← Chapters

နောက်ဆုံး စကားလုံး

Vol. 35 Ch. 484

နောက်ဆုံး စကားလုံး

Vol. 35 Ch. 484

ဟယ်ယန်းလဲ့က လက်ကို လျဲ့ယု၏ ရင်ဘတ်ထဲမှ ဖြည်းညင်းစွာပင် ပြန်လည် ဆွဲထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုများက ညင်သာ ချောမွေ့နေကာ ထိုအတွက် အသေအချာ လေ့ကျင့် ပြင်ဆင်ထားသလိုပင်။ ထို့နောက် သူက အသေအချာပင် လက်ထဲတွင် ပါလာသည့် လျဲ့ယု၏ တဒိတ်ဒိတ် ခုန်နေဆဲ ဖြစ်‌သော နှလုံးသားကို လေ့လာလိုက်သည်။

“တကယ့်ကို ရေနဂါးနွယ်ဖွား နှလုံးသားပဲ...”

ပန်းနုရောင် ထိုအစိတ်အပိုင်းအတွင်းမှ နီလာ‌‌ရောင် သွေးပြန်ကြောများကို သတိပြုမိသော အခိုက်၌ သူ့ အသံက အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွား၏။

လျဲ့ယု၏ မျက်လုံးများကတော့ ပြူးကျယ် မနေသလို ထိတ်လန့် တုန်လှုပ်နေခြင်းလည်း မရှိပါချေ။ သူမက အသံတစ်ချက်ပင် မပြုပဲ ငြိမ်သက်စွာပင် ဟယ်ယန်းလဲ့၏ လက်ထဲမှ ထူးဆန်းသော အစိတ်အပိုင်းလေးကို စိုက်ကြည့်နေခဲ့၏။

ဒိတ်... ဒိတ်... ဒိတ်...

စည်းချက် ညီညီ တုန်ခါသံများမှာ ထိုနှလုံးသားထံမှ အဆက်မပြတ် မြည်ဟီးနေ၏။ တစ်ချိန်တည်း၌  ၎င်းထံမှ ထွက်ပေါ်နေသည့် အော်ရာကို သူမ အလွန် ရင်းနှီးပေသည်။ မွေးဖွားလာသည့် နေ့မှ စတင်၍ ထိုအသံ၊ ထိုစည်းချက်၊ ထိုအော်ရာတို့ဖြင့် သူမ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။

“ငါ့... ငါ့ရဲ့...”

ထိုအခိုက်တွင်ပင် ခန္ဓာကိုယ်က တောင့်တင်းလာကာ ကြွက်သားများမှာ ခွန်အားများကို ဆုံးရှုံးသွားသလို သူမ ခံစားလိုက်ရ၏။ ဖြည်းညင်းစွာပင် သူမ၏ မျက်ခွံများက အလွန်အမင်း လေးလံလာသည်။ သူမ၏ ခန္ဓာကိုယ်မှာ စတင်ကာ သေနေခဲ့ပြီ ဖြစ်သည်။ သူမ သေနေချေပြီ။

“လျဲ့... လျဲ့ယု...”

လုံချန်က ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်၏။ ရင်ဘတ်တစ်ခုလုံး ဟောင်းလောင်းပေါက်ကာ နှလုံးသားကို အရှင်လတ်လတ် ထုတ်ယူခံလိုက်ရသည့် လျဲ့ယု၏ မြင်ကွင်းက သူ၏ စိတ်ထဲ နှလုံးသားထဲ ဝိညာဥ်ထဲထိ စွဲထင်နေ၏။ သူလက်ကို ဆန့်ထုတ်ကာ တစ်စုံတစ်ရာကို ဖမ်းဆုပ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဘာကိုမှ မဖမ်းမိခဲ့။

“မဟုတ်ဘူး... မဟုတ်ဘူး... လျဲ့ယု... ငါ...”

ဝံပုလွေ၏ လက်သည်းဖျားများ အကြားတွင် အပိုင်းပိုင်းပြတ်လျှက် သေဆုံးသွားသည့် ဟုန်ရု၏ မြင်ကွင်းက သူ့ စိတ်အတွင်း ပြန်လည် ပေါ်လာခဲ့၏။ အကူအညီကင်းမဲ့မှု၊ မုန်းတီးမှု၊ နာကျည်းမှု... မည်သည်ကို ခံစားရမှန်း သူ နားမလည်နိုင်ခဲ့။

လျဲ့ယုမှာ မှုန်ရီရီ အသံတစ်ခုကို ကြားလိုက်ရ၏။ သူမက မျက်လုံးများကို အားတင်းကာ ဖွင့်ရင်း အသံလာရာကို ကြည့်လိုက်ရာ လက်နှစ်ဖက်ကို ဆန့်တန်းထားသည့် လုံချန်ကို ခပ်ဝါးဝါး လှမ်းတွေ့လိုက်ရသည်။ သူ့မျက်ဝန်းတွင် မျက်ရည်များ တသွင်သွင် စီးကျနေကြောင်း သူမ ခံစားနိုင်ပေသည်။

“အဲဒါက ငါ့နှလုံးသားပေါ့...”

