← Chapters

လျဲ့ယု၏ အဆုံးသတ်

Vol. 35 Ch. 485

လျဲ့ယု၏ အဆုံးသတ်

Vol. 35 Ch. 485

လျဲ့ယု ထွက်သက်ကို မှုတ်ထုတ်လိုက်သည့် တစ်ချိန်တည်းမှာပင်... မိုင်ပေါင်း သိန်းချီကွာဝေးသည့် အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းထဲ၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ သူက တောက်ပသည့် ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“သူ့ခန္ဓာကိုယ်ထဲမှာ ငါချန်ထားခဲ့တဲ့ စွမ်းအင် အပိုင်းအစက ပျောက်ကွယ်သွားပြီ... သူ သေသွားတာလား”

လွန်ခဲ့သည့် သုံးလေးနှစ် လျဲ့ယုကို ကယ်တင်ခဲ့စဥ် အခါက ဝေ့ဝူယင် ဝိညာဥ် အင်အား အနည်းငယ်ကို သူမ၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းကာ နဂါးသွေးမျိုးဆက်အား လေ့လာရန် ချန်ရစ်ခဲ့ဖူးသည်။ ထိုစွမ်းအင် အပိုင်းအစမှာ လွန်ခဲ့သည့် မိနစ်ပိုင်းတွင် မတည်မငြိမ် ဖြစ်နေရာမှာ ယခုတွင်တော့ အပြီးတိုင် ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။

“အဲဒီ အချိန်တွေတည်းက လျဲ့ယုဆီ ကပ်ဘေးတစ်ခု လာနေတာ ငါ သတိထားမိခဲ့တယ်... အဲဒီ အ‌ကြောင်းကို လုံချန်ကို ငါပြောပြခဲ့သေးတာပဲ... သူက မယုံခဲ့တာတော့ ဘာတတ်နိုင်မှာလဲလေ.. ငါ လှုပ်ရှားသင့်လား“

သူ့အတွက် လျဲ့ယု၏ အရေးပါပုံကို ပြန်လည် ဆန်းစစ်ရင်း ဝေ့ဝူယင် နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်၏။ သို့သော်လည်း နဂါးသွေးမျိုးဆက် တစ်ခုမှ လွဲ၍ သူတို့ နှစ်ယောက် အကြားတွင် မည်သည့် ဆက်စပ်မှု တစ်ခုတစ်လေမှ ရှိမနေခဲ့ချေ။ အဆုံးသတ်၌ ထိုတာဝန်ကို လုံချန် အတွက်သာ ထားရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ ဘာပဲ ဖြစ်ဖြစ်... သူမက သူ့မိန်းမ ဖြစ်နေသည် မဟုတ်ပါလား။

…

လျဲ့ယု သေဆုံးပြီး ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ ခုတင်စွန်းတွင် ထိုင်နေခဲ့၏။ အိပ်ယာပေါ်တွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် လှပသည့် မိန်းကလေး သုံးယောက် ရှိနေခဲ့သည်။ သူတို့ထဲမှ နှစ်ယောက်မှာ အယ်ဗန်များ ဖြစ်ကာ တစ်ယောက် သာလျှင် လူသား ဖြစ်ပေသည်။

လျဲ့ယုသေဆုံးသည့် နေ့မှ စတင်၍ ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးက မှုန်မှိုင်း နေခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်းမှာပင် သူ ချန်ထားခဲ့သည့် ဝိညာဉ်အင်အား အပိုင်းအစထံမှ တစ်ဆင့် လျဲ့ယု သေဆုံးမှုနှင့် ပတ်သက်သည့် အချက်အလက်နှင့် အတွေးစ အချို့ကို သူ ရရှိပြီး ဖြစ်သည်။

