← Chapters

လေးချောင်းမြောက်အမြီး

Vol. 2 Ch. 25

လေးချောင်းမြောက်အမြီး

Vol. 2 Ch. 25

ယဲ့ချန်၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ရောပြွန်းနေသော်လည်း အဓိကကျသည့် အကြောင်းအရာကို မမေ့ပေ။ ယဲ့မိသားစုသည် ယွင်မိသားစု၏ ခြိမ်းခြောက်မှုအောက်တွင် ရှိနေလေရာ သူ့အနေနှင့် ကျင့်ကြံခြင်းကလွဲ၍ အခြားအရာများအား ခဏတာ ခေါင်းထဲမှ ထုတ်ထားသင့်သည်။

ယဲ့ချန်သည် ကျင့်ကြံခြင်းတွင် နစ်မြုပ်ထားသည်သာမက ယမ်းမှုန့်များကိုလည်း တစ်ဆင့်တိုး စမ်းသပ်ခဲ့သည်။ လက်ပစ်ဗုံးကဲ့သို့ ပုံစံခွက်တခုတွင် ယမ်းမှုန့်များ ထည့်သွင်းစမ်းသပ်ရန် သူက နမူနာဒီဇိုင်းတစ်ခု ပုံစံဆွဲပြီး မိသားစုမှ ပန်းပဲသမားများထံ ပေးခဲ့သည်။ ပန်းပဲသမားများ ပြုလုပ်ပြီးစီးသည့်အခါ ယဲ့ချန်သည် ထိုပုံစံခွက်ထဲသို့ ယမ်းမှုန့်များထည့်ကာ စမ်းသပ်ရန် အသင့်ပြင်ထားသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယဲ့မိသားစုမှ ပန်းပဲသမားများသည် မဆိုးလှ။ ပုံစံခွက်များက မော်ဒန်ခေတ်မှ လက်ပစ်ဗုံးများလောက် မသပ်ရပ်သော်ငြား လှလှပပနှင့်တော့ ထွက်လာသည်။ ပုံစံခွက်အတွင်း ယမ်းမှုန့်များ ထည့်သွင်းပြီးသော် ပေါက်ကွဲအားက ယဲ့ချန် ခန့်မှန်းထားသည်နှင့် သိပ်မကွာပေ။ ထျန်းချီအဆင့်၉ ကျင့်ကြံသူတစ်ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ညီမျှသည်။

သူသည် ညလယ်သန်းခေါင် မတိုင်မီမထိ လေ့ကျင့်နေပြီးမှ အိပ်ရာပေါ်သို့တက်ကာ မီးတိုင်ကိုမှုတ်လိုက်ပြီး အိပ်စက်ခဲ့သည်။

ရုတ်တရက် ဖြူလွှသော ပုံရိပ်မွေးခုက ပြတင်းပေါက် တံခါးမှနေ၍ အခန်းထဲသို့ ဝင်ရောက်လာသည်။ ဖြာကျနေသော လရောင်အောင်တွင် ၎င်း၏ ဖြူဖွေးနေသော အမွေးလေးများက တလက်လက် တောက်ပြောင်နေသည်။

‘အမွေးပွလေးပဲ’

အိပ်ချင်ယောင်ဆောင်နေသော ယဲ့ချန်တစ်ယောက် အံ့ဩဝမ်းသာ ဖြစ်သွားသည်။ သူက အမွေးပွလေး ပြန်လာလေမလား ဟူသော မျှော်လင့်ချက်နှင့် မီးတိုင်များငြိမ်းကာ အိပ်ချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် အမွေးပွလေးက သူ့အနားသို့ နီးကပ်လာသည်မို့ အသက်မှန်မှန်ရှူရင်း ငြိမ်နေလိုက်သည်။

အမွေးပွလေး၏ ရင်ဘတ်တွင် ပြတ်ရှရာများ ရှိနေပြီး သွေးစက်များ တတောက်တောက် စီးကျနေသည်။ ပြတ်ရှရာများမှာ နက်လွန်း၍ အသားစများပင် လန်နေပြီး အရိုးထိ ဖောက်ထွင်း မြင်ရလုမတတ်။ ရင်ဘတ်နားတဝိုက်ရှိ အဖြူရောင် အမွေးလေးများသည် သွေးကန်ထဲ နှစ်ထားသကဲ့သို့ ရဲရဲနီနေသည်။

