ဈေးကြီးသော လျှပ်စီးအခန်း
Vol. 8 Ch. 99
စွန်ဖျားမြို့ …
နာမည်ကား လူသူကင်းမဲ့ဟန် ပေါ်သော်ငြား လက်တွေ့တွင် ထိုသို့ မဟုတ်ခဲ့ပေ။
ရာသီဥတု တိုက်စားမှုကြောင့် ပပ်ကြားအပ် နေသော နံရံများအပြင် ဤနေရာတွင် လူစည်ကားလှ၏။ သားရဲလှောင်အိမ် များနှင့် သားရဲပျံ လှောင်အိမ်များစွာ တွေ့မြင်နေရသည်။ ဖြတ်သန်းသွားသော လူများကား သူတို့ကျောတွင် လက်နက်ကို ကိုင်ဆောင် ထားကြပြီး ခန္ဓာကိုယ်တွင် အရှိန်အဝါ အငွေ့အသက်များ ဖုံးလွှမ်း နေကြသည်။ သေမျိုးများ နေထိုင်သော မြို့နှင့်ယှဉ်လျှင် ကျင့်ကြံသူတို့၏ မြို့ကား အမှန်တကယ်ပင် ပြောမပြတတ် လောက်အောင် ထူးခြားလှသည်။
မိုဝူကျီက သူ့ဆေး ဖော်စပ်ရေး ကိရိယာများကို ကျောထက် သယ်ဆောင်ရင်း မြို့ထဲသို့ ဝင်လာလေသည်။ သူ စုဆောင်း ထားသော သတင်းများအရ စွန်ဖျားမြို့တော် အနီးတွင် အခြားသော ဂိုဏ်းများ ရှိကြ၏။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း အပြင် စိတ်ဝိညာဉ် ကိုးမျိုး ကျောင်းတော်၊ မိုးကြိုးတိမ်ဂိုဏ်း၊ သစ်ရွက် တစ်ထောင် မဟာမိတ်နှင့် အနည်းဆုံး အခြားသော ဂိုဏ်းဆယ်ခုလောက် ရှိသေးသည်။
ထိုဂိုဏ်းများကြားတွင် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက အားအကောင်းဆုံးဂိုဏ်း မဟုတ်ပေ။ ထို့ကြောင့် ယန်ချင်ယင်က မိုဝူကျီကို တခြားသူများနှင့် အခက်မကြုံစေရန် မှာခဲ့ခြင်း ဖြစ်၏။
စွန်ဖျား မြို့တော်တွင် လူများစွာ ရှိသောကြောင့် တည်းခိုခန်းများ၊ ဟိုတယ်များလည်း ပေါများလှသည်။ မိုဝူကျီက မြောက်ရေ တည်းခိုခန်းကို ရွေးချယ် လိုက်တော့သည်။
စားပွဲထိုး၏ ပြောစရားအရ မြောက်ရေ တည်းခိုခန်းသည် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်နှင့် အနီးဆုံး ဖြစ်လေ၏။
ထိုနေရာသည် ကျင့်ကြံသူတို့မြို့ ဖြစ်သော်လည်း မြောက်ရေ တည်းခိုခန်းက ထျန်းလောင် ဟိုတယ်ထက် များစွာ အလှမ်း ကွာနေသည်ကို တွေ့လိုက်ရ၏။ ထိုတည်းခိုခန်း၏ တစ်ခုတည်းသော ကောင်းချက်မှာ ရွှေပြားများကို လက်ခံ၍ မိုဝူကျီက ဤနေရာတွင် နေနေခြင်း ဖြစ်သည်။ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံး တစ်ရာသာ ပါရှိပြီး ထိုသည်မှာလည်း အဆင့်နိမ့်သာ ဖြစ်လေ၏။
သူ၏ဧည့် ဆေးလုံးဆရာ အဖြစ် ဝင်ငွေအပြင် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ရရှိလာသော စိတ်စွမ်းအင် ကျောက်တုံး တစ်ရာသာ ပါရှိလေသည်။
