စိတ်ဆန္ဒ
Vol. 35 Ch. 477
လူအိုကြီးမှာ ထိုအချက်အလက်များကို ပြောစရာ မလိုသည့်တိုင် တကူးတက လာရောက် ပြောပြခဲ့သည်။ ဝေ့ဝူယင် သူ့ကို စိတ်ထဲနှလုံးသားထဲမှ အမှန်တကယ် ကျေးဇူးတင်မိပေသည်။ လူအိုကြီး၏ စကားလုံးများမှ တစ်ဆင့် သူ မသိသေးသည့် အမှန်တရားများ အပြင် အနာဂတ် အတွက် သတိထားစရာ ကိစ္စများကိုပါ သူ သိရှိ ခဲ့ရသည်။
မဟာမြေကြီး ရတနာသိုက်အား သိမ်းပိုက်ခဲ့သည့် နောက်ကွယ်တွင် စောင့်ကြည့်နေသည့် မျက်လုံးများ ရှိနေခဲ့လိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ်မထားခဲ့သည်က အမှန်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... ကျင့်ကြံခြင်းနှင့် ဆေးဖော်ခြင်း အမှုများ ပြုလုပ်ခဲ့ချိန်တွင် လျှို့ဝှက် ဝင်္ကပါ တစ်ခုအား အသုံးပြုခဲ့သည်မှာ ကံကောင်းလှသည်။
သူ့တွင် ရှိနေသည့် စွမ်းအင် အမျိုးအစား ခြောက်မျိုး(ဧဒင်၊ ဟင်းလင်းပြင်၊ နဂါး၊ အဂ္ဂိရတ်၊ ဒြပ်စင်၊ ဆေဘာ) နှင့် ကြယ်တာရာ ဝိညာဥ်လေးခုတို့ အကြောင်းကို လူအိုကြီး မပြောခဲ့ခြင်းအား ထောက်ချင့်ကြည့်ရပါက ကာကွယ်သူ ဆိုသည့် ထိုပုဂ္ဂိုလ်ကြီးများမှာ သူ့အကြောင်း နက်နက်ရှိုင်းရှိုင်း မစုံစမ်းရသေးကြောင်း ပေါ်လွင်ပေသည်။ ဝေ့ဝူယင် အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။
လူအိုကြီးက အသာအယာပင် ပြုံးလိုက်၏။
“ကိစ္စမရှိပါဘူးကွာ... အနာဂတ် အတွက် အစီအစဥ် မဆွဲခင်မှာ အနည်းဆုံးတော့ မင်း ဒီကိစ္စတွေကို သိထားသင့်တယ် မဟုတ်ဘူးလား... ဒီပြိုင်ပွဲကြီး တစ်ခုလုံးက ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာ ငါ အတော် စိတ်ဝင်စားနေပြီ”
ဝေ့ဝူယင် လူအိုကြီးကို လှည့်ကြည့်လိုက်၏။ ထိုအဘိုးအို၏ အပြုံးတွင် လျှို့ဝှက် ဆန်းကြယ်သော အဓိပ္ပာယ် တစ်ခု ပါဝင်နေသလို သူ ခံစားလိုက်ရသည်။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် အကြည့်ပြန်လွှဲလိုက်ရင်း ကောင်းကင်တွင် ပေါ်နေသည့် ပုံရိပ်သုံးခုကို မော့ကြည့်လိုက်သည်။
“ဒီလူအိုကြီးက ငါ့ရည်ရွယ်ချက်တွေကို သိနေတာပဲ... အဲဒီ ရွှေရောင် အသက်နန်းတော်ကို ဘာလုပ်သင့်လဲ... ကျိုးကြောင်း ဆီလျော်မှု မလွန်ကဲဖို့ပဲ မျှော်လင့်ရမှာပေါ့လေ”
ဝေ့ဝူယင် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်စဥ်မှာပင် ခုံရှည်ပေါ်၌ အရောင်အဝါက လုံးဝ ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ ဝေ့ဝူယင် လှည့်မကြည့်ချေ။ သူက ထိုင်ရာမှ ထရပ်လိုက်ရင်း ဖြည်းညင်းစွာပင် အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းဆီသို့ ဦးတည်လိုက်တော့သည်။
...
