လေပြည်လွင်ပြင် နယ်စပ်
Vol. 35 Ch. 488
ပျက်သုဥ်းခြင်း နယ်မြေမှ ထွက်ခွာပြီးနောက် ချင်ချူးမူမှာ သူမနှင့် တူသည့် အယ်ဗန်မျိုးနွယ်များကို လိုက်လံ ရှာဖွေခဲ့သည်။ ဤသို့ဖြင့် ဗဟိုနယ်မြေများသို့ စွန့်ခွာသွားခြင်း မရှိသေးသည့် ဤသစ်တောစိမ်း အယ်ဗန်များနှင့် သူမ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူတို့မှာ သူမနှင့် ဆင်တူကြသည်။ သို့သော်... အတိအကျကြီးတော့လည်း မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ်... သူတို့က သူမကို ဖော်ရွေ ပျူငှာစွာ လက်ခံ ကြိုဆိုခဲ့ကြဆဲ ဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် အမှန်တရားတစ်ခုကို သူမ သိရှိခဲ့ရသည်။ ကောင်းကင်လေပြည် နန်းတော်နှင့် သန့်ရှင်းသည့် အဖွဲ့သားများ ကိုယ်ပိုင် ခွင့်ပြုကာ ပါဝင် လုပ်ဆောင်နေသည့် အမှန်တရားတစ်ခု ဆိုလျှင် မှားမည် မထင်ချေ။
အခြား အယ်ဗန်မျိုးနွယ်များနှင့် မတူညီစွာပင် သစ်တောစိမ်း အယ်ဗန်များမှာ ပြိုင်ဘက်ကင်းကင်းသည့် သွေးအမတေ တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုသွေးအမတေမှာ ကျင့်ကြံသူများ၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်ရုံသာ မက ဆေးပင်များအား ပြုစုပျိုးထောင်ပေးနိုင်သည့် စွမ်းရည်မျိုး ရှိသည်။
ကျင့်ကြံ အဆင့်သစ် တစ်ခု၊ အလွှာသစ် တစ်ခုကို ရောက်ရှိသည်နှင့် ကျင့်ကြံသူများ၏ သက်တမ်းက ပမာဏ တစ်ခုမျှ တိုးမြင့်သွားသည်မှာ သဘာဝ ဖြစ်သည်။
သို့သော်လည်း... ချွင်းချက် အနေဖြင့် သစ်သား ကျင့်ကြံသူများမှာ သူတို့၏ အလွန်အမင်း ရှည်လျားသည့် အသက်များကြောင့် ကျင့်ကြံခြင်း လောကတွင် ကျော်ကြားကြသည်။ ကြယ်တာရာ အမြုတေ အဆင့်တစ် လောကပင်လယ် အဆင့် တစ်ယောက်မှာ ပျမ်းမျှအားဖြင့် အသက် တစ်ထောင်ခန့်သာ ရှည်တတ်သော်လည်း သစ်သား ကျင့်ကြံသူများကတော့ အသက် နှစ်ထောင်လောက် အထိ နေထိုင်နိုင်ကြပေသည်။
ဤကမ္ဘာတွင် မှီတင်းနေထိုင်သူများ အထူးသဖြင့် လေပြည်လွင်ပြင်ရှိ ကျင့်ကြံသူများမှာ သစ်တောစိမ်း အယ်ဗန်များ၏ သွေးအမတေများကို သုံးကာ သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်၍ သက်တမ်းအား ဆွဲဆန့် တတ်ကြသည်။
အနန္တ ဧကရာဇ်ဂိုဏ်းမှ လာခဲ့သည့် သစ်တောစိမ်း အယ်ဗန် တစ်ယောက် အနေဖြင့် ချင်ချူးမူမှာ ထိုကဲ့သို့ နိုင်ထက် စီးနင်း ပြုကျင့်မှုကို လက်ခံနိုင်ပါမည်နည်း။ သို့သော်လည်း သူမတွင် သူတို့ကို တွန်းလှန်ရန်၊ ထိုအယူအဆကို ပြောင်းလဲပစ်ရန် ခွန်အား မရှိပါချေ။ အကယ်၍ အခွင့်အရေးသာ ရှိမည်ဆိုပါက...။
...
