တည်ရှိကာ လူအများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။

တောင်တန်းများအား ဝင်္ကပါအစီအရင်များဖြင့် ဆက်သွယ်ထား၏။ တစ်ခါမှ မကျင့်ကြံဖူးသူများမှာ သည်နေရာသို့ ရောက်လာရန် မဖြစ်နိုင်ပါ။

ရှန့်ခယ်သည် လမ်းလျှောက်ရင်း လော့ယန်မြို့မှ အခြေအနေများကို တီးတိုးရှင်းပြနေသည်။

ဤသို့သော အရောင်းအဝယ်မြို့တွင် အင်အားစုအမျိုးမျိုးတို့မှာ ခြေချင်းလိမ်နေကြသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏စည်းမျဉ်းအရ ရောင်းဝယ်ဖောက်ကားရေးနေရာများမှာ မတိုက်ခိုက်ရကန့်သတ်နယ်မြေများဖြစ်ရာ မဋိပက္ခများလည်း မရှိကြပေ။

ခိုးဆိုးလုယက်၍ ရလာသော ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားသော မြေအောက်စျေးများလည်း သေချာပေါက် ရှိပေသည်။

လတ်တလောတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လက်အောက်ရှိ ရောင်းဝယ်ဖောက်ကားရေးနေရာများမှာ အလွန်စည်ကားနေသည်။ အကြောင်းအရင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းတို့အကြား ပဋိပက္ခတို့ကြောင့် ဖြစ်သည်။

လော့ယန်မြို့တွင် ထိပ်သီးဂိုဏ်းကိုးဂိုဏ်းမှ လူများ ရှိကြသည်။ တခြားဂိုဏ်းအသီးသီးမှ လူများသည်လည်း သေချာပေါက် ရှိကြ၏။

ရောင်းဝယ်ဖောက်ကားရေးနေရာများ၏စည်းကမ်းအရ အမြုတေဖွဲ့စည်းခြင်းများမှာ ထိုနေရာတွင် အမြဲတမ်းအားဖြင့် အခြေချနေခွင့်မရှိပေ။ ကမ္ဘာမြေအဆင့်များမှာ တိုက်ခိုက်ခွင့်မရှိပေ။

ကမ္ဘာမြေအဆင့်များ တိုက်ခိုက်ခြင်းမဟုတ်ပါက တခြားလူများက ဝင်ရောက်လှုပ်ရှားမည် မဟုတ်ပေ။

“ဒီတစ်ခေါက် လေလံပွဲမှာ ပစ္စည်းကောင်းအများကြီးပါတယ်”

ရှန့်ခယ်က ဟန်မူယဲ့အား ကြည့်ကာ ပိုင်စုကျန်းအား တီးတိုးပြောသည်။

“အများစုဟာ ဖုန်းလင်ဓားဂိုဏ်းရဲ့ ရတနာသိုလှောင်ခန်းကပဲ”

ရှန့်ခယ်က သူ့အား အဘယ်ကြောင့် ထိုသို့ ကြည့်သည်ကို ဟန်မူယဲ့ နားလည်၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကသာ ကျင်းရှန်းဓားဂိုဏ်းအား အမှန်တကယ် ဖျက်ဆီးခဲ့သူ ဖြစ်သည်။

ဖုန်းလင်ဓားဂိုဏ်းအပြင် အံ့ဖွယ်ဓားဂိုဏ်းသည်လည်း အများဆုံး အကျိုးအမြတ် ရခဲ့သည်။

ရောင်းဝယ်ဖောက်ကားရေးနေရာသို့ ရောက်လာသော ရတနာများမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းတို့ မလိုအပ်တော့သော ရတနာများဖြစ်သည်။

ထိုဂိုဏ်းများ မလိုအပ်သော်လည်း တခြားဂိုဏ်းများလည်း မလိုအပ်ဟု မဆိုလိုပါ။

ဂိုဏ်းအသီးသီးတို့သည် သည်လေလံပွဲ၌ ပါဝင်ရန် ယခင်ကတည်းက အားခဲထားကြသည်။

အတန်ကြာလျှင် အားလုံးသည် မြို့ရိုးပေါ်၌ ရပ်နေကြ၏။

ကျင့်ကြံခြင်းလောက၌ အချိန်ကာလသည် လျစ်လျူရှုခံရဆုံးအရာ ဖြစ်သည်။ မြို့ရိုးမှ ရေညှိများသည်သာ မြို့၏အိုဟောင်းမှုကို ကိုယ်စားပြုသည်။

