အမွေးပွလေး
Vol. 2 Ch. 24
အမွေးပွလေးသည် ကြောက်အားလန့်အား ဖြစ်နေဟန်နှင့် ယဲ့ချန်ထံ မော့ကြည့်သည်။ ၎င်း၏မျက်လုံးလေးများသည် ပုလဲနက်များကဲ့သို့ ကြည်လင်တောက်ပနေပြီး ထူးထူးခြားခြား စိတ်လှုပ်ရှားနေပုံလည်း ပေါ်သည်။ နှာခေါင်း ချွန်ချွန်လေးသည် ဆောက်ဖြင့် အသေအချာ ပုံသွင်းထွင်းထု ထားသည့်အလား ချစ်စဖွယ် မျက်နှာလေးပေါ်တွင် ထင်းထွက်နေသည်။
စိုက်ကြည့်မိပါသော ယဲ့ချန်ပင် မင်သက်သွားရသည်။ မည်သို့သော မှော်သားရဲပေမို့ လူနှင့်မခြားသော အသေးစိတ် မျက်နှာသွင်ပြင်မျိုး ရှိရပါသနည်း။
ယဲ့ချန်သည် အဖြူရောင် အမွေးပွလေးများနှင့် ချစ်စရာ အကောင်ပေါက်လေးအား အလေးအနက် မြတ်နိုးစွာနှင့် စိုက်ကြည့်နေမိပုံမှာ လူငယ်လေးတစ်ယောက်က သူ့ချစ်သူကို ကြည့်နေသည့်အလား။ အတန်ကြာမှ သတိကပ်ကာ မိမိဘာသာ ပြန်ရယ်မိပါ၏။
“အသေးလေး ... မင်းနာမည်ကဘာလဲ”
သူက အကောင်ပေါက်လေး၏ ဦးခေါင်းလေးအား ဖွဖွဖုတ်ဟင်း မေးလိုက်သည်။ သို့သော် မွေးစုံမွေးရာက လွှဲမှားနေသည်ကို ခဏချင်း သတိထားမိသွားသည်။
“မဟုတ်သေးပါဘူး အကောင်ပေါက်လေးက စကားပြောတတ်တာမှ မဟုတ်တာကို ငါကရော ဘာလို့ မေးမိပါလိမ့်”
ထို့နောက် ယဲ့ချန်သည် အကောင်လေး၏ ပုလဲနက်များသဖွယ် မျက်လုံးလေးများမှစ၍ ခေါင်းအစ ခြေအဆုံး သေသေချာချာ လေ့လာပြီးနောက် တွေးဆဆဖြင့် ပြောသည်။
“မင်းက ဒဏ္ဍာရီလာ မြေခွေးမျိုးနွယ်ကတော့ မဟုတ်ပါဘူးနော် ငါပြောချင်တာကကွာ ... မင်းမှာ အမြီးသုံးချောင်းတောင် ရှိတယ်လေ နောက်ထပ် ခြောက်ချောင်းသာ ထပ်တိုးလိုက်ရင် အမြီးကိုးချောင်းမြေခွေး ဖြစ်နေပြီ”
အံ့ဩစရာကောင်းစွာ အကောင်ပေါက်လေးက တုံ့ပြန်လာသည်။ ပထမဦးစွာ အကောင်ပေါက်လေးက ၎င်း၏ လက်သည်းလေးများနှင့် မျက်နှာအား ပွတ်သပ်လိုက်ပြီး ဂုဏ်ယူနေသည့်နှယ် ဦးခေါင်းလေးကို မော့လျက် ယဲ့ချန်ထံ မြောက်ကြွကြွဟန်ဖြင့် ကြည့်သည်။ ထိုအမူအရာလေးမှာ ရယ်ရွှင်ဖွယ် ကောင်းသလောက် အလွန်ချစ်စဖွယ် ကောင်းလှရာ ယဲ့ချန်မှာ ထိန်းမထားနိုင်တော့ဘဲ အော်ရယ်မိတော့သည်။
ရယ်၍ဝသည့်နောက် ယဲ့ချန်သည် သိလိုစိတ်ပြင်းပြစွာနှင့် အကောင်ပေါက်လေး၏ မျိုးရိုးဗီဇအား ဆန်းစစ်မိသည်။
‘ဒီအကောင်လေးက တကယ်ပဲ မြေခွေးမျိုးနွယ်က ဖြစ်နေမလား’
အကောင်ပေါက်လေး၏ ခြေထောက်တစ်ချောင်းမှာ သွေးထွက်နေဆဲ ဖြစ်သည်မို့ သူက အိပ်ရာပေါ် ညင်သာစွာ ချပေးကာ အခန်းထဲတွင် သွေးတိတ်ဆေးနှင့် အနာကျက်ဆေးတို့ ရှာဖွေလိုက်သည်။