ဝေ့ဝူယင် ခုတင်ထက်မှ ထကာ အခန်း အပြင်ဘက်သို့ လျှောက်လာခဲ့၏။ လက်တစ်ဖက်ကို ဝှေ့ယမ်းရုံဖြင့် အဖြူရောင် တော်ဝင်သားတော် အဝတ်အစားက သူ့ ခန္ဓာကိုယ်ထက်တွင် ပေါ်လာခဲ့သည်။ အချိန် ကြာလာသည်နှင့် အမျှ သူ အဖြူရောင် ဝတ်ရသည်ကို ကျင့်သားရလာခဲ့သည်။ ဘာပဲဖြစ်ဖြစ်… သူက အနက်ရောင်ကို ပိုမို နှစ်ခြိုက်နေဆဲ ဖြစ်သည်။

မကြာခင်မှာပင် မရေမတွက်နိုင်သည့် ဝင်္ကပါများ ကာကွယ်ထားသည့် အခန်း တစ်ခုထဲကို ဝေ့ဝူယင် ရောက်ရှိ လာခဲ့၏။ အခန်း အလယ်ရှိ လေ့လာရေး စားပွဲ ပေါ်တွင်တော့ နှလုံးသား ပျောက်ဆုံးနေသည့် အလောင်း တစ်လောင်း ရှိနေခဲ့သည်။ ထိုအလောင်းကတော့ လျဲ့ယုပင် ဖြစ်လေသည်။

လျဲ့ယု သတ်ဖြတ်ခံရမှု အပေါ်  ဝေ့ဝူယင် ဘာမှ ဝင်မစွက်ဖက်ခဲ့သည့်တိုင် နာရီ အနည်းငယ် ကြာမြင့်ပြီး နောက်တွင်တော့ ဘုရားကျောင်း၏ အဖွဲ့ဝင် အနည်းငယ်ကို စုံစမ်းစစ်ဆေးရေး အတွက် စေလွှတ် ခဲ့သည်။ သူ၏ အဓိက ရည်ရွယ်ချက်က လုံချန်၏ ကံကြမ္မာကို သိရှိရန် ဖြစ်သော်လည်း ဘုရားကျောင်း အဖွဲ့ဝင်များမှာ လျဲ့ယု၏ အလောင်းကိုသာ ယူဆောင်၍ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူတို့က မိန်းကလေး၏ အလောင်းမှာ အဆုံးမဲ့ ကျယ်ပြန့်သည့် ဘေးဥပဒ် ပင်လယ်ထက်၌ လှေငယ်တစ်စင်းနှင့် အတူ  မြောပါနေခြင်း ဟု ဆိုကြသည်။

ဝေ့ဝူယင်ထံသို့ ရောက်ရှိချိန်တွင် အဆိပ်အတောက်လေများ၏ တိုက်စားမှုကြောင့် သူမ၏ ခန္ဓာကိုယ်က အသွေးအသားများ ကြွေကျကာ မူယင်း ပုံစံပင် ပျက်ရွင်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်က ကိုယ်ပိုင် နည်းလမ်းများကို သုံးကာ သူမ၏ ခန္ဓာကိုယ်ကို ပျောက်ဆုံးနေသည့် နှလုံးသားမှ လွဲ၍ မူယင်း ပုံစံ ပြန်ရအောင် ပြုပြင်ခဲ့ပြီး ဖြစ်သည်။

"တစ်ယောက်ယောက်က မင်းရဲ့ နှလုံးသားကို ယူသွားတယ်ပေါ့လေ… ဒါပေမဲ့ ဘာအတွက်လဲ… ဘာကြောင့်လဲ"

အိပ်ပျော်နေဟန် ရသည့် လျဲ့ယု၏ ဖြူဖပ်ဖြူရော် မျက်နှာကို ကြည့်ရင်း ဝေ့ဝူယင်က ရေရွတ်လိုက်၏။ သူ ပို၍ စိတ်ရှုပ်ထွေးမိသည်က မိန်းကလေး၏ သေဆုံးခြင်း ဖြစ်သည်။

လျဲ့ယု၏ သေဆုံးမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် အချို့ကို ဝိညာဉ်အင်အားထံမှ သူ ရရှိခဲ့သည် ဆိုသော်လည်း ၎င်းတို့က အသေးစိတ် တိတိကျကျကြီးတော့ မဟုတ်ချေ။ သူမ၏ အတွေးစ အချို့နှင့် နောက်ဆုံး စကား ထိုမျှလောက်သာ ဖြစ်သည်။