မိုဝူကျီကို အနည်းငယ် စိတ်ချမ်းသာ စေသည်က တည်းခိုခန်းတွင် ကိုယ်ပိုင် အခန်းပို ပါရှိခြင်း ဖြစ်သည်။ ဧည့်သည်များ အတွက် ထိုအခန်းငယ်သည် ဆေးလုံး ဖော်စပ်ဖို့ မလိုအပ်လျှင်ပင် သူတို့၏ အိမ်မွေးသားရဲများ ထားရန်၊ ပန်းပဲနှင့် အခြားသော လုပ်ငန်းဆိုင်ရာ များတွင် အသုံးပြု နိုင်လေသည်။
မိုဝူကျီက ထိုအခန်းငယ်ကို ဆေးဖော်စပ်ရန် မဟုတ်ဘဲ သူ၏ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို ဖော်စပ်ရန်သာ ဖြစ်၏။ သူ့ဆေးဖော်စပ်ရေး ကိရိယာများကို ယူလာသည့် အကြောင်းရင်းပင် ဖြစ်သေး၏။ မိုဝူကျီသည် သူ့ဆေးကို ညဘက်တွင် ဖော်စပ်ရန် ရည်ရွယ်ထားပြီး နေ့ဘက်တွင် သူ့ချီသွေးကြောများ ဖွင့်ရန် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်သို့ သွားရန် ကြံထားလေသည်။ ထိုသည်က အချိန်ကို ကောင်းစွာ အသုံးချခြင်း ဖြစ်လေ၏။
သူ ပါရှိလာသော ပစ္စည်းများကို တည်းခိုခန်းတွင် ထားပြီးနောက် မိုဝူကျီ ပထမဆုံး လုပ်သော အရာကား အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်သို့ သွားရောက်ခြင်း မဟုတ်ပေ။ ယန်ချင်ယင်သည် ဤနေရာတွင် လျှပ်စီး အခန်းများ ရှိကြောင်း ပြောဖူး၍ သူတို့သည် သေချာပေါက် ရှိလိမ့်မည်။ ထို့အစား သူလုပ်သည့် ပထမဆုံးအရာက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးဖော်စပ်ရန် ဆေးပင်များ သွားဝယ်ခြင်း ဖြစ်သည်။ သူ့တွင် ပုလင်း အနည်းငယ်သာ ကျန်ရှိတော့၍ ထိုပုလင်းများက သူ့အတွက် မလုံလောက်တော့ချေ။
ကျင့်ကြံသူတို့၏မြို့ ဖြစ်သောကြောင့် မိုဝူကျီ လိုအပ်သော ဆေးပင်များမှာ အဆင့်နိမ့် ဆေးပင်များ ဖြစ်နေသော အချက်အပြင် သူ့အတွက် လိုအပ်သည်များ ရှာရန် အချိန်များစွာ မသုံးခဲ့ရပေ။ နှစ်နာရီ၊ သုံးနာရီအတွင်း သူ့ဆေး ဖော်စပ်ခြင်း စတင်ရန် အားလုံး ပြင်ဆင် ပြီးသွားလေပြီ။ ဤတစ်ကြိမ်တွင် သူသည် ဆေးပင် အသုတ် သုံးဆယ်နီးပါး ဝယ်ယူခဲ့လေသည်။
ယခုတွင် ဝိညာဉ် လမ်းကြောင်းဖွင့် ဖော်စပ်သည်က ထမင်းစား ရေသောက် သကဲ့သို့ လွယ်ကူနေလေပြီ။ ထို့အပြင် သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေး ရောက်နေပြီ ဖြစ်၍ သူ့အာရုံစိုက်မှုကား အရင်ကထက် တိုးတက် လာလေ၏။ တစ်ညအတွင်း သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် ၁၅ ပုလင်းကို ထုတ်လုပ်နိုင်ခဲ့သည်။ သူဆီမှာ ကျန်ရှိနေသော ၇ ပုလင်းနှင့် ပေါင်းလျှင် သူ့တွင် စုစုပေါင်း ၂၂ ပုလင်း ရှိလေပြီ။