“တကယ်ပါပဲ မင်းကို ဘယ်သူကများ ဒီလိုမျိုး ဒဏ်ရာရအောင် လုပ်ရက်ရတာပါလိမ့်”
ယဲ့ချန်က ဆေးထည့်ပေးရင်း ညည်းညူမိသည်။ ခဏတာတွေးပြီးနောက် ထပ်ပြောလိုက်၏။
“အခုကစပြီး မင်းကို အမွေးပွလေးလို့ ခေါ်မယ်”
ယဲ့ချန်၏ စကားအား နားလည်သည့်အလား အမွေးပွလေး၏ မျက်လုံးလေးများ တောက်ပလာသည်။
အမွေးပွလေးသည် ခြေထောက်ရှိ ဒဏ်ရာအား စိတ်ရှည်လက်ရှည် ဆေးထည့်ကာ ပတ်တီးစီးပေးနေသော ယဲ့ချန်ထံ အကြည့်မလွှဲဘဲ ရွှန်းရွှန်းစားစား ကြည့်လို့နေသည်။ အမှန်စင်စစ်တွင် ထိုဒဏ်ရာသည် မပြောမလောက်သော ဒဏ်ရာ သေးသေးလေးသာ ဖြစ်သော်လည်း အမွေးပွလေး၏ ဘဝတွင် ထိုသို့ ဂရုစိုက်ပေးမည့်သူ တယောက်မျှ မရှိခဲ့ဖူးပေ။ ထို့ကြောင့်ပဲ အမွေးပွလေးသည် ယဲ့ချန်လုပ်ပေးသမျှအား ကျိုးကျိုးနွံနွံနှင့် ငြိမ်နေမိသည်။
အမွေးပွလေး၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာသော ရနံ့သင်းသင်းလေးကြောင့် ယဲ့ချန် ပြုံးမိသွားသည်။
“ထူးဆန်းတယ် မင်းလိုအမွေးပွလေးမှာ ဒီလို ရနံ့သင်းသင်းလေး ရှိတယ်တဲ့လား ပြီးတော့လည်း အရမ်းကို နူးညံ့တဲ့ အဖြူရောင် အမွေးလေးတွေပါ ထပ်ပေါင်းလိုက်ရင် ကိုယ့်အမွေးပွလေးက တကယ်ကို ဆွဲဆောင်မှုရှိတာပဲ ဟုတ်တယ်မလား”
ယဲ့ချန်စကားကြောင့် အမွေးပွလေး၏ မျက်နှာသေးသေးလေးမှာ ပန်းရောင်ရင့်ရင့်သို့ ပြောင်းလဲသွားကာ နားရွက်လေးများလည်း နီရဲသွားသည်။
“မဖြစ်နိုင်တာ မင်းက ရှက်လည်း ရှက်တတ်သေးတယ်ပေါ့ မင်းက တကယ်ကြီး မြေခွေးမျိုးနွယ် ကလို့တောင် ထင်လာပြီ ... အဲ မေ့နေတာကြည့်စမ်း မင်းက အထီးလေးလား အမလေးလားဆိုတာ အခုထိ မသိရသေးဘူးပဲ”
ပြောရင်းဆိုရင်းနှင့်ပဲ ယဲ့ချန်သည် အမွေးပွလေး၏ လိင်အမျိုးအစားကို စစ်ဆေးရန် မြှောက်ချီလိုက်သည်။
ယဲ့ချန်၏ ရည်ရွယ်ချက်ကို နားလည်သွားသော အမွေးပွလေးမှာ ထိတ်လန့်သွားဟန် မျက်လုံးလေးများ ပြူးကျယ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်တော့သည်။ ၎င်း၏ လက်သည်းလေး များဖြင့်လည်း ယဲ့ချန်ထံ ကုတ်ခြစ်ရန် ကြိုးစား၏။ သို့သော် အမွေးပွလေးသည် သိလိုစိတ်ပြင်းပြနေသော ယဲ့ချန်၍ ခွန်အားကို မယှဉ်နိုင်ပါချေ။
“အာ ... မရုန်းနဲ့လေ ငြိမ်ငြိမ်လေးနေ ငါက မင်းကို အထီးအမ ကွဲကွဲပြားပြားလေး သိချင်ရုံပါ အဲ ... ရှာလို့လည်းမတွေ့ဘူး”
