← Chapters

ထိုက်တန်လို့လား

Vol. 35 Ch. 481

ထိုက်တန်လို့လား

Vol. 35 Ch. 481

လုံချန်၏ လှုပ်ရှားမှုများမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်ကာ အလွန်ပင် ပြတ်သားလှ၏။ တော်ဝင်သားတော်ကို သတ်ဖြတ်ရန် အတွက် အဖိုးအတန်ဆုံးသော ဝှက်ဖဲကို အသုံးပြုရန် တစ်ချက်မှ သူ တုန့်ဆိုင်းခြင်း မရှိခဲ့ချေ။

ဝူယု ထွက်ခွာ မသွားခင် အချိန်တုန်းက လုံချန်မှာ ထိုဝိညာဥ်အိုကြီးနှင့် အတူ  အနန္တ ဧကရာဇ်ဂိုဏ်းတွင် အမှုထမ်းခဲ့ဖူးသည့် ရှေးဟောင်း ကျင့်ကြံသူ တစ်ဦး၏ အုတ်ဂူ အတွင်းကို စွန့်စား ဝင်ရောက်ခဲ့ဖူးသည်။ ထိုအုတ်ဂူ ပိုင်ရှင်မှာ ဖန်တီးခြင်း လမ်းစဥ် သုံးခုထဲမှ တစ်ခု ဖြစ်သည့် အဆောင် လမ်းစဥ်တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် မိုးကြိုးဒြပ်စင် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

၎င်းပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်လျှင် အကျော်ကြားဆုံးက ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း ဟု ခေါ်သည့် အဆောင်များပင် ဖြစ်သည်။ ထိုအဆောင်များမှာ အလွန်ပင် အစွမ်းထက်ကာ ပေါက်ကွဲအားတွင် အဂ္ဂိရတ် တာအို၏ အဆင့်ကိုး ဆေးတောင့်များကိုပင် ယှဥ်နိုင်စွမ်း ရှိခဲ့သည်။

ဆေးတောင့်များနှင့် မတူညီသည့် အချက် တစ်ခုက အဆောင်များမှာ ဝိညာဥ်စွမ်းအင်ဖြင့် သန့်စင်ကာ စနစ်တကျ တည်ဆောက်ထားသည့် ဝင်္ကပါများ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ စနစ်ကျသည့် တိုက်ခိုက်မှု တစ်ခုကို တိတိကျကျပင် ဖော်ထုတ်ပေးနိုင်စွမ်း ရှိသည်။

ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း အဆောင်များမှာ ကောင်းကင်မိုးကြိုး ကျင့်စဥ် တစ်ခု ဖြစ်သည့် “ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း တိုက်ခိုက်မှု” ကို အထဲတွင် ထည့်သွင်း သိမ်းဆည်းထားသည်။ ၎င်းတို့မှာ အလွန်အမင်း ပေါက်ကွဲအား ပြင်းထန်ကာ သတ်မှတ်ထားသည့် ဧရိယာ တစ်ခုလုံးကို  ခရမ်းရောင် မိုးကြိုး နယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။ အချိန်သခင်များပင်လျှင် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ခုခံနိုင်စွမ်း မရှိချေ။

တော်ဝင်သားတော်မှာ အဆောင် တစ်ခု ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ထိတ်လန့် သွား၏။ သူက ချက်ချင်းပင် မြေဆွဲအား စွမ်းအင်များကို ထုတ်ဖော်လိုက်ရင်း အဆောင်၏ လမ်းကြောင်းကို ပြောင်းရန် ကြိုးစား လိုက်သည်။ တော်ဝင်သားတော် ဆိုသည့် ဂုဏ်ပုဒ်နှင့် ကိုက်ညီစွာပင် လူငယ်၏ ရုတ်ချည်း ဆုံးဖြတ်ချက်နှင့် တုန့်ပြန်မှုတို့က ပြောင်မြောက်လှသော်လည်း အဆင့်မြင့် အဆောင် တစ်ခုနှင့် ရင်ဆိုင်ရာ၌ မည်ကဲ့သို့ အသုံးဝင်မည်နည်း။

ဟူး... ဟူး...

အဆောင်အတွင်းရှိ ဝင်္ကပါများမှာ မြေဆွဲအား စွမ်းအင်များကို တွန်းလှန်ကာ မူကထက်ပင် ပိုမို လျှင်မြန်စွာ ရွေ့လျားလာ၏။ မျက်စိတစ်မှိတ်မျှ မကြာသည့် အချိန်ကလေး အတွင်းမှာပင် ၎င်းမှာ တော်ဝင်မင်းသားနှင့် ပေအနည်းငယ် အကွာအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

“ဘာလဲ...”

