တတိယမြောက်ကောင်းကင်ကျမ်းစာကိုလေ့လာခြင်း
Vol. 53 Ch. 740
အခန်း (၇၄၀) တတိယမြောက်ကောင်းကင်ကျမ်းစာကိုလေ့လာခြင်း
ကျင့်ကြံခြင်းအဆင့်တူညီသည့်တိုင် ကျင့်ကြံခဲ့သောသိုင်းပညာများ၏ ကွာခြားချက်ကို ယခု ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။
‘ခန်း’ သခင်မနှင့် ထန်ကျင်းတို့နှစ်ယောက်လုံးက နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်ကြားတွင် ကွခြားချက် ရှိသည်။
ပုံရိပ်ယောင်ကမ္ဘာတွင် ပိတ်မိနေစဉ် ထန်ကျင်းက ဘာမှ မတတ်နိုင်ခဲ့ပေ။ ‘ခန်း’ သခင်မ၏မျက်ဝန်းထဲမှာတော့ အချိန်ရေစီးကြောင်းအလား အလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုအလင်းတန်းက သူမ၏ပတ်ဝန်းကျင်မှ ဗလာနယ်ကို အပြောင်းအလဲများဖြစ်ပေါ်စေပြီး ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားစေ၏။
သူမကိုယ်တိုင်နှင့် သူမအနီးပတ်ဝန်းကျင်မှ အချိန်စီးဆင်းမှုက ပြောင်းပြန်စီးဆင်းသွားပြီး ရန်ကျောက်ကဲ၏ ယာဇ်ပူဇော်ခြင်းထုံးတမ်းအစီအရင်ကို ပြောင်းပြန်လှန်ရန် ကြိုးစားနေသည်။
သူမက နည်းစနစ်ကိုအဓိက အာရုံစိုက်လျှက် ကြိုးစားနေသည်။ မည်သို့ပြုလုပ်ရမည်ကို အရိပ်အမြွက်မျှသာ သိရှိသော်လည်း ရှင်းရှင်းလင်းလင်း နားလည်ခြင်းမရှိသေးပေ။
သို့ပေသိ အချိန်ကြာလာသည်နှင့်အမျှ ‘ခန်း’ သခင်မ၏ ပုံရိပ်ယောင်ခန္ဓာက ကိုင်တွယ်ထိတွေ့နိုင်သော ရုပ်ခန္ဓာအဖြစ်ပြောင်းလဲသွားသည်။ ဤသည်က သာမန်မျက်စိဖြင့်မမြင်နိုင်သော အလွန်နှေးကွေးလွန်းသည့် ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း အမှန်တကယ်ပင် သက်ရောက်မှုရှိ၏။
သူမ၏ ပုံရိပ်ယောင်အသွင်က အစစ်အမှန်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်နှင့် သူမ၏ ကျင့်ကြံခြင်းစွမ်းအားကို ပြန်လည်အသုံးပြုလာနိုင်မည်ဖြစ်သည်။ အပြည့်အဝ ပြန်လည်အားကောင်းလာပါက တိုးတက်မှုသည်လည်း အရှိန်အဟုန်ကြီးမားလာမည်ဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်၏။
အချိန်နောက်ပြန်ဆုတ်လေ ပြန်လည်အားကောင်းလာခြင်းက ပိုမိုမြန်ဆန်လေပင်။
ရန်ကျောက်ကဲက မြင်ကွင်းကိုကြည့်ရင်း...
“ထာဝရအလင်းကောင်းကင်ကျမ်းစာက တကယ့်ကို အသုံးဝင်တာပဲ”
ရန်ကျောက်ကဲက အထင်ကြီးစွာဖြင့် စုတ်သပ်လိုက်သည်။
“ဒီအမျိုးသမီး ကျင့်ကြံခြင်းအဆင့် နည်းနည်းနိမ့်နေတာ စိတ်မကောင်းစရာပဲ ၊ သူသာ အမတကူးပြောင်းခြင်းအဆင့်ဆိုရင် ကောင်းကင်အက်ကွဲကြောင်းကို အချိန်တိုအတွင်း မူလအတိုင်းပြန်ဖြစ်အောင် လုပ်နိုင်မှာ”
ထိုသို့တွေးမိတော့ ရန်ကျောက်ကဲ မနေနိုင်ဘဲ ရယ်မောရင်း...