ဘေးဥပဒ်ပင်လယ်၏ ခရမ်းရောင် ရေမျက်နှာပြင်ထက်၌ ခပ်သေးသေး လှေတစ်စင်းမှာ ပလုံစီ ရေပူးပေါင်းများ တက်နေသည့် တစ်နေရာတွင် ကျောက်ချရပ်နားနေလေ၏။ လှေငယ်မှာ အနက်ရောင် နောက်ခံတွင် သွေးရောင် စင်းကြောင်းများ ပါရှိကာ အနီရောင် တောက်တောက် အလင်းတန်းများကို ဖြန့်ကျက် ထုတ်လွှတ်နေသည်။ လှေထက်တွင်တော့ လူနှစ်ယောက် ရှိနေ၏။ တစ်ယောက်က အပြာရောင် မျက်ဝန်းများနှင့် ရွှေရောင် ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက် ဖြစ်ကာ အခြား တစ်ယောက်မှာ အနက်ရောင် မျက်နှာဖုံးဖြင့်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
စန်းယွန်းလီနှင့် မင်ရှုဖုန်းတို့မှာ အောက်ရှိ ပွက်ပွက်ဆူနေသည့် ရေပူပေါင်းများကို တလက်လက် တောက်ပနေသော မျက်လုံးများနှင့် ငေးမော ကြည့်နေခဲ့၏။
“ကျွန်မရဲ့ ခန့်မှန်းချက်နဲ့ တွက်ချက်မှုတွေ အားလုံးသာ မှန်မယ် ဆိုရင် ဒါက ပြောင်းလဲခြင်း အဏ္ဏဝါ ရတနာသိုက်ရဲ့ တည်နေရာပဲ...”
မင်ရှုဖုန်းက ကံကြမ္မာစွမ်းအင်များ လှုပ်ရှားနေသည့် လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ သူမ၏ မျက်လုံးများမှာ ကောင်းကင်တာအို ရောင်ပြန်ဟပ်နေသကဲ့သို့ အဆုံးမရှိသော လျှို့ဝှက် ဆန်းကြယ် အလင်းတန်းများဖြင့် ရွှေရောင် တလက်လက် တောက်ပနေသည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က သူတို့နှစ်ယောက်မှာ အကြွင်းမဲ့ မီးတောက် ရတနာသိုက်ကို ရရှိခဲ့ကာ မရေမတွက်နိုင်သည့် ရင်းမြစ်နှင့် ရတနာ ပစ္စည်းများကို ပိုင်ဆိုင် နိုင်ခဲံသည်။ ၎င်းတို့၏ အကူအညီဖြင့် မင်ရှုဖုန်းမှာ အာကာသ ပဲ့တင်သံလှိုင်း ကိုးခုနှင့် အတူ ဟင်းလင်းပြင် ပဲ့တင်သံ အဆင့်ကိုပင် ခြေချနိုင်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဤပြောင်းလဲခြင်းရေ ရတနာသိုက်တွင်လည်း ထိုကဲ့သို့ ရင်းမြစ်များသာ ပါဝင်နေပါက နောက်ထပ် နှစ်အနည်းငယ် အတွင်းမှာပင် သူမမှာ အလင်းပြန်ခြင်း အဆင့်ကို အဖြူရောင် မူလ အလင်းဖြင့် တက်လှမ်းနိုင်မှာ သေချာပေသည်။
တွေးရင်းတွေးရင်း မင်ရှုဖုန်းမှာ ပိုမို၍ စိတ်လှုပ်ရှား လာခဲ့၏။ သို့သော်လည်း စန်းယွန်းလီ၏ အမူအရာကတော့ ခါတိုင်းထက် ပို၍ တည်ငြိမ်နေကာ အနည်းငယ်ပင် မှုန်ကုပ်ကုပ် ဖြစ်နေသည်။ သူမက ခပ်မြန်မြန်ပင် လက်ဟန် ချိပ်စည်း အချို့ကို ဖော်ထုတ်ရင်း ဆိုလိုက်၏။
“မင်ရှုဖုန်း... ငါတို့ မြန်မြန် လှုပ်ရှားဖို့တော့ လိုလိမ့်မယ်... နောက်ပြီး လိုအပ်သလောက်ပဲ ယူလို့ရမယ်”
“ ... “
စန်းယွန်းလီ၏ စကားလုံးများက မင်ရှုဖုန်း၏ စိတ်အားထက်သန်နေမှုများကို တစ်စစီ ပြိုကွဲသွားစေ၏။ သူမက နားမလည်စွာဖြင့် မျက်နှာဖုံးတပ် အမျိုးသမီးကို ကြည့်လိုက်လေသည်။
“လိုအပ်တာပဲလား... ဘာဖြစ်လို့လဲ...”