လူငယ်၏ မျက်လုံးများက ထိတ်လန့်မှု၊ အံ့အားသင့်မှုတို့နှင့် အတူ ပြူးကျယ်သွား၏။ နောက်ဆုံး၌ ရွှေလင်းဟယ်တို့ အညံ့ခံခဲ့သည့် အကြောင်းရင်းနှင့် လုံချန်၏ ရည်ရွယ်ချက်ကို သူ နားလည် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အရာရာကား နောက်ကျသွားခဲ့ချေပြီ။ အနက်ရောင် အလင်းလုံးမှာ သူ့ ရင်ဘတ်ရှေ့သို့ ရောက်ရှိနေကာ လျှို့ဝှက် အာဏာရှင် တစ်ယောက်ပင် တုန့်ပြန်ရန် မလုံလောက်သည့် အချိန်ကလေး အတွင်း ပေါက်ကွဲပေတော့မည် ဖြစ်သည်။

‌ခံပြင်းဒေါသနှင့် အရှက်ရမှုများမှာ တော်ဝင်သားတော်၏ မျက်လုံးများတွင် ပြည့်လျှံလာ၏။ ဤနိမ့်ကျသည့် ကမ္ဘာတွင် သူ သေရတော့မည်လား။ ထိုအရာက မြင့်မြတ် သန့်ရှင်းလှပါသည် ဆိုသည့် တော်ဝင်သားတော် တစ်ပါး၏ အဆုံးသတ်လော။

အခြားတစ်ဖက်၌ လုံချန်၏ မျက်လုံးများကတော့ တလက်လက် တောက်ပနေ၏။ ရွံရှာဖွယ် ကောင်းလှသည့် ထိုတော်ဝင်သားတော်ကို ဖယ်ရှားဖို့ အတွက် အဖိုးအတန်ဆုံး ဝှက်ဖဲကို အသုံးပြုလိုက်ရသည်က အလဟသတ် ဖြုန်းတီးမှု တစ်ခု မဟုတ်ကြောင်း သူ တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ်... ထိုအရာကို ဝေ့ဝူယင် အတွက် သိမ်းမထားနိုင်သည်ကတော့ ကံဆိုးလှပေသည်။

“ဟား... ဟား...”

ထိုအခိုက်တွင်ပင် အလွန်အမင်း ကြောက်လန့်နေပုံ သည့် တော်ဝင်သားတော်၏ အမူအရာက ရုတ်ချည်း ကွယ်ပျောက်သွားကာ အူလှိုက်သည်းလှိုက်ပင် အော်ဟစ် ရယ်မောလိုက်လေ၏။ အနက်ရောင် အလင်းလုံးမှာ သူ့ ရင်ဘတ်ရှေ့တွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။

၎င်းမှာ မမြင်နိုင်သည့် လက်တစ်ဖက်၏ ဆုပ်ကိုင်ခြင်းကို ခံစားရသည့် အလား တည်ငြိမ်စွာပင် ရပ်နေခဲ့၏။ ပေါက်ကွဲမှု မရှိသလို၊ ပြင်းထန်သည့် လျှပ်စီး မိုးကြိုးများလည်း ထွက်ပေါ်လာခြင်း မရှိချေ။

“မင်းက ဒီလောကနယ်မြေနဲ့ စည်းမျဥ်းတွေကိုတောင် မသိဘူးပဲ... ကြည့်ရတာ ပြိုင်ပွဲဝင် တစ်ယောက်ပဲ ဖြစ်ရမယ်... ဒါပေမဲ့ မူလဒြပ်စင် ရည်ရွယ်ချက်လည်း မရှိပြန်ဘူး... ဘယ်လောက်တောင် အသုံးမကျလိုက်လဲ”

တော်ဝင်သားတော်က လုံချန်ကို သနားသည့် အကြည့်ဖြင့် ကြည့်ရင်း လှောင်ပြောင်လိုက်၏။ ထိုအခိုက်တွင်ပင် ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း အဆောင်မှာ ကြယ်ကြွေ အလင်းတန်း တစ်ခုအလား ကောင်းကင်ဆီသို့ မြင့်တက်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် တိမ်စိုင်များ အကြား၌ ပျောက်ကွယ် သွားတော့၏။

“ ... “

လုံချန်က ဇဝေဇဝါဖြင့် ကောင်းကင်ကို စိုက်ကြည့်ရင်း နောက်ဆုတ် လိုက်၏။ ထိုအခိုက်၌ သူ့မျက်နှာက အလွန်အမင်း အကျည်းတန်နေကာ ဆိုးရွားသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။

