အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်
Vol. 7 Ch. 98
“ဆေးလုံး သခင်ယန် ဘာကြောင့်များ ဒီရောက်နေတာလဲ မင်းက မြေကမ္ဘာ နယ်ပယ်ရဲ့ ပထမအဆင့် ယွန်ဒန်ကို တက်လှမ်း သွားပြီလား ” ကြွက်သား အပြိုင်းပြိုင်းနှင့် လူက ယန်ချင်ယင်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်လေ၏။
ထိုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာသည် ကပင် ကြောက်ခမန်း လိလိ အောင်မြင်မှု ဖြစ်ကာ သို့သော်လည်း မြေကမ္ဘာနယ်ပယ်၏ ယွန်ဒန် အဆင့်ကိုပါ တက်ရောက် သွားပြီလား …
သူသည် ယွန်ဒန် အဆင့် ၇ သို့ ရောက်နေပြီ ဖြစ်သော်လည်း ဤနေရာသို့ ရောက်လာရန် အချိန်ဘယ်လောက် များများ ယူခဲ့ရသနည်း
သူ ယွန်ဒန် အဆင့်သို့ ရောက်စက သူသည် ယန်ချင်ယင် ထက်ပင် အသက်ကြီးနေပြီ ဖြစ်သည်။
ယန်ချင်ယင်က ပုံမှန် ပြန်ပြော လိုက်လေသည်။
“ကျွန်မ ယွန်ဒန် အဆင့်ရောက် မရောက်က အရေးမကြီးပါဘူး ကျွန်မ သိချင်တာ တစ်ခုက ဓားတောင်သခင် တစ်ယောက် အနေနဲ့ သခင်ချောက်က ဘာကြောင့်များ ဆေးလုံးဆရာမိုရဲ့ အိမ်ကို ဖျက်ဆီးပစ်ဖို့ ပဒုမ္မာကြာ ဓားတောင်ကို ရောက်လာတာပါလဲ ” ချောက်ချန်းရှင်းက မိုဝူကျီကို အသိအမှတ် မပြုသော်ငြား ယန်ချင်ယင်ရှေ့တွင် အရမ်းကာရော လုပ်ဆောင်ရန် မတတ်နိုင်ချေ။ သူမ ယွန်ဒန် အဆင့်သို့ မရောက်ခင်ကပင် သူမကား ဂိုဏ်းခေါင်းဆောင် အောက်၌ ထိပ်ဆုံး အဆင့်အတန်း တစ်ခုရှိသော တည်ရှိမှု ဖြစ်သည်။ ယခု သူမသည် ယွန်ဒန်အဆင့်သို့ ရောက်သွားသော အခါ မီးတောက် ဓားတောင်သခင် တစ်ယောက် အနေနှင့် ယှဉ်နိုင်မည့် အရာ မဟုတ်တော့ပေ။
“မင်းက သိချင်မှတော့ ရှင်းပြရတာပေါ့ ဒီလူက သူ့ရဲ့ ဧည့်ဆေးလုံး ဆရာဆိုတဲ့ အဆင့်အတန်းကို သုံးပြီးတော့ တခြား သူတွေကို အနိုင်ကျင့် နေတယ် ငါ့တူလေးက ငါ့အတွက် ပန်းပဲ လုပ်ဖို့ သင့်တော်တဲ့ ကုန်ကြမ်း တွေ့ထားခဲ့တယ် အဲဒါကို သူက အဲဒီအကြောင်း သိသွားပြီးတော့ အဆုံးသတ်မှာ သူက ငါ့တူလေးကို ရိုက်နှက်လိုက်ရုံတင် မကဘူး ပစ္စည်းကိုလည်း ယူသွားသေးတယ်” ချောက်ချန်းရှင်းသည် ယန်ချင်ယင်ကဲ့သို့ ရာထူး မကြီးသော်ငြား အမှန်တရား ရှေ့တွင် သူမသည် မိုဝူကျီဘက်က ကာကွယ် ပေးရဲလိမ့်မည် မဟုတ်ပေ။
“သခင်လေးနဲ့ ဆေးလုံး သခင်ယန်ကို ကျေးဇူး တင်ပါတယ်ရှင် ကျွန်မယောက်ျား တစ်ခါ ပြန်ပြီးတော့ လမ်းလျှောက်နိုင်ပြီ” ချောက်ချန်းရှင်း စကားဆုံးသည်နှင့် ရှုန်းရှူကျူသည် ထောင်အောင်းကို ကူညီကာ အဝေးမှ လမ်းလျှောက် လာလေ၏။ သူမ အသံတွင် ပျော်ရွှင်မှုများ ရောပြွမ်း နေလေသည်။ အကယ်၍ သူမက ထောင်အောင်းကို မတ်တတ်ရပ်ဖို့ မကူညီနေရလျှင် နေရာမှာတင် ဒူးထာက်ကာ သေချာပေါက် ကျေးဇူးစကား ဆိုလိမ့်မည်။