အမွေးပွလေးသည် အသက်မျှင်းမျှင်းမျှသာ ရှူတော့သည့် အခြေအနေပင်။ ယဲ့ချန် ထိတ်လန့်စွာနှင့် လှဲနေရာမှ ခုန်ထလိုက်ပြီး သွေးစက်လက်နှင့် အမွေးပွလေးအား အိပ်ရာပေါ် ဆွဲတင်လိုက်သည်။ ထို့နောက် အခန်းထဲရှိ ဆေးသတ္တာအား ကမန်းကတန်း ပြေးယူကာ အသုံးဝင်လောက်မည့် ဆေးမှန်သမျှကို အိပ်ရာခင်းပေါ် သွန်ချလိုက်သည်။

“မင်းတော့ကွာ တကယ်ပါပဲ အကြောက်အလန့်မရှိ လျန်ယွင် တောင်တန်းဘက်ကို ပြန်သွားတယ်လား”

အမွေးပွလေး၏ အသက်ရှူနှုန်း တဖြည်းဖြည်း နှေးကွေးလာသည်ကို မြင်ရသော် သူ ဆူပူနေမိရင်းမှ ပျာယာခတ်သွားရသည်။ အမွေးပွလေးသည် လူမဟုတ်သော မှော်သားရဲ တစ်ကောင်မျှသာ ဖြစ်သည့်တိုင် သူ့အနေနှင့် အမှန်ပင် သံယောဇဉ်တွယ်မိနေပြီး မျက်စိရှေ့၌ သေသွားမည်ကို သည်အတိုင်း လက်သင့်မခံနိုင်ပေ။

ဒဏ်ရာအား စနစ်တကျ ဆေးကြောသန့်စင်ကာ ဆေးထည့်ပေးပြီးနောက် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည့် ရလဒ်အနေနှင့် သွေးတိတ်သွားသည်။

ပတ်တီးစည်းပေးနေရင်း အမွေးပွလေး၏ အသက်ရှူသံအား ဂရုတစိုက် နားထောင်နေမိကာ ယဲ့ချန် စိတ်မအေးနိုင်သေး။ အမွေးပွလေး၏ အသက်ရှူသံမှာ အလွန်တိုးညင်း ဖျော့တော့လှပြီး သူ့အား တစ်စုံတစ်ရာ ပြောပြရန် ကြိုးစားနေသကဲ့သို့လည်း ထင်ရသည်။

ယဲ့ချန်၏ လှုပ်ရှားနေသော လက်နှစ်ဖက်လုံး ငြိမ်သက်သွားပြီး အပြစ်မကင်းစိတ်နှင့် နောင်တရမှုတို့က သူ့နှလုံးသားထဲ ပြည့်နှက်လာသည်။

‘အမွေးပွလေးကို အခန်းထဲမှာ တစ်ကောင်တည်း ထားမခဲ့သင့်ဘူး ငါ့အမှားပဲ’

မတိုင်မီက တောက်ပနေခဲ့သော အမွေးပွလေး၏ ပုလဲနက်သဖွယ် မျက်လုံးရွဲရွဲလေးများကို ပြန်မြင်ယောင်မိသော် သူခံစားနေရသော အပြစ်ရှိစိတ်က ပိုကြီးလာသယောင်။

အမွေးပွလေး၏ မျက်လုံးများက ဆောက်တည်ရာမရ ဖြစ်စပြုလာပြီး မကြာခင်တွင် ခန္ဓာစဲတော့မည်ကဲ့သို့ ပို၍ ဖျော့တော့လာသည်။

‘အဲဒီလို မဖြစ်ရဘူး’

မသက်မသာ ခံစားရမှုကြောင့် ယဲ့ချန် အိပ်ရာခင်းစအား တင်းကျပ်စွာ ဆုပ်ထားမိသည်။

ထိုအချိန်တဒင်္ဂလေး၌ သူ့ခေါင်းထဲသို့ အတွေးမွေးချက် ရောက်ရှိလာသည်။

‘ငါ့အသိစိတ်ထဲမှာရှိတဲ့ ဓားထဲက အသန့်စင်ဆုံး ထျန်းချီတွေက ပျက်စီးနေတဲ့ အဓိကသွေးကြော တွေကိုတောင် ပြန်ဆက်ပေးနိုင်ရင် အမွေးပွလေးရဲ့ ဒဏ်ရာတွေကို ကုပေးနိုင်တာရော မဖြစ်နိုင်ဘူးလား’