မိန်းကလေးမှာ နောက်ဆုံး အချိန်တွင် သူ့နာမည်ကို ရေရွတ်ခဲ့သည် ဆိုသော်လည်း လိုရာစွဲ၍ တွေးရလောက်အောင် သူ ဘဝင် မရူးသေးပါချေ။ သူမ ခန္ဓာကိုယ်ထဲရှိ သူ့ ဝိညာဉ်အင်အားကို သတိထားမိ သောကြောင့် တုန်လှုပ်သွားခြင်းမျှသာ ဖြစ်ပေသည်။

လုံချန်၏ ဘေးနားရှိ မိန်းကလေးမျာထဲတွင် လျဲ့ယုမှာ သူနှင့် ထိတွေ့ ဆက်ဆံမှု အနည်းဆုံး တစ်ယောက် ဖြစ်သည်။ သူမက ဝူပိုင်ကျိုးလိုမျိုး လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုများနှင့် လုံချန်ကို ပတ်သက်ခဲ့သူ မဟုတ်လေရာ သူ့ အပေါ် အကြွင်းမဲ့ သစ္စာ ရှိသည်။ အကယ်၍ ဤလောကတွင် လုံချန်ကို မိဘများထက်ပင် ပို၍ ချစ်မြတ်နိုးနိုင်သူ တစ်ယောက် ရှိခဲ့မည် ဆိုလျှင် ထိုတစ်ယောက်က လျဲ့ယုသာ ဖြစ်ပေလိမ့်မည်။

ပထမ၌ လုံချန်မှာ ဟုန်ရုကို ကယ်တင်ခဲ့သလိုမျိုး လျဲ့ယု၏ ဝိညာဉ်ကို ထိန်းသိမ်းထားခဲ့လိမ့်မည်ဟု သူ ယုံကြည်ခဲ့သေးသည်။ သို့သော်လည်း အလောင်းကို ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့် စစ်ဆေးပြီးနောက်တွင်တော့ သူမ၏ ဝိညာဉ်က အဆုံးတိုင် ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။ သူမကား လုံးဝ သေဆုံးသွားခဲ့ချေပြီ ဖြစ်သည်။

ဖြစ်ပျက်ခဲ့သမျှက ရိုးရှင်းသယောင် ထင်ရသော်လည်း ကြားထဲတွင် ဟာကွက်များ ရှိနေကြောင်း ဝေ့ဝူယင် သိရှိပေသည်။  ကောင်းချီးခံများ၏ ကမ္မတန်ဖိုးများမှာ သူ ချစ်ရသည့် လူများ အပေါ်တွင်မှာပါ သက်ရောက်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်က လျဲ့ယုမှာ လုံချန်၏ ကမ္မတန်ဖိုး အချို့ကို ယူကာ ကန့်သတ်ချက်ဘောင် အတွင်း ရှိနေသည့် ကပ်ဘေးများကို ကျော်လွှား နိုင်စွမ်း ရှိသည်။

"ဒီကပ်ဘေးက တအား မြင့်မားလွန်း နေလို့လား…"

ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း တီးတိုး ရေရွတ်လိုက်မိ၏။

အနက်ရောင် အရိုးစု၏ အဆိုအရဆိုလျှင် သူ လုံချန်၏ ဓားချက်အောက်တွင် သေဆုံးရမည့် သူ၏ ကံကြမ္မာမှာ ကမ္မတန်ဖိုး မလုံလောက်ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းက လူသောင်းပေါင်းများစွာထံမှ ကမ္မတန်ဖိုးများကို ခိုးယူကာ သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လျဲ့ယု၏ အလောင်းကို ကြည့်ရင်း ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်၏။ ကြည့်ရသည်က သူမ၏ နောက်ဆုံးစကားက လုံချန်အတွက် အထင်လွဲစရာများ ဖြစ်လာခဲ့ဟန် ရသည်။