ထိုအရာက အဖြစ်အပျက် တစ်ခုလုံး ပြီးဆုံးပြီးနောက်တွင် လျဲ့ယုထံမှ ပထမဆုံး ထွက်ပေါ်လာသည့် အတွေး ဖြစ်သည်။ အံ့အားသင့်ဖို့ ကောင်းစွာပင် ထိုအခိုက်၌ မည်သည့် ‌ကြောက်ရွံ့မှုမှ သူမ၏ စိတ်ထဲတွင် ရှိမနေခဲ့။

“ငါ သေတော့မှာလား...”

ရုတ်တရက် လျဲ့ယုမှာ နောင်တရသလို ခံစားလိုက်ရ၏။

ယခုထက် ပို၍ မသန်မာခဲ့သည့် အတွက် သူမ နောင်တရသည်။

ယခုထက် ပို၍ မကြိုးစားခဲ့မိသည့် အတွက် သူမ နောင်တရသည်။

ယခုလောက် မြန်မြန် သေဆုံးသွားခြင်း အတွက် သူမ နောင်တရသည်။

ကလေးမယူခဲ့တာကို သူမ နောင်တရသည်။

ပိုမို အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းများကို မြင်တွေ့ခွင့် မရနိုင်တော့သည့် အတွက် သူမ နောင်တရသည်။

“အိမ်ကို ငါ သတိရလိုက်တာ...”

ငယ်ဘဝ အမှတ်တရများမှာ တစ်ခုပြီး တစ်ခု သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ အမေ၊ အဖေ၊ ဝမ်းကွဲ မောင်နှမများ၊ နောက်ပြီး သူငယ်ချင်းများ၊ ရေပဲ့တင်သံဂိုဏ်းရှိ ပြိုင်ဘက်များ...။ သူမ အရာအားလုံးကို ပိုင်ဆိုင်ခဲ့သည်။ လှပမှု၊ ပါရမီ၊ ခွန်အား... နောက်ပြီး များစွာ များစွာ...။

ထိုစဥ်ကာလများက ဝူတိုင်းပြည်တွင် သူမ၏ နာမည်က အလွန် ကျော်ကြားခဲ့သည်။ အနန္တ ကုန်းမြေတိုက်ကြီးပေါ်ရှိ မရေမတွက်နိုင်သည့် ပုရိသများမှာ သူမကို နတ်မိမယ်လေး တစ်ပါး သဖွယ် တန်ဖိုးထားခဲ့သည်။ သူမ မိန်းမတိုင်း၏ မနာလို အားကျခြင်းကို ခံခဲ့ရသည်။ သူမတွင် မပြည့်နိုင်သော လိုအင် ဆန္ဒ ဟူ၍ မရှိခဲ့။ မပိုင်ဆိုင်နိုင်သည့် ရတနာ ဟူ၍ မရှိခဲ့။

ထို့နောက် သူမက လုံချန်နှင့် တွေ့ဆုံခဲ့သည်။ ထိုလူငယ်မှာ မာကျောသည့် မျက်နှာပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည့် ဥက္ကာခဲ တစ်ခု အလား သူမ ဘဝကို အဆုံးမဲ့ ပြောင်းလဲမှုများနှင့် ကြုံတွေ့စေခဲ့သည်။

သူမ သူနှင့် အတူ အနန္တ ကုန်းမြေတိုက်ကြီး အနှံ့ သွားရောက် လည်ပတ်ခဲ့သည်။ သူမ တောင့်တခဲ့ရသည့် စွန့်စားခန်းများကို စတင်ခဲ့သည်။ မိုးကုပ်စက်ဝိုင်းကို သူမ ချဲ့ထွင်ခဲ့ကြသည်။ တစ်ခါမှ စိတ်ကူး မယဥ်ခဲ့ဖူးသည့် ကြယ်တာရာ အမြုတေ အဆင့်ကိုပင် သူမ ရောက်ရှိခဲ့သည်။

