ငါကျင့်ကြံတာကိုအဖော်ပြုပေးကြ
Vol. 53 Ch. 739
အခန်း (၇၃၉) ငါကျင့်ကြံတာကိုအဖော်ပြုပေးကြ
ရန်ကျောက်ကဲ မျှော်လင့်ထားသည့်အတိုင်းပင် လော့ကျီးထောင်တို့အုပ်စုက ကောင်းကင်အက်ကွဲကြောင်းဆီသို့ရောက်လာရန် ခြေတစ်လှမ်းမျှသာလိုတော့သည်။ သို့သော် ခြေတစ်လှမ်းဆိုသည်ကလည်း တစ်လှမ်းပင်ဖြစ်လေရာ ယခုတော့ သူတို့အားလုံး အထက်ဘုံကမ္ဘာအပြင်ဘက်တွင် ပိတ်ဆို့ခံထားရပြီ ဖြစ်၏။
ပရမ်းပတာဗလာနယ်စီးကြောင်းများကြားတွင် ကမ္ဘာတစ်ခုနှင့်တစ်ခု ဆက်သွယ်သည့်လမ်းကြောင်းများက နေရာတိုင်းတွင်ရှိနေသော်လည်း မှန်ကန်သောလမ်းကြောင်းကို မချိတ်ဆက်နိုင်ပါက သွားလိုသည့်နေရာသို့ ရောက်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် လော့ကျီးထောင်တို့ အထက်ဘုံကမ္ဘာသို့ ပြန်လာရန် လမ်းကြောင်းရှာဖွေရသည်ကလည်း ပိုင်ကျစ်မင်နှင့် ရန်ကျောက်ကဲတို့ ယန်ဖူကမ္ဘာ၏တည်နေရာအား ရှာဖွေသကဲ့သို့ ခက်ခဲသည်ပင် ဖြစ်သည်။
ရန်ကျောက်ကဲကဲ့သို့ပင် ကွမ်းမင်ဂိုဏ်းသည်လည်း အထက်ဘုံကမ္ဘာသို့ပြန်နိုင်ရန် ဗလာနယ်အမှတ်အသားတစ်ခု ပြုလုပ်ထားခဲ့သည်။
သို့သော်လည်း ယိုးမင်ဂူဗိမာန်ပြိုကျမှုကြောင့်ဖြစ်ပေါ်လာသော ဗလာနယ်စီးကြောင်းမုန်တိုင်းများကြားတွင် ခက်ခဲစွာ ရုန်းကန်သွားလာခဲ့ရသဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းဖြင့် ကာကွယ်ပေးခြင်းခံရသည့် ရန်ကျောက်ကဲလောက် လွယ်ကူခဲ့ခြင်း မရှိပေ။
နောက်ဆုံးတော့ အထက်ဘုံကမ္ဘာတွင်ကျန်ရစ်ခဲ့သော ထန်ကျင်းတို့နှင့်အဆက်အသွယ်ရပြီး အတူပူးပေါင်းဆောင်ရွက်ကာ ဇာမဏီနယ်မြေမှ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ ရောက်လာခဲ့ကြသည်။ သို့သော် သူတို့ရောက်လာချိန်တွင် ကောင်းကင်အက်ကွဲကြောင်းက ပျောက်ကွယ်သွားခဲ့ပေပြီ။
လော့ကျီးထောင်တို့အုပ်စု ကြည်လင်သောတိမ်တိုက်များရှေ့သို့ရောက်လာပြီး ထိုနေရာက အစစ်အမှန်နှင့် ပုံရိပ်ယောင် ရောယှက်နေသည့် လောကတစ်ခုအလား ထင်မှတ်ရသည်။ သူတို့က တိမ်တိုက်ထဲသို့ဝင်ရောက်ရန်ကြိုးစားသော်လည်း တိမ်တိုက်များက ပုံရိပ်ယောင်ပမာဖြစ်ပြီး ထိကိုင်ရန်ပင် ခက်ခဲလှသည်။
ကောင်းကင်အက်ကွဲကြောင်း ပျောက်ကွယ်သွားပြီဖြစ်ပြီး အထက်ဘုံကမ္ဘာသို့ပြန်နိုင်မည့်လမ်းကို မည်သည့်နေရာမှာမှ ရှာမတွေ့တော့ပေ။
ထိုအရာက မှိုင်းညို့သည့်အလွှာပါးတစ်ခုဖြစ်လေရာ ပုံရိပ်ယောင်တိမ်တိုက်ပင်လယ်ထဲတွင်ရှိနေသော ရန်ကျောက်ကဲ ၊ ‘ခန်း’ သခင်မ ၊ ထန်ကျင်းနှင့် အခြားသူများအားလုံးကို လော့ကျီးထောင် တွေ့မြင်နေရသည်။
ထန်ကျင်းက သူ့ကိုတစ်စုံတစ်ခုအော်ပြောနေသော်လည်း အသံကြားနိုင်ခြင်းမရှိဘဲ ပါးစပ်လှုပ်ရှားမှုကိုသာ ကြည့်ပြီး ခန့်မှန်းရသည်။
ထန်ကျင်းက ရန်ကျောက်ကဲကို လက်ညှိုးညွှန်ပြရင်း...