အလင်းရောင် စတင် ဝင်ရောက် လာသည်နှင့် ဆေးဖော်စပ်ခြင်းကို ရပ်တန့် လိုက်လေ၏။ သူက ထိုင်ကာ စတင်ကျင့်ကြံ လိုက်တော့သည်။ တစ်ညတာလုံး မအိပ်စက် ရသေးသော်ငြား နှစ်နာရီ ကျင့်ကြံ လိုက်ရုံဖြင့် မိုဝူကျီ၏ တက်ကြွမှုတို့ကား ပြန်လည် ရောက်ရှိလာလေသည်။
ရိုးရှင်းသော မနက်စာ စားပြီးသော နောက်တွင် မိုဝူကျီက ဆေး ၂၂ ပုလင်းလုံးကို ယူကာ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်သို့ ဦးတည် သွားတော့သည်။
အခွင့်များများ ရှိပါက မိုဝူကျီသည် မကျင့်ကြံခင် ချီသွေးကြောများကို ဖွင့်နိုင်သလောက် များများ ဖွင့်ထားရန် ဆုံးဖြတ် လိုက်လေသည်။
ကျင့်ကြံသူများ အတွက် ဝိညာဉ် လမ်းကြောင်းများ ဖွင့်ခြင်းသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ထဲမှ အဆင့်ကဏ္ဍ တစ်ခု ဖြစ်လေ၏။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်း သွားသောအခါ ဝိညာဉ် လမ်းကြောင်းများက အသေ ဖြစ်သွားပြီး ထပ်ဖွင့်၍ မရတော့ပေ။ ကျင့်ကြံသူက သူ၏ ကျင့်ကြံခြင်းများကို ဖြုန်းတီးရန် ရွေးချယ်မှသာ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သို့ နောက်တစ်ကြိမ် ထပ်ကြိုးစားလိမ့်မည်။ သို့သော်လည်း အရူးပင် ထိုသို့ လုပ်မည် မဟုတ်။
မိုဝူကျီ အမြင်အရ ကျင့်ကြံသူတို့၏ မြို့အနေနှင့် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ကား စွန်ဖျားမြို့တွင် အစည်ကားဆုံး ဖြစ်လေသည်။ ထိုနေရာကား အဆမတန် ကြီးမား ကျယ်ဝန်းလေ၏။ ချန်လောင်မှာ ရှိသည့်ထက်ပင် ပိုကြီးမားလိမ့်မည်။
သို့သော်လည်း မိုဝူကျီက အင်မော်တယ် လေ့ကျင့်ရေး မျှော်စင် အပြင်ဘက်သို့ ရောက်လာသော အခါ အကျယ်အဝန်းမှာ ချန်လောင်မှာ ရှိသည့်အရာနှင့် နှိုင်းယှဉ်စရာ ဘာမှ မရှိကြောင်း တွေ့လိုက်ရ၏။ အံ့အားသင့်စရာ ကောင်းသော တစ်ခုမှာ အပြင်ဘက်တွင် ချိတ်ဆွဲထားသော ‘စွန်ဖျားမြို့ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်’ ဟူသော ကြီးမားသည့် ရွှေရောင်စာလုံး ငါးလုံး ဖြစ်လေ၏။
မြေနေရာကား ကျဉ်းကာ လူအများအပြား သွားလာ နေသောကြောင့် နေရာကား အလွန် ရှုပ်နေလေသည်။ အလယ်တွင် မီတာ ၁၀၀ လောက်မြင့်သော မျှော်စင် ရှိလေသည်။ အောက်ခြေက ကျယ်၍ မျှော်စင်က အနည်းငယ် ဖောင်းကားဟန် ရှိနေသည်။
မိုဝူကျီက ကမ္ဘာမြေမှာ ရှိစဉ်က မိုးမျှော်တိုက်များကို ကျင့်သားရနေသည့် အတွက် မီတာ ၁၅၀ မရှိသော မျှော်စင်ကား သူ့အတွက် အံ့ဩစရာ မဟုတ်ချေ။
