← Chapters

လျဲ့ယု၏ ကံကြမ္မာ

Vol. 35 Ch. 483

လျဲ့ယု၏ ကံကြမ္မာ

Vol. 35 Ch. 483

သင်္ဘောတစ်ခုလုံးမှာ ထိတ်လန့်ဖွယ် ဇာတ်ကြောင်းများနှင့် ပြည့်နှက်နေကာ သွေးများမှာ ချောင်းငယ် တစ်ခု သဖွယ် စီးဆင်းနေ၏။ လေထုက မှုန်ရီအုံ့စိုင်းနေကာ စိမ်းရွှင်ရွှင် သွေးနံ့များမှာ နေရာအနံ့ ဖြန့်ကျက်ထားသည်။ ယခု သင်္ဘောတစ်ခုလုံးပေါ်တွင် အသက် ရှင်ကျန်ရစ်သူ ဆို၍ ရွှေလင်းဟယ်၊ လျဲ့ယု၊ လုံချန်နှင့် ဟယ်ယန်းလဲ့တို့သာ ကျန်ရှိပေတော့သည်။

လုံချန်မှာ လက်ဖနှောင့်များ နာကျင်သည် အထိ ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့၏။ သူက အရူး တစ်ယောက် မဟုတ်လေရာ ရန်သူကို မည်သို့မှ မယှဥ်နိုင်ကြောင်း နားလည်ထားသည်။ အကယ်၍ သူ တစ်ယောက်တည်းသာ ဆိုပါက မတုန့်မဆိုင်းပင် ထွက်ပြေးနေလောက်ပြီ ဖြစ်သည်။

ပထမ၌ အောင်မြင်စွာ နောက်ဆုတ်နိုင်ရန် အတွက် ဝှက်ဖဲများ အပေါ်တွင် သူ အပြည့်အဝ ယုံကြည်ချက် ရှိခဲ့သော်လည်း လက်တွေ့တွင်တော့ အရာအားလုံးက ‌‌ရေပေါ် အရုပ်ရေးသလို ပျောက်ကွယ်သွားခဲ့သည်။ သူ၏ တိုက်ခိုက်ရေး အ‌‌ဆောင်မှာ လောကနယ်မြေ ကြီးကြပ်သူ၏ ထိန်းချုပ်မှုကို ခံခဲ့ရကာ အပြင်းထန်ဆုံး တိုက်ခိုက်မှုမှာလည်း ရှောင်တိမ်းခြင်း ခံခဲ့ရသည်။

ပုံမှန်အားဖြင့် အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူများမှာ ရန်သူအပေါ် ဟင်းလင်းပြင် အမှတ်အသား ချန်ရစ်သာ ထိုအမှတ်အသားကို လိုက်၍ တိုက်ခိုက်နိုင်သည် ဆိုသော်လည်း ထိုအရာက အာကာသ ပဲ့တင်သံလှိုင်း အရေအတွက် တူသူများ အပေါ်တွင် မထိရောက်သလောက် ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ မြင့်မားသူများနှင့် ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

ဟယ်ယန်းလဲ့မှာ အာကာသ ပဲ့တင်သံလှိုင်း ကိုးခုကို ပိုင်ဆိုင်ထားသည့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် ပုံမှန် နည်းဗျူဟာများကို ဟယ်ယန်းလဲ့ အပေါ်တွင် အသုံးပြု၍ မရချေ။ သူ၏ တိုက်ခိုက်မှုက ဟယ်ယန်းလဲ့ အပေါ် တိုက်ရိုက် ကျသွားဖို့ မျှော်လင့်ချက် တစ်ခုတည်းသာ သူ့တွင် ရှိခဲ့သည်။

သို့သော်လည်း မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ကို မည်ကဲ့သို့ လျှော့တွက်၍ ရမည်နည်း။ မြေဆွဲအား စွမ်းအင်မှာ အစွမ်းထက်ပါသည် ဆိုသည့် အော်ရာများကိုပင် ပုံပျက်သွားအောင် လမ်းကြောင်း ပြောင်းပစ်နိုင်စွမ်း ရှိသည်။ ဟယ်ယန်းလဲ့မှာ ကျင့်ကြံခြင်း အခြေခံ အားသာချက်ကို သုံးကာ လောကသခင် တစ်ပါးကိုပင် သတ်ဖြတ်ပစ်နိုင်သည့် လုံချန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ ယခုဆိုလျှင် သူက လျဲ့ယုကိုပင် ထိန်းချုပ်ထားခဲ့ပြီ ဖြစ်သည်။

