အလင်းပြန်ခြင်း၏ အစစ်အမှန် အဓိပ္ပာယ်
Vol. 35 Ch. 486
အလင်းပြန်ခြင်း အဆင့်....
ဝိညာဥ်ဆင်းတု အဆင့်နှင့် အာကာ ပဲ့တင်သံ အဆင့်များ ကဲ့သို့ပင် အလင်းပြန်ခြင်း အဆင့်များကို ရလဒ် ကိုးခုဖြင့် ခွဲခြားထားသည်။ ထိုအဆင့်သို့ တက်လှမ်းရန် အတွက် ကျင့်ကြံသူမှာ အလင်းစွမ်းအင်များကို စုပ်ယူ ရမည် ဖြစ်သည်။ သင် စုပ်ယူနိုင်သည့် အလင်း၏ အရည်အသွေးက သင့် ခန္ဓာကိုယ်ထဲရှိ မွေးရာပါ အလင်း စွမ်းအင်ကို ရောင်ပြန်ဟပ်ကာ သင့် အဆင့်ကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။
အခြား ကပ်ဘေးများနှင့် ခြားနားစွာပင် ဤအလင်း ပဥ္စလက် ကြယ်တာရာ ကပ်ဘေးသည် မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်မည့် ကပ်ဘေး ဖြစ်သည်။
ထို့အပြင် ဘာ အသက် အန္တရာယ်မှ မရှိချေ။ အရှင်းလင်းဆုံး ပြောရလျှင်... ၎င်းက စုပ်ယူ ရရှိနိုင်သည့် အလင်းစွမ်းအင်များဖြင့် မူလ အလင်းကို ဖန်တီးကာ သင့် ကြယ်တာရာ ဝိညာဥ်အတွင်းရှိ စွမ်းအင်နှင့် အရည်အသွေးများကို တိုးလာစေခြင်းမျှသာ ဖြစ်သည်။ ထိုအဆင့်ကို ရောက်ရှိသည်နှင့် ကျင့်ကြံသူများမှာ ကြယ်တာရာ အင်အားများကို အရှိန်အဟုန်နှင့် ပိုမို မြန်ဆန်စွာ လှည့်ပတ်နိုင်ကာ လှုပ်ရှားမှု အဟုန်ကို တိုးမြှင့် နိုင်လိမ့်မည် ဖြစ်သည်။ တိုက်ပွဲများတွင် ဆိုလျှင် အဆင့်နိမ့် ကျင့်ကြံသူများ တိုက်ကွက် မဆင်ရသေးသည့် အတာအတွင်းမှာပင် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူများမှာ ခွန်အား အပြည့် တိုက်ခိုက်မှု နှစ်ခုလောက်ကို ဖော်ထုတ်ပြီး ဖြစ်ပေလိမ့်မည်။
ထိုကွာခြားမှုက အလွန်ပင် ကြီးမားလှကာ အထူးသဖြင့် သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် ဆိုလျှင် ပို၍ သိသာလှသည်။ သို့တိုင်အောင် ထိုအရာက အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူများ ရရှိနိုင်သည့် အခြေခံ အကျိုးကျေးဇူးများလောက်သာ ဖြစ်ပေသည်။
အလင်းပြန်ခြင်း အဆင့်ကို သတ်မှတ်ချက် စံချိန်စံနှုန်းများဖြင့် ကိုးဆင့် ခွဲခြားထားသည်။ အနိမ့်ဆုံးမှ စ၍ စီရလျှင် အနက်ရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်တို့ပင် ဖြစ်သည်။ အဖြူရောင်တွင် အရောင် အားလုံး ပေါင်းစပ် ပါဝင်နေလေရာ အလင်း အားလုံးကို ကိုယ်စားပြုပေသည်။
ဝိညာဥ်နတ်ဘုရား ဆေးရည်နှင့် တူညီစွာပင် အထွတ်အထိပ် အဆင့် လောကအလင်း ဆေးရည်မှာ ကျင့်ကြံသူကို ထိုအလင်း အားလုံးထက် တစ်ဆင့် ပိုမြင့်သည့် “အစစ်အမှန် အလင်း” ကို မွေးဖွားနိုင်အောင် ကူညီပေးနိုင်သည်။ ၎င်းထက် အဆင့်နိမ့်သော ဆေးရည်များမှာ ခန္ဓာကိုယ်အတွင်းရှိ သွင်ပြင် လက္ခဏာများကို ပြောင်းလဲစေကာ အဆင့် မြင့်မားသည့် အလင်း စွမ်းအင်များကို စုပ်ယူနိုင်အောင် ကူညီပေးနိုင်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ရာချီက