“ဒီနေရာက ကောင်းကင်အက်ကွဲကြောင်းတည်ရှိတဲ့နေရာပဲ ၊ ဒါပေမဲ့ ဒီကောင်လေးက ဖျက်ဆီးပစ်လိုက်ပြီ”
လောလောဆယ်တွင် ရန်ကျောက်ကဲသည်လည်း ပုံရိပ်ယောင်တိမ်တိုက်များအလယ် ပိတ်မိနေပြီး သူ၏ခန္ဓာကိုယ်မှာ တစ်ဝက်ကအစစ်အမှန် ၊ တစ်ဝက်ကပုံရိပ်ယောင်ဖြစ်နေသဖြင့် အလွယ်တကူ လှုပ်ရှားနိုင်ခြင်း မရှိပေ။
သူ့တစ်ကိုယ်လုံးက ပယင်းထဲတွင် ခိုင်ခန့်စွာပိတ်မိနေသည့် ပိုးကောင်ငယ်လေးပမာ ဖြစ်သည်။
ရန်ကျောက်ကဲသာမဟုတ် ၊ သူ့ဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရော အသင်္ချေနဂါးနန်းတော်သည်ပါ ထိုသို့ဖြစ်နေခြင်းပင်။ နန်းတော်ခန်းမအတွင်းမှ ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရှောင်အိုက်နှင့် ပန်ပန်တို့သည်လည်း အလားတူပင် ဖြစ်၏။
အသင်္ချေနဂါးနန်းတော်နက်ရှိုင်းရာနေရာတွင် ရှိနေသော နဂါးအစစ်အမှန်ရုပ်အလောင်းများသည်ပင် ပုံရိပ်ယောင်များပမာ ဝေဝါးနေပြီး သူတို့၏မူလအသွင် ပျောက်ကွယ်နေကြသည်။
ရန်ကျောက်ကဲထံတွင်ရှိသေသာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ၊ ဖန်းယွင်ရှန်း၏ အပြည့်အဝ မသန့်စင်ရသေးသော ‘နေရိပ်နတ်ဓား’ အားလုံးသည်လည်း သူတို့၏ ပုံသဏ္ဌန်များဆုံးရှုံးနေပြီး ပုံရိပ်ယောင်ပမာသာ ရှိနေသည်။
သို့သော် ချွင်းချက်နှစ်ခုရှိပေ၏။
ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့် ထူးကဲယန်စည်းတံဆိပ်တို့ကတော့ မူလပုံစံအတိုင်း မပြောင်းမလဲပင် ပုံရိပ်ယောင်ကမ္ဘာတွင် တိတ်ဆိတ်ငြငိမ်သက်စွာ ရှိနေကြသည်။
ရန်ကျောက်ကဲက စိုးရိမ်ပူပန်ဟန်မရှိဘဲ ပုံရိပ်ယောင်တိမ်ပင်လယ်အပြင်ဘက်တွင်ရှိနေသည့် လော့ကျီးထောင်တို့အုပ်စုကို ပြုံးပြလျှက် လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
ဒါကိုမြင်တော့ ပုံရိပ်ယောင်တိမ်ပင်လယ်ထဲတွင် ပိတ်မိနေသည့် ထန်ကျင်းတို့အုပ်စုရော တိမ်ပင်လယ်အပြင်ဘက် ဗလာနယ်စီးကြောင်းများကြားတွင် ရှိနေသည့် လော့ကျီးထောင်တို့အုပ်စုပါ မည်သို့မှမတတ်နိုင်စွာ စိတ်ဓာတ်ကျသွားမိကြ၏။
အထူးသဖြင့် ဗလာနယ်စီးကြေင်းထဲတွင် ရှိနေသော လော့ကျီးထောင်တို့အုပ်စု ဖြစ်သည်။
တိမ်တိုက်ပင်လယ်အပြင်ဘက်တွင်နေထိုင်ရသည်က အလွန်ခက်ခဲပြီး ဘယ်အချိန် ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်းသို့ ပြန်လည်လွင့်စင်သွားမည်ကို မခန့်မှန်းနိုင်ပေ။
လက်ရှိတွင် ပရမ်းပတာ ဗလာနယ်စီးကြောင်းများက ယိုးမင်ဂူဗိမာန်ပြိုကျစဉ်ကထက် အများကြီးအားနည်းနေပေပြီ။ အချိန်ကြာလာသည်နှင့်အမျှ ယိုးမင်ဂိုဏ်းမှလူများအပေါ် လွှမ်းမိုးမှုမရှိနိုင်တော့ဘဲ တဖြည်းဖြည်းအားနည်းသွားသဖြင့် သူတို့အားလုံး အောင်မြင်စွာလွတ်မြောက်နိုင်ခဲ့ကြသည်။
သို့သော် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော လော့ကျီးထောင်တို့အုပ်စုမှာ တွေ့မြင်ရသည့် မျှော်လင့်ချက်အလင်းရောင်လေး ပျောက်ကွယ်သွားသဖြင့် သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသည်။