ယန်ချင်ယင်က ထိုအရာကို အခွင့်ကောင်းယူ၍ ရှုန်းရှူကျူကို မေးလိုက်သည်။
“ဒါက မီးတောက် ဓားတောင်သခင်ပဲ ရှင့်ယောက်ျားရဲ့ ခြေထောက်က ဘယ်လို ကျိုးသွားတာလဲ ဆိုတာနဲ့ လက်ရှိ အခြေအနေကို ပြောပြ ပေးလိုက်ပါဦး သခင်ချောက်က ဆေးလုံး သခင်မိုကို ချောက်ဝမ်ဘင်းရဲ့ ပန်းပဲပစ္စည်း သံမဏိ တိုင်လုံးကို ခိုးထားတယ်တဲ့ အခု ဒီအကြွေးကို ဖြေရှင်းဖို့ ရောက်နေတာတဲ့ ”
ရှုန်းရှူကျူက ဖြစ်ပျက်နေသည့် အရာများကို ချက်ချင်း သဘောပေါက် လိုက်ကာ အလျင်အမြန် ဖြေရှင်း ပြလိုက်သည်။
“မဟုတ်ပါဘူး အဲဒီလို မဟုတ်ပါဘူးရှင် ဒီသံမဏိ တိုင်လုံးက ကျွန်မ မိသားစုရဲ့ အမွေအနှစ်ပါ ...”
ချောက်ချန်းရှင်းက ချောက်ဝမ်ဘင်းသည် ထောင်အောင်း ခြေထောက်ကို ချိုးပစ်ခဲ့သည်နှင့် ရှုန်းရှူကျူဆီမှ သံမဏိ တိုင်လုံးကို လုယူသွားသည်ကို ကြားသောအခါ သူသည် အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သော အရာများကို မသိဘဲ နေရမည်နည်း။
သူ့မျက်နှာတွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာလေ၏။ အကြောင်းမှာ မိုဝူကျီကို မှားယွင်းစွာ စွပ်စွဲမိ၍ မဟုတ်ချေ။ အကယ်၍ ယန်ချင်ယင်သာ မရှိလျှင် ချောက်ဝမ်ဘင်းက အကြောင်းပြချက် ရေရေရာရာ မရှိမှန်း သိလျှင်ပင် မိုဝူကျီ၏ အိမ်ကို ဖျက်ဆီးပစ်ကာ သံမဏိ တိုင်လုံးကို အတင်းကျပ် ယူသွားဦးမှာ ဖြစ်လေ၏။ သို့သော် ယခုအခါ ချောက်ဝမ်ဘင်းက သူ့အား လူမိုက်ငှား၍ မိုဝူကျီကို သင်ခန်းစာ ပေးခိုင်းသည် အကြောင်းကို ဒေါသူပုန် ထနေလေသည်။ လှည့်ကြည့် လိုက်သောအခါ စာရွက်ကဲ့သို့ ဖြူဖျော့နေသော ချောက်ဝမ်ဘင်းကို တွေ့လိုက်ရ၏။ ရှုန်းရှူကျူက လိမ်ညာလား မလိမ်ညာလား အတည်ပြုရန်ပင် မလိုတော့ချေ။
တစ်ချက်တည်းဖြင့် ချောက်ချန်းရှင်းက ချောက်ဝမ်ဘင်း ရှေ့သို့ ရောက်သွားလေသည်။ သူ့ကြီးမားလှသော လက်ဝါးက လေထဲသို့ တက်လာပြီး လတ်တလောမှ ပြန်ကောင်း လာသော ချောက်ဝမ်ဘင်း မျက်နှာကို ရိုက်ချ လိုက်တော့သည်။ တစ်ချက်တည်းဖြင့် သွေးသံရဲရဲ ဖြစ်လာလေ၏။
တစ်ချက် ရိုက်ပြီးသည်နှင့် ချောက်ချန်းရှင်းက ထပ်၍ မပြောတော့ပေ။ ခြေလှမ်းနှုန်းကို မြင့်လိုက်ပြီး စက္ကန့်ပိုင်းလေး အတွင်း ခြေရာလက်ရာ ဖျောက်ကာ ဓားတောင်မှ ထွက်သွားလေသည်။ ချောက်ချန်းရှင်း ထွက်သွားသောကြောင့် ချောက်ဝမ်ဘင်းသည် အသံ မထွက်ရဲတော့ချေ။ ခလုတ်တိုက်လု မတတ် တတ်နိုင်သမျှ မြန်မြန် ဓားတောင်မှ ထွက်ပြေး သွားလေသည်။
