အညံ့ခံခြင်း
Vol. 35 Ch. 480
လုံချန်က သူ၏ အကြည့်ကို လျဲ့ယုထံမှ တော်ဝင်သားတော်ဆီ ပြန်လည် ပို့လွှတ်လိုက်၏။
“ငယ်ရွယ်နုပျိုတဲ့ အရောင်အဝါအရဆို သူက အသက်တစ်ရာ မပြည့်လောက်သေးဘူး... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အများဆုံးမှ ကြယ်တာရာ အမြုတေ အဆင့်လေးလောက်မှာပဲ ရှိလိမ့်မယ်”
ကျင့်ကြံခြင်း အခြေခံတူသည့် မည်သည့် ကျင့်ကြံသူကိုမှ သူ မကြောက်ချေ။ ပြောရလျှင် ကျင့်ကြံခြင်း အခြေခံ တစ်ဆင့်၊ နှစ်ဆင့်မြင့်သည့် ကျင့်ကြံသူများကိုပင် ဘဝတွင် အကြိမ်ပေါင်းများစွာ သူ အနိုင်ယူဖူးသည်။
“ပစ်တော့...”
ထိုအခိုက်တွင်ပင် ရွှေလင်းဟယ်၏ အမိန့်ပေးသံက ဗုံးတစ်လုံးလို ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းက တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေသည့် သင်္ဘောသားများ အတွက် အချက်ပေးသံ တစ်ခုလိုပင်။
ဝမ်... ဝမ်...
ချက်ချင်း ဆိုသလိုပင် စွမ်းအင် လည်ပတ်သံများနှင့် အတူ သင်္ဘောနံရံရှိ အမြောက်များမှာ သင်္ကေတ ရောင်စဥ်တန်းများဖြင့် လင်းလက်လာ၏။ ထိုဖြစ်စဥ်က အသက်တစ်ရှိုက်စာလောက်မျှသာ ကြာမြင့်ကာ စွမ်းလင် အလင်းလုံးများမှာ အမြှောက်ထိပ်ဝမှ ကြယ်ပျံများလို ထွက်ပေါ် လာလေတော့သည်။
စွမ်းအင်လုံးများမှာ အလွန် မြန်ဆန်လှ၏။
ဘုန်း... ဘုန်း... ဘုန်း
၎င်တို့က တော်ဝင်မင်းသားဆီတို့ တန်းတန်းမတ်မတ်ပင် တိုးဝင်သွားကာ ဆက်တိုက် ပေါက်ကွဲမှုများနှင့် အတူ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပေါက်ကွဲမှု၏ အရှိန်အောက်တွင် အနီးအနားရှိ ရေများမှာ အောက်သို့ မီတာတစ်ရာမျှ ထိအောင် နိမ့်ဆင်းသွားကာ ကောင်းကင်ရှိ တိမ်များမှာလည်း ကီလိုမီတာ ဆယ်ချီ တိုင်အောင် လွင့်စဥ် သွားကြလေ၏။
“ထိသွားပြီဟေ့..”