လော့ကျီးထောင်မျက်နှာက စိမ်းဖန့်နေပြီး ကြုံးဝါးသံတစ်ချက် အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ရွှေရောင်စကြာတစ်ခု ပေါ်လာပြီး အဆုံးမရှိတောက်ပသောအလင်းတန်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအား လင်းလက်သွားစေသည်။
ဤသည်က နေလစကြာ နှစ်ခြမ်းကွဲသွားပြီး နေစကြာတစ်ခြမ်းသာကျန်ရစ်တော့သည့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်၏။ ဤအရာအားလုံး ဖြစ်ပွားစေခဲ့သူမှာ ရန်ကျောက်ကဲဖြစ်သဖြင့် ထိုလူငယ်ကိုကြည့်ရင်း လော့ကျီးထောင် အလွန်အမင်း ဒေါသထွက်လာသည်။
သူက နေစကြာကို လှည့်ပတ်ဝှေ့ယမ်းလိုက်သည့်အခါ အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းပင် သူက ဗလာနယ်စွမ်းအားကို ချေးယူပြီး ပုံရိပ်ယောင်တိမ်တိုက်ပင်လယ်ကို အတင်းအကျပ် ချိုးဖျက်ပစ်ရန် ကြိုးစားလိုက်သည်။
တိမ်တိုက်ပင်လယ်နှင့် နေစကြာအလင်းတန်းများထိတွေ့မိသည်နှင့် ပုံပျက်နေသည့် ဗလာနယ်က မရပ်မနား ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော် အဆုံးသတ်မှာတော့ စွမ်းအားလုံလောက်ခြင်းမရှိသဖြင့် ပုံရိပ်ယောင်တိမ်တိုက်ပင်လယ်က နဂိုအတိုင်းသာ ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ဤလုပ်ရပ်ကြောင့် လော့ကျီးထောင်မှာ ကောင်းကင်အက်ကွဲကြောင်းနေရာတွင် အတင်းအကျပ် ရပ်တည်နေနိုင်ခဲ့ပြီး ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်း ပြန်လည်မျောပါသွားခြင်းမှ ကာကွယ်နိုင်ခဲ့သည်။
နေစကြာကဲ့သို့ တန်ခိုးကြီးရတနာပစ္စည်းများ ပိုင်ဆိုင်မထားကြသော ကွမ်းမင်ဂိုဏ်းမှအကြီးအကဲကတော့ ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်း လွင့်မျောသွားပြီး ကောင်းကင်အက်ကွဲကြောင်းနှင့် ဝေးရာသို့ ရောက်ရှိသွားကြသည်။
ဗလာနယ်ထဲတွင် ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲများ၏ မကျေမနပ် အော်ဟစ်ကြုံးဝါးသံများဖြင့် ပြည့်နက်သွားသည်။
သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်သော လော့ကျီးထောင်မှာ အံကိုတင်းတင်းကြိတ်လျှက် မြင်ကွင်းကို ကူရာကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ပုံရိပ်ယောင်တိမ်တိုက်ပင်လယ်အတွင်းမှ ရန်ကျောက်ကဲကတော့ မထီမဲ့မြင်အပြုံးဖြင့် မြင်ကွင်းကိုကြည့်နေ၏။
‘ခန်း’ သခင်မ ၊ ထန်ကျင်းနှင့် အခြားသူများမှာလည်း လှုပ်ရှားချင်သည့်တိုင် လက်ရှိအခြေအနေတွင် မည်သို့မှ မတတ်နိုင်ရှိရသည်။ ပုံရိပ်ယောင်ပင်လယ်ထဲမှလူတိုင်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရုံသာတတ်နိုင်ပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်နိုင်ခဲ့ကြပေ။
‘ခန်း’ သခင်မ၏ ကာကွယ်ပေးမှုအောက်တွင်ရှိနေသည့် ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့မှာ အံ့အားသင့်သွားပြီး...