တော်ဝင် ညီလာခံကို စတင်ကြေညာပြီးနောက် ရက်အနည်းငယ် အတွင်းမှာပင် ကျင်းပလိမ့်မည် ဖြစ်သည်။ ရှင်းလင်းစွာပင် လင်းမင်မှာ ကိစ္စ အဝဝကို ဆုတ်ယုတ်မှု ရာသီ မပြီးဆုံးခင်၊ လောကသခင်နှင့် အချိန်သခင်များ သူတို့၏ ပြိုင်ဘက်ကင်း စွမ်းအားကို ပြန်လည် မရရှိသေးခင် မှာပင် အဆုံးသတ်ချင်နေသည်။
ထိုအခိုက်၌ တစ်လောကလုံးမှာ တော်ဝင် ကလေးငယ် သုံးယောက်၏ လုပ်ဆောင်ချက်များကို အပြည့်အဝ အာရုံစိုက်ထားကြ၏။ တော်ဝင် ညီလာခံမှာ အစွန်းလေးဖက် လောကနယ်မြေ၏ အနာဂတ် အခြေအနေကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် အချိန်သခင်များ၊ လောကသခင်များပင် စောင့်ကြည့်နေကြသည်။ အင်အားစုများ အကြားမှ ပဋိပက္ခ အားပြိုင်မှုများပင် ရပ်တန့်နေကြကာ အားလုံးမှာ အသက်ရှူ ကြပ်မှုကို ခံစားနေရပေသည်။
ထိုအတောအတွင်း၌ လူသိမခံသည့် သဘောတူညီမှုတစ်ခု ဖွဲ့စည်းလာခဲ့သည်။ လူတိုင်းတွင် ဦးစားပေးများ ရှိနေခဲ့ပြီး ဖြစ်ကာ ၎င်းက သူတို့၏ အကြီးကျယ်ဆုံးလည်း ဖြစ်သည်။ တော်ဝင် ညီလာခံကို မည်သူမှ မျှော်လင့် မထားသော်လည်း အဆုံးသတ် ရလဒ်ကို အားလုံး သိချင်နေကြသည်။
အယ်ဗန်မျိုးနွယ်ဝင်များကတော့ စိတ်ရှုပ်ထွေးမှုကို ခံစားနေရသည်။ အစွန်းလေးဖက် လောကနယ်မြေ၏ သမိုင်း တစ်လျှောက် ပေါ်ထွက်ခဲ့သည့် တော်ဝင် ကလေးငယ်တိုင်းမှာ လူသားများသာ ဖြစ်ကြပေသည်။ အယ်ဗန် မျိုးနွယ် ဟူ၍ တစ်ယောက်မှ မပါဝင်ချေ။ အကယ်၍ မိစ္ဆာ ရာသီသာ ဆက်လက် တည်မြဲနေမည် ဆိုပါက ထိုအရာက အယ်ဗန်မျိုးနွယ် အတွက် ကပ်ဘေးတစ်ခုပင် ဖြစ်လာနိုင်ချေ ရှိသည်။
တော်ဝင်ကလေးငယ် လေးယောက်ထဲတွင် ဝေ့ဝူယင်ကတော့ မဆိုးဟု ပြောနိုင်ပေသည်။ သူက အဆင့်အတန်း မခွဲခြားတတ်သူ တစ်ယောက် ဖြစ်သည့် အပြင် အယ်ဗန် မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက်ကိုပါ ချစ်သူ အဖြစ် ထားထားသူ ဖြစ်သည်။ အခြား တော်ဝင် ကလေးငယ် သုံးယောက်နှင့် ယှဥ်လျှင် သူက အယ်ဗန်တို့ အတွက် ဦးစားပေး ရွေးချယ်စရာ ဖြစ်နိုင်ပေသည်။
အစွန်းလေးဖက် လောကနယ်မြေတစ်ခုလုံး ဆွေးနွေးမှုများ မြင့်တက်နေချိန်တွင် ဝေ့ဝူယင်မှာ ကောင်းကင် တစ်နေရာ၌ ပျံသန်းနေခဲ့၏။ သူ့နောက်တွင်တော့ လူကိုးယောက် ပါဝင်သည့် အုပ်စုတစ်ခု လိုက်ပါလာပေသည်။ ထိုအထဲမှ နှစ်ယောက်မှာ ဝေ့ဝူယင်၏ လောလောဆယ် ဘယ်လက်ရုံးနှင့် ညာလက်ရုံးဟု ဆိုနိုင်သည့် စီတနှင့် အိယင်တို့ ဖြစ်ကာ ကျန်ခုနစ်ယောက်မှာမူ မီးခိုးရောင် အယ်ဗန်မျိုးနွယ်နှင့် ဘုရားကျောင်း အဖွဲ့ဝင် လောကသခင်များပင် ဖြစ်သည်။
