ပြိုင်ပွဲ၏ နောက်ဆုံး ရလဒ်
Vol. 35 Ch. 487
လွန်ခဲ့သည့် လေးရက်ခန့်က ဝေ့ဝူယင် ရရှိခဲ့သည့် ဝိညာဥ် သတင်းစကားမှာ လင်းမင်၏ လှုပ်ရှားမှုများ အကြောင်း အသေးစိတ် အစီရင်ခံစာပင် ဖြစ်လေသည်။
ပထမ၌ လင်းမင်မှာ အခြား တော်ဝင် ကလေးငယ် နှစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ကာ ဒြပ်စင် စိန်ခေါ်ပွဲ ဆင်နွှဲလျှက် သူတို့ထံမှ နတ်ဘုရား သင်္ကေတများကို လုယူ လိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူက ထိုကဲ့သို့ မပြုလုပ်ခဲ့ချေ။ ထို့အစား တော်ဝင်ကလေးငယ် အားလုံးကို တော်ဝင် ညီလာခံ တစ်ခု တက်ရောက်ရန်သာ ဖိတ်စာများ ပေးပို့ခဲ့ပေသည်။
ယခုဆိုလျှင် အစွန်းလေးဖက် နယ်မြေလေးခုလုံး အတွက် တော်ဝင် ကလေးငယ် အားလုံးမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ရာ မိစ္ဆာရာသီမှာလည်း အလိုအလျောက်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မကြာခင်မှာပင် စည်ပင် ဝပျောသည့် ရာသီများက အစဥ်လိုက်ပင် ရောက်ရှိလာပေတော့မည်။ ဖိတ်စာအရဆိုလျှင်... လေပြင်လွင်ပြင်၏ တော်ဝင်သားတော် လင်းမင်မှာ အခြား တော်ဝင် ကလေးငယ်များ အားလုံးကို ဦးဆောင်ကာ ကုန်းမြေတိုက်ကြီး၏ တိုးတက်ရေးရာ အကြောင်း ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။
ဝေ့ဝူယင်မှာ ရယ်ချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ် မရခဲ့။ သူတို့ တော်ဝင် ကလေးငယ် လေးယောက်ထဲတွင် မည်သူမှ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး အပေါ် သံယောဇဥ် ရှိသူ မပါဝင်ချေ။ သူနှင့် လင်းမင်တို့က ပြိုင်ပွဲဝင်များ ဖြစ်ကာ အခြားနှစ်ယောက်မှာ အပြင်ဘက်မှ နေ၍ ရတနာ လာရောက် ရှာဖွေသူများသာ ဖြစ်သည်။
ထိုတော်ဝင် ညီလာခံတွင် အမျိုးမျိုးသော အပြောင်းအလဲများ ဖြစ်မည်ကတော့ အသေအချာပင် ဖြစ်သည်။ ညီလာခံ ကျင်းပသူ ဆိုသည့် အားသာချက်ကို ဆွဲကိုင်ထားသည့် လင်းမင်၏ လှုပ်ရှားမှုက သိပ်မဆိုးလှဟု ဆိုနိုင်ပေသည်။
အကယ်၍ တော်ဝင်ကလေးငယ် လေးယောက်သာ ပုံမှန်အတိုင်း တိုက်ခိုက်ကြမည် ဆိုလျှင် တော်ဝင် ဘုရားကျောင်းများ အပါအဝင် အပြင် အင်အားများပါ ပါဝင်လာလိမ့်မည် ဖြစ်သည်။ ၎င်းက ကျိန်းသေခွာသေပင် စစ်ပွဲ တစ်ခုအသွင်ကို ဦးတည်သွားလိမ့်မည် ဖြစ်ကာ ဝေ့ဝူယင်မှာ အားလုံးကို အဖက်ဖက်မှ အသာစီး ရယူသွားလိမ့်မည် ဖြစ်သည်။
လင်းမင်ကဲ့သို့ လူလည် တစ်ယောက် မဆိုထားနှင့်... ငပိန်းတစ်ယောက်ပင်လျှင် ထိုအချက်ကို အထင်အရှားပင် တွေ့မြင်နိုင်ပေသည်။ ဝေ့ဝူယင်မှာ နယ်မြေ သုံးခုကို ထိန်းချုပ်ထားသည့် ဒြပ်စင် သုံးခု ပိုင်ရှင် ဖြစ်သည်။ အကယ်၍ အချိန်တိုအတွင်း အကြီးမားဆုံးသော အင်အားကို စုစည်းနိုင်လိမ့်မည် ဆိုလျှင် ထိုတစ်ယောက်မှာ ဝေ့ဝူယင် သာလျှင် ဖြစ်ပေလိမ့်မည်။