အချိန်မဖြုန်းတော့ဘဲ သူ အိပ်ရာပေါ်တွင် အလျင်အမြန် ခြေချိတ်ထိုင်လိုက်သည်။

‘အခုချိန်မှာ တွေးနေတာထက် လုပ်ကြည့်တာ ပိုကောင်းမယ် တစက္ကန့် ဆုံးရှုံးသွားလေလေ အမွေးပွလေးရဲ့ အသက်ရှင်နိုင်နှုန်းလည်း ဆုံးရှုံးသွားလေလေပဲ’

ယဲ့ချန်သည် မျက်လုံးမှိတ်လိုက်ပြီး အသိစိတ်ထဲရှိဓားအား နှိုးဆွလိုက်သည်။ တုံ့ပြန်သည့်အနေနှင့် ဓားထံမှ အဆုံးမရှိသော သန့်စင်သည့်ထျန်းချီများ ထွက်ပေါ်လာသည်။ ထို့နောက် သူက ညာဘက်လက်အား ဆန့်တန်းကာ လှိုင်းလုံးသဖွယ် ထျန်းချီများအား အမွေးပွလေးထံ လွှဲပြောင်းပေးလိုက်သည်။

အမွေးပွလေး၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်လာသည်။ ထျန်းချီများက ၎င်း၏ခန္ဓာကိုယ်တွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်ကို ယဲ့ချန် ခံစားမိသည်။

တစ်နာရီကျော် ကြာသွားသည်။ အမွေးပွလေးကား စိတ်ချရသည့် အခြေအနေတွင် မရှိသေးပေ။

သို့သော် အခြေအနေက အဆိုးကြီးတော့မဟုတ်။ အချိန်ကုန်လာသည်နှင့်အမျှ အမွေးပွလေး၏ ဒဏ်ရာများသည် ထူးဆန်းသော ထျန်းချီများ၏ အကူအညီနှင့် သက်သာစပြုလာသည်။ ရင်ဘတ်ရှိ ပြတ်ရှရာ နက်နက်များသည် အလိုအလျောက် ပြန်လည် စေ့ပိတ်သွားကြပြီး အဖြူရောင်အမွေးလေး၏ အရောင်အဆင်းကပင် ပိုမို စိုပြေလာသည်။

ထိုအချိန်တွင် အမွေးပွလေးသည် ၎င်း၏ကိုယ်ထဲရှိ ထျန်းချီများအား ကိုယ်တိုင် လည်ပတ်နိုင်သည်အထိ လုံလုံလောက်လောက် ကောင်းမွန်နေပြီ ဖြစ်သည်။

ခပ်ယဲ့ယဲ့ ညည်းညူသံလေးနှင့်အတူ အမွေးပွလေး၏ မျက်လုံးလေးများ ပွင့်လာပြီး သူ့ထံကြည့်သည်။ ပုလဲနက်သဖွယ် မျက်လုံးလေးများက အရည်လဲ့လို့နေသည်။

ထူးဆန်းသော ထျန်းချီများကြောင့်လားတော့ မသိ၊ အမွေးပွလေး၏ အဖြူရောင် အမွေးလေးများမှာ ယခင်ကထက် တောက်ပြောင်ပြီး ပိုမိုနူးညံ့မည့်ပုံ ပေါ်လာသည်။ တစ်ချိန်တည်းတွင်ပဲ ဒဏ်ရာများအားလုံးသည်လည်း သာမန်မျက်စိဖြင့်ပင် သတိထား နိုင်လောက်သည့်နှုန်းဖြင့် ကောင်းမွန်လာသည်။

တစ်ခဏကြာပြီးနောက် အမွေးပွလေးအတွက် အသက်အန္တရာယ်နှင့် အနီးကပ်ဆုံး အနေအထားကို ကျော်ဖြတ်နိုင်သွားကြောင်း သေချာသွားကာမှ ယဲ့ချန်လည်း သက်ပြင်းချနိုင်သည်။

ထူးဆန်းသော ထျန်းချီများကြောင့် မဟုတ်ပါက အမွေးပွလေးအား သူလည်းပဲ မည်သို့မျှ ကယ်တင်နိုင်မည် မဟုတ်ပေ။