“ဘာလို့လဲ ဆိုတော့... ငါတို့မှာ လေးဆယ့်ငါးမိနစ် အများဆုံး တစ်နာရီလောက်ပဲ အချိန်ရလို့ပေါ့...”
လက်ဟန်များကို အဆုံးသတ်လိုက်သည်နှင့် အလင်းတန်း တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာကာ ခရမ်းရောင် ရေများကို ထက်ခြမ်းကွဲသွားစေ၏။ စန်းယွန်းလီ စကား တစ်ခွန်းမှ ထပ်မဆိုတော့ပဲ မင်ရှုဖုန်းကို ဆွဲခေါ်ကာ ထိုလမ်းကြောင်း အတိုင်း ဝင်ရောက်သွားလေတော့သသည်။
လေးဆယ့်ငါးမိနစ်...
သူမတို့တွင် လေးဆယ့်ငါးမိနစ်သာ အချိန် ရှိပေသည်။ ၎င်းက ရတနာသိုက် တစ်ခုလုံးကို သိမ်းဆည်းရန် အတွက် အလွန် တိုတောင်းသော အချိန်လည်း ဖြစ်သည်။
ရတနာသိုက်ထဲတွင် ရှိသမျှ အရာအားလုံးမှာ ဟင်းလင်းပြင် လက်စွပ်အတွင်း အလွယ်တကူ ထည့်သွင်း သိမ်းဆည်းနိုင်သည့် ပစ္စည်းများ မဟုတ်ချေ။ အချို့ ရင်းမြစ်များ ဆိုလျှင် ပေါက်ကွဲမှုများ မဖြစ်ပေါ်စေရန် သိမ်းဆည်းခြင်း မပြုခင် အချိန်တစ်ခု ကြိုတင်၍ ချိပ်ပိတ်ထားရခြင်းမျိုး ရှိသည်။
၎င်းတို့အပြင် မူလ သဘောသဘာဝများ အရ ဟင်းလင်းပြင် လက်စွပ်များ အတွင်း ထည့်သွင်း သိမ်းဆည်း၍ မရနိုင်သည့် ရင်းမြစ်များလည်း ရှိပေသည်။ ၎င်းတို့အား သိမ်းဆည်းရန် အတွက် အထူး ပစ္စည်းများ ပြင်ဆင်လာ၍ ရသော်လည်း ယင်းတို့မှာ ကိုင်တွယ်ရ ခက်ခဲသည် ဆိုသည့် စကားလုံးထက် အဆပေါင်းများစွာ ပိုမိုသည်။
...
တစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက် ပုံရိပ် နှစ်ခုမှာ ကောင်းကင်တွင် ပေါ်ထွက် လာခဲ့၏။ သူတို့မှာ အလွန် လျှင်မြန်စွာ ရွေ့လျား နေကြသော်လည်း ဟင်းလင်းပြင်မှာ လေငြိမ်နေသည့် ရေကန်တစ်ခု လိုမျိုး ငြိမ်သက်နေဆဲ ဖြစ်သည်။ မည်သည့် စွမ်းအင်လှိုင်းမှ ထွက်ပေါ်လာခြင်း မရှိချေ။
ထိုနှစ်ယောက် အနက် တစ်ယောက်ကား မကြာသေးခင် ကာလကပင် ပေါ်ထွက်ခဲ့သည့် တော်ဝင် ကလေးငယ် သုံးယောက် အနက် တစ်ယောက် ဖြစ်သည့် ပြောင်းလဲခြင်းရေ တော်ဝင်သားတော်ပင် ဖြစ်လေသည်။ အခြား တစ်ယောက်ကတော့ မီးခိုးရောင် မုတ်ဆိတ်များနှင့် စူးစူးရှရှ မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ခပ်ပိန်ပိန် လူအိုကြီး တစ်ယောက်ပင် ဖြစ်လေသည်။ သူ၏ မျက်လုံးများမှာ တစ်လောကလုံးက သူ့အပေါ် အကြွေးတင်နေသလို မောက်မာ၊ ရက်စက်မှုများနှင့် ပြည့်နှက်နေ၏။
လူငယ်ကတော့ စိမ်းပြာရောင် ဆံပင်များကို ဖဲကြိုးတစ်ခုဖြင့် မြင်းမြီးသဏ္ဍာန် ချည်နှောင် ထားကာ နတ်ဘုရား သင်္ကေတကို ကိုင်ဆောင် ထား၏။
"ဒီလောက် လွယ်ကူလိမ့်မယ်လို့ စဉ်းတောင် မစဉ်းစားမိဘူး"
လူငယ်က ရယ်မောရင်း ပြောလိုက်သည်။ အပေါ်ယံ ကြည့်ပါက သူ၏ ပုံစံမှာ ကြင်နာစွာ ပြုံးပြနေဟန် ရသော်လည်း မမြင်နိုင်သော တစ်ဖက်ခြမ်းတွင် လွဲမှားသော ရည်ရွယ်ချက်များ ပါဝင်နေသကဲ့သို့ ဆန်းကြယ်သော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေ၏။
"လွယ်တယ်လား…"
လူအိုကြီးက ရယ်မောလိုက်သည်။ သို့သော်လည်း သူက ထိုစကားတစ်ခွန်းကိုသာ ဆိုကာ လူငယ်ကို အနှောက်အယှက် ထပ်မပေးတော့ချေ။
လူငယ်မှာ လူအိုကြီး၏ သဘောထားကို အထူးတလှယ် ဂရုစိုက်ပုံ မရချေ။ သူက လက်ထဲရှိ နတ်ဘုရား သင်္ကေတကိုသာ ကောင်းကင်ဆီ မြှောက်ရင်း နတ်ဘုရား အလင်း ဆိုသော အရာကိုသာ ဆင့်ခေါ်လိုက်လေသည်။
ဗွမ်း… ဗွမ်း…
မကြာခင် ဆူပွက်သံများနှင့် အတူ ခရမ်းရောင် ရေပြင်မှာ ထက်ခြမ်း ကွဲသွားကာ တံခါးပေါက် တစ်ခု ထွက်ပေါ် လာလေ၏။ လူငယ်က ကျေနပ်စွာ ရယ်မောလိုက်ရင်း ပျံသန်းလျှက် ဝင်ရောက် လိုက်လေတော့သည်။
…
ဝှစ်… ဝှစ်…