သူမ ပျော်ရွှင်ခဲ့ပါသည်။ သူနှင့် ဖြတ်သန်းခဲ့သမျှကို သူမ ပျော်ရွှင်ခဲ့ပါသည်။ လျဲ့ယု၏ အတွေးများမှာ ဆွတ်ပျံ့ လွမ်းဆွတ်ဖွယ် အမှတ်တရများနှင့် ပြည့်နှက်နေ၏။

အတွေးများက စိတ်အာရုံအတွင်း ပိတ်မိနေစဥ်တွင် သူမ၏ နှလုံးသားမဲ့သော ခန္ဓာကိုယ်က ကြမ်းပြင်ပေါ် ဖြည်းညင်းစွာ လဲပြိုကျသွားသည်။ သူမ၏ ခန္ဓာကိုယ်လေးမှာ သင်္ဘောကုန်းပတ်ပေါ်တွင် ပျော့ခွေ၍ ပုံရက်သား ကျနေကာ မျက်လုံးများမှာ မိုးကောင်းကင်ကို အသက်မဲ့စွာ ငေးမောကြည့်နေခဲ့၏။

“ယုအာ... ယုအာ...”

လုံချန်က လျဲ့ယုကို ပြေးပွေ့ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူ့ခြေထောက်များက သံခြေကျင်းများ၏ ခတ်နှောင်မှုကို ခံထားရရာ ပေအနည်းငယ်သို့ ရောက်သည်နှင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ သူ အရှက်တရားကိုပင် သတိမထားနိုင်တော့ပဲ တွားသွားကာ လျဲ့ယုအနားသို့ ချည်းကပ်ရန် ကြိုးပမ်းလိုက်၏။

မကြာခင်မှာပင် သွေးများ အိုင်ထွန်းနေသည့် လျဲ့ယု၏ ခန္ဓာကိုယ် အနားသို့ သူ ရောက်ရှိလာခဲ့သည်။ တစ်ချိန်က ချစ်ရည်လွှမ်းခဲ့သည့် မိန်းကလေး၏ နီလာရောင် မျက်ဝန်းများက ယခုတွင် အသက်မဲ့လုနီးနီး အထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လှပသည့် မျက်နှာလေးကို ထိတွေ့ရန် ကြိုးပမ်းလိုက်သော်လည်း လုံချန်၏ လက်ချောင်းများက လမ်းခုလတ်တွင်ပင် တုန့်ဆိုင်းသွားသည်။ သူ ဖြည်းညင်းစွာပင် ဟယ်ယန်းလဲ့ကို လှည့်ကြည့်လိုက်၏။

“မင်း ဘာလုပ်လိုက်တာလဲ...”

လုံချန်၏ လေသံက အေးစက် ခြောက်ကပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ သူ၏ အနက်ရောင် မျက်ဝန်းများကတော့ ရန်သူ၏ အသွင်အပြင်ကို နှလုံးသား၏ အနက်ရှိုင်းဆုံးထဲထိ မှတ်ကျောက်တင်နေသည့် အလား မမှိတ်မသုန် စူးစိုက်ကြည့်နေသည်။

ဟယ်ယန်းလဲ့မှာ ရေနဂါးနွယ်ဖွား နှလုံးသားကို အာရုံစိုက်နေခဲ့၏။ ထိုမျှ ရှားပါးသည့် ရတနာ တစ်မျိုးကို အဆင့်နိမ့် ကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့ချေ။ ၎င်းက သူ၏ စွမ်းအင် ထောက်ပံ့မှု အောက်တွင် ဆက်လက် တုန်ခါကာ အပြည့်အဝ အသက်ဝင်နေဆဲ ဖြစ်သည်။ ဟယ်ယန်းလဲ့ မိုးပြာရောင် မျက်ဝန်းများကို ပင့်တင်ရင်း လုံချန်ကို လှမ်းကြည့် လိုက်၏။

“သတ်လိုက်တာလေ... ဘာဖြစ်လို့လဲ”

သူက ပေါ့ပေါ့ပါးပါးပင် ပြုံးရင်း အဖြေပေးလိုက်၏။ သူ၏ အမူအရာက မိန်းကလေး၏ အသက်ကို ပုရွက်ဆိတ် တစ်ကောင်လောက်ပင် သဘောထားပုံ မရချေ။

“ဒါပေမဲ့ စိတ်မပူပါနဲ့... မင်းက အဆုံးမဲ့ ကျိန်စာ အချုပ်အနှောင်ကို ဝတ်ဆင်ရဲမှတော့ မကြာခင် သူ့နောက်ကို လိုက်သွားရမှာပါဂ