ကြားထဲတွင် ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့... သူမ၏ အလောင်းကို အနန္တ ကုန်းမြေတိုက်ကြီးပေါ်သို့ ပြန်သယ်သွားကာ ဝေ့ဝူယင် သင်္ဂြိုဟ်ပေးမည် ဖြစ်သည်။ သွေးသားချင်း ဆက်စပ်မှု မရှိသည့်တိုင် နဂါးသွေးမျိုးဆက် တစ်ယောက် အနေဖြင့် သူမ၏ ဝိညာဥ်ကို ဝေ့ဝူယင် ငြိမ်းချမ်းစွာ အနားယူစေလိုသည်။

လျဲ့ယု၏ သေဆုံးမှုကို မြင်လိုက်ရခြင်းက မကြာခင်တွင် ရင်ဆိုင်ရတော့မည့် ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကို ဝေ့ဝူယင်အား အမှတ်ရစေသည်။ သူ ကိုယ်တိုင်လည်း ထိုကပ်ဘေးအား လွတ်မြောက်နိုင် မလွတ်မြောက်နိုင် အတတ် မပြောနိုင်ချေ။ သူမ ကဲ့သို့ပင် အချိန်မရွေး သေဆုံးသွားနိုင်ပေသည်။

“အချိန်က မျဥ်းတစ်ဖြောင့်တည်း မသွားဘူး... ဘဝမှာ အစစ်အမှန်  နောင်တရစရာ ဆိုတာ မရှိဘူး”

ခရာတို၏ မောက်မာသည့် အသံက ဝေ့ဝူယင်၏ နှလုံးသား အတွင်း ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာ၏။ သူ၏ စကားလုံးများက နက်ရှိုင်းလွန်းသည့် အဓိပ္ပာယ်တစ်ခုကို ဖော်ညွှန်းလိုနေဟန် ရသည့်တိုင် တစ်ချိန်တည်း၌ ပေါက်ကရ လျှောက်ပြောနေသလို အဓိပ္ပာယ် ကင်းမဲ့နေသည်။

“ကျင့်ကြံခြင်း ခရီးလမ်းက အဆုံးအစ မရှိဘူး... လုံချန် ဆက်ပြီး အသက်ရှင်နေသေးသရွေ့ တစ်နေ့မှာ လျဲ့ယုကို ပြန်ပြီး အသက်သွင်းနိုင်တဲ့ အချိန်တစ်ခုကို ရောက်ရှိလာမှာပါ... တကယ်လို့ အချိန်ကို နောက်ပြန်ဆုတ်လို့ ရရင်... တကယ်လို့ နတ်ဘုရားတွေသာ တကယ် တည်ရှိခဲ့ရင်... ဒီအဆုံးမဲ့တဲ့ လောကကမှာ မဖြစ်နိုင်တဲ့ အရာဆိုတာ  ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး”

ထိုအရာက ကျင့်ကြံခြင်း၏ အလှတရားပင် ဖြစ်လေသည်။ ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးခိုးရောင် အလင်းလွှာ တစ်ခုမှာ လျဲ့ယု၏ အလောင်းကို ဖုံးအုပ်သွား၏။

ထို့နောက် သူ သက်ပြင်းတစ်ချက် ချလိုက်ရင်း လေးကန်သည့် ခြေလှမ်းများဖြင့် အခန်းအတွင်းမှ အပြင်သို့ ပြန်လည် ထွက်လာခဲ့သည်။ ကြီးမား ရှည်လျားသည့် နံရံနှင့် ဘုရားကျောင်း၏ တိုင်လုံးကြီးများကို ဖြည်းညင်းစွာ ဖြတ်ကျော်ရင်း ဘဝ၏ မတည်မြဲပုံနှင့် ကောင်းကင်တာအိုပင် သေခြင်းတရားအား မတားဆီးနိုင်ပုံတို့ကို တွေးတော‌နေမိသည်။