လုံချန်မှာ ဓားရိုးကို တင်းတင်းဆုပ်ကိုင်ရင်း ဟယ်လန်းလဲ့ကို မျက်တောင် မခပ် ကြည့်နေခဲ့၏။ ယခုအချိန်တွင် သူ့ အတွက် အလိုအပ်ဆုံးက ထိုလူယုတ်မာကို သတ်ဖြတ်ကာ လျဲ့ယုကို ကယ်တင်နိုင်ဖို့ ဖြစ်သည်။ သို့သော်လည်း အစွမ်းအထက်ဆုံး ဝှက်ဖဲ နှစ်ခု ဆုံးရှုံးသွားပြီး နောက်တွင် ရန်သူကို အရူးတစ်ယောက်လို တိုက်ခိုက်ရန် သူ ဆန္ဒ မရှိပါချေ။

ပထမ တစ်ကြိမ် အဖမ်းခံခဲ့ရတုန်းကလိုပင် ဆုံးရှုံးမှု အနည်းဆုံးဖြင့် လွတ်မြောက်မည့် အချိန်ကို ရောက်သည် အထိ အကျဥ်းသား တစ်ယောက် အနေဖြင့် စောင့်ဆိုင်းရန် သူ ရည်ရွယ်ထားပေသည်။

“မင်းက ငါ့ကို ဘယ်လိုသတ်ရမလဲ တွေးနေတာလား... ဒါမှမဟုတ် မင်း ကောင်မလေးကို ဘယ်လို ကယ်ရမလဲ တွေးနေတာလား... တကယ် ယောက်ျားကောင်းပဲ... ဒါပေမဲ့ ကံမကောင်းတာက ငါ့ကို သတ်ချင်နေတဲ့ လူတွေက ဒီလောကကြီးမှာ မရေမတွက်နိုင်အောင် များလွန်းတယ်... အဲဒီအထဲမှာ မင်းထက် အများကြီး ပိုပြီး အစွမ်းထက်တဲ့လူတွေပါ အပါအဝင်ပေါ့... ဒါပေမဲ့ နောက်ဆုံး ဘာဖြစ်သွားလဲ... ကောင်းကောင်းမွန်မွန်နဲ့ ငါ ဆက်ပြီး အသက်ရှင်နေသေးတယ်လေ”

ဟယ်ယန်းလဲ့က လှောင်ပြောင်ဟန်နှင့် ရယ်မောလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် သူက လျဲ့ယုကို ငုံ့ကြည့်ကာ လက်ခလည်ဖြင့် သူမ၏ ငယ်ထိပ်ကို ဖိလိုက်၏။

“ရပ်စမ်း...”

လုံချန်က မီးတဝင်းဝင်း တောက်လောင်နေသည့် မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။ အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်မည် ဆိုပါက ဟယ်ယန်းလဲ့မှာ ထိုနေရာတွင်ပင် အပိုင်းပိုင်း ပြတ်တောက် နေလောက်ပြီ ဖြစ်သည်။

လျဲ့ယုမှာ ဟယ်ယန်းလဲ့၏ အေးစက်စက် လက်ချောင်းကို ခံစားမိသည်နှင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွား၏။ သူမ၏ မျက်လုံးများက တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်သွားကာ စကားပြောရန် ကြိုးပမ်းလိုက်၏။ ကံမကောင်းစွာပင် သူမ၏ လည်ချောင်းမှာ တစ်ခုခုဖြင့် ပိတ်ဆို့ထားခြင်း ခံရသည့် အလား ခြောက်ကပ်နေလေရာ မည်သည့် အသံမှ ထွက်ပေါ် မလာခဲ့ချေ။

“မင်း ဘာလိုချင်တာလဲ...”