သင်္ဘောသား တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူတို့ သင်္ဘော၏ အမြောက်များမှာ လျှင်မြန်မှု၊ တိကျမှုတို့ဖြင့် ဘေးဥပဒ် ပင်လယ်တွင် ကျော်ကြားကာ မရေမတွက်နိုင်သည့် သင်္ဘောများ၊ ကျင့်ကြံသူများကိုပင် အကြိမ်ကြိမ် အခါခါ အံ့အားသင့်စေခဲ့ဖူးသည်။ တစ်ခါကဆိုလျှင် ထိုအမြောက်များ၏ အားကိုးဖြင့် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် သူတို့ သတ်ဖြတ်ဖူးသည်။
တဟုန်းဟုန်း တောက်လောင်နေသည့် ပေါက်ကွဲခြင်း စွမ်းအင်များမှာ အချိန်နှင့် အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ရောင်စုံ အခိုးအငွေ့များသာ ကျန်ရစ်ခဲ့၏။
"ဘာလဲ…"
သင်္ဘောသား တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။
အမြောက်ဆံ အမြောက်အများ ထိမှန်ခံရသည့် တော်ဝင်သားတော်မှာ မူလနေရာတွင်ပင် တစ်လက်မမျှ ရွေ့လျားခြင်း မရှိပဲ ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည် မဟုတ်ပါလား။ သူ၏ မျက်လုံးများက အထင်သေးမှု၊ လှောင်ပြောင်လိုမှု အငွေ့အသက်များဖြင့် တလက်လက် တောက်ပနေကာ သူ့နှုတ်ခမ်းများမှာ အပြုံးတစ်ခုဖြင့် တွန့်ကွေး နေ၏။
"လှောင်အိမ်ထဲ အပိတ်ခံထားရတဲ့ အမှိုက်လေးတွေက ကိုယ့်ကိုယ်ကို လုံခြုံတယ် ထင်နေတယ်ပေါ့… ဟမ့်… လောကကြီးရဲ့ အကန့်အသတ်ကိုတောင် မသိပဲ ငါ့ကို ရန်ရှာချင်နေသေးတယ်"
သူက ခေါင်းအား ခါယမ်းရင်း မထုတ်ဖော်သင့်သည့် အချက်အလက် အချို့ကို ပြောဆိုလိုက်၏။ ထိုအခိုက်တွင်ပင် ဝိညာဉ် သတိပေးချက် တစ်ခုက ခေါင်းအတွင်း တိုက်ရိုက် ဝင်ရောက်လာလေရာ သူ၏ အမူအရာက အနည်းငယ် အကျည်းတန် သွားသည်။
"ရွံစရာကောင်တွေ…"
လူငယ်က တံတွေးတစ်ချက် ထွေးလိုက်ရင်း မူလ ရည်ရွယ်ထားသည့် အတိုင်း ထိုစားစရာလေးများနှင့် ဆက်လက် မကစားတော့ရန် ဆုံးဖြတ် လိုက်၏။ သူက ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ စစ်မှန်သော ကျင့်ကြံခြင်း အခြေခံနှင့် အတူ ကြောက်လန့်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်လေ၏။
ဟူး… ဟူး…
ချက်ချင်းပင် ပြင်းထန်သော လေတိုက်ခတ်သံများနှင့် အတူ လောကကြီး၏ အရောင်အဝါများမှာ စတင်ကာ ပြောင်းလဲ လာခဲ့တော့၏။
"မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်…"
ရွှေလင်းဟယ်၏ မျက်လုံးများက လပြည့်ဝန်း တစ်ခုလို ဝိုင်းစက်သွားကာ ရင်ဘတ်မှာ တဒိန်းဒိန်း တုန်ရီသွား၏။ ပြောင်းလဲခြင်းရေ တော်ဝင်သားတော်က အသက်တစ်ရာ မပြည့်ခင်မှာပင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိနေခဲ့သည်လား။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
လုံချန်၏ အမူအရာပင်လျှင် မဖော်ပြနိုင်သည့် ထိတ်လန့်မှုများဖြင့် ရောထွေးသွား၏။ သူ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ရီသွားကာ နက်ရှိုင်းသော အလင်းတန်းများ အချို့မှာ သူ့ မျက်ဝန်းများထဲတွင် နေရာယူ လာလေ၏။
ရာစုနှစ် တစ်ခုအတွင်း ကြယ်တာရာ အမြုတေ အဆင့်ခြောက်ကို ရောက်ရှိရန် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီကို လိုအပ်သနည်း။ နောက် ဆယ်စုနှစ် အနည်းငယ် အတွင်း သူ ကိုယ်တိုင် ထိုကဲ့သို့ ပြုလုပ်ရန် ယုံကြည်ချက် ရှိသည့်တိုင် ထိုအရာက လျှို့ဝှက် အာဏာရှင် အဆင့် အမွေအနှစ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
