အပြင်းထန်ဆုံးတိုက်ပွဲ
Vol. 115 Ch. 1603
အသတ်အဖြတ်အရှိန်အဝါဖြင့် နတ်ဘုရားပေါ်လာလျှင်ချင်း ဝဲကြီးတစ်ဝဲသည် နတ်ဘုရား၏အနောက်၌ ဖြစ်ပေါ်လာ၏။ တစ္ဆေ၊ နတ်ဆိုး၊ မိစ္ဆာနှင့် နတ်ဘုရားတို့အနက် နတ်ဘုရား၏အနောက်တွင်သာ လူပုံစံအရိပ်ကြီး မရှိခြင်းပင်။
နတ်ဘုရားသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ဆင်းသက်လာရင်း ညာလက်အား ဝှေ့ယမ်း၏။ ဓားတမျှထက်နေသော လေဆူးတစ်ဆူးက အဆုံးမဲ့အဖျက်အစီးစွမ်းအားအပြည့်ဖြင့် တဟုန်ထိုးထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မန်ဟို၏ရှေ့တည့်တည့်သို့ ရောက်နေခဲ့လေပြီ။
မန်ဟိုသည် အဋ္ဌမမန္တန်ကို သုံး၍ ၎င်းအား တားဖို့ ပြင်၏။ သို့သော် ဆူးချွန်ပေါ်လာသောအခိုက်အတန့်မှာပင် အေးစက်စက်နှာမှုတ်သံတစ်သံ ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“လှုပ်ရှားနိုင်စွမ်းကင်းမဲ့စေ”
မန်ဟို့တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်ရီသွားပြီး တိုက်ခိုက်နိုင်စွမ်းအလုံးစုံ ကင်းမဲ့သွားသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားစဉ် လေဆူးသည် စစ်ချပ်ဝတ်ကို ထိုးဖောက်လိုက်၏။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ နောက်လွင့်သွားသည်။ နတ်ဘုရားက သူ့ဆီ ချဉ်းကပ်လာကာ လက်ဝှေ့ယမ်းလျက် အနက်ရောင်လေအား ဆင့်ခေါ်သည်။ အဆိုပါလေကား ... လေဆင့်ခေါ်မှော်အတတ်မှတစ်ပါး အခြားမဟုတ်ပေ။
ဤမှော်အတတ်သည် မန်ဟို လွန်ခဲ့သောနှစ်ပေါင်းများစွာက အင်မော်တယ်နတ်ဘုရားကုန်းမြေကို တိုက်ခိုက်ခဲ့စဉ်တုန်းက ရင်ဆိုင်ခဲ့ရသည့် မှော်အတတ်ထက် အဆပေါင်းများစွာ အင်အားကြီးမား၏။
ထိုလေသည် မည်သည့်သက်ရှိဖြစ်တည်မှုကိုမဆို ချုပ်ငြိမ်းပစ်နိုင်သော အဖျက်အစီးလေ ဖြစ်သည်။ သို့သော် လေ ဝေါခနဲ တိုက်ခိုက်လာသည့်အချိန်မှာပဲ မန်ဟိုက စစ်လက်နက်အား ခေါင်းပေါ်မြှောက်၍ လေအား နှစ်ခြမ်းပိုင်းပစ်လိုက်သည်။
နှစ်ခြမ်းပိုင်းခံလိုက်ရသည့်တိုင် လေကား ပျောက်ကွယ်မသွား။ မရေမတွက်နိုင်သော အနက်ရောင်မိုးပေါက်များ အသွင်ပြောင်းပြီးနောက် အချိန်အနည်းငယ်ကြာသော် အရုပ်ဆိုးဆိုးမှင်စာလေးများ ဖြစ်လာ၏။ ထို့နောက် တောင်တန်းများကို ဖြိုခွင်း၍ မြေပြင်များကို ပြိုကွဲသွားစေနိုင်သော စွမ်းအား လိုက်ပါလာသည်။ မန်ဟို့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်တစ်ခုလုံး အဖျက်စီးခံနေရ၏။