လုံချန်က အံကို တင်းတင်းကြိတ်ရင်း မေးလိုက်၏။

“ဒါကမှ နားဝင်ချိုသာသေးတယ်”

ဟယ်ယန်းလဲ့၏ အပြုံးက ပိုမို၍ ညင်သာလာ၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ခြေကျင်းနှင့် လက်ထိပ်တစ်စုံကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ ဟောင်းနွမ်းနေကာ သံချေးများပင် တက်နေပုံ ပေါ်၏။ ၎င်းတို့ အပေါ်၌ မည်သည့် သင်္ကေတမျှ မရှိသလို ထူးဆန်းသည့် အမှတ်လက္ခဏာများလည်း မရှိပါချေ။ ၎င်းတို့က သေမျိုးများ အသုံးပြုသည့် ပုံမှန် အချုပ်အနှောင်များ အတိုင်းပင် ဖြစ်သည်။

"ဒါတွေကို သုံးပြီး မင်းကိုမင်း ချည်နှောင်လိုက်”

ဟယ်ယန်းလဲ့က တောင်းဆိုလိုက်၏။

“ ... “

လုံချန်၏ မျက်လုံးများက အပ်ပေါက်များ အလား ကျဥ်းမြောင်းသွားသည်။ ဟယ်ယန်းလဲ့မှာ သူ့ထံမှ နောက်ထပ် ဝှက်ဖဲများ ထွက်ပေါ်လာမည်ကို ကြောက်နေသလော။ သို့မဟုတ် အခြား အကြောင်းပြချက် တစ်ခုခု ရှိနေသလော...။

သံချေးတက်နေသည့် ခြေကျင်းနှင့် လက်ထိပ်များကို ကြည့်ရင်း လုံချန်မှာ ကျောရိုးများထဲ အထိ စိမ့်ဝင်သွားသည့် ခံစားချက် တစ်မျိုးကို ခံစားလိုက်ရ၏။

“ငါ အချုပ်အနှောင် ခံလိုက်မယ် ဆိုရင် မင်းသူ့ကို လွှတ်ပေးမယ် ဆိုတာ ဘယ်လို သိနိုင်မှာလဲ”

သူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“မလုပ်နဲ့ ပြေးပြေး...”

လျဲ့ယုက စိတ်ထဲမှ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ ယခုအချိန်၌ သူမ ဖြစ်စေချင်တာ တစ်ခုတည်းသာ ရှိပေသည်။ ထိုအရာက လုံချန် သူမကို ချန်ထားကာ ထွက်သွားဖို့ပင်။ အဖမ်းခံကတည်းက သူမ၏ အသက်က ဟယ်ယန်းလဲ့၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လုံချန်ကတော့ ထွက်ပြေးလျှင် လွတ်မြောက်ရန် အခွင့်အရေး အပြည့်အဝ ရှိနေသေးဆဲ ဖြစ်သည်။ မိမိကိုယ်ကို ချုပ်နှောင်ခိုင်းခြင်းကို ထောက်ချင့်ပါက ဟယ်ယန်းလဲ့ လုံချန်းအား သတိထားနေသည်မှာ ပေါ်လွင်ပေသည်။

“မင်း ယုံ‌အောင် ငါက ဝိညာဥ်ကျိန်ဆိုပြမယ် လို့ တွေးနေတာလား... မင်းက အဲဒီလောက် မထိုက်တန်ဘူး ဆိုတာ ကိုယ့်ကိုယ်ကို မသိဘူးလား”

ဟယ်ယန်းလဲ့က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း လက်သည်းကို လျဲ့ယု၏ ငယ်ထိပ်ကို ထိုးစိုက်လိုက်၏။ ရဲရဲနီသည့် သွေးများက ဦးခေါင်းတစ်လျှောက် စီးကျလာကာ သူမ၏ မျက်လုံးများမှာ ဦးခေါင်းအတွင်း လှိမ့်ဝင်လု နီးနီးပင် ဖြစ်သွားခဲ့သည်။

“မလုပ်နဲ့... ရပ်လိုက်... ငါ... ငါ လုပ်မယ်”

လုံချန်မှာ ယခင်က မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတောင်းပန်ခဲ့ဖူးချေ။ သို့သော်လည်း လျဲ့ယု သေဆုံးမည့် အရေးကိုတော့ သူ မလျစ်လျူနိုင်ပါချေ။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း ခြေကျင်းနှင့် လက်ထိပ်များကို ကောက်ယူကာ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များပေါ်သို့ တင်လိုက်၏။ ရုတ်ချည်းပင် ၎င်းတို့မှာ ကျုံ့ဝင်သွားကာ သူ့ခန္ဓာကိုယ်ကို အံဝင်ခွင်ကျင် ချုပ်နှောင်လိုက်၏။

"ဒါက ဘာလဲ...”

