လောကပါလနတ်မင်း၏ လက်ချောင်းကို ဖျက်စီးခြင်း
Vol. 115 Ch. 1604
တစ္ဆေ၊ နတ်ဆိုးနှင့် နတ်ဘုရားတို့၏ တာအိုမှော်အတတ်များသည် မပြည့်စုံသည့်တိုင် ဤလူသုံးယောက်လုံးမှ အားဖြည့်ပေးနေသည်ကို ထည့်တွက်လျှင် ဖော်ပြစရာစကားလုံးပင် မရှိသည့်တိုင်အောင် အင်အားကြီးမားလွန်း၏။ အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ဤကြယ်တာရာကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ အမှန်ပင် အတွင်းကြယ်တာရာကောင်းကင်ပင် ပြိုကွဲကြေမွတော့မည့်ပုံပေါ်လေသည်။
မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ လောကပါလနတ်မင်းသည် သူ ကောင်းကင်ချုပ်နှောင်မန္တန်ကို မဖြစ်မနေထုတ်သုံးရအောင် ဖိအားပေးဖို့ အင်မတန်အသည်းအသန်ဖြစ်နေပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အသင့်ဖြစ်နေကြောင်း မန်ဟို သိသည်။ သို့သော် ဤအချိန်တွင် ထိုမန္တန်ကို မသုံးလျှင် သေချာပေါက် သေရမည်ကိုလည်း သိ၏။
တန်ခိုးရှင်များသည်ပင် အသတ်ခံရနိုင်ပေသည်။
“မြင်ချင်တယ်ပေါ့လေ၊ ကောင်းပြီ။ ငါ မင်းကို .. ငါ့ရဲ့ နဝမမန္တန် ကောင်းကင်ချုပ်နှောင်မန္တန်ကို ပြပေးမယ်” မန်ဟို၏မျက်လုံးများသည် နေနှင့်လသဖွယ် လင်းလက်တောက်ပလာ၏။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာ တဝုန်းဝုန်း တုန်ခါလာတော့သည်။
မန်ဟိုသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်၏။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ကြေမွကုန်သည်။ တစ်ချိန်တည်းမှာပင် သူ့အရှေ့၌ ရုပ်တုတစ်ရုပ်နှင့်အတူ ဓားတစ်လက် ပေါ်လာသည်။
ရုပ်တုသည် တောက်ပလင်းလက်သောအရောင်အဝါကို ကြယ်တာရာကောင်းကင်အပြည့် ဖြန့်ကျက်လိုက်၏။ ၎င်းက ဓားကို ဖြည်းဖြည်းချင်း မြှောက်သည်။ အဆိုပါဓားသည် ကြယ်တာရာကောင်းကင်နှင့်ပင် သဟဇာတမဖြစ်ပုံပေါ်သည့် စွမ်းအားအပြည့်ဖြင့် ရှေးဆန်သလို၊ ထူးဆန်း၏။ အဘယ်ကြောင့်ဆိုသော်.. ၎င်း၏စွမ်းအားက ... ကြယ်တာရာကောင်းကင်၏လက်ခံနိုင်စွမ်းထက် ကျော်လွန်နေ၍ပင်။
ရုပ်တုနှင့်ဓားက အာကာပြင်ကျယ်စကြဝဠာအပြင်ရှိ အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါနေစေသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏ရန်သူသုံးယောက်မှာ မဆိုလောက်မှေးမှိန်သွားသယောင် ထင်ရသည်။
ရုပ်တုအတွင်းမှ အလင်းရောင်သည် မန်ဟို့ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ဖြစ်တည်မှုအားလုံးအား လွှမ်းခြုံသွားချေပြီ။