လုံချန် ဝတ်ဆင်ထားသည့် ခြေကျင်းနှင့် လက်ထိပ်များမှာ အစွမ်းထက် ကျင့်ကြံသူများကိုပင် သေမျိုးအဖြစ် လုံးဝ ပြောင်းလဲပစ်နိုင်သည့် ရှေးဟောင်း ရတနာများ ဖြစ်သည်။ ထို့အပြင် ၎င်းအချုပ်အနှောင်ထဲတွင် လက်ဆင့်ကမ်း ပေးခဲ့သူ၏ အမိန့်ကို လိုက်နာပါမည် ဆိုသည့် ကျိန်စာ မျိုးစေ့တစ်ခုကိုပါ သယ်ဆောင်ထားသည်။ ၎င်းတို့ကို ဝတ်ဆင်လိုက်သည်နှင့် ကျိန်စာက ချွင်းချက်မရှိ အကျိုးသက်ရောက်လိမ့်မည် ဖြစ်သည်။

“သူ့ကို ရိုက်လိုက်စမ်း...”

ဟယ်ယန်းလဲ့က ပြုံးရင်း အမိန့်ပေးလိုက်သည်။  လုံချန်မှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ တစ်စုံတစ်ရာကို ပြောဆိုရန် သူ ဟန်ပြင်လိုက်စဥ်မှာပင် စိတ်အာရုံ တစ်ခုလုံးမှာ ပြိုကျသွားသည်။

ဖျောင်...

ရုတ်ချည်းပင် သူ့လက်မှာ ထိန်းချုပ်မှုက ကင်းလွတ်သွားကာ လဲကျနေသည့် လျဲ့ယု၏ မျက်နှာကို ဖျတ်ရိုက် လိုက်၏။ သို့သော်လည်း ထိုရိုက်နှက်မှုတွင် ခွန်အား မပါလေရာ မည်သည့် ထိခိုက်မှုမှတော့ မဖြစ်ခဲ့ချေ။

“ဘာလဲ... ငါ ဘာလို့ သူ့ကို ရိုက်လိုက်တာလဲ...”

ထိတ်လန့်မှုနှင့် တုန်လှုပ် ချောက်ချားမှုများမှာ လုံချန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ ဟယ်ယန်းလဲ့က ထိုမြင်ကွင်းကို ကြည့်ကာ ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ဥပဒေသမျိုးစေ့က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်... အဲဒါကို ထုတ်ယူဖို့ ငါ မစောင့်နိုင်တော့ဘူး”

ထိုအခိုက်တွင်ပင် လျဲ့ယုထံမှ အသက်မျှင်းမျှင်း မှုတ်ထုတ်သံ တစ်ခု ထွက်ပေါ်လာ၏။ သူမ၏ မျက်လုံးလေးများက တခဏတာမျှ အသက်စွမ်းအင်ဖြင့် ပြန်လည် တောက်ပလာသည်။ လုံချန်၏ ရိုက်နှက်မှုက သူမ၏ နောက်ဆုံးသော အသက်အင်အားကို နိုးကြားသွားစေခဲ့ခြင်း ဖြစ်သည်။ မျက်လုံးများကို ဖြည်းညင်းစွာ ရွေ့လျားလိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် လုံချန်ကို တွေ့မြင်လိုက်ရ၏။ မျက်ရည်များက သူ့ ပါးပြင်ထက်တွင် အဆုံးမဲ့စွာ စီးဆင်းကျနေခဲ့လေသည်။

“ရှင် ကျွန်မ အတွက် ငိုနေတာလား... ကျွန်မ အသက်က အဲဒီလောက် အဖိုး မတန်ပါဘူး”

အလွန် လှပသော အပြုံး တစ်ခုမှာ သူမ၏ မျက်နှာထက်၌ ဖြည်းညင်းစွာ ဖွဲ့စည်းလာ၏။ ထိုအပြုံးကို မြင်မိပါက ယောက်ျား မိန်းမ မည်သူမဆို နှလုံးသား တစ်ခုလုံး ပြိုဆင်းသွားလိမ့်မည် ဖြစ်သည်။ သူမက နောက်ဆုံး လေကို ခန္ဓာကိုယ်ထဲမှ မှုတ်ထုတ်လိုက်၏။

“ကျွန်မ... ကျွန်မ... ချစ်”

လုံချန်က သူမကို ပွေ့ဖက်လိုက်ရင်း မျက်နှာလေးကို ညင်သာစွာပင် ပွတ်သပ်ပေးလိုက်၏။ သူ၏ လက်များက ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီ၍ပင် နေသည်။