“လောကီ ပြန်လည် မွေးဖွားသူက ကောင်းကင်တာအိုဟာ အရာရာကို တားဆီး ကာကွယ် မပေးနိုင်ဘူး ဆိုတဲ့ သက်သေပဲ... မင်းနဲ့ မင်းချစ်တဲ့ လူတွေ အပါအဝင်ပေါ့လေ... ဒီတော့ မင်းကိုယ်မင်းပဲ အားကိုးရမယ်”

ထိုအခိုက်၌ ဝေ့ဝူယင်၏ ပုံရိပ်က အထီးကျန်ဆန်နေကာ လောကကြီးပေါ်တွင် သူ တစ်ယောက်တည်း ကျန်ရှိနေ သကဲ့သို့ပင်။

“အခုဆိုရင် ကျင့်ကြံခြင်း အခြေခံရဲ့ အကြွင်းမဲ့ အကန့်အသတ်ကို ငါ ရောက်ခဲ့ပြီးပြီ... ငါ့အနေနဲ့ နောက်တစ်ဆင့်ကို ခြေချသင့်ပြီ”

အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိပြီးနောက်တွင် သူ ခန္ဓာကိုယ်၊ အသိစိတ် ပင်လယ်၊ အတွင်းအား စွမ်းအင်နှင့် ကြယ်တာရာ ဝိညာဥ်များကို ၎င်းတို့၏ အမြင့်ဆုံး အကန့်အသတ်ထိ ရောက်အောင် ပြန်လည် ပြုပြင်ခဲ့သည်။ သူ ဝိညာဥ်ကွင်း ဆယ်ကွင်း၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခုတို့ကို ပိုင်ဆိုင်နိုင်ခဲ့သည့် အပြင် သာလွန်ခြင်း အဆင့် လောကအလင်း ဆေးရည်ထံမှ တစ်ဆင့် အလင်းအားလုံး၏ မူလကိုပါ နားလည်နိုင်ခဲ့သည်။

ဤသုံးနှစ်တာ ကာလအတွင်းတွင် သူ ကျင့်ကြံခြင်း အခြေခံကို အခိုင်မာဆုံး ဖြစ်အောင် မွမ်းမံနိုင်ခဲ့သည့် အပြင် အစီအရင်များ၊ တိုက်ခိုက်ရေး ကျင့်စဥ်များ၊ နည်းလမ်းများနှင့် ဝင်္ကပါ ပညာရပ်များကိုပါ အာရုံစိုက်ခဲ့သည်။ ၎င်းတို့က သွေးမျိုးဆက် စွမ်းအင်များကို အသုံးပြုခြင်းတို့ကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုများ အပေါ် များစွာ ပိုမို တိုးတက်လာစေခဲ့သည်။ ဤသည်က ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဝေ့ဝူယင် ဘဝ စတင်ခဲ့ပြီးနောက်တွင် အလျှင်မြန်ဆုံးနှင့် အမြင့်မားဆုံး တိုးတက်ခဲ့သည့် အချိန်ကာလလည်း ဖြစ်သည်။

“ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်က ငါ့ရဲ့ နောက်ထပ် ခြေလှမ်းပဲ”

ထိုအခိုက်အတန့်တွင်ပင် သူ၏ ကြယ်တာရာ ဝိညာဥ်များက တစ်ပြိုင်နက်တည်း စိတ်လှုပ်ရှားစွာဖြင့် တုန်ခါသွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ မသိလိုက်ခင်မှာပင် ဝေ့ဝူယင်မှာ အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်း၏ အပြင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ အထီးကျန်စွာဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း အရှိန်တငြီးငြီး ထွန်းလင်းနေသည့် နေကြယ်ကြီးကို ငေးမောလိုက်၏။ ထိုအခိုက်အတန့်တွင်ပင် ကြယ်တာရာ ဝိညာဥ်လေးခုမှာ ကပ်ဘေးအား စတင် ဆင့်ခေါ် လိုက်ကြပြီ ဖြစ်လေသည်။ လောကကြီး၏ မြင်ကွင်းမှာ တဖြည်းဖြည်း စတင်ကာ ပြောင်းလဲ လာခဲ့တော့၏။

***

All Chapters