ရွှေလင်းဟယ်၏ ဆုံးဖြတ်ချက်
Vol. 35 Ch. 478
လွန်ခဲ့သည့် မိနစ်ပိုင်းက...
လုံချန်နှင့် လျဲ့ယုတို့မှာ ဘေးဥပဒ် ပင်လယ်ကို ဖြတ်သန်း ရွက်လွှင့်နေသည့် သင်္ဘောတစ်စင်းထက်၌ ထိုင်ရင်း စကား ပြောဆိုနေကြ၏။ ရုတ်ချည်းဆိုသလိုပင် အလွန် တောက်ပလှသော နတ်ဘုရား အလင်းတန်း တစ်ခုမှာ မိုင်ပေါင်းများစွာ အကွာအဝေးမှ ကောင်းကင်ဆီ ထိုးဖောက် ဝင်ရောက်သွားသည်ကို သူတို့ တွေ့မြင် လိုက်ကြရလေသည်။
လုံချန်မှာ စိတ်ဝင်စားသွား၏။
“အဲဒါ ဘာများလဲ...”
ထိုမျှ လင်းလက် တောက်ပသည့် အလင်းတန်းမျိုးကို သူ မမြင်တွေ့ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအရာက ရတနာ တစ်ခု ဖြစ်နေနိုင်သလော။
“ဘာမှ မဟုတ်လောက်ပါဘူး...”
လျဲ့ယုက မျက်မှောင်ကြုတ်လိုက်ရင်း တုန့်ဆိုင်း တုန့်ဆိုင်း ပြောလိုက်၏။ အကြောင်းပြချက် တစ်ချို့ကြောင့် ထိုအလင်းတန်းနှင့် ပတ်သက်၍ ဆိုးရွားသည့် ခံစားချက် တစ်မျိုး သူမ အာရုံတွင် ဖြစ်ပေါ်နေသည်။ ထိုခံစားချက်က အလွန့် အလွန်ကို ဆိုးရွားလှသည်။ သို့သော်လည်း အဘယ်ကြောင့် ဆိုသည်ကိုတော့ သူမလည်း မသိချေ။
အခြားတစ်ဖက်၌ လုံချန်ကတော့ ထိုအလင်းတန်းက ထူးခြားသည့် နေရာတစ်ခုကို ဦးတည် သွားနိုင်သည်ဟု ခံစားနေရ၏။ သူ ဖြတ်သန်းခဲ့သည့် ဘဝ တစ်လျှောက်လုံးတွင် အလားတူ ဖြစ်ရပ်ပေါင်း များစွာကို ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်လေကာ ၎င်းတို့မှာ အန္တရာယ် ရှိသည် ဆိုသော်လည်း ရေရှည်တွင် မရေမတွက်နိုင်သည့် အကျိုးအမြတ်များကို ဆောင်ကျဥ်းပေးနိုင်စွမ်း ရှိပေသည်။ စိတ်လှုပ်ရှားမှု၊ စွန့်စားလိုမှု၊ တက်ကြွမှုများနှင့် အတူ သူက သင်္ဘောသားများဘက်ကို လှည့်လိုက်ရင်း...
“အဲဒီအလင်းတန်းဆီကို သွားမယ်...”
ရင်သပ်ရှုမောစရာ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားသည့် အယ်ဗန်မျိုးနွယ် သင်္ဘော ကပ္ပတိန်က လုံချန်ကို ပြုံးပြလိုက်၏။ သူမ၏ ဝိုင်းစက်စက် မျက်လုံးလေးများက တလက်လက် တောက်ပနေကာ ရှားပါးသည့် အလှတရား တစ်ခုကို ထုတ်ဖော်နေပေသည်။
“မင်းတို့ မကြားကြဘူးလား...”
သူမက အမိန့်ပေးသံဖြင့် အော်ဟစ်လိုက်လေရာ သင်္ဘောသားများ၏ ခြေလက်များမှာ ပိုမို သွက်လက် မြန်ဆန်လာကြ၏။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် အလင်းတန်း ထွက်ပေါ်လာသည့် နေရာကို လှမ်းကြည့် လိုက်ကြလေသည်။ ထိုနေရာတွင် မည်သည့် အရာများ ရှိနေမည်ကို သူတို့လည်း သိလိုပေသည်။
၎င်းကပင် သူတို့၏ ဘဝများကို ပြောင်းလဲသွားစေလိမ့်မည် ဖြစ်ကြောင်း မည်သူ ကြိုတင် သိနိုင်ပါမည်နည်း။
...