သိုပေမဲ့ ထိုလူငယ်က မည်ကဲ့သို့နည်း။ သေချာတာ တစ်ခုက ဤချိပ်ပိတ်ခံထားရသည့် ကမ္ဘာတွင် လျှို့ဝှက် အာဏာရှင် အဆင့် မရှိချေ။
" … "
လူငယ်ကို ကြည့်ရင်း လုံချန်၏ နှလုံးသားက မသိမသာ တုန်ရီလာ၏။ တစ်မိနစ်မျှ အတွင်းမှာပင် အတွေးများမှာ မိုင်ပေါင်း ထောင်ချီတိုင်အောင် ရွေ့လျားနေခဲ့သည်။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် အနေဖြင့် မိမိကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိသည့်တိုင် အလင်းပြန်ခြင်း အဆင့်နှင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တို့၏ အားသာချက်များကို သူ နားလည်ပေသည်။
ခန္ဓာကိုယ်နှင့် ဝိညာဉ် နှစ်ခုစလုံးကို ဖိနှိပ်နိုင်သည့် မြေဆွဲအားနှင့် လောကကြီး၏ လျှို့ဝှက်ချက်တို့ကို သယ်ဆောင်ထားသည့် အလင်း စွမ်းအင်များမှာ ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် တစ်ယောက် လွယ်ကူစွာ တွန်းလှန်နိုင်သည့် စွမ်းအင်များ မဟုတ်ချေ။
အကယ်၍ ထိုအားသာချက်များကြောင့်သာ မဟုတ်ပါက သုံ့ပန်းဘဝ ကျရောက်နေသည့် ရက်များတွင် လွတ်မြောက်မည့် အချိန်ကို စိတ်ရှည်လက်ရှည် စောင့်မနေပဲ အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူအား ပြန်လည် တိုက်ခိုက်ကာ ထွက်ပြေးခဲ့လိမ့်မည် ဖြစ်သည်။
"မင်းတို့တွေ ဘယ်လောက် နိမ့်ကျပြီး သနားစရာ ကောင်းလဲ ဆိုတာ ကိုယ့်ကိုယ်ကို နားလည်ကြပြီလား"
တော်ဝင်သားတော်က အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်၏။ ထိုနိမ့်ကျသည့် သတ္တဝါလေးများမှာ သူ တစ်စက်မှ မလှုပ်ရှားရသေးခင်မှာပင် သွေးပျက် ချောက်ချားကာ တုန်ရီ နေကြပြီ ဖြစ်သည်။ သူတို့က ဘယ်ကရသည့် သတ္တိဖြင့် သူ့ကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြသနည်း။
သင်္ဘောသားများမှာ ဘာမှန် ပြန်မပြောရဲကြချေ။ ထို့အစား ဖြူရော်နေသည့် မျက်နှာများဖြင့်သာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ အကယ်၍ သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ဆိုပါက သူတို့တွင် ယုံကြည်ချက် အချို့ ရှိကောင်း ရှိနိုင်သော်လည်း ဤသည်က တော်ဝင် သားတော် ဖြစ်သည်။ တော်ဝင်သားတော်တိုင်းမှာ အလွန် ပါရမီမြင့်မားကာ အဆင့်တူများထက် အဆပေါင်း များစွာ ပိုမို သန်မာကြသည်။ သူတို့အား ရင်ဆိုင်ရခြင်းက အိပ်မက်ဆိုး တစ်ခုလိုပင် ဖြစ်သည်။
အခြားတစ်ဖက်၌ တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးသည်နှင့် လုံချန်၏ အမူအရာက ဖြည်းညင်းစွာပင် တည်ငြိမ်လာ၏။ သူက ဘေးနားတွင် ရပ်နေသည့် လျဲ့ယုကို ငုံ့ကြည့်လိုက်ရင်း လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"ဘာမှ မစိုးရိမ်နဲ့…"
သူက နွေးထွေးစွာ ပြုံးပြရင်း ဆိုလိုက်၏။ လျဲ့ယုက အသာအယာပင် ခေါင်းညိတ်ပြလိုက်သည်။ ရင်ထဲရှိ အစိုင်အခဲက ပိုမို ကြီးမားလာသည့်တိုင် ဘာပဲဖြစ်ဖြစ်... လုံချန်စကားကို သူမ ယုံကြည်ပေသည်။
ထို့နောက်... လုံချန်က ဖြည်းညင်းစွာပင် တော်ဝင်မင်းသားဘက်သို့ ပြန်လှည့်လိုက်၏။
“အကာအကွယ်ကို ရုတ်သိမ်းလိုက်...”