အမှောင်ထုကား မောင်းထုတ်ခံလိုက်ရသဖြင့် တဂျိန်းဂျိန်းမြည်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ အာကာပြင်ကျယ်စကြဝဠာ၏အပြင်၌ လွန်စွာလင်းထိန်တောက်ပနေလေသည်။ အလွန်တောက်ပလွန်း၍ အကာအရံများကိုပင် ထိုးဖောက်ကာ အာကာပြင်ကျယ်စကြဝဠာအတွင်း၌ လင်းထိန်လာသည်။
မဖော်ပြနိုင်လောက်အောင် ဩဇာအာဏာကြီးမားသည့်စိတ်ဆန္ဒလည်း ရုပ်တုနှင့်မန်ဟို့ထံမှ ပေါ်ထွက်လာသည်။
၎င်းက ဤသို့ပြောနေသော ဩဇာအာဏာကြီးမားသည့် စိတ်ဆန္ဒဖြစ်သည်။
ငါ တစ်ခုခုလိုရင် မိုးကောင်းကင်မှာ ရှိနေရမယ်။ ငါ မလိုအပ်ရင်လည်း မိုးကောင်းကင်မှာ မရှိတာကောင်းလိမ့်မယ်
၎င်းက ဤသို့ပြောနေသော အမျက်ဒေါသ ဖြစ်သည်။
ငါ့အမိန့်က အရှိတရားပဲ
အလင်းရောင်တို့သည် ကြယ်တာရာကောင်းကင်အတွင်း၌ တည်ရှိသော အရေပြား၏အလွှာတစ်လွှာကို ခွာနေသည့်အလား ထင်ရ၏။ လောကပါလနတ်မင်း၏ မှတ်ဉာဏ်များမှ အစွမ်းထက်ပညာရှင်သုံးဦးမှာ လျင်မြန်စွာ မှေးမှိန်နေပြီး သူတို့၏နတ်ဘုရားစွမ်းရည်များလည်း ပျောက်ကွယ်လုဆဲဆဲပင်။
ကြယ်တာရာကောင်းကင်တစ်ခုလုံးတွင် နားကွဲလုမတတ် ဆူညံသည့် ထစ်ချုန်းသံများ ပြည့်နှက်နေသည်။ ဤသည်မှာ မန်ဟို၏ မိုးကောင်းကင်ချုပ်နှောင်မန္တန်၊ မန်ဟို၏အစွမ်းထက်ဆုံး တာအိုမှော်အတတ်၊ မန်ဟို၏ဝှက်ဖဲဖြစ်သည်။
အနန္တအလင်းရောင်များ ဖြာထွက်နေစဉ် မန်ဟိုက ဘယ်လက်ကို အောက်ချ၍ ညာလက်ဖြင့် အပေါ်သို့ တွန်းကာ ဆန့်တန်းလိုက်သည်။ အရာအားလုံး တုန်ခါလာပြီး အနန္တအလင်းရောင်က သူ့လက်ဝါးထက်၌ စတင်စုဝေးလာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုနေရာတွင် စာလုံးတစ်လုံး ပေါ်လာ၏။
၎င်းကား ချုပ်နှောင်ခြင်း 封 ဆိုသော စာလုံးပင်။
ချက်ချင်းပင် မဖော်ပြနိုင်လောက်အောင် အားကောင်းသော ဆွဲအားသည် သဘာဝနိယာမများ နှင့်မှော်ဥပဒေအားလုံး၊ ဖြစ်တည်မှုအားလုံး၊ စိတ်ဆန္ဒအားလုံးကို အငမ်းမရစုပ်ယူရင်း ပေါ်ပေါက်လာသည်။
ကြယ်တာရာကောင်းကင်တစ်ခုလုံး ဖရိုဖရဲဖြစ်နေတော့သည်။
မန်ဟို၏ရန်သူသုံးယောက်မှာ စတင်တုန်ရိလာကြ၏။ သူတို့၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေပြီး သူတို့က သူတို့၏နတ်ဘုရားစွမ်းရည်များအား မန်ဟို့ဆီ ဆက်လက်တွန်းပို့နေကြသည်။
တစ္ဆေလက်သည်းများက တန်ခိုးငွေ့တို့ တထောင်းထောင်း ထနေသည်။ နတ်ဆိုးသေခြင်းအခိုးအငွေ့များသည် မည်သည့်အရာကိုမဆို တုန်ရီနေစေ၏။ နတ်ဘုရားတာအိုက အဆုံးမဲ့မှော်မီးတောက်များအား ဖြန့်ကျက်နေသည်။ စွမ်းအားက မန်ဟို့ကို မွန်းကြပ်လာစေသည့်အထိ ချက်ချင်း ကြောက်စရာကောင်းလာ၏။
သို့သော် မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်းကင်ချုပ်နှောင်မန္တန်”