“ဒါက ဘာဖြစ်တာလဲ”
‘ခန်း’ သခင်မက တဖြည်းဖြည်းစိတ်တည်ငြိမ်သွားစေရန် ကြိုးစားလိုက်ပြီး ခဏမျှ စဉ်းစားလိုက်သည်။
ပြီးမှ...
“လောကမှာ ယင်နဲ့ယန် ၊ အစစ်အမှန်နဲ့အတုအယောင်ဆိုပြီး ရှိတယ် ၊ အခု ဒီကောင်းကင်အက်ကွဲကြောင်း တည်နေရာက မရှိမှုအဖြစ် ပြောင်းလဲသွားတယ် ၊ ဒီတော့ အတုအယောင်သဘောမျိုးဖြစ်သွားတာပေါ့”
ခန်းကျင်းယွမ်က မျက်လုံးပြူးသွားပြီး...
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“သူ စောစောကလုပ်လိုက်တဲ့ ထုံးတမ်းအစီအရင်က တစ်ခုခုတော့ တစ်ခုခုပဲ ၊ နောက်ဆုံးတစ်ခေါက်က အတော်ထူးခြားတယ် ၊ နဂါးရုပ်အလောင်းသာမဟုတ်ဘူး ဒီနေရာတစ်ခုလုံး ယာဇ်ပူဇော်ခံလိုက်ရတယ်”
‘ခန်း’ သခင်မသည်လည်း စဉ်းစား၍ပင် မရနိုင်ပေ။
သူမက...
“အစကတော့ ဒီ ထုံးတမ်းအစီအရင်က ‘သွေးမိစ္ဆာယာဇ်ပူဇော်ခြင်း’ ပဲ ၊ ဒါပေမဲ့ အဲဒါက ‘ပုံရိပ်ယောင်မိစ္ဆာယာဇ်ပူဇော်ခြင်း’ အဖြစ် ပြောင်းလဲသွားတယ် ၊ ဒါက မဟာကပ်ဘေးကြီးမတိုင်ခင်က မိစ္ဆာကျင့်စဉ်တစ်ခုပဲ ၊ အဲဒီအချိန်တွေတုန်းကတောင် သိပ်ပြီး မထင်ရှားခဲ့ဘူး ၊ ဒီ ရန်ကျောက်ကဲက ဘယ်လိုလုပ်သိနေရတာလဲ”
‘ခန်း’ သခင်မက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဒီကောင်လေးမှာ လျှို့ဝှက်နည်းလမ်းမျိုးစုံရှိနေတာကို သိလျက်နဲ့ ငါ သူ့ကိုလျှော့တွက်မိနေတုန်းပဲ ၊ သူက တကယ်ပဲ နေဝန်းထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်များလား”
ခန်းကျင်းယွမ်က ခါးသက်စွာဖြင့်...
“ဒီကောင်က တကယ့်ကိုကောက်ကျစ်တယ် ၊ ဒီကောင့်ကိုသာ တစ်စစီမလုပ်နိုင်ရင် ကျွန်တော့်ရင်ထဲက အမုန်းတရားလည်း ပြေပျောက်နိုင်မှာ မဟုတ်ဘူး”
‘ခန်း’ သခင်မက သားဖြစ်သူကို ဒေါသတကြီးကြည့်လိုက်ရင်း...