မီးခိုးရောင် အယ်ဗန်မျိုးနွယ်များမှာ အိယင်ထံသို့ အကြည့်များ ပို့လွှတ်ကာ ဝိညာဥ် အာရုံချင်း သတင်းစကား ဖလှယ်နေကြသည်။ သူတို့၏ အမူအရာများက တည်ငြိမ်မှု ပျောက်ဆုံးကာ စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ ကြိုတင် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါပဲ သူတို့အားလုံးမှာ လေပြည်လွင်ပြင်သို့ ခရီးသွားလာရန် ဆင့်ခေါ်မှုကို ခံခဲ့ရကာ အခြား တော်ဝင် ကလေးငယ်၏ နယ်မြေအတွင်း ဝင်လာခဲ့ရခြင်း ဖြစ်သည်။
ထိုအခိုက်၌ သူတို့ အားလုံးမှာ စိတ်မသက်သာမှုကို ခံစားနေရ၏။ ၎င်းက ဟိုးတစ်ချိန် လဲ့ကလန်နှင့် ရှန်းကလန်တို့ အုပ်ချုပ်ခဲ့စဥ်က ဗဟိုနယ်မြေထဲသို့ ဝင်လာရသည့် အတိုင်းပင်။ အလွန် အန္တရာယ်များကာ စွန့်စားခန်း ဆန်လွန်းလှသည်။ နောက်ပြီး... သူတို့က ကိုးယောက်ထဲ ဖြစ်သည်။ သူတို့တွင် အချိန်သခင် နှစ်ယောက် ရှိသည် ဆိုသော်လည်း ဤသည်က ဆုတ်ယုတ်မှု ရာသီ ဖြစ်နေသေးဆဲ ဖြစ်သည်။ သူတို့မှာ လောကသခင်များထက် နည်းနည်းသာ ပို၍ အစွမ်းထက်ပေသည်။
သို့သော်လည်း အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်း၏ အဖွဲ့ဝင်များကတော့ သေမင်းနှင့် ရင်ဆိုင်ရလျှင်ပင် တော်ဝင် သွေးမျိုးဆက် အပေါ် သစ္စာ စောင့်သိမည့်လူများ ဖြစ်ကြသည်။ ဝေ့ဝူယင် နောက်မှ လိုက်ပါကာ လျှောက်လှမ်းနေသည့် သူတို့၏ ခြေလှမ်းများက နည်းနည်းမျှပင် မယိမ်းယိုင်ကြပေ။
“တော်ဝင်သားတော်... ဒါက သင့်တော်ပါ့မလား”
အိယင်က မသေချာ မရေရာစွာဖြင့် မေးလိုက်၏။ ဝေ့ဝူယင်ကို သူမ ယုံကြည်သည် ဆိုသော်လည်း သံသယ အချို့တော့ ရှိနေသေးဆဲ ဖြစ်သည်။
ဤသည်က မဟာလေပြင်း တော်ဝင်သားတော်၏ နယ်မြေ ဖြစ်သည်။ အကယ်၍ သူက ထောင်ချောင်များ ဆင်ထားလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ စစ်တပ်တစ်ခုဖြင့် စီးကြိုနေလျှင် မည်ကဲ့သို့ လုပ်မည်နည်း။
ဝေ့ဝူယင်မှာ အိယင်၏ သံသယ အပေါ် စိတ်မရှိပါချေ။ သို့သော်လည်း သူ့တွင် ခြားနားသည့် အမြင်တစ်ခု ရှိနေပေသည်။
“အများကြီး မတွေးနဲ့... မင်းတို့က အရောင်ပြသက်သက်ပဲ... ငါ့အမိန့်ကို နာခံနေသမျှ ဘာအန္တရာယ်မှ တွေ့မှ မဟုတ်ဘူး”
သူက အိယင်တစ်ဦးတည်းကို မဟုတ်ပဲ သူ့ဆုံးဖြတ်ချက် အပေါ် သံသယဝင်နေသည့် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန် အားလုံးကို ဦးတည်၍ ပြောလိုက်ခြင်း ဖြစ်သည်။
“တော်ဝင်သားတော်က အဲဒါကို ဘယ်လို အာမခံမှာလဲ...”