ကျန်းဖေးလန်မှာ မသန့်စင်မှုများ ပါရှိသည့် လောကအလင်း ဆေးရည်ကို သောက်သုံးကာ အပြာရောင် မူလ အလင်း စွမ်းအင်ကို မွေးဖွားနိုင်ခဲ့သည်။ အကျိုးဆက် အနေဖြင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်သည်နှင့် သူမမှာ အထွတ်အမြတ် အလင်း နန်းတော်၏ သခင်မ အဖြစ် အပ်နှင်းခြင်း ခံခဲ့သည်။ အဘက်ဘက်မှ ကျဆင်းနေသည့် ဤခေတ်ကြီးထဲတွင် အပြာရောင် အဆင့်ပင်လျှင် ရောက်ရှိရန် အလွန်အမင်း ခက်ခဲသည့် အဆင့်တစ်ခု ဖြစ်ပေသည်။ ပြောရလျှင် ၎င်းက ကွင်းခြောက်ကွင်း ဝိညာဥ်ဆင်းတု တစ်ခုနှင့် ညီမျှပေသည်။
ဝေ့ဝူယင်သည် သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် လောကအလင်း ဆေးရည်ကို သောက်သုံးကာ အလင်းအားလုံး၏ မူလ ဆိုသော အရာကို နားလည်ခဲ့သည်။ အစပထမ၌ ၎င်းမှာ နေကြယ်များမှ တိုက်ရိုက် ဆင်းသက်လာသည့် အလင်း ကို ဆိုလိုခြင်း ဖြစ်လိမ့်မည်ဟု ဝေ့ဝူယင် ယူဆခဲ့သည်။ သို့တည်းမဟုတ် ကောလဟာလများထဲကလို ကောင်းကင်တာအို ဖန်တီးထားသည့် အစစ်အမှန် အလင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း... သူ လုံးဝ မှားယွင်းသွားခဲ့၏။ အလင်းအားလုံး၏ မူလမှာ ကြယ်များထံမှ ရောက်ရှိလာခြင်း မဟုတ်သလို မမြင်နိုင်သည့် ဖြစ်တည်မှုများထံမှ ဖြစ်ပေါ်လာခဲ့ခြင်းလည်း မဟုတ်ချေ။ မိမိ ကိုယ်ပိုင် မူလ ဝိညာဥ်တွင်ပင် ဖြစ်တည်နေသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။
မျက်မှောက်ခေတ်၌ ကျင့်ကြံသူများမှာ အလင်း ပဥ္စလက် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ရန် အတွက် ရာစုနှစ်ပေါင်းများစွာ တိုင်အောင် အလင်း စွမ်းအင်များကို စုပ်ယူကာ ပြင်ဆင်ကြသည်။ သို့သော်လည်း ထိုအရာက ကပ်ဘေး၏ ပန်းတိုင်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။
လောကအလင်း ဆေးရည်၏ ရည်ရွယ်ချက်က ခန္ဓာကိုယ်အား သန့်စင်ကာ ပိုမို များပြားသော အလင်းများကို စုပ်ယူ သန့်စင်စေခြင်း မဟုတ်ချေ။ အလင်းယိုင်ခြင်း ကဲ့သို့ အကာအရံတစ်ခု အသွင် ပြောင်းလဲကာ ခန္ဓာကိုယ်ထဲတွင် ရောင်စဥ်တန်းများကို ခွဲထွက်စေခြင်းမျှသာ ဖြစ်ပေသည်။
အထွတ်အထိပ် အဆင့် လောကအလင်း ဆေးရည်များမှာ အလင်း ရင်းမြစ်အားလုံးကို ထိန်းသိမ်းကာ သောက်သုံးသူကို အလင်း၏ အသန့်စင်ဆုံး ပုံစံကို ဖွဲ့စည်းနိုင်အောင် ကူညီပေးသည်။ ဤနည်းဖြင့် အစစ်အမှန် အလင်း ဆိုသော ဖြစ်တည်မှုက ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။
အလင်းအားလုံး၏ မူလမှ တစ်ဆင့် ထိုအကြောင်းအရာကို ဖော်ထုတ်နိုင်ခဲ့ချိန်၌ ဝေ့ဝူယင် အလွန်ပင် အံ့အားသင့် ခဲ့ရသည်။ ထိုအရာက သူ တစ်သက်လုံး သိရှိထားသည့် သီအိုရီ အားလုံးနှင့် လုံးဝ ကွဲလွဲနေခဲ့သည် မဟုတ်ပါလား။
ဟူး... ဟူး...