လင်းမင်မှာ ထိုအချင်းအရာကို ကောင်းစွာ နားလည်သည်။ သူ့တွင် ဒြပ်စင် တိုကင် လေးခု ရှိနေသည် ဆိုသော်လည်း သူ ထိန်းချုပ်နိုင်တာ ဆို၍ လေပြည်လွင်ပြင် တစ်ခုသာ ရှိပေသည်။ ပြင်ပ အင်အားချင်း ထိပ်တိုက် တိုက်ခိုက်ကြမည် ဆိုပါက ဝေ့ဝူယင်ကို သူ ဘယ်လိုမှ ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။
သူနှင့် အခြား တော်ဝင် ကလေးငယ် နှစ်ယောက် အတွက် တစ်ခုတည်းသော ရွေးချယ်စရာက အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ဖို့သာ ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ ဖိတ်စာရသည့် နေ့ကတည်းကပင် လင်းမင် ဦးဆောင်သည့် တော်ဝင် ညီလာခံ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ခန့်မှန်း နိုင်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူ့နေရာတွင် အခြားတစ်ယောက်သာ ဆိုပါက ထောင်ချောက်တစ်ခုနှင့် တူညီသည့် ညီလာခံကို တက်ရောက်လိမ့်မည် မဟုတ်ပဲ မိမိ အားသာရာ အပြင် အင်အားချင်း တိုက်ခိုက်သည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ့ အတွေးနှင့် အမြင်များက ခြားနားလှပေသည်။
ဝေ့ဝူယင် အသာအယာ ပြုံးလိုက်ရင်း အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်း၏ မဟာ သီလရှင်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
“စီတ... ငါတို့ရဲ့ ထိပ်တန်း ကျင့်ကြံသူတွေကို စုစည်းထားလိုက်.... တော်ဝင် ညီလာခံကို သွားကြမယ်”
...
“တော်ဝင် ညီလာခံ...”
မင်ရှုဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။ ထိုအခိုက်၌ သူမက ခန္ဓာကိုယ် ကောက်ကြောင်းများအား ပေါ်လွင်စေသည့် ခပ်ကြပ်ကြပ် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ရွှေရောင် ဆံနွယ်စများကတော့ တသွင်သွင် တိုက်ခတ်နေသည့် လေပြည်လေညှင်းနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေ၏။
စန်းယွန်းလီကတော့ ခါတိုင်းလိုပင် မျက်နှာဖုံးနှင့် ဝတ်ရုံ ခပ်ပွပွကို ဝတ်ဆင်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။
ယခုအချိန်၌ သူတို့ နှစ်ယောက်မှာ လေပြည်လွင်ပြင် မြက်ခင်းစိမ်းများထက် တစ်လက်မခန့် အကွာ၌ မြေပြင်ကို ထိတွေ့ခြင်း မရှိပဲ မျောလွင့်နေကြပေသည်။ သူတို့၏ နောက် မိုင်ရာဂဏန်း အနည်းငယ်ခန့် အကွာတွင်တော့ ခရမ်းရောင် ရေပြင်ကြီး တစ်ခု ရှိနေခဲ့ချေသည်။ သူတို့ နှစ်ယောက်မှာ ဘေးဥပဒ် ပင်လယ်ကို စွန့်ခွာက လေပြည် လွင်ပြင်ကို စွန့်စားခန်း ခရီးနှင်လာခဲ့ကြခြင်းပင် ဖြစ်သည်။
“ကျွန်မတို့ သွားမှာလား...”