မိနစ်အနည်းငယ် ကြာပြီးနောက် ပုံရိပ် နှစ်ခုမှာ တံခါးထဲမှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ လူအိုကြီး၏ အမူအရာက အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေစဉ်တွင် လူငယ်လေး၏ မျက်နှာကတော့ လိုချင်တာ ရသွားသည့် ကလေး တစ်ယောက် အလား ရွှင်မြူးစွာဖြင့် တောက်ပနေလေသည်။ သူက ဆိပ်အတောက်များဖြင့် ပြည့်နှက် နေသည့် ပင်လယ်ကို ကျောခိုင်းကာ ထွက်ခွာရန် ဟန်ပြင်လိုက်ချိန်မှာပင် လူအိုကြီး၏ အသံက သူ့ကို တားဆီးလိုက်လေ၏။
"ဒီရတနာသိုက်က အခြား ရတနာသိုက်တွေထက် ပိုပြီးတော့ နည်းနေတယ်"
အဘိုးအို၏ အသံက မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေ၏။ မဟာမြေကြီး ရတနာသိုက် ဖွင့်လှစ်မှုအား စောင့်ကြည့်နေခဲ့သူ တစ်ယောက် အနေဖြင့် ဒြပ်စင် ရတနာသိုက် တစ်ခုထဲတွင် ရှိသင့် ရှိထိုက်သည့် ရင်းမြစ် ပမာဏကို သူ သိရှိပေသည်။ သူ့ တွက်ချက်မှုသာ မမှားလျှင် ဤရတနာသိုက်ထဲမှ ရေဒြပ်စင် ရတနာများ အပါအဝင် ရင်းမြစ် များစွာမှာ ပျောက်ဆုံး နေသည်။ သို့သော်လည်း အခြားတစ်ဖက်၌ ထိုအရာက မဖြစ်နိုင်ပြန်သလို သူ ခံစားရသည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရတနာသိုက်များကို ဒြပ်စင်တိုကင် ပိုင်ရှင်မှ လွဲ၍ မည်သူက ဖွင့်လှစ်နိုင်မည်နည်း။
လူငယ်လေးမှာ အဘိုးအို၏ စကားကြောင့် အံ့အားသင့် သွားခဲ့၏။ သူက နောက်ကို လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘာကို ပြောတာလဲဗျ…"
“ဘာမဟုတ်တော့ဘူး...”
လူအိုကြီးက ခေါင်းကိုသာ ခါယမ်းလိုက်၏။ သူတို့တွင် လုပ်စရာ ကိစ္စများစွာ ရှိနေလေရာ အဘယ်ကြောင့် နားလည်ရန် ခက်ခဲသည့် ကိစ္စကို လျှောက်တွေးကာ စွမ်းအင် ဖြုန်းတီးရမည်နည်း။
ထိုအချိန်တွင်ပင် သင်္ဘော တစ်စင်းမှာ မိုးကုပ်စက်ဝိုင်းအောက်တွင် တရွေ့ရွေ့ ပေါ်လာခဲ့လေသည်။
လူအိုကြီး၏ ပြီးစလွယ် စကားကြောင့် လူငယ်လေးမှာ တစ်နည်းနည်းဖြင့် လှည့်စားခံရသလို ခံစားလိုက်ရကာ စိတ်တစ်ခုလုံး သုန်မှုန်လာ၏။ ထိုစိတ်ရှုပ်ထွေးစရာများကို လောင်ကြွမ်းကာ ဖယ်ရှား ပစ်လိုသည့် ဆန္ဒတစ်ခုက သူ့နှလုံးသားတွင် တောက်လောင်လာ၏။
လေချီနှင့် အတူ ကောင်းကင်ကို ပျံတက်လိုက်ရင်း တပ်မက်ဖွယ် ဣတ္ထိယများ ရှိနေသည့် တော်ဝင် ဘုရားကျောင်းဆီ ပြန်ရန် ဟန်ပြင်လိုက်စဥ်မှာပင် သင်္ဘောပေါ်ရှိ ဖမ်းစားနိုင်စွမ်း ရှိသော ပုံရိပ်ကလေး တစ်ခုကို သူ တွေ့မြင်လိုက်ရလေတော့သည်။
***