ချက်ချင်းဆိုသလို ‘ချုပ်နှောင်ခြင်း’စာလုံးကား တဖျတ်ဖျတ်တောက်ပလျက် ပြန့်ကားလာရာ ကြယ်တာရာကောင်းကင်၌ အလွန်ကျယ်လောင်သည့် ထစ်ချုန်းသံများ ဆူညံနေတော့သည်။ စာလုံးသည် ကြီးသထက် ကြီးမားလာပြီးနောက်ဆုံး မိုးကောင်းကင်အားလုံးကို ချုပ်နှောင်နိုင်ပုံပေါ်သည်အထိ ကြီးမားလာ၏။
ထို့နောက် ၎င်းက တန်ခိုးရှင်သုံးဦး၏ တာအိုမှော်အတတ်များအား ဝင်တိုက်လိုက်သည်။
ဝုန်းးးးးးးးးးးးး
တစ္ဆေ၏နတ်ဘုရားစွမ်းရည် ပြာကျသွားပြီးနောက် ‘ချုပ်နှောင်ခြင်း’စာလုံးထဲ စုပ်ယူခံလိုက်ရသည်။
ဝုန်းးးးးးးးးးးးးး
နတ်ဆိုး၏ပူးကပ်ခြင်းစွမ်းအားနှင့် နတ်ဘုရား၏အစွမ်းထက် မှော်အတတ်လည်း အလားတူပင်။
ဤမပြည့်စုံသောတာအိုမှော်အတတ်များသည် ကောင်းကင်ချုပ်နှောင်မန္တန်အား မယှဉ်နိုင်သည်သာ။
တန်ခိုးရှင်သုံးဦးက မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် အလင်းတန်းသုံးတန်းအသွင်ပြောင်းသည်။ သူတို့အားလုံးသည် သူတို့အနှစ်သာရ၏စွမ်းအားများကို ဆင့်ခေါ်ရင်း ‘ချုပ်နှောင်ခြင်း’ စာလုံးထံ အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းသွားကြ၏။
မျက်စိတစ်မှိတ်အတွင်း နှစ်ဖက်လုံး ဝင်တိုက်သွားကြ၍ ကြယ်တာရာကောင်းကင်မှာ ပေါက်ကွဲတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ တန်ခိုးရှင်သုံးဦးမှာ သူတို့ကို အရှင်းဖယ်ရှားနေသော အဖျက်အစီးလေဖြင့် ဆောင့်တိုက်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်များ တွန့်လိမ်ပုံပျက်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့တိုက်ကွက်၏ပြင်းအားက ပြန့်ကားနေသော ‘ချုပ်နှောင်ခြင်း’စာလုံးအပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာစေသည်။
သို့ထိတိုင် တန်ခိုးရှင်သုံးယောက်မှာ နောက်တွန်းထုတ်ခံလိုက်ရသေးသည်။ သူတို့လှုပ်ရှားအောင် လောကပါလနတ်မင်း မည်မျှအသည်းသန်ကြိုးစားစေကာမူ ကောင်းကင်ချုပ်နှောင်မန္တန်၏စွမ်းအားကို တွန်းလှန်မရပေ။
ကောင်းကင်ချုပ်နှောင်မန္တန်၏စွမ်းအားသည် မည်သည့်အရာကိုမဆို သိမ်းကျုံးရိုက်ခတ်နိုင်သော လေရူးမုန်တိုင်းတစ်လုံး ဖြစ်လာ၏။ မန်ဟို့မျက်လုံးများ သွေးချင်းနီသွားပြီး သူက အားမာန်အပြည့်ဖြင့် ဟိန်းဟောက်ကာ ရှိရှိသမျှအရာအားလုံးကို ချုပ်နှောင်ချိတ်ပိတ်လိုက်သည်။ တန်ခိုးရှင်သုံးဦးသည် ကိုယ်အစစ်များမဟုတ်ဘဲ လောကပါလနတ်မင်းဖန်ဆင်းထားသည့် ပုံစံတူများသာ ဖြစ်၏။ သူတို့တွင် မပြည့်စုံသော တာအိုမှော်အတတ်များသာ ရှိသလို၊ သူတို့ကိုယ်တိုင်လည်း မပြည့်စုံကြပေ။ ထို့ကြောင့် သူတို့၏ပါးစပ်များမှ သွေးများပန်းထွက်သွားကြပြီး သူတို့မှာ ပျက်စီးတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ရီလာကြတော့သည်။