သူတို့သည် မြို့ရိုးအတိုင်း လျှောက်သွားပါက သည်နေရာမှာ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ရောင်းဝယ်ဖောက်ကားရေးနေရာထက် ပိုမို၍ စည်ကားသည်ကို တွေ့နိုင်၏။

အကြောင်းအရင်းကား ဂိုဏ်းမျိုးစုံတို့ သည်နေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ ထို့အတူ သည်နေရာမှာ အံ့ဖွယ်ကိုးပါးတောင်ကုန်းကဲ့သို့ မငြိမ်းချမ်းပါ။

လေလံပွဲပြုလုပ်ရာ စံအိမ်အား သွားရာလမ်း၌ ဟန်မူယဲ့သည် အနည်းဆုံး သုံးကြိမ်ထက်မနည်းသော အနိုင်ကျင့်ဗိုလ်ကျမှုများအား မြင်တွေ့ခဲ့ရသည်။

“ဂိုဏ်းငယ်တွေနဲ့ တကိုယ်တော်ကျင့်ကြံသူတွေ…”

ဟန်မူယဲ့နောက်မှ လင်းရှန်က တီးတိုးပြောသည်။

“ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဆိုင်နာမည်ဟာ ဆံ့ဖွယ်ကောင်းကင်စံအိမ်လို့‌ခေါ်တယ်။ အဲဒါက ဒီနေရာရဲ့ အကြီးဆုံးဆိုင်ထဲက တစ်ဆိုင်ပဲ”

“အံ့ဖွယ်ကောင်းကင်စံအိမ်ဟာ ဒီလေလံပွဲကို ဦးဆောင်တာ မဟုတ်ပေမဲ့ ပစ္စည်းအများစုကတော့ အဲဒီက လာတာပဲ”

လင်းရှန်က ရှင်းပြသည်။

“တကိုယ်တော်ကျင့်ကြံသူတွေဟာပဲ ဒီနေရာမှာ အနိုင်ကျင့်ခံရတာ။ ဂိုဏ်းကြီးတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြတယ်။”

ပိုင်စုကျန်းသည် ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ကာ ပြောသည်။

“ယွမ်ထိုက်အင်မော်တယ်စံအိမ်… ယွမ်ထိုက်တာအိုဂိုဏ်း”

သူမက ဆက်ပြောသည်။

“ယွမ်ထိုက်ဂိုဏ်းဟာ ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှာ အလယ်အလတ်နေရာလောက်ရှိတယ်။ သူတို့အင်အားဟာ ကျင်းရှန်းဂိုဏ်းထက် သာလွန်တယ်”

ယွမ်ထိုက်ဂိုဏ်းသည် ယနေ့ လေလံပွဲအား ဦးစီးတာဝန်ယူမည် ဖြစ်သည်။

ပိုင်စုကျန်းက တီးတိုးပြောသည်။

“ယွမ်ထိုက်တာအိုဂိုဏ်းဟာ ဖီးနစ်ဦးခေါင်းတောင်ကြားနဲ့ ကီလိုမီတာ တစ်သောင်းလောက်ပဲ ဝေးတယ်။ တကယ်လို့ တောင်ပိုင်းမိစ္ဆာတွေ ကျူးကျော်လာရင် သူတို့ဂိုဏ်းက ပထမဆုံး ရင်ဆိုင်ရမှာပဲ”

ပိုင်စုကျန်း ဆိုလိုသည်ကို ဟန်မူယဲ့ နားလည်၏။

စစ်ပွဲအတွက် ပြင်ဆင်ခြင်း။

ယွမ်ထိုက်တာအိုဂိုဏ်းသည်လည်း လာမည့်စစ်ပွဲအတွက် ပြင်ဆင်နေရသည်။

“မိန်းကလေးပိုင်…”

ထိုအခိုက်တွင် အစိမ်းရောင်ဝတ်နှင့် အဖြူရောင်ဝတ် လူငယ်တချို့ ဆိုင်ဝသို့ ရောက်လာသည်။ သူတို့က ပိုင်စုကျန်းအား မြင်လျှင် လှမ်းနှုတ်ဆက်ကြ၏။

ဟန်မူယဲ့ အလိုအလျောက် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်သည်။

ရူးနေသောသူသာ ပိုင်စုကျန်းနှင့် ဘေးချင်းကပ်ရက် လမ်းလျှောက်ပေမည်။

ပိုင်စုကျန်းက ဟန်မူယဲ့အား ပြန်ကြည့်လိုက်ပြီးမှ ပြုံးလိုက်ကာ ရှေ့ကို ဆက်သွားသည်။

“ဒါ တကယ်ပဲ မိန်းကလေးပိုင်ပဲ”