“ငါဆိုရင်လည်းလုပ်နိုင်မှာပဲ”
သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာရော စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကိုပါ ကျင့်ကြံထားသူ ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သာမြင့်မားမည်ဆိုလျှင် ထာဝရအလင်းကောင်းကင်ကျမ်းစာ ကျင့်ကြံထားသည့် ‘ခန်း’သခင်မက ဤနေရာကို ပြန်လည်ပြုပြင်နိုင်မည်ဆိုလျှင် သူကလည်း ပြန်လည်ဖျက်ဆီးနိုင်မည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက အလျှင်စလို မရှိပေ။
ယန်ဖူကမ္ဘာတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်လေရာ ထိုကိစ္စနှင့်ပတ်သက်၍ ယုံကြည်မှုရှိနေခဲ့သည်။
ရန်ကျောက်ကဲ ဤနေရာတွင် ပိတ်မိနေသဖြင့် သူလုပ်ရမည့်အလုပ်များ မလုပ်နိုင်တော့ဟု ခန်းမောက်ရှန်းတွေးထင်ခဲ့ခြင်းက မှားယွင်းခဲ့သည်ပင်။
ထို့ပြင် ရန်ကျောက်ကဲက ပုံရိပ်ယောင်ကမ္ဘာကို ကျင့်ကြံရန်ပင် အသုံးပြုနေသေးသည်။
“ဒီ ဗလာနယ်ရဲ့ ရှုတ်ထွေးတဲ့အအပြောင်းအလဲတွေကြားမှာ ဗလာနယ်ကောင်းကင်ကျမ်းစာရဲ့ နက်နဲမှုတွေကိုသာ လေ့လာနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ”
ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း တွေးလိုက်သည်။
“စိတ်မကောင်းစရာက အဲဒီကျမ်းစာကို ငါမသိတာပဲ”
ဗလာနယ်ကောင်းကင်ကျမ်းစာက မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား ကွဲပြားမှုများကို ပုံဖော်ထားကာ ဗလာနယ်အပြောင်းအလဲများကို မှတ်တမ်းတင်ထားသည်။ အခြားသော ကောင်းကင်ကျမ်းစာများကဲ့သို့ပင် ထိပ်တန်းအဆင့် ကောင်းကင်ကျမ်းစာ တစ်ခုဖြစ်၏။
ရန်ကျောက်ကဲဖြစ်စေ ၊ ‘ခန်း’ သခင်မ ၊ ထန်ကျင်းနှင့် အခြားသူများဖြစ်စေ သိုင်းပညာအခြေခံရှိပြီး တာအိုတရားကို နားလည်မည်ဆိုလျှင် ဗလာနယ်ကောင်းကင်ကျမ်းစာကိုသာ ကျင့်ကြံထားပါက ဤ ပုံရိပ်ယောင်ကမ္ဘာတွင် လွယ်ကူရှင်းလင်းစွာ ရွေ့လျားသွားလာနိုင်ပေမည်။
သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် ဗလာနယ်ကောင်းကင်ကျမ်းစာ တစ်ခုလုံကို မကျင့်ကြံဘဲ အဓိကအချက်အချို့ကို ဆုပ်ကိုင်မိလျှင်ပင် သိုင်းသူတော်စင် ၊ စတုတ္ထအဆင့်ထိ စောင့်ဆိုင်းစရာမလိုဘဲ စကြာဝဠာတစ်ခွင် သွားလိုရာသို့ ဖြတ်ကျော်သွားလာနိုင်မည် ဖြစ်သည်။ ဤသည်က ရန်ကျောက်ကဲစိတ်ထဲမှ သံသယသက်သက်သာ ဖြစ်၏။
မဟာကပ်ဘေးကြီးမတိုင်ခင်က ယွိချင်အဆက်အနွယ်များထဲတွင် ဗလာနယ်ကောင်းကင်ကျမ်းစာကို ကျင့်ကြံအောင်မြင်ခဲ့သော တန်ခိုးစွမ်းအားရှင်များရှိခဲ့သည်။ ထိုသူများက စကြာဝဠာတစ်ခွင် ဖြတ်သန်းသွားလာ ခရီးနှင်လေ့ရှိကြသည်။
စိတ်မကောင်းစရာမှာ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ထိုသူများ ကျန်ရှိပါဦးမည်လား။
ယိုးမင်ဂူဗိမာန်သို့ဝင်ရောက်စဉ်က အနောက်ပိုင်းထိပ်တန်းအရှင်သခင် ထုတ်ဖော်အသုံးပြုလိုက်သည့် ထိပ်တန်းသိုင်းပညာက အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသည်။ အချိန်တိုအတွင်းဖြစ်သော်လည်း ထိုသိုင်းပညာက ဗလာနယ်ကောင်းကင်ကျမ်းစာကိုအသုံးပြုထားခြင်းဖြစ်ကြောင်း အတိအကျ ဆုံးဖြတ်နိုင်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ထူးခြားသော ထိုပညာရပ် ပျောက်ကွယ်သွားခြင်းမရှိသေးကြောင်း သက်သေပြနေ၏။