တခဏကြာသော် တန်ခိုးရှင်သုံးယောက် ပေါက်ကွဲသွားသဖြင့် ဒေါသတကြီးအော်ဟစ်သံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။
ကောင်းကင်ချုပ်နှောင်မန္တန်ကြောင့် အဋ္ဌမလောကပါလအသွင်မှာ လုံးလုံးလျားလျား ပျက်ပြားသွားခဲ့ချေပြီ။
တန်ခိုးရှင်သုံးယောက်သည် အနက်ရောင်အမျှင်များ ဖြစ်လာပြီးနောက် ကောင်းကင်ချုပ်နှောင်မန္တန်၏စွမ်းအား ရှိနေသည့်တိုင် ဝါးတားတား မျက်လုံးကြီးတစ်လုံး၏ ပုံသဏ္ဍာန်အဖြစ် စုစည်းသွားကြ၏။
ထိုမျက်လုံးသည် မန်ဟို့ကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်ရင်း နီရဲနေသော လောကပါလနတ်မင်း၏မျက်လုံး ဖြစ်ပေသည်။
“မန်....ဟို”
ခပ်အုပ်အုပ်အသံ ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည့်အချိန်မှာပင် မန်ဟို၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် စူးရဲတောက်ပလာပြီး သူက လက်ဝှေ့ယမ်းလိုက်သည်။
စောစောက ပေါ်လာခဲ့သော ဓားက ခုတ်ပိုင်းချလိုက်ရာ ကြယ်တာရာကောင်းကင်မှာ သွက်သွက်ခါတုန်ရီသွားတော့သည်။ ဧရာမကြီးမားသော အဆုံးမဲ့အကွဲကြောင်းကြီး ပွင့်ထွက်သွားပြီး လောကပါလနတ်မင်း၏မျက်လုံးထံ အမြန်ဆုံးအရှိန်ဖြင့် မြွေလိမ်မြွေကောက် ဖြာထွက်နေသည်။
၎င်း မျက်လုံးကို ဝင်တိုက်လိုက်သည့်အခါ မျက်လုံးသည် နှစ်ပိုင်းကွဲထွက်သွား၏။ ဓား၏စွမ်းအားသည် ပြိုင်ဘက်ကင်းလောက်အောင် ဩဇာအာဏာကြီးမားသည့်အပြင် မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်သည်အထိ ထက်၏။ ၎င်းကြယ်တာရာကောင်းကင်တစ်လျှောက် ဖြာထွက်နေစဉ် ၎င်း၏ပစ်မှတ်အစစ်ကား... ဝေနေယျဖြစ်တည်မှုခပ်သိမ်းကို စိုးမိုးနေသည့်အလား ထင်ရသော တိုင်နှစ်တိုင်အနက်မှ ... မိစ္ဆာကိုယ်စားပြုတိုင်ပင်။
ဝုန်းးးးးးးးး
၎င်းကား တခဏလေးပင် မရပ်ဘဲ တိုင်အား တန်းတန်းမတ်မတ် စိုက်ဝင်သွား၏။
အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်အပြင်တွင် လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်အောင်တုန်းက တစ္ဆေသည် တိုင်တစ်တိုင်အား ဖျက်စီးခဲ့၏။ နတ်ဆိုးက ဒုတိယတိုင်ကို ဖျက်စီးခဲ့သည်။ ထို့နောက် နတ်ဘုရားက တတိယတိုင်။
ယခု မန်ဟိုက ကောင်းကင်ချုပ်နှောင်မန္တန်ကို သုံး၍ ...
စတုတ္ထတိုင်အား ဖျက်စီးလိုက်သည်။
ဝုန်းးးးးးးးးးးးးးးးးးးးးးးး