မိုဝူကျီက သက်ပြင်းချမိ လိုက်လေသည်။ အကယ်၍ ယန်ချင်ယင်သာ ဤနေရာတွင် ရှိမနေပါက ချောက်ချန်းရှင်း၏ အရှက်ခွဲခြင်းကို ကြုံတွေ့ရလိမ့်မည်။
“တစ်ရက်ကျ ငါ ကိုယ်တိုင် မီးတောက် ဓားတောင်ကို သွားပြီးတော့ အဲဒီလူကြီးကို သင်ခန်းစာ သွားပေးမယ်” သူက ကျိန်ဆိုလိုက်သည်။
“ဂျူနီယာ မောင်လေးမို မင်း နောက်ကျ ချောက်ချန်းရှင်းကို သတိထားဖို့ လိုတယ်နော် ဒီလူက တစ်ရက်ကျ ဒီပြဿနာကို ပြန်လာ အစဆွဲ ထုတ်လိမ့်မယ် သူက ပွင့်လင်းမြင်သာ မလုပ်ရဲဘူး ဆိုပေမဲ့ မင်းက တစ်နည်းနည်းနဲ့ ခက်ခဲအောင် ကြံဦးမှာပဲ ... တကယ်လို့ ငါ ခန့်မှန်းတာ မှန်ရင် သူက အနည်းဆုံး ယွန်ဒန် အဆင့် ၇ ရောက်နေ လောက်ပြီ ငါက ယွန်ဒန်အဆင့် အခုမှ ရောက်တာဆိုတော့ သူ့ကို မယှဉ်နိုင်သေးဘူး ...” ချောက်ချန်းရှင်း ထွက်သွားသည်နှင့် ယန်ချင်ယင်က မိုဝူကျီကို သတိထားရန် လေးလေးနက်နက် မှာကြား လိုက်လေတော့၏။
သတိမပေးလျှင်ပင် မိုဝူကျီသည် ချောက်ချန်းရှင်း ကဲ့သို့သော လူမျိုးကို သွား၍ ပြဿနာရှာရန် မဖြစ်မှန်း သိ၏။ သို့သော် ဤတစ်ကြိမ်တွင် သူ ဘာမှ မလုပ်ဘဲဖြင့် ချောက်ချန်းရှုန်းသည် သူ့အိမ်ရှေ့ထိ ရောက်လာသေးသည်။ ထိုအကြောင်းများကို သူဖြစ်ချင်လျှင်ပင် လမ်းကြောင်း မပြောင်းနိုင်သေးပေ။
“စီနီယာ အစ်မယန် ဒီနားမှာ လျှပ်စီးကန်လိုမျိုး ရှိလား မသိဘူး...” မိုဝူကျီ၏ ပို၍ အားကောင်းလိုသော ဆန္ဒကား သူ့စိတ်ထဲတွင် ကိန်းအောင်း လာလေ၏။ သူသည် ချီသွေးကြောများကို ထပ်ဖွင့်ရန် လျှပ်စီးဇာစ်မြစ် လိုအပ်လေသည်။
ယန်ချင်ယင်က မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။
“ဘာလို့ လျှပ်စီးကန် ရှာနေတာလဲ မင်းမှာ လျှပ်စီး ဝိညာဉ်ကြော ပါတာလား ...” သူမက မိုဝူကျီတွင် လျှပ်စီး ဝိညာဉ်ကြော ပါရှိကြောင်း လုံးဝ မယုံပေ။ အကြောင်းမှာ ထိုသို့သော တစ်မူထူးသော ဝိညာဉ်ကြော ပိုင်ရှင်များက ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြ၏။ ပုံမှန်အားဖြင့် အထူးခြားဆုံး ဝိညာဉ်ကြောမှာ အသာလွန်ဆုံး အဆင့်ဖြစ်ကာ ထိုထဲမှ အဆိုးဆုံးပင် မြင့်မားသော အဆင့် ဝိညာဉ်ကြောများ ရှိတတ်ကြ၏။
မိုဝူကျီက ဖြေရှင်းပြ လိုက်သည်။
“တကယ်တော့ ကျွန်တော့မှာ လျှပ်စီးနဲ့ ပေါင်းပြီး ခန္ဓာကို သန်စွမ်းလာစေတဲ့ နည်း တစ်ခု ရှိတယ် အဲဒါကြောင့် လေ့ကျင့်ဖို့ သင့်တော်တဲ့ နေရာကို ရှာချင်တာပါ...”