“ပိုင်မိသားစုရဲ့ ကံကောင်းခြင်းနတ်ဘုရားမကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး”

“အာ… မိန်းကလေးပိုင်… ဒီကို ရတနာတွေအတွက် ရောက်လာတာလား”

လူငယ်များ၏ ဝမ်းသာအားရ ပြောဆိုကြသည်။

ပိုင်စုကျန်း၏မိခင်မျိုးရိုး၊ ပိုင်မိသားစုသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ဧရာမစီးပွားရေးလုပ်ငန်းများအား ပိုင်ဆိုင်၏။

ပိုင်မိသားစု၏ပင်မမျိုးဆက်ဖြစ်သော ပိုင်စုကျန်းသည် ပါရမီအရဖြစ်စေ၊ ရုပ်ရည်အရ ဖြစ်စေ ထိပ်ဆုံး၌ ရှိသည်။

ပိုင်စုကျန်းသည် ပိုင်မိသားစု၏ထက်ဝက်ကျော်သော စီးပွားရေးလုပ်ငန်းများအား ထိန်းချုပ်သည်ဟု ဆိုကြ၏။

သူမသည် ငယ်ရွယ်ကာ ချမ်းသာကြွယ်ဝ၏။

မိန်းကလေးပိုင်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ယနေ့တွင် မိန်းကလေးပိုင်သည် အနည်းငယ် ထူးခြားနေ၏။

ပိုင်မိသားစု၏အကြီးဆုံးသမီးသည် မူလက ဖော်ရွေသော်လည်း ယနေ့တွင် အနည်းငယ် အေးစက်နေ၏။

စကားအနည်းငယ် ပြောပြီးသည်နှင့် သူမအား ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင်က လာရောက်ဖိတ်ကြားကာ ခေါ်သွား၏။

“စကားမစပ် မိန်းကလေးပိုင်နောက်က နှစ်ယောက်က ဘယ်သူတွေလဲ”

လူငယ်တစ်ယောက်က ထူးဆန်းသော အမူအရာဖြင့် မေးသည်။

“ဘယ်သူဂရုစိုက်လို့လဲ… သူတို့က သာမန်ပုံစံပါပဲ”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဝတ်စုံကို မဝတ်ဘဲ သာမန်ဝတ်စုံဖြင့် ဟန်မူယဲ့နှင့် လင်းရှန်တို့အား မည်သူမှ ဂရုမစိုက်ကြပါ။

“မိန်းကလေးပိုင်… ဒီတစ်ခေါက် လေလံတင်မယ့် ရတနာတွေက ဒီမှာပဲ။ ဒါမှမဟုတ် သိုလှောင်ခန်းသွားပြီးတော့ နောက်ဆုံးပြသမယ့် ရတနာတွေကို သွားကြည့်ဦးမလား”

ဆိုင်ရှင်က သူတို့အား ဒုတိယထပ်သို့ ခေါ်လာကာ ပြောသည်။

ထိုအခိုက်တွင် ဒုတိယထပ်၌ လူအများအပြားသည် သစ်သားစင်မြင့်များ၌ ရောက်နေကြပြီး ဖြစ်သည်။ တချို့က ဓားများနှင့် အဆောင်လက်ဖွဲ့များကိုပင် စမ်းသပ်ကြည့်ရှုနေကြ၏။

ဒုတိယထပ်သို့ ရောက်လာသူများအားလုံးမှာ အဆင့်အတန်းရှိသူများ ဖြစ်သည်။ သူတို့က တစ်စုံတစ်ခု ခိုးယူသွားမည်ကို မည်သူမှ မစိုးရိမ်ပါ။

မှန်သည်၊ အစစ်အမှန် ရတနာများမှာ တခြားတစ်နေရာတွင် ထားရှိ၏။

ဆိုင်ရှင်၏စကားကို ကြားလျှင် ပိုင်စုကျန်းက ဟန်မူယဲ့အား ကြည့်သည်။

“ဆိုင်ရှင်ပိုင်… ကျုပ်နဲ့ ဆရာလင်းတို့ တခြားနေရာတွေ သွားကြည့်ဦးမယ်”