ယဲ့ချန်၏ ဘယ်ဘက်လက်သည် အမွေးပွလေးအား အိပ်ရာထက်၌ ညင်သာစွာဖိထားပြီး ညာဘက်လက်ကမူ နူးညံ့သော အဖြူရောင် အမွေးလေးများကြား ပြေးလွှားနေသည်။ ခဏကြာပြီးနောက် သူ ပျော်ရွှင်စွာနှင့် အော်လိုက်လေသည်။
“တွေ့ပြီ ထင်တဲ့အတိုင်း မင်းကအမလေးပဲ”
အမွေးပွလေး၏ အဖြူရောင်ဆွတ်ဆွတ် ခန္ဓာကိုယ်လေးမှာ ကြက်သွေးရောင်သို့ ပြောင်းလုနီးနီး။ ထိုအရာကပင် အမွေးပွလေး၏ သဏ္ဌာန်အား ပိုမိုချစ်စဖွယ် ကောင်းသွားစေသည်။ အမွေးပွလေးသည် အနိုင်ကျင့်စော်ကား ခံလိုက်ရသည့်နှယ် ဒေါသပုန်ထသွားပြီး စူးရှစွာ အော်ဟစ်ရင်း လက်သည်းလေးများဖြင့် အိပ်ရာခင်းအား ကုတ်ခြစ်နေတော့သည်။
ယဲ့ချန်လည်း ဘာမှမတတ်နိုင်ဘဲ တခွီးခွီးနှင့် ဒေါကန်နေသော အမွေးပွလေး စိတ်ပြေစေရန် လွှတ်ထားပေးရသည်။
“ဘာတွေဒီလောက် စိတ်တိုနေတာလဲ မင်းကမှော်သားရဲ ငါကလူ ငါမင်းကိုဘာမှ မလုပ်နိုင်ပါဘူးကွာ ဟုတ်ပြီလား”
ယဲ့ချန် ခပ်တိုးတိုးရယ်မိရင်း ကူကယ်ရာမဲ့စွာ ရှင်းပြပြောဆိုနေမိသည်။
အမွေးပွလေး စိတ်ပြေလောက်ပြီဟု ထင်ရသော အချိန်ရောက်မှ ၎င်း၏ခန္ဓာကိုယ် သေးသေးလေးအား လက်မောင်းများကြားထဲ ပွေ့ပိုက်လိုက်သည်။
“စိတ်လျှော့ဦး လှုပ်ရှားတာများရင် ခြေထောက်ကဒဏ်ရာ ပြန်ပွင့်သွားဦးမယ်”
ပြောနေရင်းနှင့် ယဲ့ချန်ခေါင်းထဲသို့ ပေါက်ကရအတွေးတစ်ခု ဝင်လာသည်။
‘နေပါဦး ... ငါက ဒီတိုင်း အထီးလားအမလား သိချင်လို့ လုပ်လိုက်ပေမဲ့ အမွေးပွလေးက ငါ့ကို မှော်သားရဲအမတွေကို လိုက်ဖျက်ဆီးတတ်တဲ့ လူယုတ်မာကောင်လို့ ထင်သွားတာတော့ မဟုတ်ပါဘူးနော်’
ထိုသို့အတွေးဖြင့် သူ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။
ယဲ့ချန် အတွေးများနေစဉ် အမွေးပွလေးသည် သူ့လက်မောင်းများကြားမှ ရုန်းထွက်ကာ အိပ်ရာခင်းစများအောက်သို့ ဝင်နေလေသည်။ သူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရန် အကြောက်အကန် ငြင်းဆန်လို့နေသည်။
“ဟုတ်ပါပြီ ဟုတ်ပြီ ငါက ဒီတိုင်း မင်းရဲ့လိင်အမျိုးအစားကို သိချင်ရုံပါ တကယ် ... ထိတ်လန့်သွားစေမိရင် တောင်းပန်ပါတယ် ဟုတ်ပြီလား နောက်ထပ် အခုလိုမျိုး မလုပ်တော့ဘူးလို့ ကတိပေးတယ်”
ယဲ့ချန်သည် တောင်းပန်စကား ဆိုနေရင်း မှော်သားရဲတကောင်အား တောင်းပန်နေသော သူ့ပုံစံက အတန်ငယ် ကို့ရို့ကားယား နိုင်နေမည်ကို တွေးမိသွားသည်။