ကပ်ဘေးစတင်သည်နှင့် သူ့ ကြယ်တာရာ ဝိညာဥ်များမှာ အလင်း ရောင်စဥ် တစ်မျိုးဖြင့် စတင်ကာ တောက်ပလာ၏။ ထိုအလင်း၏ အရောင်ကို သူ မဖော်ပြတတ်ချေ။ ထိုအရာက လောကတွင် နာမည်ရှိသည့် အရောင် တစ်ခု မဟုတ်ချေ။
သို့သော်လည်း... ထိုအလင်းက သူ့ ကြယ်တာရာ ဝိညာဥ်များထံ ကြီးကျယ် ခမ်းနားသည့် ပြောင်းလဲမှုများကို ယူဆောင် လာခဲ့လေ၏။
ပထမဆုံး ဘုရင်...
ထိုဆန်းကြယ် ဆေဘာ ဝိညာဥ်မှာ ထက်ရှိမှုနှင့် သတ်ဖြတ်မှု တည်းဟူသော ခံစားချက်ကို ပေးစွမ်းနိုင်စွမ်း ရှိသည့် အလင်း စွမ်းအင်များဖြင့် အရှိန် တညီးညီး တောက်လောင် နေ၏။ ထိုအလင်းစွမ်းအင်ကို နာမည်တစ်မျိုးမျိုးဖြင့် ဖော်ပြခြင်းငှာ မတတ်နိုင်သော်လည်း ၎င်း၏ အော်ရာနှင့် အသွင်အပြင်တို့ကတော့ ရှင်းလင်းလှပေသည်။ ၎င်းက ဆေဘာအလင်းပင်။
ဘုရင်၏ မူလ အလင်းကား ၎င်းကိုယ်တိုင်ပင် ဖြစ်သည်။ အစစ်အမှန် အလင်း၊ နတ်ဘုရား အလင်း... စသည်တို့ မဟုတ်ပဲ ရိုးရှင်းစွာပင် သူ ထိတွေ့ခဲ့သမျှ အရာအားလုံး၏ အဆုံးသတ်ကို ရောင်ပြန်ဟပ်နေသည့် သည်အတိုင်း ဆေဘာအလင်းပင် ဖြစ်သည်။
“ငါ နားလည်ပြီ...”
နောက်ဆုံး၌ ဝေ့ဝူယင်မှာ ကျန်ရှိနေသေးသည့် ပဟေဠိ အပိုင်းအစများကို ဆက်နိုင်သွား၏။
မူလအလင်း...