မျှော်စင်အနီးသို့ လျှောက်လာသည့် အခါ မိုဝူကျီက တံခါး အပြင်ဘက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို တွေ့လိုက်ရ၏။ ထိုဆိုင်းဘုတ်ကား အခန်းများ၏ ဈေးနှုန်းများကို ဖော်ပြ ထားလေသည်။ မိုဝူကျီသည် ယန်ချင်ယင် ပြောဖူးသော ဒြပ်စင်ငါးမျိုး၏ အခန်းများ သာမက ဓားရေး အခန်း၊ မြေဆွဲအား အခန်းနှင့် မျောလွင့် အခန်းတို့ပါ တွေ့လိုက်ရသေး၏။
စိတ်ကူးယဉ် ဆန်ဆန် သို့မဟုတ် စိတ်မကူး ကြည့်နိုင်သော အရာများ အားလုံးကား ဤနေရာတွင် ရှိ၏။ မိုဝူကျီက ဈေးနှုန်းများကို ကြည့်လိုက်သော အခါ သူ့စိတ် လှုပ်ရှားမှုက တစ်ဝက်လောက် ပြုတ်ကျ သွားလေ၏။ ဈေးအချိုဆုံး အခန်းပင် စိတ်စွမ်းအင် ကျောက်တုံး ၁၀တုံးနှင့် အထက် ရှိလေသည်။ ဈေးအကြီးဆုံးကား စိတ်စွမ်းအင် ကျောက်တုံး ရာချီ၍ လိုအပ်ပေ၏။ ဓားရေးအခန်း အတွက်ကား တမူထူးကာ တစ်ရက်တာ အတွက် အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး ၃၀၀သာ ပေးဖို့ လိုအပ်လေသည်။
မိုဝူကျီက အခန်းဈေးများကို အကြမ်းဖျင်း ဖတ်ရှုလိုက်ပြီး မကြာခင်တွင် လျှပ်စီး အခန်းကို တွေ့ရှိ သွားတော့သည်။
လျှပ်စီးအခန်း၏ ဈေးနှုန်းကို မြင်လိုက်သော အခါ သူ့အသက်ရှူနှုန်းပင် အေးခဲ သွားတော့သည်။ ဈေးနှုန်းကား တစ်ရက်စီလိုက် မဟုတ်ဘဲ တစ်နာရီစီ တွက်ချက်၍ ပေးဆောင်ရမည် ဖြစ်နေသည်။ တစ်နာရီတွင် အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး ၁၀တုံး လိုအပ်ကာ သူတွင် ရှိနေသော အရေအတွက်နှင့် ချိန်ကြည့်ပါက ဆယ်နာရီသာ တတ်နိုင်လေသည်။
ခဏတာ တွေဝေနေပြီး နောက်တွင် မိုဝူကျီက အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ထဲ ဝင်ရန် ရွေးချယ် လိုက်တော့သည်။ အကယ်၍ သူက တစ်ယောက်တည်း ဖြစ်နေလျှင် သူသည် စွန့်စွန့်စားစား လျှပ်စီး မိကျောင်းသာ သွားရှာလိမ့်မည်။ သို့သော်လည်း ယခု သူ့တွင် ယန်အာ ရှိနေသောကြောင့် လျှပ်စီးမိကျောင်းကို အမဲလိုက်ရန် အချိန်မရှိပေ။ ထို့အပြင် သူတွင် ရွေးချယ်မှု ရှိပါက အသက်စတေး ရမည့် အရာများကို မရွေးချယ်ချေ။ စိတ်စွမ်းအင် ကျောက်တုံးများက အသက် ရှိနေသရွေ့ ရှာလို့ရလေ၏။ အသက်ကား ထိုသို့ မဟုတ်ပေ။ သူက အထောက်အပံ့ ဆေးလုံးများ ရရှိထားသော အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်နေလေပြီ။ ထိုအရာများနှင့် စိတ်စွမ်းအင် ကျောက်တုံးများကို လဲလှယ်၍ ရနိုင်လေ၏။