ထိုသို့ဆိုလျှင် ယန်ချင်ယင်က ခေါင်းညိတ်ပြ လိုက်လေသည်။ မိုဝူကျီက ရွှေ့ပြောင်း အစီအရင် မှားယွင်းစဉ်က ရှင်ကျန်သည်က အံ့ဩစရာ မဟုတ်တော့ပေ။ သူ့ခန္ဓာကား လျှပ်စီးနှင့် ထုထွင်းထားခြင်း ဖြစ်နေလေသည်။
ထိုရှင်းပြချက်ကား ယန်ချင်ယင်တွင် ရှိနေသော သံသယများကို ကွယ်ပျောက် သွားစေ၏။ လက်တွေ့တွင် ခန္ဓာကိုယ် အင်အား သန်စွမ်းရန် လျှပ်စီး၊ မီး၊ ရေခဲ စသော အခြား နည်းလမ်းများနှင့် အသုံးပြု တတ်ကြသည်။ ထို့ကြောင့် မိုဝူကျီအတွက် လျှပ်စီး ဝိညာဉ်ကြော ဆိုင်ရာ ခန္ဓာပညာရပ်များက လေ့ကျင့်ရန် ပုံမှန်ဖြစ်လေ၏။
“စွန်ဖျား မြို့မှာ ဧရာမ လေ့ကျင့်ရေး ပစ္စည်းတွေ ရှိတဲ့ စွန်ဖျားမြို့ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ရှိတယ် အဲဒီမှာ ကျင့်ကြံခန်း ငှားပြီးတော့ ဝင်နိုင်တယ် အဲဒီမှာ လျှပ်စီး အခန်းတွေ ရှိရုံတင်မကဘူး အခြား ဒြပ်ငါးမျိုး အခန်းတွေလည်း ရနိုင်တယ်” ယန်ချင်ယင်က ပြန်ပြော လိုက်လေသည်။
ကျင့်ကြံခြင်း လောကအကြောင်း သိပ်နားမလည် သေးသော မိုဝူကျီက ထိုသို့ လျှပ်စီးအခန်းများ ရှိသည်ကို ကြားလိုက်သည့်အခါ ပါးစပ် ဟောင်းလောင်း ဖြစ်သွားလေ၏။ သူက စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်။
“ဒီလိုနေရာက ရှိတယ်လား...”