တော်ဝင်သားတော်က လောခြင်း မရှိချေ။ သူက ဖြည်းညင်းစွာပင် ဆင်းသက်လာကာ အလင်း အကာအရံ အတွင်းစည်း အတွင်း ဝင်ရောက်လိုက်၏။ ယခုဆိုလျှင် သူနှင့် သင်္ဘောသားများ အကြားတွင် မည်သည့် အတားအဆီးမျှ မရှိတော့ချေ။ သင်္ဘောကုန်းပတ်ပေါ်သို့ ဆင်းသက်ပြီးနောက် သူက အေးဆေး တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။

“မင်းတို့ နေထိုင်တဲ့ ဒီသီးခြားကမ္ဘာက ထာဝရ တည်မြဲနိုင်တဲ့ ကုန်းမြေတစ်ခု မဟုတ်ဘူး... ပြောရမယ် ဆိုရင် တအား ပျက်စီးလွယ်တယ်... ဒါ‌ကြောင့်ပဲ ကြယ်တာရာသခင် အဆင့်နဲ့ အထက်ကို ထိတွေ့နိုင်တဲ့ ဘယ်အဆောင်၊ ဆေးတောင့်ကိုမဆို ပြင်းပြင်းထန်ထန် တားဆီးထားတယ်... မြင့်မြတ် ထည်ဝါပါတယ် ဆိုတဲ့ ကြယ်တာရာ သခင်တွေတောင် အချုပ်အနှောင်တွေထဲမှာပဲ နေရပြီးတော့ စွမ်းအားတွေ၊ အော်ရာတွေပါ အကုန် ကန့်သတ်ခံထားရတယ်... မင်းက အဲဒီအကြောင်းတွေကိုတောင် မသိပဲ ဒီလောကနယ်မြေထဲကို ဝင်လာခဲ့တာလား... ဘယ်လောက်တောင် အသုံးမကျလိုက်လဲ”

လူငယ်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် လုံချန်၏ အမူအရာက အကြီးအကျယ် ပျက်ရွင်းသွားသည်။ သူ၏ အဖိုးအတန်ဆုံး ဝှက်ဖဲက ယခုလိုမျိုး ပျောက်ကွယ်သွားရသည်လား။ လုံချန် စိတ်ထဲမှ နေ၍ ပြိုင်ပွဲ စီစဥ်သူကို ကျိန်ဆဲ လိုက်မိ၏။

သို့သော်လည်း ထိုမျှလောက်ဖြင့် လက်နက်ချ အညံ့ခံရလောက်အောင် သူက ငကြောက် တစ်ယောက် မဟုတ်ပါချေ။ သူက ဓားကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

တော်ဝင်သားတော်ကတော့ လုံချန်၏ အပြုအမူကို ဖုတ်လေသည့် ငါးပိ ရှိလေသည်ဟုပင် သဘော မထားချေ။ သူက သင်္ဘောသား အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်ရင်း ပြောလိုက်၏။

“ငါ မင်းတို့ အားလုံးကို တမလွန်ဆီ ပို့ပေးမယ့် လူက ဘယ်သူလဲ ဆိုတာ သိစေချင်တယ်... ငါ့နာမည်က ဟယ်ယန်းလဲ့ တဲ့.. နောက်ဘဝ ခရီးလမ်းကျရင် မှတ်ထားကြပေါ့”

“ ... “

သင်္ဘောသားများမှာ လူငယ်၏ လေသံကို နားထောင်ကာ သေခြင်းတရား၏ အငွေ့အသက်များကို မွမ်းကြပ်စွာ ခံစားလိုက်ရသည်။ အလင်း အကာအကွယ်ကို ရုတ်သိမ်းကာ ဝံပုလွေကို အထဲသွင်းမိခဲ့သည့် အတွက် သူတို့ နောင်တရနေမိ၏။ တစ်ချိန်တည်း၌ နောက်ပြန်လှည့်ရန် မည်သို့မှ မဖြစ်နိုင်တော့ကြောင်း သူတို့ နားလည် လိုက်ကြပေသည်။

“တိုက်ကြဟေ့...”

သူတို့က ညာသံပေးကာ အော်ဟစ်လိုက်ကြရင်း အစွမ်းအထက်ဆုံး အစီအရင်များနှင့် တိုက်ခိုက်မှုများကို ဘက်ပေါင်းစုံမှ ဖော်ထုတ်လိုက်ကြတော့၏။

“နေဦး...”

ရွှေလင်းဟယ်က အော်ဟစ် တားဆီးလိုက်၏။ သို့သော်လည်း အရာရာက နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။

“ဟမ့်...”

ဟယ်ယန်းလဲ့က နှာခေါင်းရှုံ့လိုက်ကာ လက်ညိုး တစ်ဖက်ကို ဆန့်တန်းရင်း သင်္ဘောသား တစ်ယောက်ဆီသို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ထိုသင်္ဘာသားမှာ လေထဲတွင် အေးခဲသွားကာ မျက်နှာမှာ အနှိုင်းအဆမဲ့သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည့် အလား ရှုံ့တွ၍ လာ၏။

ဘုန်း...