ဟန်မူယဲ့က ပိုင်စုကျန်းနှင့် ခပ်ခွာခွာနေသင့်သည်ဟု တွေးမိသည်။

ယခု လူအများအပြားက သူတို့ထံ အာရုံရောက်လာနေသည်။ ဆိုင်ရှင်သည်ပင် ဟန်မူယဲ့အား မကြာခဏ ခိုးကြည့်နေ၏။

“ကောင်းပြီ”

ပိုင်စုကျန်းက ခေါင်းညိတ်သည်။

“စီနီယာအစ်ကို ကြိုက်တဲ့ပစ္စည်းတွေ့ရင် မှတ်သားထားပါ။ ကျွန်မ ရအောင် ကူညီပေးမယ်”

သည်နေရာမှ ပစ္စည်းများမှာ တန်ဖိုးရှိသော်လည်း ဟန်မူယဲ့ ဖော်စပ်သော ဆေးလုံးများကဲ့သို့ တန်ဖိုးမကြီးပါ။

သည်နေရာသို့ လာရာလမ်း၌ပင် ဟန်မူယဲ့သည် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီများနှင့် စွမ်းအင်အသွင်ပြောင်းဆေးလုံးများအား ပိုင်စုကျန်းကို ပေးထားခဲ့ပြီး ဖြစ်သည်။

ထိုဆေးများဖြင့် ပိုင်စုကျန်းသည် ထောင်သောင်းများစွာသော ဝိညာဉ်ကျောက်တုံးများ အကျိုးအမြတ်ရနိုင်သည်။

ဟန်မူယဲ့ ခေါင်းညိတ်ကာ သစ်သားစင်မြင့်များထံသို့ လျှောက်သွားလိုက်သည်။

“မိန်းကလေးပိုင်… ကျုပ်တို့ကို ဒီနေ့ အမြင့်ဆုံးအရည်အသွေးဆေးလုံးနည်းနည်းပေးပါ”

“မိန်းကလေးပိုင်… ခင်ဗျားလက်ထဲက ဆေးလုံးက ကျုပ်တို့ ဆိုင်တွေကို လုယက်သတ်ပုတ်ရအောင် လုပ်နေတာပဲ”

သူ့နောက်တွင် ပိုင်စုကျန်းနှင့် ဆိုင်ရှင်တို့ ဆွေးနွေးနေသည်ကို သဲ့သဲ့မျှ ကြားရသည်။

ဟန်မူယဲ့ ရယ်မောကာ ခေါင်းယမ်း၏။

ပိုင်စုကျန်းကား အမှန်တကယ် ခြေတံလက်တံရှည်လျားသွားသည်။ သို့သော် ဟန်မူယဲ့ စိတ်မဝင်စားပါ။

ဟန်မူယဲ့ရှေ့တွင်ကား သုံးပေခန့်ရှည်လျားသော သစ်သားတုတ်ရှည်တစ်လက်ရှိသည်။

၎င်းထံမှ အစိမ်းရောင်အလင်းများ တဖျတ်ဖျတ် လက်နေသည်။

၎င်းသည် ဝိညာဉ်တစ်ဝက်လက်နက်အဆင့်သို့ သန့်စင်နိုင်လောက်၏။ သို့သော် ဟန်မူယဲ့ စိတ်မဝင်စားပါ။

အနီးအနားကို ကြည့်လျှင် သူသည် တခြားရတနာပစ္စည်းများအား တွေ့ရ၏။

တခြားသော ဓမ္မရတနာများနှင့် အဆောင်လက်ဖွဲ့များကိုလည်း တွေ့ရ၏။

၎င်းတို့မှာ အတော်လေး အရည်အသွေး မြင့်ကြသည်။ အနီးအနားမှ လူများ၏မျက်လုံးများမှာ လိုချင်တက်မက်မှုများ ရှိနေကြ၏။

သစ်သားစင်မြင့်ထက်တွင် ရပ်ရင်း ဟန်မူဲ့ တိတ်ဆိတ်နေသည်။

“ညီလေးဟန်… ဒါက ဂိုဏ်းအပြင်ဘက်က လေလံပွဲပဲ”

လင်းရှန်က တီးတိုးပြောသည်။

“ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းပဲ။ အတွင်းစည်းတပည့်တွေ လက်ခံတဲ့ဓားတွေဟာ ဒီနေရာမှာ ရတနာတွေ ဖြစ်နေတယ်”

လင်းရှန်၏စကားမှ အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း၏ယုံကြည်မှုနှင့် အဆင့်အတန်းကို ခံစားရနိုင်သည်။

“သခင်လေး… ဒီအသွားမဲ့ဓားကို သဘောကျသလား”