မူလကောင်းကင်ကျမ်းစာ (၁၀) စောင်မှ ကျမ်းစာ (၄)စောင်ကို ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည်။
ကောင်းကင်ကျမ်းစာ (၁၀) စောင်တွင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံအဖြစ်အသုံးပြုထားသည်မှာ ရှင်းပြစရာမလိုတော့ပေ။
သိမ်းဆည်းထားသည့် ကျန် ကျမ်းစာ (၃)စောင်ကတော့ မူလကောင်းကင်ကျမ်းစာ ကနဦးကျမ်းစာ (၃)စောင်တွင် အပါအဝင်ဖြစ်သော စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် နောက်ပိုင်းကျမ်းစာ (၆)စောင်တွင် အပါအဝင်ဖြစ်သော ယင်ယန်ကောင်းကင်ကျမ်းစာနှင့် အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာတို့ ဖြစ်သည်။
ရန်ကျောက်ကဲက ‘ဗလာနယ်ကောင်းကင်ကျမ်းစာ’ ကို မသိရှိသော်လည်း ယခု သူရင်ဆိုင်နေရသည်ပတ်ဝန်းကျင်က ထိုပညာရပ်ကိုကျ့င်ကြံရန် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်ကြောင်း သိရှိခဲ့သည်။
စက်ဝန်းသံသရာကောင်းကင်ကျမ်းစာက အစွန်းနှစ်ဖက်၏ အဆုံးမရှိမှုနှင့် အတိုင်းအဆကို ပြသသည်။ ပုံရိပ်ယောင်နှင့် အစစ်အမှန်ဆိုသည်မှာလည်း ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်သာ ဖြစ်၏။
ရန်ကျောက်ကဲက အချိန်အလဟသမဖြုန်းဘဲ သူ့အတွက် တတိယမြောက် ကောင်းကင်ကျမ်းစာကို ကျင့်ကြံရန် စတင်လိုက်သည်။
ယခုတစ်ကြိမ် သူကျင့်ကြံရန်ရွေးချယ်လိုက်သည်က ‘ယင်ယန်ကောင်းကင်ကျမ်းစာ’ ပင်။
‘ယင်ယန်ကောင်းကင်ကျမ်းစာ’ က ယင်နှင့်ယန် ပြောင်းလဲမှု ဖြစ်စဉ် (၄)မျိုးနှင့်ပတ်သက်ပြီး နက်ရှိုင်းသောသဘောတရားများကို ဖော်ပြထားသည်။ များပြားလှသော နိယာမတရားများ၏ အဆုံးမရှိ ၊ အစမရှိ ကွဲပြားမှုများနှင့် အဆက်မပြတ်မွေးဖွားဖြစ်တည်လာမှုများ ပါဝင်သည်။
သို့သော် ထိုအရာများအားလုံးက ပုံရိပ်ယောင်ဖြစ်သော ‘ယင်’ နှင့် အစစ်အမှန် ထင်သာမြင်သာရှိသော ‘ယန်’ အကြား ပြောင်းလဲမှုများနှင့် သက်ဆိုင်သည်။
မိုးမြေတစ်ခွင် များပြားလှသော ဖြစ်တည်မှုများထဲတွင် မည်သည့်အရာမှ ယင်နှင့်ယန် လွတ်ကင်းပြီး ဖြစ်တည်နိုင်ခြင်း မရှိပေ။
“အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာ” ကတော့ မိုးမြေတစ်ခွင် သဏ္ဌန်ရှိ သဏ္ဌန်မဲ့အရာအားလုံး၏ အဖြစ်အပျက် အကြောင်းအကျိုးများကို ပုံဖော်ထားသည်။
သို့သော် ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ်၏ ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို ကျင့်ကြံခဲ့ပြီး ဖြစ်သည်။
‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က သဏ္ဌန်ရှိ သဏ္ဌန်မဲ့အရာအားလုံး ၊ အစစ်အမှန် အတုအယောင်အရာအားလုံကို သုတ်သင်ပစ်နိုင်စွမ်းရှိသည်။ ပြောင်းလဲမှုများအားလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ငြိမ်းသတ်နိုင်စွမ်းရှိ၏။
သေချာသည့်ရပ်တည်ချက်တစ်ခုကို ဆုပ်ကိုင်ထားသော ထိုဓားသိုင်းက အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာကို ထင်ဟပ်မှုရှိစေသည်။ ထိုပညာရပ်နှစ်ခုက တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းချုပ်ထားပြီး အခြေခံမူဝါဒများက ဆင်တူရိုးမှားရှိကြသည်။