သူမည်မျှတောင်းပန်ပါစေ အိပ်ရာခင်းစအောက်တွင် မြုပ်နေအောင် ပုန်းနေသော အမွေးပွလေးကြောင့် ယဲ့ချန် ကူကယ်ရာမဲ့သွားသည်။
“ကောင်းပြီ ကောင်းပြီ အခုက နောက်ကျနေပြီဆိုတော့ ငါ ညစာစားဖို့ သွားလိုက်ဦးမယ် ဒီအခန်းထဲမှာ စိတ်ချလက်ချ အနားယူနေလို့ရတယ် ခဏနေမှ ငါပြန်လာခဲ့မယ်”
အမွေးပွလေးကား ဘာမှမကြားသည့်နှယ် တုံ့ပြန်ခြင်း မရှိပေ။
ယဲ့ချန်လည်း မတ်တတ်ရပ်ကာ ညစာအတွက် အခန်းထဲမှ ထွက်ခွာခဲ့သည်။
ယဲ့ချန်၏ပုံရိပ် ပျောက်ကွယ်သွားသည့်နှင့် အိပ်ရာခင်းစအောက်တွင် ပုန်းနေသော အမွေးပွလေးမှာ ခေါင်းထောင်လာပြီး ယဲ့ချန် ထွက်ခွာသွားရာဘက်သို့ လှမ်းကြည့်သည်။ ၎င်း၏ ပုလဲနက်ကဲ့သို့ မျက်လုံးလေးများက ညအမှောင်တွင် တောက်ပနေသည်။ ထို့နောက် အဖြူရောင် အမွေးလေးများကြားရှိ မျက်နှာသေးသေးလေးမှာ တစ်စုံတစ်ရာကို တွေးတောမိသောကြောင့် ရဲရဲနီသွားသည်။
ထမင်းစားဆောင်သို့ ရောက်သောအခါ တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ယဲ့ချန် သတိပြုမိသွားသည်။ မိသားစုမှ လူငယ်လေးများ အားလုံးလိုလိုသည် ထမင်း အနည်းငယ်ကိုသာ ကတိုက်ကရိုက် စားသောက်ကြပြီး ချက်ချင်းဆိုသလို တနေရာသို့ အလျင်အမြန် ပြန်လည်ထွက်ခွာ သွားကြသည်။
အထူးအဆန်း ဖြစ်နေသည်မို့ ယဲ့ချန် အံ့ဩသွားကာ ဘေးဘက်တွင်ထိုင်နေသော ယဲ့မုန့်အား မေးမိသည်။
“ယဲ့မုန့် ... သူတို့တွေ ဘာဖြစ်နေကြတာလဲ”
“အားလုံးက ယွင်မိသားစု ဖိအားကြောင့် အရင်ကထက် ပိုပြီး ကြိုးကြိုးစားစား လေ့ကျင့်နေကြတယ် ခန်းမထဲကကိစ္စ ဖြစ်ပြီးထဲကပဲ”
ယဲ့မုန့်က ပြန်ဖြေသည်။ သူသည်လည်း ထမင်းစားခြင်းအား အလျင်အမြန် လက်စသပ်ကာ မတ်တပ်ရပ်သည်။
“ကျွန်တော်လည်း အခုထမင်းစားပြီးပြီမို့ လေ့ကျင့်ရေးကွင်းကို သွားတော့မယ် နောက်မှတွေ့မယ် အစ်ကိုချန်”
ထို့နောက်တွင် လူငယ်လေးသည် အခြားလူငယ်များကဲ့သို့ ထမင်းစားဆောင်ထဲမှ လျင်မြန်စွာ ထွက်ခွါသွားပါ၏။
ယဲ့ချန်ပြုံးမိသည်။ မိသားစုထဲရှိ လူငယ်လေးများသည် အကြီးအကဲတို့အား စိတ်မပျက်စေပေ။ အခြေအနေနှင့် အချိန်အခါကို နားလည်ကာ ကြိုးကြိုးစားစား လေ့ကျင့်နေကြသည်။
တိတ်ဆိတ်စွာ ထမင်းဆက်စားနေရင်း အတွေးတို့က အခန်းထဲတွင် ကျန်ခဲ့သော အမွေးပွလေးထံ ရောက်ရှိသွားသည်။ အမွေးပွလေး၏ ဇစ်မြစ်အား သူ မခန့်မှန်းနိုင်သကဲ့သို့ မည်သည့်ထျန်းချီ အဆင့်တွင် ရှိနေသည့် မှော်သားရဲမှန်းလည်း မသေချာပေ။ အမွေးပွလေး၏ အပြုအမူတို့က လူတယောက်နှင့် အလွန်တူညီသည်ကိုသာ ပြောနိုင်သည်။ ရုတ်တရက် အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာသည်။