သူက တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။ ရွှေလင်းဟယ်မှာ ပထမ၌ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားသော်လည်း လုံချန်၏ နှုတ်ခမ်းထက်ရှိ ယုံကြည်ချက်ရှိသော အပြုံးကို မြင်သောအခိုက်၌ သံသယ အားလုံး ရှင်းလင်းသွားသည်။
“မကြားကြဘူးလား... အကာအကွယ်ကို ရုတ်သိမ်းလိုက်လေ...”
သူမက ကျယ်လောင်စွာပင် အော်ဟစ် အမိန့်ပေးလိုက်၏။ ရွှေလင်းဟယ်၏ အသံကို ကြားလိုက်ရသော အခိုက်၌ သင်္ဘောသားများမှာ ကပ္ပတိန် တော်ဝင် မင်းသားထံတွင် အညံ့ခံရန် ဆုံးဖြတ်လိုက်ပြီဟု တွေးလိုက်မိကြ၏။
သင်္ဘောသား အချို့မှာ စိတ်သက်သာရာပင် ရသွားကြသည်။ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် တစ်ယောက်နှင့် ရင်ဆိုင် တိုက်ခိုက်ရန် ဆုံးဖြတ်ခြင်းက အလွန်ပင် အရင်းအနှီးကြီးသည့် စွန့်စားခြင်း တစ်မျိုး ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရပါက ထိုစွန့်စားမှုကို ဖြတ်ကျော်နိုင်ရန် သူတို့တွင် ယုံကြည်ချက် တစ်ရာခိုင်နှုန်းပင် မရှိကြချေ။ အလျှင်အမြန်ပင် သင်္ဘောသားများမှာ အကာအကွယ် အလွှာကို ပြန်လည် ရုတ်သိမ်းလိုက်ကြ၏။
တော်ဝင်သားတော်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ သူ တစ်ချက်မျှ မလှုပ်ရှားရသေးခင်မှာပင် ထိုနားရွက်ချွန် တိရစ္ဆာန်များမှာ အညံ့ခံရန် ဆုံးဖြတ်လိုက်သည်လော။
“မင်းတို့မှာ အသိဉာဏ်တစ်ချို့တော့ ရှိသေးတာပဲ...”
လူငယ်က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
လုံချန်က ကောင်းကင်ကို မော့ကြည့်ရင်း အသာအယာပင် ပြုံးလိုက်သည်။
“မင်းက အရမ်း အစွမ်းထက်လွန်းတယ်... ငါတို့ အညံ့ခံတယ်”
သူက ဆိုလိုက်ရင်း ကောင်းကင်ကို ဖြည်းညင်းစွာ ပျံတက်လာကာ အလင်း အကာအရံ၏ အပြင်ဘက်ကို ထွက်လိုက်၏။
တော်ဝင်သားတော်က လုံချန့် စကားကို ဂရုမစိုက်ချေ။ သူက ရွှေလင်းဟယ်ကိုသာ လှမ်းကြည့်လိုက်၏။ ထို့နောက် အနီးအနားတွင် ရှိနေသည့် လျဲ့ယုကိုပါ တွေ့မြင်သွားသည်။ သူမကို မြင်သည်နှင့် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီသွားတော့၏။
“ရေနဂါးနွယ်ဖွား ခန္ဓာ...”
ထိတ်လန့် အံ့သြခြင်းများနှင့် ပြည့်နှက်နေသည့် ထိုစကားလုံးများမှာ တော်ဝင်သားတော်နှင့် ပုန်းကွယ်ကာ ကြည့်ရှုနေသည့် လူအိုကြီးထံမှ ပြိုင်တူပင် ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်တွင်ပင် လုံချန်က ခရမ်းရောင် လျှပ်စီးများ တောက်ပနေသည့် အနက်ရောင် ဓာတ်လုံး တစ်လုံးကို တိတ်တဆိတ် ထုတ်ယူ လိုက်၏။ ထို့နောက်… သူက မတုန့်မဆိုင်းပင် အသန်မာဆုံးသော ခွန်အားကို သုံးကာ ၎င်းကို တော်ဝင်မင်းသားထံ ပစ်ပေါက်လိုက်လေတော့သည်။
***