လတစ်စင်း၏ပုံရိပ် မန်ဟို့နဖူးပေါ်၌ ပေါ်လာသည့်အခါ နတ်ဘုရားက အေးစက်စက် နှာမှုတ်သည်။ မန်ဟို့စစ်လက်နက်၏အစိတ်အပိုင်းများ ဝုန်းခနဲ ပေါက်ကွဲသွား၏။ မန်ဟို သွေးအန်လိုက်ရသည့်အချိန်မှာပဲ တစ္ဆေက တစ္ဆေဘုရင်ကို ဆင့်ခေါ်ရင်း ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် သူ့အပေါ် ထိုးဆင်းလာသည်။ တစ္ဆေဘုရင်ကြီးက မန်ဟို့အား လှမ်းဖမ်းသည်။
မန်ဟိုမှာ သွေးအန်လျက် လွင့်ထွက်သွားပြန်သည်။ နတ်ဆိုးစုမင်လည်း ယခင်နှင့်မတူသော နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်လွှတ်လျက် မန်ဟို့အနှစ်သာရများအား စားနိုင်ဟန်တူသည့် ဆန်းကြယ်စွမ်းအားတစ်ရပ်ဖြင့် မန်ဟို့ရင်ဘတ်အား ထုနှက်သည်။
ဘုန်းးးးးးးးးး
မန်ဟိုမှာ လွင့်ထွက်သွားပြန်သည်။ ထို့နောက် နတ်ဘုရားက အရှိတရားကို ခြယ်လှယ်၍ အရာခပ်သိမ်းအား ဖျက်စီးနိုင်သော လက်သီးဖြင့် ရောက်လာသည်။ မန်ဟိုမှာ ထပ်မံ၍ ဒဏ်ရာအပြင်းအထန် ရသွားပြန်သည်။
မန်ဟိုကား ပြန်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပုံပင်။ “လှုပ်ရှားနိုင်စွမ်းကင်းမဲ့စေ” ဆိုသော စကားလုံးက ထပ်တလဲလဲ ပဲ့တင်ထပ်လျက် သူ့အား ရပ်တန့်နေစေသည်။ တစ္ဆေ၊ နတ်ဆိုးနှင့် နတ်ဘုရားတို့သည် သူ့အား တရစပ် ထိုးနှက်နေကြ၏။
မန်ဟိုမှာ သွေးမည်မျှအန်ပြီးခဲ့သည်ကိုပင် မသိပေ။ သူ့အရိုးများမှာ ကျိုးကြေနေပြီး သူ့မှာ ကြယ်တာရာကောင်းကင်၏တစ်နေရာမှ နောက်တစ်နေရာသို့ လွင့်ထွက်လျက် အရေးနိမ့်နေတော့သည်။
သူ့အနေဖြင့် ဤရန်သူများအနက်မှ မည်သည့်တစ်ယောက်ကိုမဆို အလွယ်တကူ ကိုင်တွယ်နိုင်သည်။ နှစ်ယောက်ဆိုလည်း ထိန်းနိုင်သေးသည်။ သို့သော် ကောင်းကင်ချုပ်နှောင်မန္တန်ကို အသုံးမပြုဘဲ သုံးယောက်လုံးအား တစ်ပြိုင်တည်းရင်ဆိုင်ဖို့မှာ မဖြစ်နိုင်ပေ။
လောကပါလနတ်မင်းသည် လက်ရှိအချိန်တွင် အားနည်းနေပြီဖြစ်၍ ဤလူတို့၏အစွမ်းထက်ဆုံး ဝှက်ဖဲများအား ပုံတူမပွားကောင်းမပွားနိုင်သော်လည်း ဤလူတို့ကား သူတို့ခေတ်သူတို့အခါတွင် တန်ခိုးအင်အားအကြီးဆုံးပညာရှင်များ မဟုတ်ပါလော။
သူတို့ပေါင်းတိုက်လျှင် တန်ခိုးအကြီးဆုံးအချိန်၏လောကပါလနတ်မင်းပင် ကြောက်လန့်ရလိမ့်မည်။ သူတို့သည် အတိတ်မှလူများသာ ဖြစ်လျှင်ဖြစ်မည်၊ သို့သော် မိုးနှင့်မြေအား ကိုင်လှုပ်နိုင်သည့် စွမ်းအားကို ထုတ်လွှတ်နိုင်သေးလေသည်။
သို့သော် မန်ဟိုမှာ လက်လျှော့ဖို့ အသင့်မဖြစ်သေး။ ဆက်လက်တိုက်ခိုက်နေသည်။ သူသည် အစစ်အမှန်ကိုယ်တာအို၊ တောင်ဝါးမြိုမန္တန်၊ ကောင်းကင်ကိုးခုဖျက်စီးသိုင်း၊ နတ်ဘုရားခြေခုနစ်လှမ်းအပြင် ရွှေတုန်းလျှို၏အမွေမှ နတ်ဘုရားစွမ်းရည်များ၊ သူ ဖန်ဆင်းထားသည့် မှော်အတတ်များကို သုံးနေ၏။ သဘာဝနိယာမများကိုပင် မချန်ပေ။ ဤလူသုံးယောက်နှင့် တိုက်ခိုက်ရခြင်းက မည်သည့်အရာကိုမဆို တဝုန်းဝုန်းလှုပ်ခတ်နေစေတော့သည်။