အလင်း တစ်ခု၏ မူလ အလင်းဆိုသည်မှာ ကြယ်တာရာတို့ထံမှ ဆင်းသက်လာသည့် အလင်း မဟုတ်သလို ကောင်းကင် တာအိုထံမှ ကျဆင်းလာသည့် အလင်းလည်း မဟုတ်ပါချေ။ ကြယ်တာရာ ဝိညာဥ်များ ကိုယ်တိုင် ၎င်းတို့၏ နားလည်မှုနှင့် အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အလင်းကိုသာ ဆိုလိုခြင်း ဖြစ်ပေသည်။
အိုရီ၏ မူလအလင်းကတော့ ဒြပ်စင်အလင်းပင် ဖြစ်သည်။ ၎င်းက သန့်စင်သည့် အဖြူရောင် အဆင်း ရှိကာ မသိသူ ဆိုလျှင် အဖြူရောင် အလင်းနှင့်ပင် လွယ်ကူစွာ မှားယွင်းပေလိမ့်မည် ဖြစ်သည်။ ၎င်းတွင် အဆုံးမဲ့ ပြောင်းလဲမှုနှင့် အသွင် ကူးပြောင်းမှုများ ပါဝင်နေကာ တစ်ခါတစ်ရံ သာမန် ရောင်စဥ်တန်းများ၏ အပြင်ဘက် ဖြစ်သည့် အနီရင့်ရောင် (ချော်ရည်) နှင့် အညိုရောင် (မြေကြီး) များ အဖြစ် ပြောင်းလဲ သွားသည်။
ဧဒင်၏ မူအလင်းကတော့ မူလ ရောင်စဥ်တန်း ခုနစ်ခုနှင့် အသွင် သဏ္ဌာန် အနည်းငယ်သာ ကွာခြားသည့် ခုနစ်ရောင်ခြယ်အလင်း ဖြစ်သည်။ ၎င်းမှာ အဂ္ဂိရတ် တာအို၏ နိယာမ ခုနစ်ပါး အပြင် စိတ်နှင့် ဆက်စပ်နေသည့် ခံစားမှု ခုနစ်ပါးကိုပါ ထင်ဟပ်စေသည်။
ခရာတို၏ မူလအလင်းကတော့ မီးခိုးရောင်နှင့် အကြည်ရောင် နှစ်ခုကြားတွင် ရွေ့လျားနေကာ တစ်ခါတစ်ရံ လုံးဝ ပျောက်ဆုံးသွားခြင်းမျိုးပင် ရှိသည်။ အကြည်ရောင် အလင်းထဲတွင် ဟင်းလင်းပြင်၏ အကန့်အသတ် ကင်းမဲ့မှုနှင့် အသွင် သဏ္ဌာန် ကင်းမဲ့မှုတို့ ပေါင်းစပ်ပါဝင်နေကာ မီးခိုးရောင် အလင်းကတော့ ရှင်းလင်းစွာပင် အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ဖော်ညွှန်းနေပေသည်။
“ဖျက်ဆီးခြင်း ဆေဘာအလင်း...”
“ရောင်ပြောင်း ဒြပ်စင်အလင်း...”
“ခုနစ်သွယ် ရင်းမြစ် အလင်း...”
“သဏ္ဌာန်မဲ့ ဆန်းကြယ် အလင်း...”
ဘုရင်၊ အိုရီ၊ ဧဒင်နှင့် ခရာတို တည်းဟူသော ကြယ်တာရာ ဝိညာဥ် လေးခုထံမှ မူလ အရောင် လေးခုကား ထွက်ပေါ်လာခဲ့ချေပြီ ဖြစ်လေသည်။
...
အလင်းပြန်ခြင်း အဆင့်...
အလင်းပြန်ခြင်း အဆင့်မှာ ကျင့်ကြံသူ တစ်ဦး၏ အခြေခံ အုတ်မြစ်ကို ဆုံးဖြတ်ပေးသည့် အရေး အကြီးဆုံး နောက်ဆုံး ခြေလှမ်း ဖြစ်ပေသည်။ ၎င်းတွင် ကြယ်တာရာ အင်အား၏ အရေး အကြီးဆုံးသော ပမာဏနှင့် အသွေးအသား ခန္ဓာ၊ ရည်ရွယ်ချက်တို့ထဲရှိ စွမ်းအင် အရည်အသွေးများ ပါဝင်နေပေသည်။
အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်း အပြင်ဘက်၌ ဝေ့ဝူယင်မှာ ဖြည်းညင်းစွာ အသက်ကို ရှူသွင်းလိုက်၏။ လေထုထဲတွင် မြောပါနေသည့် အလင်းစွမ်းအင်များမှာ သူ့ခန္ဓာကိုယ် ဒွာရပေါက် မျိုးစုံမှ တစ်ဆင့် သွေးကြောများထဲသို့ စီးဝင်လာကာ ကြယ်တာရာ ဝိညာဥ်များဆီ အထိ ရောက်ရှိသွားသည်။
ဝှစ်...