ဘယ်ဆီဘယ်ဝယ်မှန်း မသိရသည့် နေရာတစ်ခုကို စွန့်စားသွားလာခြင်း ဆိုသည့် စိတ်လှုပ်ရှားမှုက သင်္ဘောသားများ၏ စွမ်းအင်များကို ပိုမို လောင်ကြွမ်းလာစေ၏။ သူတို့က ဝီရိယကို စိုက်ထုတ်ရင်း စည်းလုံးညီညွှတ်မှု အပြည့်နှင့် အတူ သင်္ဘောကို အလင်းတန်း ထွက်ပေါ်ရာ နေရာသို့ တိုက်ရိုက် ဦးတည်၍ မောင်းနှင် နေကြလေသည်။
ရွှေလင်းဟယ်မှာ တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းရင်း တက်ကြွစွာ သက်ဝင် လှုပ်ရှားနေသည့် သူမ၏ သင်္ဘောသားများကို ငေးကြည့်နေခဲ့၏။ သင်္ဘော လက်ရန်းများကို ကိုင်ရင်း အလင်းတန်းကို ငေးမျှော်ကြည့်နေသည့် လူငယ်လေးထံသို့ အကြည့်ရောက်သွားသော အခိုက်၌ သူမ၏ တောက်ပသော အပြုံးများက နွေးထွေး သိမ်မွေ့သော ခံစားချက်များနှင့် ပြည့်နှက်သွားသည်။
အခြားတစ်ဖက်၌ လျဲ့ယု၏ မျက်မှောင်မှာ ပို၍ နက်ရှိုင်းလာ၏။ အလင်းတန်းကို ကြည့်ရင်း ဆိုးရွားသည့် ခံစားချက်က သူမ၏ နှလုံးသား အတွင်း ပိုမို ကြီးစိုးလာ၏။
“လုံချန်... အဲဒီ အလင်းတန်းကို ငါတို့ သွားပြီး မစုံစမ်းသင့်ဘူးလို့ ထင်တယ်... ငါ့ စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တွေ ဖြစ်နေတယ်”
မိန်းကလေး၏ လေသံက ချီတုံချတုံ ဖြစ်မှုများနှင့် ပြည့်နှက်နေ၏။ ထိုစကားလုံးများကို ပြောဆိုရန် ကိုယ့်ကိုယ်ကို မည်မျှ တွန်းအား ပေးခဲ့ရကြောင်း သူမ ကိုယ်တိုင်ပင် တိတိကျကျ မသိချေ။
လုံချန်မှာ စိတ်ကူးကမ္ဘာထဲမှ နိုးထလာကာ မသေချာ မရေရာမှုများ ပြည့်နှက်နေသည့် လျဲ့ယုကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက သူမ၏ လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ရင်း သက်တောင့်သက်သာ ပြုံးပြလိုက်သည်။
“မသိသေးတဲ့ အရာတွေကို ရှာဖွေတာ၊ လောကကြီးကို လည်ပတ်တာ၊ အန္တရာယ်တွေကို ရင်ဆိုင်တာတွေက ကျင့်ကြံခြင်း ခရီးလမ်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ... သေမျိုး တာအိုရဲ့ အထွတ်အထိပ်ကို ကျော်လွှားချင်တယ် ဆိုရင် ငါတို့ နှလုံးသားတွေက ရဲရင့်ပြီး ဓားတစ်စင်းလို မာကြောနေမှ ရမယ်”
လုံချန်၏ စကားလုံးများက လျဲ့ယု၏ နှလုံးသား အတွင်း ပဲ့တင်ထပ်ကာ ဝင်ရောက် သွား၏။ ဘာကြောင့်မှန်း မသိသော်လည်း လုံချန်အား ယုံကြည်မှုနှင့် အတူ သတ္တိများက သူမထံတွင် မွေးဖွားလာသည်။ လုံချန်၏ လက်ကို ခပ်တင်းတင်း ပြန်လည် ဆုပ်ကိုင်လိုက်ရင်း ရဲရင့်သည့် မျက်နှာဖုံးတစ်ခုကို သူမ တပ်ဆင်လိုက်သည်။
“ရှင်ပြောတာ မှန်တယ်”
အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း စိတ်တည်ငြိမ်မှုကို သူမ ပြန်လည် မွေးမြူလိုက်၏။ ထိုအရပ်မျက်နှာတွင် ဘာတွေပဲ ရှိနေ ရှိနေ အချစ်အတွက် သူမ ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားသရွေ့ သူမ ဘာကို ကြောက်ရွံ့ရမည်နည်း။
“ဟားဟား... ပြောတာ မဆိုးဘူးဟေ့...”