“ယုအာ... မင်း အသက်ရှင်နေသေးတယ်ပေါ့နော်... ငါ မင်းကို သေခွင့် မပြုဘူး... တစ်နေ့ မင်းကို ပြန်ခေါ်မယ် လို့ ငါ ကတိပေးတယ်... ဘာတွေပဲ ဖြစ်ဖြစ် ငါ လက်မလျှော့ဘူး... ဟုန်ရုတောင် ပြန်လာနိုင်သေးရင် မင်းလည်း ပြန်လာနိုင်မှာပဲ”

လုံချန် ကောင်းကင်၊ မြေကြီးနှင့် နတ်ဘုရားများထံတွင် တိုင်တည်ကာ ကျိန်ဆိုလိုက်၏။ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ... သူ လျဲ့ယုကို ရအောင် ပြန်ခေါ်မည် ဖြစ်သည်။

ဟယ်ယန်းလဲ့က လျဲ့ယု၏ ခန္ဓာကိုယ်ကို သွေးမြူအဖြစ် ပြောင်းလဲ၍ သင်္ဂြိုဟ်ပေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝိညာဥ်အာရုံ သူ့စိတ်အတွင်း ဝင်ရောက်လာ၏။ တိုက်ပွဲကို ပုန်းကွယ်ကာ ကြည့်နေသည့် လူအိုကြီးထံမှပင်။ သူက မတုန့်မဆိုင်းပင် သွေးကြောကဲ့သို့ သင်္ကေတများ ရှိနေသည့် ထူးဆန်းသော အနက်ရောင် သေတ္တာလေးကို ထုတ်ယူလိုက်၏။ ထို့နောက် ဂရုတစိုက်ပင် လျဲ့ယု၏ နှလုံးသားကို ထို သေတ္တာလေး အတွင်း ထည့်သွင်းလိုက်သည်။

ထိုအချင်းအရာများ ဖြစ်ပျက်နေစဥ်တွင် စွမ်းအင် အပိုင်းအစ တစ်ခုမှာ လျဲ့ယု၏ ခန္ဓာကိုယ် အတွင်း တောက်ပလာ၏။ ယင်းက ထူးပြား ဆန်းကြယ်၍ တိတ်ဆိတ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်း သတိမထားမိပဲ ရှိနေခဲ့သည့် အင်အား တစ်ခုပင် ဖြစ်သည်။ အခြားလူများ အနေဖြင့် ၎င်းကို အာရုံခံနိုင်လိမ့်မည် မဟုတ်သော်လည်း လျဲ့ယုကတော့ မြင်တွေ့နိုင်ပေသည်။ သူမ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားကာ နောက်ဆုံး အခိုက်အတန့်တွင် ထိုစွမ်းအားကိုသာ အာရုံရောက် သွား၏။

“ဝေ့ဝူယင်...”

နာမည်တစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် အသက်လိပ်ပြာမှာ သူမ၏ ခန္ဓာကိုယ်မှ အပြီးတိုင် ထွက်ခွာသွားလေတော့၏။

“ ... “

လုံချန်၏ အတွေးများမှာ အေးခဲသွား၏။ အတွေးများသာ မက.. သူ၏ ဝင်သက်ထွက်သက်၊ သူ၏ နှလုံးခုန်သံ၊ အဆုပ်ထဲရှိ လေထု၊ အစာအိမ်ထဲရှိ အက်စစ်... အရာအားလုံး အေးခဲသွားခဲ့ခြင်း ဖြစ်သည်။ သူ ထိုနေရာတွင်ပင် အသိစိတ် လွတ်ကာ ဒူးထောက်လျှက် ငေးကြောင်နေမိ၏။

နှလုံးသားကို ထူးဆန်သည့် သေတ္တာလေး အတွင်း ထည့်သွင်း သိမ်းဆည်းပြီးနောက် ဟယ်ယန်းလဲ့က လုံချန်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချရင်း သတိလစ်နေသည့် ရွှေလင်းဟယ်၏ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်သည်။  ပြီးသည်နှင့် သူက လုံချန်နှင့် လျဲ့ယုတို့၏ အလောင်းကို လျစ်လျူကာ အဝေးသို့ ပျံသန်း သွားလေတော့၏။

လုံချန်မှာ လျဲ့ယု၏ အလောင်းကိုသာ ငေးမောနေမိ၏။ သူမ၏ နှုတ်ဖျားမှ နောက်ဆုံး ထွက်ပေါ်လာခဲ့သည့် စကားလုံးက ထိုတစ်ယောက်ပင် ဖြစ်နေခဲ့သည်လား။

***

All Chapters