မီခိုးရောင် သဲသောင်ပြင် အယ်ဗန် လောကသခင် တစ်ပါးက မေးလိုက်၏။ ချက်ချင်းပင် လေထု၏ အခြေအနေက တင်းမာသွားကာ ဘုရားကျောင်း အဖွဲ့ဝင်များ၏ အေးစက်သည့် အကြည့်များမှာ သူ့ အပေါ် စုပြုံကျသွား၏။ ထိုအထဲ၌ စီတပင်လျှင် အပါအဝင် ဖြစ်သည်။
“ကျုပ်... ကျုပ်...”
အယ်ဗန်မှာ ကျောရိုး တစ်ခုလုံး စိမ့်ကာ ချမ်းသွားသလို ခံစားလိုက်ရသည်။
“ဟဟ... စိတ်လျှော့ကြပါ”
ဝေ့ဝူယင်၏ စကားကို ကြားမှ ဘုရားကျောင်း အဖွဲ့ဝင်များမှာ သူတို့၏ အော်ရာများကို ပြန်လည် ရုတ်သိမ်းလိုက်ကြသည်။ ဝေ့ဝူယင်က ခေါင်းကို လှည့်ရင်း အယ်ဗန်မျိုးနွယ် လောကသခင်ကို ကြည့်လိုက်သည်။
“မင်းမေးတာ မှန်တယ်... လူတစ်ယောက် ဆက်ပြီး အသက်ရှင်မယ် မရှင်ဘူး ဆိုတာကို ဘယ်သူမှ အာမမခံနိုင်ဘူး... တကယ်လို့ မင်း ဆန္ဒရှိတယ် ဆိုရင် ထွက်ခွာသွားနိုင်ပါတယ်... ဘယ်သူမှ မင်းကို တားမှာ မဟုတ်ဘူး”
အယ်ဗန်မျိုးနွယ်က မျက်မှောင်ကြုတ်ကာ အိယင်ကို တစ်ချက် ကြည့်လိုက်၏။ သို့သော်လည်း အိယင်ကတော့ သူ့ကို တစ်ချက်မှ ပြန်မကြည့်ချေ။ သူ အံကို တင်းတင်းကြိတ်လိုက်ရင်း ထိုနေရာမှ တိတ်တဆိတ်ပင် ထွက်ခွာသွားတော့၏။ ထိုအရာက သူလိုချင်သည့် ကံကြမ္မာမျိုး မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
တစ်ခဏကြာပြီးနောက် လှပသည့် အသတ်လတ် အရွယ် အယ်ဗန် အမျိုးသမီးတစ်ယောက်က လက်နှစ်ဖက်ကို ယှက်ရင်း မေးလိုက်၏။
“ကျွန်မတို့က အရောင်ပြသက်သက်ပဲ... အမိန့်ကို နာခံရင် အန္တရာယ် ကျရောက်မှာ မဟုတ်ဘူးလို့ စောစောက တော်ဝင်မင်းသား ပြောတာ ကျွန်မ ကြားလိုက်ပါတယ်... အဲဒါက ဘာကို ပြောချင်တာလဲ မသိဘူး”
သူမက ယဥ်ကျေးကာ အသုံးအနှုန်းထဲတွင် လေးစားသည့် အငွေ့အသက်များ ပါဝင်နေသည်။ ဝေ့ဝူယင် သူမကို လှည့်ကြည့်ကာ ပြုံးပြလိုက်၏။
“မင်းတို့ကို သုံးဖို့ ငါ့မှာ စိတ်ကူး မရှိဘူးလို့ ပြောချင်တာပါ”
အိယင်မှာ ထိုအရာကို ကြားရာ မျက်မှောင်ကြုတ်ကာ ရှင်းပြဖို့ ကြိုးစားလိုက်သည်။
“တော်ဝင်သားတော်က အခြား တော်ဝင် ကလေးငယ် သုံးယောက်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ ဒီလို လာတာ... နင်တို့က ဘာတွေတွေးနေတာလဲ”