ထို့နောက် မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် သူ့ခန္ဓာကိုယ်က သွေးမြူများ အဖြစ် ပြင်းထန်စွာ ပေါက်ကွဲ သွားတော့၏။

“မဆိုးဘူး...”

ဟယ်ယန်းလဲ့က အသာအယာ ပြုံးလိုက်ရင်း လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ထပ်မံ လှုပ်ရှားလိုက်လေ၏။

ဘုန်း... ဘုန်း... ဘုန်း...

သူ လက်ချောင်းများကို တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း၌ မမြင်နိုင်သည့် အင်အား တစ်ခု ဖြစ်ပေါ်လာကာ စစ်သည်တော် တစ်ယောက်ချင်းစီမှာ သွေးမြူများ ဖြစ်သည် အထိ ပေါက်ကွဲ သွားတော့၏။ ပုရွက်ဆိတ်များ ကဲ့သို့ တဖွဲဖွဲ အသတ်ခံနေရသည့် မိတ်ဆွေ သွေးသောက်များကို ကြည့်ရင်း ပြင်းထန်သည့် အကြောက်တရားက သင်္ဘောသား တစ်ယောက်ချင်းစီ၏ နှလုံးသား အတွင်း နက်ရှိုင်းစွာ စိမ့်ဝင်လာနေခဲ့ပြီ ဖြစ်သည်။

“ရှောင်မင်...”

မျက်စိရှေ့တွင်ပင် ချစ်သူ သေဆုံးသွားသည်ကို ကြည့်ရင်း မိန်းကလေး တစ်ယောက်မှာ ပြင်းထန်စွာ အော်ဟစ် ငိုကြွေးလိုက်၏။

“နားငြီးတယ်...”

ဟယ်ယန်းလဲ့က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့ရင်း ထိုမိန်းကလေးကိုပါ သွေးမှုန်များ အဖြစ် ပြောင်းလဲပစ်လိုက်၏။ ထို့နောက် သူက ခံစားချက် ကင်းမဲ့သည့် မျက်နှာဖြင့် အခြား သင်္ဘောသားများဘက်ကို ဆက်လက် မျက်နှာမူလိုက်လေသည်။

“မလုပ်နဲ့တော့...”

ဆယ်စုနှစ်ပေါင်းများစွာ မိမိနောက်ကို လိုက်ပါခဲ့သည့် လက်အောက်ငယ်သားများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေသည်ကို ကြည့်ကာ ရွှေလင်းဟယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သို့သော်လည်း ဟယ်ယန်းလဲ့က သူမ၏ စကားကို ဂရုစိုက်ခြင်း မရှိပါချေ။ သူက သွေးအေးစွာပင် သင်္ဘောသားများကို တစ်ယောက်ပြီး တစ်ယောက် ဆက်လက် သတ်ဖြတ်နေဆဲ ဖြစ်သည်။

“ကျွန်မကို အသက်ချမ်းသာပေးပါရှင်... ကျွန်မ... ကျွန်မ ရှင့်ရဲ့ အစေခံ လုပ်ပါ့မယ်... ရှင်ခိုင်းတာ ဘာမဆို လုပ်ပါ့မယ်”

ချောမော လှပသည့် အယ်ဗန်မလေး တစ်ယောက်က ဒူးထောက်ချရင်း အသနား ခံလိုက်၏။ သူမ၏ ခန္ဓာကိုယ်လေးက ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ရီနေကာ မျက်ရည်များမှာ အဆုံးမဲ့စွာ စီးဆင်း နေ၏။

“ ... “

ဟယ်ယန်းလဲ့က သတ်ဖြတ်မှုကို ခဏမျှ ရပ်တန့်ကာ လှည့်ကြည့်လိုက်၏။ မိန်းကလေးမှာ ထိုအချင်းအရာကို သတိထားမိရာ မျက်ရည်များ ကြားမှပင် အလှဆုံး ပြုံးပြရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူမ ပြန်လည် ရရှိလိုက်သည်ကတော့ အေးအေးစက်စက် အပြုံးတစ်ခုသာ ဖြစ်လေသည်။

ဘုန်း...

ထို့နောက် အော်ဟစ်သံ တစ်ချက်မျှ မပြုလုပ်နိုင်ခင်မှာပင် မိန်းကလေး၏ ခန္ဓာကိုယ်က သွေးမြူ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ သွားလေတော့၏။

“အမှိုက်က ငါ့အစေခံ ဖြစ်ချင်သေးတယ်ပေါ့... ဟမ့်... ထိုက်တန်လို့လား”

***

All Chapters