ထိုအခိုက်တွင်ပင် ရယ်မောသံ တစ်ခုမှာ ပျံ့လွင့်လာကာ အားလုံး၏ နားစည်များ အတွင်း တိုးကာ ဝင်ရောက်လာ၏။
ရွှေလင်းဟယ်နှင့် လျဲ့ယုတို့ အပါအဝင် သင်္ဘောသား အားလုံးမှာ အသံကြောင့် အံ့အားသင့်သွားကြ၏။ သူတို့က စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ချာလည် လှည့်ကာ အသံပိုင်ရှင်ကို ရှာဖွေလိုက်ကြသည်။
ဟူး...
မကြာခင်မှာပင် ပုံရိပ်တစ်ခုမှာ ကောင်းကင်တွင် ပေါ်လာကာ သင်္ဘော၏ အကာအကွယ် အလွှာနားထိ ဆင်းသက် လာ၏။ ရွှေလင်းဟယ် အပါအဝင် သင်္ဘောသား အားလုံးမှာ ထိုပုံရိပ်အား ရင်းရင်းနှီးနှီး သိထားကြပေသည်။
“တော်ဝင်မင်းသား...”
အချို့က အံ့သြတကြီး အော်ဟစ်လိုက်ကြ၏။ ထိုအရာက နောက်ဆုံး ပေါ်ထွက်ခဲ့သည့် တော်ဝင် ကလေးငယ် သုံးယောက် အနက်မှ ပြောင်းလဲခြင်းရေ တော်ဝင်မင်းသားပင် မဟုတ်ပါလား။
သူ၏ အစစ်အမှန် နာမည်ကို မည်သူမှ မသိရသည့်တိုင် သူ၏ အဆင့်အတန်းက ဤဘေးဥပဒ် ပင်လယ်တွင် အလွန် ကျော်ကြားပေသည်။
ပြောရလျှင် နောက်ဆုံးပေါ်ထွက်ခဲ့သည့် တော်ဝင် ကလေးငယ် သုံးယောက်ထဲတွင် လင်းမင် တစ်ယောက်ထဲ သာလျှင် ကိုယ့်လမ်းကို ဖောက်ကာ အလောင်းချင်းထပ်လျှက် နတ်ဘုရား ကောင်းချီးကို ခံယူနိုင်ခဲ့သူ ဖြစ်သည်။
အခြား တော်ဝင် ကလေးငယ် နှစ်ယောက်ကတော့ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိပဲ ပြိုင်ပွဲနေရောက်မှ မိုးကျရွှေကိုယ်များလို ရုတ်ချည်း ပေါ်ထွက် လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့တွင် အတိတ်ကြောင်း မရှိသလို ဤကုန်းမြေတိုက်ကြီတွင် သူတို့နှင့် ပတ်သက်သည့် မှတ်တမ်းများလည်း မရှိချေ။
ဟူး... ဟူး...