မင်ရှုဖုန်းက မေးလိုက်၏။ သင်္ဘောကျင်း စခန်းမှ ရရှိလာသည့် သတင်း အနံ့အရဆိုလျှင် အစစ်အမှန် ဒြပ်စင် အင်ပါယာ အဖြစ် သူတို့ သိထားကြသည့် မဟာလေပြင်း တော်ဝင်သားတော်မှာ တော်ဝင် ညီလာခံ တစ်ခုကို ဤလေပြည်လွင်ပြင်တွင်ပင် ကျင်းပလိမ့်မည် ဖြစ်သည်။ ထိုညီလာခံတွင် တော်ဝင် ကလေးငယ် လေးပါးလုံး စုံဆည်းကာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ တိုးတက် ကြီးပွားရေးရာ ကိစ္စရပ်များကို ဆွေးနွေးလိမ့်မည်ဟု ဆိုသည်။
“နင် ဘာမြင်လဲ...”
စန်းယွန်းလီက မင်ရှုဖုန်း၏ မေးခွန်းကို ပြန်မဖြေပဲ တန်ပြန် မေးခွန်းထုတ် လိုက်၏။
“ ... “
မင်ရှုဖုန်းမှာ အနည်းငယ် ဆွံ့အသွားသည်။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များကြောင့် သူမက ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် ဖြစ်ကြောင်းပင် မေ့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက ဖြူရော်စွာ ပြုံးလိုက်ရင်း လက်ဟန် ချိပ်စည်း အချို့ကို စတင် ဖော်ဆောင်လိုက်၏။ သိပ်မကြာခင်မှာပင် သူမ၏ အပြာရောင် မျက်ဝန်းများမှာ ကောင်းကင် အလင်းတန်းများဖြင့် စတင် တောက်ပလာခဲ့တော့သည်။
ထိုဖြစ်စဥ်မှာ မိနစ် အနည်းငယ် ကြာမြင့်ကာ ပြန်လည် ပျောက်ကွယ်သွား၏။ သို့သော်လည်း မင်ရှုဖုန်းမှာ အရောင်အဆင်းမဲ့သော မျက်လုံးများဖြင့် မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း သူမ၏ ကျင့်ကြံခြင်း အခြေခံက ခုန်ကျော်ပျံလွှား၍ တိုးတက်လာခဲ့ရာ ကောင်းကင်တာအိုနှင့် ဆက်သွယ်နိုင်စွမ်းမှာလည်း အလွန် မြင့်မားသည့် အဆင့်တစ်ခုသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
စန်းယွန်းလီမှာ စိတ်ရှည်စွာပင် စောင့်ဆိုင်းနေ၏။ တစ်နာရီခန့် ကြာမြင့်ပြီးနောက်၌ မင်ရှုဖုန်းထံက အသက် ရှူထုတ်သံ ခပ်ဖျော့ဖျော့ ပေါ်ထွက်လာကာ ကြုတ်ထားသည့် မျက်မှောင်များမှာ ပြန်လည် ပြေလျော့သွား၏။ အရောင်အဆင်း ကင်းမဲ့နေခဲ့သည့် သူမ၏ မျက်လုံးများက အပြာရောင် ကြည်လဲ့လဲ့ကို ပြန်လည် ပိုင်ဆိုင်လာသည်။
“တော်ဝင်ကလေးငယ် သုံးယောက် ပူးပေါင်းမယ်... တစ်ယောက်က ကွာဝေးမယ်... ပြင်ပသားတွေက ပံ့ပိုးမယ်... ပြိုင်ပွဲဝင်တွေ တိုက်ခိုက်မယ်... ဆုတ်ယုတ်မှု ရာသီ အဆုံးသတ်မှာ စစ်ပွဲစတင်မယ်”