ယန်ချင်ယင်က အသာပြုံးလိုက်ပြီး
“ဒီလို ပစ္စည်းမျိုးက ဘာမှတော့ မထူးခြားပါဘူး မင်းမှာ စိတ်စွမ်းအင် ကျောက်တုံးတွေ ရှိသရွေ့ ငါတို့ ဂိုဏ်းခေါင်းဆောင် နေတဲ့တောင်က ဝိညာဉ် စွမ်းအားတွေ သိပ်သည်းမှုမျိုး ရှိတဲ့ အခန်းလည်း ရနိုင်တယ် စွန်ဖျားမြို့က ဂိုဏ်းတော်တော် များများက လာရောက်ကြတဲ့ နေရာပဲ အဲဒီကို ရောက်သွားရင် ပြဿနာတော့ မရှာမိစေနဲ့ ... စွန်ဖျားမြို့ရဲ့ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်က အရမ်း နာမည်ကြီးတယ် ကောင်းကင်ဖွေရှာ နန်းတော် လေ့ကျင့်ရေး မျှော်စင်လို မျိုးပေါ့ အဲဒီမျှော်စင်ကို အတုခိုးထားတဲ့ အထဲ စွန်ဖျားမြို့ မျှော်စင်က အကောင်းဆုံးပဲ ”
“စီနီယာ အစ်မယန် ပြောပြပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ကျွန်တော်လည်း စွန်ဖျားမြို့ကို ခဏလောက် သွားပြီး လေ့ကျင့်ဖို့ ရည်ရွယ်ထားတော့ ကျွန်တော်သွားတုန်း ယန်အာကို အစ်မနဲ့ အတူတူ ခေါ်ထားပေးလို့ ရမလား ” ချောက်ချန်းရှင်းသာ သူ့အိမ်ကို ရုတ်တရက်ကြီး တိုက်ခိုက်ပြီး ကတည်းမှ မိုဝူကျီက ပို၍ သတိထားလာရ၏။ တစ်ယောက်ယောက်ကို ခေါ်သွားရန် လိုအပ် လစ်ဟာနေသော သူ့အင်အားနှင့် အဆင်မပြေမှု ကြောင့်သာ မဟုတ်လျှင် ယန်အာကို သူ့ဘေးသာ ထားလိမ့်မည်။
ယန်ချင်ယင်က ပြန်ဖြေ လိုက်လေ၏။
“ကိစ္စမရှိပါဘူး ငါနေတဲ့ နေရာက ကျယ်ဝန်းတယ် အဲဒါကြောင့် ရှုန်းရှူကျူတို့ လင်မယားရော လာခိုင်း လိုက်ပါ့လား ယန်အာကို စောင့်ရှောက်ဖို့ လူလိုသေးတယ် မလား ...” ယန်ချင်ယင်အား ကျေးဇူးစကား ဆိုရန် ဘေး၌ စောင့်နေသော ရှုန်းရှူကျူက ကြားသောအခါ ချကချင်းပင် မြေပြင်ပေါ် ဒူးထောက်ကာ ငိုကြီးရှိုက်မ ကျေးဇူးစကား ဆိုတော့သည်။
ယန်ချင်ယင်က ရှုန်းရှူကျူကို ထဖို့ရန် လက်ဟန် ပြပြီးသည်နှင့် မိုဝူကျီကို ပြောလိုက်လေ၏။
“ငါ အကြံတစ်ခု ပေးချင်တာက မင်း ဂိုဏ်းထဲက ဆေးလုံး ဖော်စပ်ခြင်း အလုပ်တချို့ လက်ခံသင့်တယ် အဲဒါက မင်းကို ပိုတိုးတက် စေလိမ့်မယ် ”
ယန်အာ၊ ရှုန်းရှူကျူနှင့် ထောင်အောင်း တို့ကို ယန်ချင်ယင်ဆီ အပ်ပြီးနောက်တွင် မိုဝူကျီက စွန်ဖျားမြို့သို့ သွားရန် စတင် ပြင်ဆင်တော့၏။ သူသည် ယန်ချင်ယင် အကြံပေးသော ဆေးလုံး ဖော်စပ်ခြင်း အလုပ် လက်ခံရန် စိတ်ထဲ မရှိသေးပေ။ အဓိက ဦးစားပေးကား သူ့အင်အား တိုးပွားလာရန် ဖြစ်ကာ ပထမအဆင့် အနေနှင့် ချီသွေးကြော အသစ်များ ထပ်ဖွင့်ရမည်။
သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းမှ စွန်ဖျားမြို့သို့ ပျံသန်းနေသော သားရဲပျံများ ရှိသော်လည်း ပေးချေရန် စိတ်စွမ်းအင် ကျောက်တုံးများ လိုအပ်သေး၏။ ထို့ကြောင့် မိုဝူကျီက သူ၏ ဧည့်ဆေးလုံး ဆရာ ပေးချေငွေကို ယူရန် သွားလိုက်သော အခါ စုစုပေါင်း စိတ်စွမ်းအင် ကျောက်တုံး တစ်ရာကျော် ရရှိခဲ့၏။ သားရဲပျံရှိ ထိုင်ခုံဖိုးကို ပေးချေပြီး နောက်တွင် သူ့တွင် တစ်ရာ ကွက်တိသာ ကျန်ရှိတော့၏။ မိုဝူကျီသည် ထိုကျောက်တုံးများကို ကျင့်ကြံခြင်း အတွက် အသုံးမပြုရဲပေ။ ငွေကြေးအဖြစ် ရွှေပြား အစား စိတ်စွမ်းအင် ကျောက်တုံးများသာ အသုံးပြုကြသော အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်အတွက် စုဆောင်း ထားရမည်။
***