လူငယ်လေးက ကောင်းကင်တွင် ဝဲပျံရင်း သင်္ဘောထက်ရှိ လူများကို ငုံ့ကြည့်နေခဲ့၏။ သူက ခြေဖျားထိ ရောက်သည့် အစိမ်းရောင် ဆံနွယ်လှိုင်းရှည်များကို ဖဲကြိုးတစ်ခုဖြင့် စည်းနှောင်ထားကာ နားလည်ရခက်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ သူက နူးညံ့သိမ်မွေ့ပုံပေါ်ကာ တစ်ချိန်တည်းတွင် ရက်စက်ကြမ်းကြုတ်သည် ဟုလည်း ခံစားရ၏။
လုံချန်က မျက်မှောင်ကြုတ်ရင်း လူငယ်ကို ကြည့်လိုက်၏။ ထိုအရာက ဘေးဥပဒ် ပင်လယ်၏ တော်ဝင် သားတော်လော။
လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဝေ့ဝူယင် မဟာမြေကြီး တော်ဝင်သားတော် ဖြစ်လာသည့် သတင်းကို သူ ကြားသိခဲ့ရသည်။ အစွန်းလေးဖက် လောကနယ်မြေတွင် သုံးနှစ်ကျော်ကြာအောင် နေထိုင်ခဲ့ပြီးသူ တစ်ယောက် အနေဖြင့် တော်ဝင် သားတော် တစ်ပါး ဖြစ်ရန် လိုအပ်ချက်ကို သူ နားလည်ပေသည်။ ၎င်းက ဝေ့ဝူယင်မှာ လောကသခင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်ဟု ဆိုလိုသည်။
မိမိ အမုန်းတီးဆုံး မဟာရန်သူတော်ကြီးက အသက်ငါးဆယ် မပြည့်ခင်မှာပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်လာသည့် အပြင်၊ အာကာသ ပဲ့တင်သံ အဆင့်ဖြင့် လောကသခင် တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တွေးမိတိုင်း လုံချန်၏ စိတ်များမှာ ပူလောင်စွာ လောင်ကြွမ်းလာခဲ့သည်။ ဘာပဲဖြစ်ဖြစ်... မဟာမြေကြီး ရတနာသိုက် အခိုးခံသည့် အတွက်တော့ သူ ဝမ်းသာမိပေသည်။
သို့တိုင်အောင် လုံချန်သည် စိတ်ထဲမှ တော်ဝင်ကလေးငယ်များနှင့် ၎င်းတို့ ပိုင်ဆိုင်နိုင်သည့် သြဇာအာဏာများ၏ အရေးပါပုံကို နားလည်ထားဆဲ ဖြစ်သည်။ သူတို့၏ နောက်ကွယ်တွင် လောကသခင်များစွာ ရှိသည့် အပြင် အချိန်သခင်များပင် ရှိနေတတ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း၌ ထိပ်တန်း ကျင့်ကြံသူများစွာမှာ ဗဟိုနယ်မြေများကို ပြောင်းရွှေ့သွားခဲ့ကြသည့်တိုင် ဘာသာရေး အခြေပြု အဖွဲ့အစည်းများ အပါအဝင် များစွာမှာ ဘေးဥပဒ် ပင်လယ်ကို ဆက်လက် သစ္စာစောင့်သိနေဆဲ ဖြစ်သည်။
ပြောင်းလဲခြင်းရေ တော်ဝင်မင်းသားက လုံချန်ကို ကြည့်ကာ ပြုံးပြလိုက်၏။
“မင်းပြောတာ အမှန်ပဲ... ဘယ်လောက်ပဲ အန္တရာယ်တွေ၊ စွန့်စားမှုတွေ ကာဆီး နေပါစေ ကျင့်ကြံသူတွေ အနေနဲ့ ငါတို့ဟာ လမ်းစဥ်ကို ရှာဖွေ ကြရတယ်... အကြောက်အလန့် ကင်းမဲ့တဲ့ နှလုံးသားနဲ့ ကပ်ဘေးတွေ အားလုံးကို ရင်ဆိုင် ဖြတ်ကျော်ကြရတယ်”
ထူးဆန်းသည့် အကြောင်းရင်း တစ်ခုကြောင့် တော်ဝင်သားတော် သူမကို လှမ်းကြည့်လိုက်တိုင်း ရွှေလင်းဟယ်မှာ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသလို ခံစားနေရ၏။ ထိုကဲ့သို့ ခံစားချက်မျိုးကို ပုရိဿ ယောက်ျားများထံမှ သူမ အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးသော်လည်း ယခုက သန့်စင်သည့် တော်ဝင်သားတော် တစ်ပါး ဖြစ်လေရာ ရွှေလင်းဟယ်မှာ စိတ်ရှုပ်ထွေးနေမိသည်။ အကယ်၍ သာမန် အခြေအနေ တစ်ခုတွင် ဆိုပါက တော်ဝင်သားတော်ကို ခစားခွင့် ရရှိအောင် သူမ ဘာမဆို ပြုလုပ်လိမ့်မည် ဖြစ်သော်လည်း လုံချန်ကို လှမ်းကြည့်မိသော အခိုက်၌ ပြတ်သားသော ခံစားချက်များက သူမ၏ နှလုံးသားကို လွှမ်းခြုံသွားသည်။