ရန်ကျောက်ကဲအနေဖြင့် ‘အသင်္ချေစကြာဝဠာ’ ကောင်းကျမ်းစာကို အနှေးနှင့်အမြန် ကျင့်ကြံမည် ဖြစ်သော်လည်း အလျင်လိုစရာမရှိပေ။ သူ့အနေဖြင့် အရင်ဦးစွာ ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို ဝေဖန်ပိုင်းခြားရန် လိုအပ်သည်။
ထို့ကြောင့် မူလကောင်းကင်ကျမ်းစာများမှ တတိယမြောက်အဖြစ် “ယင်ယန်ကောင်းကင်ကျမ်းစာ” ကိုကျင့်ကြံရန် ရန်ကျောက်ကဲ ရွေးချယ်လိုက်သည်။
သူက ပုံရိပ်ယောင်ကမ္ဘာထဲတွင် ငြိမ်သက်စွာထိုင်နေရင်း သူ၏မျက်ဝန်းများထဲမှ တောက်ပသော စာလုံးများထွက်ပေါ်လာသည်။ ထိုစာလုံးများက တဖြည်းဖြည်းပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ မျက်ဝန်းတစ်ဖက်က ပကတိနက်မှောင်သွားကာ ကျန်တစ်ဖက်ကတော့ အဖြူရောင်အတိ ဖြစ်သွားသည်။
သူက မျက်လုံးများကို မှေးမှိတ်လိုက်ပြိး မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
‘ခန်း’ သခင်မ တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။
သူမ လှမ်းကြည့်လိုက်တော့ မျက်လုံးစုံမှိတ်ကာ တင်ပျဉ်ခွေထိုင်နေသော ရန်ကျောက်ကဲကို တွေ့ရသည်။ သူ၏ပုံရိပ်က ပုံရိပ်ယောင်ကမ္ဘာနှင့် တစ်သားတည်းပေါင်းစပ်နေပြီး ပုံမှန်မဟုတ်ခြင်းအား မတွေ့မြင်ရပေ။
ရန်ကျောက်ကဲကတော့ သူ၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာနေသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ပရမ်းပတာချီစွမ်းအားအစုအဝေးက တဖြည်းဖြည်း စီးဆင်းနေသော ချီစွမ်းအားနှစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ခုက အနက်ရောင် ၊ တစ်ခုကအဖြူရောင်ဖြစ်ပြီး ယင်စွမ်းအားတစ်ခု ယန်စွမ်းအားတစ်ခု အဆက်မပြတ် ပျံ့နှံ့စီးဆင်းသွားသည်။
ထို့နောက် ယင်နှင့်ယန် ချီစွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု လှုံ့ဆော်ပေးပြီး မရေမတွက်နိုင်သော ယင်စွမ်းအားစီးကြောင်းများနှင့် ယန်စွမ်းအားစီးကြောင်းများ ဖြစ်ပေါ်လာသည်။
ယင်ချီက ယန်ချီအတွင်းဝင်ရောက်လာသည့်အခါ ယန်စွမ်းအားအတွင်းမှ သေးငယ်သော ယင်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ယန်ချီက ယင်ချီအတွင်းဝင်ရောက်လာသည့်အခါ ယင်စွမ်းအားအတွင်းမှ သေးငယ်သော ယန်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ယင်ချီက ယင်ချီအတွင်းဝင်ရောက်လာသည့်အခါ ယင်စွမ်းအားအလယ်တွင် ယင်စွမ်းအားထပ်မံဖြစ်တည်ပြီး ‘ထူးကဲယင်စွမ်းအား’ ဖြစ်တည်လာသည်။
ယန်ချီက ယန်ချီအတွင်းဝင်ရောက်လာသည့်အခါ ယန်စွမ်းအားအလယ်တွင် ယန်စွမ်းအားထပ်မံဖြစ်တည်ပြီး ‘ထူးကဲယန်စွမ်းအား’ ဖြစ်တည်လာသည်။
ဤ ထူးခြားသောဖြစ်စဉ် (၄)ရပ် ပေါင်းစည်းလိုက်သည်နှင့် တစ်သားတည်းပေါင်းစပ်သွားပြီး ယင်နှင့်ယန် စွမ်းအားနှစ်ခုက တဖြည်းဖြည်းပြောင်းလဲလာကာ သဘာဝတရားနှင့် အတူတကွ စီးဆင်းသွားသည်။
ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်ဆံက သန့်စင်သည့်အဖြူရောင်ဖြစ်ပြီး မျက်သားက နက်မှောင်နေသည်။ သူ၏ညာဘက်မျက်လုံးကတော့ ဆန့်ကျင်ဘက်ဖြစ်စွာ မျက်ဆံကပကတိနက်မျောင်နေပြီး မျက်သားက သန့်စင်သည့်အဖြူရောင် ဖြစ်သည်။
ထို့နောက်မှာတော့ ရန်ကျောက်ကဲ မျက်လုံးများ မူလအနေအထားအဖြစ် ပြန်ဖြစ်သွားသည်။
သူက ခေါင်းတစ်ချက်ညိတ်ရင်း...