ဝေ့ဝူယင် လက်တစ်ဖက်ကို ဖြန့်ကျက်လိုက်ရာ ဘုရင်ထံမှ ဆေဘာ အင်အားများမှာ သွေးကြောများ တစ်လျှောက် စီးဆင်းလာကာ သူ့ လက်ဖဝါးထက်တွင် တောက်လောင်လာခဲ့၏။ ယခင် အချိန်များနှင့် ကွာခြားစွာပင် ၎င်းကို ဖျက်ဆီးခြင်း ဆေဘာ အလင်းက ဝန်းရံကာ ခြယ်သထား၏။ ယခုအချိန်၌ လက်တစ်ဖက်ကို ဝှေ့ယမ်းရုံဖြင့်ပင် အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင် သလို ဝေ့ဝူယင် ခံစားလိုက်ရသည်။
ခွန်အားသာလျှင် မက...အမြန်နှုန်း အရာတွင်လည်း ဆေဘာအင်အားမှာ များစွာ တိုးတက် လာခဲ့သည်။ အကြမ်းဖျဥ်း ခန့်မှန်းချက် အရဆိုလျှင် ၎င်းမှာ ပုံမှန် အမြန်နှုန်းထက် ဆယ်ဆမျှ ပိုမို တိုးတက် လာလိမ့်မည် ဖြစ်သည်။
ဧဒင်၏ ခုနစ်သွယ် ရင်းမြစ်အလင်းကို သုံးကာ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ် သန့်စင်လိုသည့် ဆန္ဒတစ်ခုမှာ ဝေ့ဝူယင်၏ စိတ်အတွင်း ပြင်းပြစွာ ဖြစ်ပေါ်လာ၏။ သို့သော်လည်း ထိုအရာများကို မပြုလုပ်နိုင်ခင်မှာပင် သူ့ ဟင်းလင်းပြင် လက်စွပ်မှာ ဝိညာဥ်အလင်းစ အချို့ဖြင့် လင်းလက်လာခဲ့လေသည်။
သတင်းစကားကို လက်ခံ ရရှိပြီးနောက် ဝေ့ဝူယင် တော်ဝင် ဘုရားကျောင်း၏ ဝင်ပေါက်တွင်ပင် ထိုင်ချကာ ကျင့်ကြံခြင်း အခြေခံ ခိုင်မာအောင် စတင် ကျင့်ကြံလိုက်တော့၏။ မျက်စိတ်တစ်မှိတ်စာ အတွင်းမှာပင် အချိန် လေးရက် ကုန်ဆုံးသွားခဲ့သည်။
အစွန်းလေးဖက် လောကနယ်မြေတွင် တစ်နှစ်ပတ်လုံး ထွန်းလင်းနေသည့် နေတစ်စင်းသာ ရှိလေရာ ညတာ ဟူ၍ မရှိချေ။ ထို့ကြောင့်ပင် အချိန် ကျော်ဖြတ်မှုကို ဆုံးဖြတ်ရန် အတွက် စိတ်နာရီကိုသာ သူ သုံးနိုင်ပေသည်။ ဝေ့ဝူယင် မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ချိန်၌ ဘုရားကျောင်း၏ အဖွဲ့ဝင်များမှာ မီတာ ရာဂဏန်းခန့် အကွာမှ သူ့အား ဝန်းရံကာ ကာကွယ်ထားကြသည်ကို တွေ့မြင် လိုက်ရသည်။ ထို့အပြင် ... သူတို့ တစ်ယောက်ချင်းစီက လောကသခင် အဆင့် ဖြစ်ကြပေသည်။ ထိုအရာက စီတ၏ အမိန့်ပင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း သူ အကဲခတ်လိုက်နိုင်ပေသည်။
ဝေ့ဝူယင် ဖြည်းညင်းစွာပင် ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက အစောင့်များကို အသိအမှတ်ပြုဟန်နှင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်း ထွက်ခွာရန် အမိန့်ပေးလိုက်သည်။
အစောင့်များမှာ တော်ဝင်သားတော်၏ အမိန့်ကို မည်ကဲ့သို့ ငြင်းဆန်ရဲမည်နည်း။ ဦးတစ်ချက် ညွှတ်ကာ အရိုအသေ ပြုလိုက်ကြပြီးနောက် သူတို့က အသီးသီးပင် လူစုခွဲလိုက်ကြ၏။
အားလုံး ရှင်းလင်းသွားပြီးနောက်တွင်... ဝေ့ဝူယင် ခေါင်းကို မော့ရင်း ကောင်းကင်တွင် ထွန်းလင်းနေသည့် နေကြယ်ကို လှမ်းကြည့်လိုက်သည်။
“နောက်ဆုံးတော့ မင်း စပြီး လှုပ်ရှားလာပြီပေါ့”
သူက အသာအယာ ပြုံးရင်း ရေရွတ်လိုက်လေ၏။
***