မင်ရှုဖုန်းက ထူးဆန်ကာ အဆက်အစပ် ရှိဟန် မရသည့် စကားလုံးများကို ဆက်တိုက် ရေရွတ်လိုက်၏။ သို့သော်လည်း... စန်းယွန်းလီက နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ၎င်းက ကောင်းကင်လမ်းစဥ် စာအုပ်ထဲတွင် ဖော်ပြထားသည့် အသေးစိတ် အချက်အလက်များနှင့် ကိုက်ညီပေသည်။
ကောင်းကင် လမ်းစဥ်စာအုပ်၏ အဆိုအရဆိုလျှင် အစစ်အမှန် ဒြပ်စင် အင်ပါယာမှာ တော်ဝင် ညီလာခံ တစ်ခုကို ကျင်းပကာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ လူငယ် နှစ်ယောက် (တော်ဝင် ကလေးငယ် နှစ်ပါး) နှင့် တွေ့ဆုံလိမ့်မည်။ သူတို့က သိပ်မရှင်းလင်းသည့် အရာများကို ဆွေးနွေးကာ နောက်ဆုံးတွင် အာဏာရှင် ဧကရာဇ်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။
ဆုတ်ယုတ်မှု ရာသီ ကုန်ဆုံးသည်နှင့် စစ်ပွဲတစ်ခု အစပျိုးလာကာ ဘုရားကျောင်း သုံးခုနှင့် တစ်ခု တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ နတ်ဘုရား သင်္ကေတများကို ဆုံးရှုံးကာ အစစ်အမှန် ဒြပ်စင် အင်ပါယာမှာ အားလုံးကို သိမ်းပိုက်နိုင်လိမ့်မည် ဖြစ်သည်။ ဤသို့နှင့်... သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာကာ ဂိုဏ်းအတွင်း အနိမ့်ဆုံး အဆင့်ဖြင့် စတင်ရင်း ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း ခရီးလမ်း တစ်ခုကို လျှောက်လှမ်းလိမ့်မည် ဖြစ်သည်။
၎င်းတို့မှာ တော်ဝင် ကလေးငယ် နှစ်ယောက် ထွက်ပေါ်မလာစဥ် အချိန်ကတည်းက ကောင်းကင်လမ်းစဥ် စာအုပ်ထဲတွင် ဖော်ပြထားသည့် အချက်အလက်များ ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းရလဒ်ကို စန်းယွန်းလီ ချွင်းချက် မရှိ ယုံကြည်ပေသည်။ တစ်ခုတည်းသော ပြဿနာက ထိုတိုက်ပွဲမှ သူမ ဘာအကျိုးအမြတ်မှ မရရှိနိုင်ခြင်း ဖြစ်သည်။
စန်းယွန်းလီ အတွေးစများကို ပြန်လည် စုစည်းရင်း အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်၏။
“ခုလောလောဆယ်တော့ ငါတို့ စောင့်ကြည့်ကြတာပေါ့လေ...”
...
ကောင်းကင်လေပြည် နန်းတော်...