“အင်း... ဒါဆိုရင်တော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီ ၊ ပထမခြေလှမ်းအောင်မြင်ပြီ ပြောရမယ်”
သူ၏ စိတ်အာရုံလှည့်ပတ်သွားပြီး ယခင်တစ်ချိန် “နေမရှိလရိပ်ထုံးတမ်းပွဲတော်” မှ စုပ်ယူထားခဲ့သော ‘လမရှိ’ စွမ်းအားများမှာ ပရမ်းပတာအနေအထားမှ ပြန်လည်တည်ငြိမ်လာသည်။
ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်မှ ယင်ယန် အမြွှာချီစွမ်းအားတို့သည် ယန်စွမ်းအားအတွင်းမှ သေးငယ်သော ယင်စွမ်းအားအဖြစ် ပြောင်းလဲသွားသလို ယင်စွမ်းအားအလယ်တွင် ယင်စွမ်းအားထပ်မံဖြစ်တည်ပြီး ‘ထူးကဲယင်စွမ်းအား’ ဖြစ်တည်လာပြီး ‘လမရှိစွမ်းအား’ နှင့် ပေါင်းစည်းသွားသည်။
မရပ်မနားသန့်စင်ကျင့်ကြံလိုက်သည့်အခါ ‘လမရှိ’ စွမ်းအားက ယင်စွမ်းအားအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲ ရယ်မောလိုက်ရင်း...
“ဒုတိယအဆင့် အောင်မြင်သွားပြီ”
မည်မျှကြာအောင် ကျင့်ကြံလိုက်သည်မသိ ၊ ရန်ကျောက်ကဲ သတိပြန်ဝင်လာသည့်အခါ ‘ခန်း’ သခင်မ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ဝက် အစစ်အမှန်တစ်ဝက် ဖြစ်နေပေပြီ။
သူမ၏ လွှမ်းမိုးမှုအောက်တွင် ပုံရိပ်ယောင်ကမ္ဘာသည်ပင် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ‘တိမ်တိုက်ပင်လယ်’ မှာ ဗလာနယ်ထဲ ပျောက်ကွယ်သွားတော့မည့်အလား ထင်မှတ်ရသည်။
တစ်ဖက်သို့ လှည့်ကြည့်လိုက်တော့ ပြာနှမ်းနေသည့်မျက်နှာဖြင့် လော့ကျီးထောင်ကို တွေ့ရသည်။ သူက နေလစကြာမှ ကျန်ရစ်ခဲ့သော လစကြာစွမ်းအားဖြင့် တိမ်တိုက်ပင်လယ်ကို တွယ်ကပ်နေပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
“ဆရာဘိုးဘိုး အခြေအနေဘယ်လိုရှိလဲ မသိဘူး”
ရန်ကျောက်ကဲ စဉ်းစားလိုက်ပြီး ပိုင်ကျစ်မင်၏ ဆင်းသက်ခြင်းဝိညာဉ်ကျောက်စိမ်းပြားလေးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းပြားလေးက မူလသဏ္ဌန်ပျောက်ကွယ်ကာ ပုံရိပ်ယောင်အနေအထားတွင်ရှိနေသည်။
သို့သော် ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို တိတ်တဆိတ်လှည့်ပတ်လိုက်ရာ အနှီကျောက်စိမ်းပြားလေးသည်. ချက်ချင်းပင် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားတော့၏။