‘အမွေးပွလေး အခုနေ ထွက်သွားရင် ဘယ်လိုလုပ်မလဲ ဒါပေမဲ့ သူ့ခြေထောက်မှာ ဒဏ်ရာကြီးနဲ့လေ ယဲ့မိသားစုရဲတိုက် အပြင်ကိုရောက်သွားရင် လျန်ယွင်တောင်တန်းက မှော်သားရဲတွေရဲ့ ညစာ ဖြစ်သွားမှာပေါ့’
ထိုသို့အတွေးနှင့် သူ ညစာစားခြင်းကို ကပျာကယာ လက်စသပ်ကာ ကိုယ်ပိုင်ခြံဝန်းဆီသို့ အပြေးအလွှား ပြန်လာခဲ့သည်။
လေ့ကျင့်ရေးကွင်းပြင် အနီးမှ ဖြတ်လာခဲ့သည်တွင် ကွင်းအတွင်း ပြည့်နှက်နေသည့် လူငယ်များကို တွေ့ရသည်။ မည်သို့ပင်ဆိုစေ လက်ရှိတွင် သူသည် လေ့ကျင့်ရန် တက်ကြွသော စိတ်အခြေအနေ၌ ရှိမနေ။ ထို့ကြောင့် သည်အတိုင်း ဖြတ်လျှောက်လာ ခဲ့လိုက်သည်။
“ဝုန်း”
အခန်းတံခါးအား ကမျောသောပါး ဖွင့်လိုက်ပါသော်လည်း အိပ်ရာထက်တွင် ဘယ်သူမှ ရှိမနေခဲ့။ အမွေးပွလေးကား ထွက်ခွါသွားခဲ့လေပြီ။
ဘာကြောင့်မှန်းမသိစွာ ယဲ့ချန် ဝမ်းနည်းသွားရသည်။ အခန်းပတ်ဝန်းကျင်နှင့် ခြံဝန်းတစ်ခုလုံးအတွင်း နှံ့နှံ့စပ်စပ် ရှာဖွေကြည့်ပါသော်လည်း အမွေးပွလေး၏ အရိပ်အယောင်ပင် မမြင်ရပေ။
ယဲ့ချန် သက်ပြင်းချလျက် အခန်းထဲသို့ ပြန်ဝင်လာစဉ် စားပွဲပေါ်ရှိ အရာတစ်ခုက သူ့အာရုံအား ဖမ်းစားသွားသည်။ ထူးထူးခြားခြား ပစ္စည်းတော့ မဟုတ်။ အပေါ်တွင် ကုတ်ရာခြစ်ရာကဲ့သို့ တွန့်လိန်နေသည့် စာကြောင်းတချို့ဖြင့် စာရွက်တစ်ရွက် ဖြစ်သည်။
ထိုစာရွက်အား ယူကြည့်ပြီးနောက် သူ ခပ်တိုးတိုး ရယ်လိုက်မိသည်။ အမွေးပွလေးသည် ၎င်း၏ လက်သည်းလေးများအား မှင်ရည်စွတ်ကာ စာရွက်ပေါ်၌ စာတချို့ ရေးခဲ့ခြင်း ဖြစ်တန်ရာ၏။ သို့သော် ထိုစာကြောင်းများမှာ ကုချင်းကြိုးကဲ့သို့ ဖြောင့်တန်းနေသည်က တစ်မျိုး၊ ပဲပင်ပေါက်ကဲ့သို့ တွန့်လိမ်နေသည်ကတဖုံ စသည်ဖြင့် တစ်လုံးတပါဒကိုမျှ သူ နားမလည်ပါ။
“အမွေးပွလေးက စာရေးတတ်မှန်း မသိခဲ့ဘူး”
ယဲ့ချန်သည် အမွေးပွလေး၏ စာရွက်တစ်ရွက်ပေါ်တွင် စာလုံးများကို လက်သည်းဖြင့် ကြိုးစားရေးသားနေမည့် ပုံသဏ္ဌာန်လေးအား မြင်ယောင်ကြည့်သည်။ သူ မမြင်လိုက်ရသေည်ငြား ထိုမြင်ကွင်းမှာ အလွန် ချစ်စဖွယ် ကောင်းနေမည်ကိုတော့ သေချာပါ၏။
သို့ရာတွင် အမွေးမွှေးပွလေးသည် သူ့ထံသို့ ပြန်လာပါဦးမည်လားတော့ မပြောတတ်ပေ။
***