ကောင်းကင်လေပြည် နန်းတော်မှာ အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းလိုပင် ခန့်ညား ထည်ဝါကာ ကြီးမားလှ၏။ တစ်ခုတည်းသော ကွာခြားချက်က ၎င်းမှာ မြေပြင်တွင် မဟုတ်ပဲ မီတာတစ်ထောင်ကျော် မြင့်မားသည့် ကောင်းကင်ထက်၌ မျောပါနေခြင်း ဖြစ်သည်။
အစစ်အမှန် ပျက်သုဥ်းခြင်း မြို့တော် ကဲ့သို့ပင်... ကောင်းကင်လေပြည် နန်းတော် အောက်၌ မြို့တော် တစ်ခု ရှိကာ လူသားနှင့် အယ်ဗန်မျိုးနွယ်များမှာ သဟဇာတ ဖြစ်စွာ ရောနှောလျှက် နေထိုင်နေကြပေသည်။ သာမန် ကြည့်မည် ဆိုပါက ထိုမြင်ကွင်းမှာ အစစ်အမှန် ပျက်သုဥ်းခြင်း မြို့တော်နှင့် ဆင်တူသယောင် ထင်ရသော်လည်း ကွဲပြားခြားနားသည့် လေထုတစ်ခု ရှိနေသေးဆဲ ဖြစ်သည်။
အကယ်၍ မြို့နေ လူထုကို အနီးကပ်ကြည့်ကာ စစ်ဆေးကြည့်မည် ဆိုပါက လူသားများမှာ တောက်ပသည့် အပြုံး၊ တက်ကြွသည့် စွမ်းအင်များနှင့် သက်တောင့်သက်သာ ရှိသည့် အိမ်ကြီး အိမ်ကောင်းများတွင် နေထိုင်နေကြသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အယ်ဗန်များမှာ တူညီသည့် အဆင့်အတန်းများ၌ ရှိပုံ မပေါ်ချေ။ သူတို့က ထိုလူ့အဖွဲ့အစည်း၏ ဇာတ်နိမ့်များ ဖြစ်ပုံရကာ သူတို့ နေထိုင်သည့် အိမ်များမှာလည်း ကြီးမား ရှုပ်ပွေလှခြင်း မရှိချေ။
အကယ်၍ သင့်အနေဖြင့် ထိုအရာကို လျစ်လျူနိုင်မည် ဆိုလျှင်ပင်... မြို့တော်၏ နေရာတိုင်း နီးပါး၌ ရှိနေသည့် တွင်းပေါက်များကိုတော့ ကျိန်းသေ ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်သည်။ ထိုတွင်းပေါက် တစ်ခုချင်းစီမှာ လေစီးကြောင်းများဖြင့် လှည့်ပတ်နေကာ ဆက်သွယ်ရေး ကွန်ယက်တစ်ခုလို အခြားအပေါက်များဆီသို့ ဖြန့်ကျက် ထားကြပေသည်။
လူသားများမှာ လေဝဲများကို စီးနင်းကာ မြို့တော် တစ်နေရာနှင့် တစ်နေရာ ကူးလူး သွားလာနေကြပေသည်။ ထိုအထဲ၌ အယ်ဗန် တစ်ယောက်မှ မပါဝင်ချေ။
မြို့တော်၏ တစ်နေရာ၌... သစ်တောစိမ်း အယ်ဗန်မျိုးနွယ်ဝင် ကလေးငယ်များမှာ ပျော်ရွှင်စွာ မြူးထူး ခုန်ပေါက် ကစားနေကြ၏။
“အမကြီးချင်... လာ သားတို့နဲ့ လာကစားပါလား”
သူတို့ထဲမှ အချို့က အော်ဟစ်လိုက်ရင်း မလှမ်းမကမ်းတွင် ရှိနေသည့် အယ်ဗန် မျိုးနွယ် မိန်းမငယ်လေး တစ်ယောက်ကို အတူ လာကစားရန် ခေါ်ဆောင်နေကြသည်။
အကယ်၍ ဝေ့ဝူယင်သာ သူမကို မြင်ပါက တန်း၍ မှတ်မိလိမ့်မည် ဖြစ်သည်။ သူမကတော့ ချင်ချူးမူပင် ဖြစ်လေသည်။
“ကောင်းပြီလေ...”
ချင်ချူးမူက ငြင်းဆန်ခြင်း မရှိပဲ ကလေးများနှင့် ပူးပေါင်းလိုက်၏။ မကြာခင် ထိုနေရာတစ်ခုလုံးမှာ ကြည်နူးဖွယ် ရယ်သံလွင်လွင်ကလေးများနှင့် ဝေဆာပွင့်ဖူး သွားတော့သည်။
***