“ကျွန်တော် လျှပ်စီးအခန်းကို နှစ်နာရီ သုံးမယ် ” မိုဝူကျီက ဂရုတစိုက် စိတ်စွမ်းအင် ကျောက်တုံး ၂၀ ကို ထုတ်လိုက်ပြီးတော့ ပေးချေရမည့် နေရာတွင် ချပေးလိုက်သည်။
သူ တစ်ခါက ဖတ်ဖူးသော ဆောင်းပါးမှ “ဝိုင် နွေးနွေး နှစ်ခွက် နဲ့ သီဟိုဠ်စေ့ တစ်ပန်းကန် .... ကြေးကိုးပြားကို လှမ်းပေး လိုက်တယ် ” ဟူသော စာပိုဒ်ကို အမှတ်ရ လိုက်သေး၏။
(ထိုသည်က တရုတ်မော်ဒန် စာပေ ရေးသားသော လုရွှမ်၏ ကဗျာ ဖြစ်လေသည် )
မိုဝူကျီက ရုတ်တရက် ခုံးယီကျီကဲ့သို့ စိတ်အခြေအနေထဲ နစ်မြုပ်သွားလေ၏။ ခုံးလူကြီးမျိုး သူသည် ထိုကျောက်တုံး ၂၀ ကို စိတ်ခံစားချက် နက်ရှိုင်းစွာဖြင့် ပေးလိုက်တော့သည်။
“လျှပ်စီးအခန်းက စရန် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀ ထားဖို့ လိုတယ် မင်းရဲ့ နာရီအပေါ် မူတည်ပြီးတော့ ကျန်စိတ်စွမ်းအင် ကျောက်တုံးတွေကို ပြန်ပေးမယ်” ကောင်တာနောက်မှ အသံက ခံစားချက်မရှိ ထွက်ပေါ်လာလေသည်။ စရန်တောင် ပေးဖို့ လိုသေးတာလား
မိုဝူကျီ၏ လန့်ဖျပ် သွားသည့် မျက်နှာကို ကြည့်ပြီး ဘေးမှ လူက ဝင်ပြော လိုက်လေ၏။
“ညီလေး ဒါက မင်းအတွက် ပထမဆုံး အကြိမ် မလား ဒီနေရာက အားလုံးမှာ စရန်တွေ လိုတယ်ကွ မင်းက ကျောက်စိမ်းပြားကို ရွေးပြီးတော့ ကျောက်စိမ်းပြားထဲမှာ စိတ်စွမ်းအင် ကျောက်တုံးတွေ စရန် ထားလို့ရတယ် နောက်ကျ ရိုးရိုးတန်းတန်း ကျောက်စိမ်းပြား သုံးပြီး ပေးရုံပဲ ”
မိုဝူကျီက သူ့အား အလျင်အမြန် ကျေးဇူး တင်လိုက်ကာ သူ့အိတ်ထဲမှ စိတ်စွမ်းအင် ကျောက်တုံး အားလုံးကို ထုတ်ပေး လိုက်တော့သည်။ ကံကောင်းလှစွာ သူတွင် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀ အတိ ရှိနေလေသည်။ မဟုတ်လျှင် ခရီးကား အလကား ဖြစ်တော့မည်။
စိတ်စွမ်းအင် တစ်ရာကို လှမ်းပေးပြီး နောက်တွင် ကောင်တာက လူက မိုဝူကျီကို ကျောက်စိမ်းပြား ထုတ်ပေးလေသည်။ တစ်ချိန်တည်းတွင် သူက အေးစက်စက် ပြောလိုက်သေး၏။
“တံခါးမြောင်းထဲ ကျောက်စိမ်းကို ထည့်လိုက်ပြီတော့ မင်းထွက်လာရင် စိတ်စွမ်းအင် ကျောက်တုံးနဲ့ လဲဖို့ ကျောက်စိမ်းပြားကို ပြန်လာပေး ဒါမှမဟုတ်ရင် မင်း အချိန်ပို သွားရင် နောက်ထပ် စိတ်စွမ်းအင် ကျောက်တုံး ထပ်ပေး ”