လုံချန် စိတ်ထဲမှ မေးခွန်းထုတ်လိုက်မိ၏။ လက်ရှိအခြေအနေက အဆိုးတကာ့ အဆိုးဆုံး ဖြစ်နေသည့်တိုင် မသေဆုံးသေးသမျှ အဖြစ်အပျက်များကို ပြောင်းပြန်လှန်ရန် သူ့တွင် ယုံကြည်ချက် ရှိပေသည်။ သူ့ဘဝတွင် ထိုထက် ပိုမို ဆိုးရွားသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လိမ္မာ ပါးနပ်မှု၊ ရဲစွမ်းသတ္တိတို့နှင့် အတူ ယနေ့အထိ ရောက်အောင် သူ ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့သည်။

သူ ဝူပိုင်ကျိုးနှင့် အတူ သင်္ချိုင်း တစ်ခုထဲတွင် ပိတ်မိခဲ့သည်။ ထိုနေ့တွင်ပင် သူ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို စတင် ကျင့်ကြံကာ ကျင့်ကြံခြင်း ခရီးလမ်းကို စတင်နိုင်ခဲ့သည်။

ကောင်းကင်အုပ်စိုးသူ ဆင့် ဝူကျိုးနှင့် ရင်ဆိုင်ခဲ့ရစဥ် အခါက သူ၏ကျင့်ကြံခြင်း အခြေခံမှာ ချီပျစ်ခဲခြင်း အဆင့် တွင်သာ ရှိနေခဲ့သည်။ သို့သော်လည်း သူ ကောင်းမွန်စွာ လွတ်မြောက်နိုင်ခဲ့သည်။

မြေအောက်ဥမင်တစ်ခုထဲတွင် ရက်ပေါင်းများစွာ ကြာအောင် အစာရေ အငတ်ငတ် အပြတ်ပြတ်ဖြင့် ပိတ်မိနေခဲ့စဥ် အခါတုန်းကလည်း ညစ်ပတ်ပေရေနေသည့် အနက်ရောင် လက်စွပ်တစ်ကွင်းကို သူ တူးဖော် ရရှိခဲ့သည်။ ထိုနေ့စဥ်တွင်ပင် သူ့ဘဝ တစ်ခုလုံး ပြောင်းလဲသွားခဲ့ကာ အမှိုက်ဘဝမှ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်လာခဲ့သည်။

လောကကြီးမှာ ဖြစ်နိုင်ချေ အမျိုးမျိုးနှင့် ပြည့်နှက်နေသည်။ ဟုန်ရုပင်လျှင်  သေဆုံးပြီးနောက် ဒုတိယမြောက် ပြန်လည် ရှင်သန်နိုင်ခဲ့သည်။

ဘဝတွင် အရေးအကြီးဆုံးက ဒုက္ခများ၊ ကပ်ဘေးများနှင့် ကြုံတွေ့သည့် အခါ ဘယ်တော့မှ လက်မလျှော့ဖို့ ဖြစ်သည်။

“ဘယ်တော့မှ... ဘယ်တော့မှ...”

လုံချန် စိတ်ထဲမှ ထပ်တလဲလဲ ရေရွတ်လိုက်၏။ သူကိုယ်တိုင်နှင့် လျဲ့ယုကို ကယ်တင်နိုင်မည့် နည်းလမ်း တစ်ခုကို သူ ရှာဖွေ တွေ့ရှိပေလိမ့်မည်။ ဟယ်ယန်းလဲ့ကို သတ်ဖြတ်ကာ ပိုမို ကြီးမားသော အကျိုးအမြတ်များကို ဆောင်ကျဥ်း နိုင်ပေလိမ့်မည်။ လုံချန် လျဲ့ယု၏ မျက်လုံးများကို စိုက်ကြည့်ရင်း တည်ငြိမ်ကာ သက်တောင့်သက်သာ ရှိသည့် အပြုံးတစ်ခု ပြုံးပြလိုက်၏။

“မစိုးရိမ်နဲ့.... ဘာတို့ အဆင်ပြေသွားလိမ့်မယ်”

အတွေးချင်း ချိတ်ဆက်နေသည့် အလား လျဲ့ယုမှာ လုံချန် ပြောချင်နေသည့် စကားလုံးများကို ထိုအပြုံးမှ တစ်ဆင့် အကုန်အစင် သိလိုက်၏။ လွတ်မြောက်ရန် ယုံကြည်ချက် အပြည့်ရှိသည့် မျိုးစေ့ တစ်ခုက သူမ၏ နှလုံးသား အတွင်း မွေးဖွားလာကာ သူမ၏ အတွေးများမှာ တည်ငြိမ်သွားခဲ့၏။