ဝေ့ဝူယင်မှာ အိယင်၏ စကားလုံးများကို ကြားလိုက်ရရာ သဘောကျစွာ ရယ်မောလိုက်မိ၏။ သူက သူမ အနားသို့ တိုးကပ်လိုက်ရင်း နူးညံ့ ချောမွေ့သည့် သူမ၏ ခါးလေးကို ဖက်လိုက်သည်။ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ သူတို့၏ တော်ဝင်သားတော် ရွေးချယ်မှုက မမှားကြောင်း ခံစားလိုက်ရ၏။ တော်ဝင်သားတော်မှာ အိယင်ကို ချစ်မြတ်နိုးပုံ ပေါ်သည်။ ထိုအရာက သူတို့ အယ်ဗန်မျိုးနွယ် တစ်ခုလုံး အပေါ် အဆုံးမဲ့ အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမှာ သေချာပေသည်။
အိယင်မှာ ရှက်ရွံ့မှုကြောင့် အဝေးကို ထွက်ပြေးချင်နေသော်လည်း ဝေ့ဝူယင်ထံမှ နောက်ထပ် ထွက်ပေါ်လာသည့် စကားလုံးများက သူမ၏ ခန္ဓာကိုယ်ကို တုန်ရီသွားစေ၏။
“ဒီတစ်ခါတော့ မင်းမှားသွားပြီ... ငါ့မှာ ဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိဘူး”
“ ... “
ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်သည်။
“ငါ့ရည်ရွယ်ချက်က သူတို့ အားလုံးကို သတ်ပစ်ဖို့ပဲ”
သူ စကားကို ဆိုလိုက်သည့် အခိုက်တွင်ပင် လေပြည်လွင်ပြင်၏ နယ်နိမိတ်မှာ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့၏။ ထိုအခိုက် အဝေးတစ်နေရာတွင် ဟင်းလင်းပြင် သင်္ဘောနှစ်စင်းမှာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကောင်းကင်လေပြည် မြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ကောင်းကင်လေပြည် နန်းတော် အတွင်း၌ ချောမောသည့် လူငယ် တစ်ယောက်မှာ သင်္ဘောများ ချည်းကပ်လာသည်ကို ကြည့်နေခဲ့သည်။ သူ့မျက်လုံးများမှာ အဖြူရောင် အလင်းဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။ မကြာခင်မှာပင် နန်းတော် အဖွဲ့ဝင် အချို့ ရောက်ရှိလာကာ ဒူးထောက်လျှက် အစီရင်ခံလိုက်ကြသည်။
“အသွင်ပြောင်းခြင်းရေ တော်ဝင် သားတော်နဲ့ အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော်တို့ ရောက်ရှိလာပါပြီ”
လင်းမင်က တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ တစ်စုံတစ်ရာ အမိန့်မပေးနိုင်မှာပင် အခြား အဖွဲ့ဝင် နှစ်ယောက်မှာ အမောတကော ထပ်မံ ရောက်ရှိလာကြသည်။
“ဒြပ်စင် သုံးခုတော်ဝင်သားတော်လည်း နယ်စပ်ကို ဖြတ်ကျော် လာနေပါပြီ”
လင်းမင်၏ အမူအရာက အနည်းငယ် အံ့အားသင့်သွားသည်။
“သူ တကယ်ပဲ လာတယ်ပေါ့...”
သူက တစ်ယောက်တည်းသာ ကြားနိုင်သည့် လေသံဖြင့် တီးတိုး ရေရွတ်လိုက်တော့၏။
***