“မင်းကပဲ ပြောရတယ်ရှိသေး ၊ မင်းတို့နှစ်ယောက်လုံးကို ဝင်မပါပါနဲ့လို့ ပြောထားရဲ့သားနဲ့ မင်းက ‘ဗလာနယ်ဖြတ်သွေးနီဆူးချွန်’ ကို အသုံးပြုလိုက်လို့ သူ ဒီလိုလုပ်လို့ရသွားတာလေ”
ခန်းကျင်းယွမ်က ရေရွတ်လိုက်သည်။
“ကျွန်တော်က အမေဒုက္ခရောက်မှာ စိုးလို့ပါ ၊ ဒီကောင်နဲ့ ကွမ်းမင်ဂိုဏ်းကလူတွေပေါင်းပြီး အမေ့ကိုတိုက်မှာစိုးလို့ ‘ဗလာနယ်ဖြတ်သွေးနီဆူးချွန်’ အသုံးပြုလိုက်တာ”
ထို့နောက် သူက ခပ်တိုးတိုးအသံဖြင့်...
“ပြီးတော့ ဒီကောင်က ဘယ်လောက်ကောက်ကျစ်မလဲဆိုတာ ဘယ်သူသိမှာတဲ့လဲ”
‘ခန်း’ သခင်မ ထပ်ပြီးဒေါသထွက်သွားစဉ် ခန်းမောက်ရှန်းက ဝင်ပြောလိုက်သည်။
“ကြည့်ရတာ သူလည်း အခြေအနေက ရုန်းထွက်ဖို့ ဒီလိုလုပ်လိုက်တာနေမှာ ၊ ကြည့်ရတာ အဲဒီ ရန်ကျောက်ကဲလည်း အခြေအနေမကောင်းပါဘူး ၊ အခု ကျွန်တော်တို့လိုပဲ သူလည်းပိတ်မိနေတာပဲလေ ၊ စောစောက သွေးနီရောင်ဝဲဂယက်ကြီးတုန်းကလည်း သူလည်း ကျွန်တို့လိုပဲ တင်းခံနေရတာပဲ မဟုတ်လား”
သူက ဆက်ပြောသည်။
“ကောင်းကင်အက်ကွဲကြောင်းနေရာကို သူ ဘာလုပ်ဖို့ ရောက်လာတာလဲ မသိနိုင်ပေမယ့် အခု ဒီနေရာမှာ ပိတ်မိနေတော့ သူလည်းဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူးလေ”
‘ခန်း’ သခင်မက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...
“အချိန်ကြာလာတာနဲ့ အကြီးအကဲတွေ ငါတို့ကို လာရှာမှာပဲ ၊ ကွမ်းမင်ဂိုဏ်းကလည်း သူတို့လူတွေကို စေလွှတ်မှာပဲ ၊ ဒီ ရန်ကျောက်ကဲမှာတော့ ဘယ်လိုနောက်ခံရှိမလဲ မသိနိုင်ဘူး ၊ သူ စစ်ကူစောင့်နေတာဆိုရင်လည်း ငါတို့က အခွင့်အရေးပိုများနိုင်ပါတယ်”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့ကလည်း ဒီအတိုင်းထိုင်စောင့်နေလို့မရဘူး ၊ ဒီနေရာက ငါတို့ကို သိပ်ကြာကြာ ထိန်းချုပ်ထားနိုင်မယ် မထင်ပါဘူး ၊ ဘယ်သူအရင်ဆုံးလွတ်မလဲ ကြည့်ရအောင်”
စကားဆုံးသွားသည်နှင့် သူမမျက်ဝန်းထဲမှ အလင်းရောင်များတောက်ပလာသည်။ ထိုအလင်းတန်းများနှင့် ထိမိသည်နှင့် ပတ်ဝန်းကျင်တိမ်တိုက်များ ဖြည်းဖြည်းချင်းလှုပ်ခတ်လာသည်။
အချိန်က နောက်ပြန်ဆုတ်သွားပြီး မူလအသွင်အပြင်သို့ တစ်ဖန်ပြန်လည်ပြောင်းလဲသွား၏။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“ငါကတော့ လောစရာမရှိပါဘူး ၊ ဒီလိုနေရာမျိုးမှာ ကျင့်ကြံလိုက်ဦးမယ် ၊ မင်းတို့အားလုံး ငါကျင့်ကြံတာကို အဖော်ပြုပေးကြပေါ့”