“ရှင် ကျွန်မကို ဘယ်တော့မှ ပစ်မသွားဘူး ဆိုတာ ကျွန်မ သိတယ်... နောက်ပြီး ကျွန်မ ရှင့်ကို နှလုံးသား တစ်ခုလုံးနဲ့ ယုံကြည်တယ်... ကျွန်မတို့ နှစ်ယောက် အတူ လွတ်အောက် ထွက်ပြေးကြမယ်... ကျွန်မတို့ နှစ်ယောက် အတူတူ ဆက်ပြီး အသက်ရှင်ကြမယ်”

လုံချန်၏ မျက်ဝန်းများကို ကြင်နာစွာဖြင့် ငေးမောရင်း လှပသည့် အပြုံးတစ်ခုမှာ သူမ၏ နှုတ်ခမ်းထက်၌ ပေါ်ထွက်လာ၏။ တစ်ယောက်အတွက် တစ်ယောက် ရှိနေသေးသရွေ့ အဆိုးရွားဆုံး အခြေအနေများကို အဘယ်ကြောင့် မဖြတ်ကျော်နိုင်ရမည်နည်း။

ဟယ်ယန်းလဲ့က ကိုယ့်ကိုယ်ကို သံကြိုးများဖြင့် ပြန်လည် ချည်နှောင်လိုက်သည့် လုံချန်ကို ကြည့်ကာ အံ့သြသွားခဲ့၏။ အကယ်၍ သူသာ တူညီသည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါက အခြားသူ တစ်ယောက် အတွက် ဘယ်တော့မှ ကိုယ့်ကိုယ်ကို အနစ်နာခံလိမ့်မည် ဟုတ်ချေ။

“ပထမတော့ မင်းကို အရူးလို့  ခေါ်တာ မခံချင်အောင် သက်သက်ပဲ... မင်းက တကယ့်ကို အရူး ဖြစ်နေတာ ငါ ခုမှ သိတယ်”

ဟယ်ယန်းလဲ့က ရယ်မောလိုက်ရင်း လျဲ့ယု၏ ခန္ဓာကိုယ်ကို သူနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ‌ရောက်အောင် ဆွဲလှည့်လိုက်၏။ ပထမဆုံး သူ သတိထားမိလိုက်သည်က ပြင်းပြသည့် ယုံကြည်ချက် အလင်းတန်းတို့ဖြင့်င့် တဖိတ်ဖိတ် တောက်ပနေသည့် မိန်းကလေး၏ မျက်လုံးများပင် ဖြစ်သည်။

“ခဏပဲစောင့်... နင်နဲ့ ထိုက်တန်ကာ နင်ရလိမ့်မယ်”

ထိုမျက်လုံးများမှ တစ်ဆင့် သူမ၏ အတွေးများကို သူ ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။ ဟယ်ယန်းလဲ့မှာ အနည်းငယ် အံ့သြသွားခဲ့၏။ လက်ရှိ အခြေအနေတွင်ပင် ထိုမိန်းကလေးမှာ လုံချန်က သူမကို ကယ်တင်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေပုံ ပေါ်သည်။

“မင်းတို့ နှစ်ယောက်က တစ်ခုခုပဲကွ”

ဟယ်ယန်းလဲ့က မနိုင်ဟန်ဖြင့် ရေရွတ်လိုက်ရင်း လက်ကို ဖြည်းညင်းစွာ မြှောက်၏။ သူ၏ လက်သည်းများက အလွန်ပင် ထက်မြိနေကာ နေ‌ရောက်အောက်တွင် တလက်လက် တောက်ပနေသည်။

“သိပ်မနာပါဘူး...”

ဟယ်ယန်းလဲ့က လျဲ့ယုကို ထူးဆန်းစွာပင် ပြုံးပြလိုက်၏။ ထို့နောက် တုန့်ဆိုင်းမနေတော့ပဲ ချွတ်ထက်နေသည့် လက်သည်းများကို သုံးကာ လျဲ့ယု၏ ရင်ဝကို ရက်ရက်စက်စက်ပင် ထိုးဖောက်လိုက်လေတော့သည်။

***

All Chapters