“ဒီက မိတ်ဆွေ ကျွန်တော့်ကို စိတ်စွမ်းအင် ကျောက်တုံး သုံးတုံးလောက် ချေးလို့ ရမလား ကျွန်တော့မှာ ၉၇ တုံးပဲ ပါလာလို့ စရန်ပေးဖို့ မလောက်လို့ပါ စိတ်မပူပါနဲ့ ကျွန်တော်က နှစ်နာရီပဲ လေ့ကျင့်မှာပါ အဲဒါပြီးရင် စရန်ပြန်ထုတ် ပြီးတော့ ပေးမယ်လေ ” အသံက မိုဝူကျီ နားထဲ ဝင်လာလေ၏။ မိုဝူကျီ လှည့်ကြည့် လိုက်သောအခါ ၁၃ နှစ် ၁၄ နှစ် လောက်အရွယ်ရှိ လူငယ်က သူ့အား အားကိုးတကြီး ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။
အပြင်ပန်း အားဖြင့် ထိုလူငယ်သည် သူ စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်ပေး လိုက်သည်ကို တွေ့လိုက်ရကာ သူ့တွင် ကျန်ရှိသေးနေကြောင်း ထင်၍ ဖြစ်နိုင်၏။
မိုဝူကျီ၏ အတွေ့အကြုံအရ ထိုလူငယ်တွင် အမှန်တကယ် စိတ်စွမ်းအင် ကျောက်တုံးသုံးတုံး လိုအပ်နေလေ၏။ ထိုလူငယ်၏ စိတ်အား ထက်သန်နေသော မျက်လုံးကို ကြည့်ကာ ပြောနိုင်သည်။ အကယ်၍ သူ့မှာ စိတ်စွမ်းအင် ကျောက်တုံးများ အပိုရှိနေလျှင် ထိုလူငယ်လေးအား ချေးငှား ဖြစ်လိမ့်မည်။ ကံဆိုးလှစွာ မိုဝူကျီတွင် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးမျှ မကျန်ရှိတော့ပေ။ သူက လူငယ်လေးကို အားနာစွာ ပြောလိုက်တော့ လေသည်။
“အားနာပါတယ် ကျွန်တော့်မှာ တစ်ရာကွက်တိပဲ ပါလာတာ”
သူက စကားဆုံးသည်နှင့် ပတ်ဝန်းကျင်မှ မထီမဲ့မြင် အကြည့်တွေ တွေ့လိုက် ရလေသည်။
လူငယ်လေး၏ မျက်လုံးတွင်လည်း စိတ်ပျက်မှုများ ကြီးစိုးနေလေသည်။ သူသည် မိုဝူကျီက အကြောင်းပြချက် ရှာနေသည်ဟုသာ တွေးနေလိမ့်မည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူကမှ ဝင်မပြောကြပေ။
“ငါ မင်းကို စိတ်စွမ်းအင် ကျောက်တုံး သုံးတုံး ကူညီပေးမယ် ” ဆွဲဆောင်မှု ရှိသော အသံက ထွက်ပေါ်လာပြီး လူငယ်လေး၏ လက်ထဲသို့ စိတ်စွမ်းအင် သုံးတုံး ရောက်လာလေသည်။
ထိုသည်က လူငယ် တစ်ယောက် ဖြစ်ကာ မိုဝူကျီပင် ထိုသူ၏ ရုပ်ရည်ကို တိတ်တဆိတ် ချီးမွမ်းမိ သွားသည်။ သူက ခန့်ညားရုံ သာမက သူ့အသံသည်လည်း ဆွဲဆောင်မှု ရှိကာ နှစ်သက်ဖွယ် ကောင်းလှသည်။ သူ့မျက်နှာကိုပင် ကြည့်နေစရာ မလိုတော့ပေ။ သွေးသွယ် လှပသော လက်ကပင် အမျိုးသမီး များစွာ၏ အားကျမှုကို ခံရလိမ့်မည်။
အကယ်၍ ကမ္ဘာပေါ်မှာ ဆိုလျှင် ထိုလူသည် မျက်နှာလေးနှင့်တင် အလွယ်တကူ ပိုက်ဆံ ရှာနိုင်လိမ့်မည်။
ထိုသူ့ဘေးတွင် မိန်းမလှလေး တစ်ယောက် ရှိနေပြီး သူမ မျက်လုံးများကား မိုဝူကျီကို အထင်သေးဟန် ကြည့်နေလေ၏။
မိုဝူကျီက ခေါင်းကို ခါလိုက်ပြီး ထိုကိစ္စကို စိတ်ထဲ မထားတော့ပေ။ သူက လက်ထဲမှ ‘လျှပ်စီးအခန်း (၁) ’ ဟု ရေးထားသော ကျောက်စိမ်းပြားကို ကြည့်မိလိုက်သည်။
***