ထိုစဉ် အသက် ၅၀အရွယ်လူကြီးတစ်ဦး လျှောက်လာကာ မေးသည်။ ဟန်မူယဲ့သည် ထိုဓားရှေ့တွင် ရပ်နေသည်မှာ အတော်လေးကြာပြီ ဖြစ်သည်။

သစ်သားစင်ထက်တွင်ကား သုံးပေခန့်ရှည်သော ဓားကြီးတစ်လက် ရှိနေသည်။

“ဒီဓားဟာ တကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဆီက ရတာ။ ဒါက ရွှေမိတ်ကျောက်နဲ့ ရောထားတာဖြစ်လို့ ဓားရဲ့အလေးချိန်ကို တိုးစေတယ်”

အဖိုးအိုက ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။

“သခင်လေး… ဒီဓားဟာ သာမန်လို့ ထင်ရပေမဲ့ ကီလိုဂရမ် ၁၅၀ လေးတယ်”

ကီလိုဂရမ် ၁၅၀ လား။

ဟန်မူယဲ့က သည်ဓားမှာ ထိုမျှ လေးလံမည်ဟု မထင်ထားပေ။ သူက စိတ်ဝင်စားစွာဖြင့် လှမ်းလိုက်သည်။

“သခင်လေး… သတိထားပါ…”

အဖိုးအိုက မည်သည့်စကားမှ မဆိုရသေးခင် ဟန်မူယဲ့က ဓားကို အေးအေးလူလူ ကောက်ကိုင်လိုက်သည်။

အဖိုးအို၏မျက်လုံးများ အရောင်လက်သွားသော်လည်း သူ၏အမူအရာက မပြောင်းလဲသွားပါ။

ဟန်မူယဲ့ထံမှ မည်သည့်ချီဓာတ်မှ မခံစားမိရာ သူသည် ကာယခွန်အားသက်သက်ဖြင့် ဓားကို ကိုင်လိုက်ကြောင်း ထင်ရှားသည်။

လူငယ်သည် အလွန်ကောင်းသော ခန္ဓာကိုယ်ကျင့်ကြံခြင်း ရှိသည်။

ထိုအခိုက်တွင် ဟန်မူယဲ့အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။

ထူးဆန်းစွာ သူ့အာရုံမှ ဓားမှာ အသွားမဲ့ဓားမဟုတ်ဘဲ ကြည်လင်ထက်ရှသော ဓားဖြစ်သည်။

ဓားကို ကိုင်ထားသူမှာ အစိမ်းရောင်ဝတ်အဖိုးအိုတစ်ဦး ဖြစ်သည်။ သူက ဓားကို ဝှေ့ယမ်းလျှင် ဓားထံမှ အေးစက်သော အလင်းများ ထွက်ပေါ်နေ၏။

သူသည် မိုးမခကြွေဓားသိုင်းအား တတ်မြောက်သွားသည်။

မိုးမခကြွေဓားသိုင်းသည် သိပ်အားကောင်းခြင်း မရှိပါ။ ၎င်းသည် အဆင့်နိမ့်ဓားသိုင်းတစ်ခုသာ ဖြစ်သည်။

တကိုယ်တော်ကျင့်ကြံသူ ရှုမင်ဖုန်းသည် ကမ္ဘာမြေအဆင့်သို့ပင် မရောက်ခဲ့ပါ။

နောက်ဆုံးတွင် သူ၏ဓားသည် ရေကန်တစ်ခုထဲသို့ ကျဆင်းသွား၏။

ဓားမှာ ရွှေမိတ်ကျောက်သားဖြင့် ရောနှောထားခြင်း မဟုတ်ပါ။ ဓားသည် ရွှေမိတ်ကျောက်ကြော၌ သွားစိုက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းနေရာအား ကျင်းရှန်းဓားဂိုဏ်းမှ တွေ့ရှိကာ ဓားသည်လည်း တဖန် ပြန်ပေါ်လာခဲ့သည်။

ရွှေမိတ်ကျောက်မိုင်းတွင်းတစ်ခု။

ရွှေမိတ်ကျောက်သည် အလွန်တန်ဖိုးကြီးကာ တစ်အောင်စကို ဝိညာဉ်ကျောက်တုံးအတော်များများ တန်ဖိုးရှိသည်။

“ဒီဓားက မဆိုးဘူး”

ဟန်မူယဲ့က ဓားကို စင်ပေါ်သို့ ပြန်တင်လိုက်စဉ် နောက်မှ အသံတစ်သံကို ကြားရ၏။

All Chapters