တော်ဝင်သားတော်က စကားဆက်လိုက်၏။
“လမ်းစဥ်ကို လျှောက်လှမ်းဖို့ အတွက် ငါတို့က ခွန်အားကို ရရှိအောင် လုပ်ကြရတယ်... ခွန်အား တစ်ခုတည်းကပဲ ငါတို့ ရှာဖွေနေတဲ့ အရာကို ရရှိအောင် လုပ်ပေးနိုင်တယ်... စိတ်မရှိရင် ငါ ဝင်လာလို့ ရမလား”
သူက ပြုံးရင်း ရွှေလင်းဟယ်ကို ကြည့်လိုက်သည်။
အခြားတစ်ဖက်၌ လုံချန်၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။ တစ်ခုခု မှားယွင်းနေသည် ဆိုသော ခံစားချက်က သူ့နှလုံးသား အတွင်း ပိုမို ဆိုးရွားလာခဲ့သည်။ သို့သော်လည်း ထိုတော်ဝင်သားတော်ကို သူ မကြောက်ချေ။ သူ့တွင် ကိုယ်ပိုင် ဝှက်ဖဲများ ရှိပေသည်။ ထို့အပြင် သူက အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ အကယ်၍ လိုအပ်ချက်က မူလဒြပ်စင် ရည်ရွယ်ချက်သာ မဟုတ်ခဲ့လျှင် တော်ဝင်သားတော် နေရာကို ရယူရန် သူ့တွင် ယုံကြည်ချက် အပြည့်အဝ ရှိသည်။
သင်္ဘောသားများမှာ ဝမ်းသာ ဂုဏ်ယူမိသွားကြ၏။ သန့်ရှင်း မြင့်မြတ်လှသည့် ပြောင်းလဲခြင်းရေ တော်ဝင် သားတော် မိမိတို့ လှေပေါ်သို့ အလည်အပတ် ရောက်ရှိလာခြင်းမှာ အလွန် ဂုဏ်ယူဖွယ် ကောင်းသည့် ကိစ္စပင် ဖြစ်ပေသည်။ သို့သော်လည်း သူတို့က ဤသင်္ဘော၏ ကပ္ပတိန် မဟုတ်လေရာ ရွှေလင်းဟယ်ကိုသာ လှမ်းကာ ကြည့်လိုက်ကြ၏။
အချိန်အတန်ကြာ စဥ်းစားပြီးနောက် ရွှေလင်းဟယ်က သူမ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်၏။
“တော်ဝင်သားတော်ကို တောင်းပန်ရတော့မယ် ထင်တယ်... ကျွန်မမှာ ဆန့်ကျင်လိုစိတ် တစ်စက်မှ မရှိပေမဲ့ ဒီသင်္ဘောမှာ အပြင်လူတွေကို လုံးဝ ပေးမဝင်ရဘူး ဆိုတဲ့ သံမဏိ စည်းမျဥ်းတစ်ခု ရှိနေပါတယ်... အရှင်မင်းသား အနေနဲ့ နားလည် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ”
သူမ၏ စကားလုံးများက သင်္ဘောသားများကို ပါးစပ် အဟောင်းသား ဖြစ်သွားစေ၏။ ထိုစည်းမျဥ်းက အမှန်တကယ် ရှိသည် ဆိုသော်လည်း လိုက်နာဖို့ လိုအပ်သည်လော။ ပြောရလျှင် ရွှေဟင်းဟယ် ကိုယ်တိုင် သင်္ဘောပေါ်သို့ ခေါ်တင်ထားသည့် လုံချန်နှင့် လျဲ့ယုတို့ စုံတွဲ ပင်လျှင် သူစိမ်းများ ဖြစ်သည်။
သင်္ဘောသားများစွာမှာ ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေကြကာ အချို့မှာ ရွှေလင်းဟယ် အပေါ် အလွန်အမင်း မကျေမနပ် ဖြစ်နေကြ၏။ သို့သော်လည်း ဉာဏ်ကောင်းသည့် ပုဂ္ဂိုလ် အချို့ကတော့ တစ်ခုခု လွဲမှားနေကြောင်း သိကြရာ ငြိမ်သက်စွာသာ ဆက်လက် လေ့လာနေကြလေသည်။
***