ဤကဲ့သို့တိုက်ပွဲမျိုး ဤကြယ်တာရာကောင်းကင်ထဲ၌ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
တိုက်ပွဲ၏ပြင်းအားက မည်သူ့ကိုမဆို အံ့ဩမှင်သက်သွားစေလိမ့်မည်။ မန်ဟိုသည် ဒဏ်ရာအပြင်းအထန် ရနေသော်လည်း တန်ခိုးရှင်အဆင့်အပြင်အားကိုယ်ကြောင့် လျင်မြန်စွာ သက်သာနိုင်၏။ မှန်သည်၊ သူ့ရန်သူသုံးယောက်လည်း အလားတူပင်။
ယင်းက တိုက်ပွဲကို ပို၍သာ ပြင်းထန်နေစေသည်။
နတ်ဘုရားသည် ပြတ်ပြတ်သားသား တိုက်ခိုက်တတ်၏။ နောက်ဆုံးတော့ သူ၏ညာလက်ဝှေ့ယမ်းကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးအား မှောင်မိုက်သွားစေသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ည၏အမှောင်ထုအားလုံးကို ဖြိုခွင်းနိုင်ပုံရသည်အထိ လင်းထိန်တောက်ပနေသော နေတစ်စင်း ပေါ်လာသည်။
ဤတင်မပြီးသေး။ နတ်ဘုရား၏နဖူးထက်ရှိ ကြယ်များ စလည်လာသည်။ သို့သော် မည်သည့်ပုံရိပ်မှ ပေါ်မလာ။ ထိုအစား နတ်ဘုရားသည် လျင်မြန်စွာ ကြီးမားလာကာ သူ့ကိုယ်သူ နတ်ဘုရားတစ်ပါး ဖြစ်လာစေ၏။ ထို့နောက် ဧရာမနတ်ဘုရားကြီးက ကြယ်များကို ဖျက်စီးနိုင်သောစွမ်းအားဖြင့် ထိုးချလိုက်သည်။
ဘဝတစ်လျှောက်လုံး ဤမျှခက်ခဲသည့် တိုက်ပွဲအား မန်ဟို တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ သူ့နေရာတွင် တခြားတစ်ယောက်ဆိုလျှင် ဆောက်တည်ရာမဲ့နေလိမ့်မည်။ တိုက်ခိုက်လိုစိတ်ကုန်ခမ်းကာ သေလျှင်သေနေလောက်ချေပြီ။ သို့သော် မန်ဟိုကတော့ ထိုသို့မဟုတ်။
မန်ဟိုသည် တောင့်ခံထား၏။ ဤအဋ္ဌမအသွင်တွင် အကန့်အသတ်မရှိဘဲ နေမည်မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့သည်မှာ ကြာလေပြီ။ တစ်ချိန်တည်းမှာပင် လောကပါလနတ်မင်းလည်း အင်မတန် အားအင်ကုန်ခမ်းလာ၏။ လောကပါလနတ်မင်းက သူ့အား မိုးကောင်းကင်ချုပ်နှောင်မန္တန် ထုတ်သုံးစေချင်ခြင်းဖြစ်သည်။ မန်ဟိုက ဤအခွင့်အရေးကိုယူ၍ အားနည်းနေပြီဖြစ်သော လောကပါလနတ်မင်း၏ လက်ကျန်စွမ်းအားများ ကုန်ခမ်းသွားအောင် ကြိုးစားနေသည်။
တဘုန်းဘုန်းထိုးနှက်သံများ ဟိန်းထွက်နေသည်။ ရန်သူသုံးယောက်၏ ပူးပေါင်းတိုက်ကွက်များက မန်ဟို့စစ်လက်နက်အား ပျက်စီးလာစေသည်။ အစိတ်အပိုင်းအတော်များများ ပြိုကွဲသွားခဲ့ပြီဖြစ်၏။ သူ၏စစ်နက်လက်နက်လည်း ရစရာမရှိအောင် စုတ်ပဲ့နေချေပြီ။
သို့သော် မန်ဟိုသည် ဆက်လက်တောင့်ခံထား၏။ သူက မာန်သွင်းဟိန်းဟောက်လျက် မိစ္ဆာဘုရင်ကို ဆင့်ခေါ်သည်။ မိစ္ဆာဘုရင်သည် တစ္ဆေဘုရင်နှင့် နတ်ဆိုးဘုရင်ကို ရင်ဆိုင်၏။ လက်သီးချက်များ ပျံထွက်သွားသည်။ တစ်နည်းနည်းဖြင့် မန်ဟိုကား သေတွင်းများမှ ရုန်းထွက်နိုင်နေလေသည်။ သူက လွင့်ထွက်နေစဉ် တဟားဟားရယ်သည်။ တစ်ကိုယ်လုံး သွေးများရွှဲနေသည့်တိုင် မန်ဟိုသည် စိတ်ပျက်အားငယ်မနေ။ အမှန်တွင် သူ၏ရယ်သံက ပို၍ပင်ကျယ်လောင်လာ၏။
“ငါ အခုလိုကောင်းကောင်းမတိုက်ခိုက်ခဲ့ရတာ တော်တော်ကြာခဲ့ပြီ” မန်ဟိုက ပြောသည်။ “တကယ်ဆို နှစ်ပေါင်းသောင်းနဲ့တောင် ချီနေပြီ...” သူ၏စစ်ချပ်ဝတ်မှာ ကြေမွနေပြီး သူ့ဆံပင်များလည်း အရုပ်ဆိုးအကျည်းတန်စွာ ဖွာလန်ကြဲနေသည်။ သို့သော် သူသည် စစ်လက်နက်ကို မြှောက်၍ တိုက်ခိုက်သည့်ပုံပေါက်နေဆဲပင်။
ဤအခိုက်အတန့်၌ တစ္ဆေက အသက်ပြင်းပြင်းရှူကာ ညာလက်ကို ဝှေ့ယမ်းသည်။ သူ့တစ်ကိုယ်လုံး ကြည်လင်လာပြီးနောက် သူ၏တစ္ဆေချီသည် တဟုန်ထိုး မြင့်တက်သွား၏။
“ဆန့်ကျင်သွေဖီမှော်အတတ်၊ တစ္ဆေတာအို” သူက ရေရွတ်ပြီးနောက် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထို့နောက် တိုက်ပွဲထဲ အသုံးပြုခဲ့သောစွမ်းအားအလုံးစုံထက် အပြင်းထန်ဆုံးစွမ်းအားဖြင့် မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်လာသော တစ္ဆေကြီးဖြစ်လာသည်။
သို့သော် တစ္ဆေ အသုံးပြုလိုက်သည့် တာအိုမှော်အတတ်မှာ မပြည့်စုံဘဲ ချို့ယွင်းနေကြောင်း မန်ဟို မြင်ရသည်။ ယင်းသို့ဖြစ်နေခြင်းက တစ္ဆေအစစ်နှင့်မပတ်သက်၊ ဤတစ္ဆေသည် လောကပါလနတ်မင်း ဖန်ဆင်းထားသည့် မပြည့်စုံသောပုံတူတစ်ခုသာ ဖြစ်သည့်အပြင် ဤတာအိုမှော်အတတ်အား အတင်းအကြပ်ထုတ်လွှတ်နေသည့်အတွက်ကြောင့်ပင်။
နတ်ဆိုးက မျက်လုံးမှိတ်ပြီးနောက် ပြန်ဖွင့်သည်။ ယခုတွင် သူ့တစ်ကိုယ်လုံး၌ ရှုပ်ထွေးဆန်းပြားသော အနက်ရောင်အမှတ်များ ဖုံးနေချေပြီ။ သူသည် ခပ်ဖွဖွသက်ပြင်းချလိုက်ရာ ငရဲမှလာသောအငွေ့အသက်များသဖွယ် အရှိန်အဝါက သူ့ထံမှ လိမ့်ထွက်လာ၏။ အရှိန်အဝါသည် ပူးကပ်ခြင်းအတတ်တစ်မျိုးဖြစ်လာကာ မန်ဟို့အပေါ် ထိုးဆင်းလာသည်။
“ပူးကပ်ခြင်း”
ဤအတတ်လည်း မပြည့်စုံပေ။
နောက်ဆုံးတော့ နတ်ဘုရား၊ သူက အင်္ကျီလက်စကို ခါ၍ အေးစက်စက် ပြောသည်။ “နတ်ဘုရားတာအို၊ ကျင့်ကြံသူအားလုံးကြားက စစ်သည်တော်။ မိစ္ဆာ၏မှော်အတတ်၊ မိုးကောင်းကင်ကို လောင်မြှိုက်မည့် မီးတောက်။ နတ်ဆိုး၏ပြစ်ဒဏ်၊ သေခြင်းတရား၏ကပ်ဘေး”
ထပ်မံ၍လည်း ၎င်းလည်း မပြည့်စုံပေ။
နတ်ဘုရား၏ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မိုးနှင့်မြေကို ဖျက်စီးနိုင်သောတန်ခိုးသည် သူတို့သုံးယောက်ထံမှ ဖြာထွက်လာ၏။ ကြယ်တာရာကောင်းကင်ကား သူတို့နှင့် မပြည့်စုံသည့် သူတို့၏ဝှက်ဖဲများကိုသာ ချန်လျက် ပျောက်ကွယ်တော့မည့်အလားပင်။