ယဲ့ချန် နာရီကြည့်လိုက်သည့်အခါ မနက်သုံးနာရီပင် ရှိနေပြီကို သိလိုက်ရသည်။ သူလည်း အလွန်ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်သည်။ မအိပ်စက်မီ အမွေးပွလေးအား မ,ယူကာ အိပ်ရာ၏ အတွင်းဘက်ဆုံး နေရာတွင် နေရာချရသည်။ သို့သော် သူအိပ်ပျော်သွားချိန်တွင် လျန်ယွင်တောင်တန်းသို့ နောက်တစ်ကြိမ် ထွက်ပြေးသွားမည်စိုး၍ အမွေးပွလေး၏ အမြီးတစ်ချောင်းအား ညာဘက်လက်ဖြင့် တင်းတင်းဆုပ်ကိုင် ထားလိုက်သည်။ သည်တစ်ကြိမ်တွင် သေဘေးမှ ကပ်သီလေး လွတ်မြောက်ခဲ့သည် ဆိုဦးတော့ နောင်တကြိမ်ကား မသေချာပေ။ ကြိုတင်ကာကွယ်ထားမှ တော်ရာကျပေမည်။

***

ငှက်ကလေးများ၏ တွန်ကျူးသံနှင့်အတူ မနက်ခင်းက အသက်ဝင်လျက်ရှိသည်။

ယဲ့ချန်နိုးလာသည့်အခါ ဦးဆုံး သတိရသည်က အမွေးပွလေး..။

အမွေးပွလေးက နိုးနှင့်နေပြီဖြစ်ကာ ၎င်း၏ အမြီးတစ်ချောင်းအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ယဲ့ချန်လက်အား လက်သည်းလေးများဖြင့် ဖယ်ထုတ်ရန် ကြိုးစားပမ်းစား အားထုတ်နေသည်။

အမွေးပွလေး၏ အမူအရာမှာ အလွန်အသည်းယားဖွယ် ကောင်းနေ၍ သူ ခပ်တိုးတိုးရယ်မိသည်။

“နားထောင် ... မလိမ်မာတဲ့ကောင်မလေး လျန်ယွင် တောင်တန်းဘက်ကို တကောင်တည်း ပြန်မသွားရဘူး နားလည်ရဲ့လား ဒီတစ်ခေါက် ငါ့ရဲ့ထူးဆန်းတဲ့ ထျန်းချီကြောင့် မင်းကိုကယ်လိုက်နိုင်လို့ ကံကောင်းသွားတယ် နောက်တစ်ခေါက် လျန်ယွင်တောင်တန်းဘက်ကို ခိုးပြန်မယ်ဆိုရင် အခုလို ကံကောင်းနိုင်တော့မယ် မထင်ဘူး”

အမွေးပွလေးကား သူ့စကားကို နားလည်သည့်အလား အိပ်ရာထောင့်စွန်းတွင် ကွေးကွေးလေး ကုပ်နေပါ၏။

လူသားတစ်ယောက်သဖွယ် အလွန်ချစ်စဖွယ် ကောင်းလှသော ထိုအပြုအမူကြောင့် ယဲ့ချန် အံ့ဩသွားရပြန်သည်။

ဘာရယ်မဟုတ် သူက အမွေးပွလေး၏ အမြီးလေးများထံ အကြည့်ရောက်သွားရာတွင် မျက်လုံးပြူးသွားရ၏။

“ဘယ်လိုဖြစ်တာလဲ”

အံ့ဩမှုကြောင့် ယဲ့ချန်အသံကပင် အတန်ငယ် ကျယ်လောင်သွားသည်။

သူသည် အံ့ဩမှုကို မထိန်းချုပ်နိုင်သေးဘဲ အမွေးမွှေးပွလေး၏ အမြီးသုံးချောင်းဘေးတွင် အသစ်ဖြစ်ပေါ်လာသော အမြီးတစ်ချောင်းကို လှမ်းကိုင်လိုက်မိသည်အထိ။

မပြောမဆိုနှင့် အစ်ကိုင်ခံလိုက်ရ၍ အမွေးပွလေးမှာ ဒေါသထွက်သွားပုံ ရသည်။ ယဲ့ချန်၏လက်အား ရုတ်ခြည်း ခါထုတ်ပစ်ကာ စူးစူးဝါးဝါး အော်ဟစ်ပါတော့သည်။

“မလှုပ်နဲ့ လာဦး ငါမင်းကို ဘာမှမလုပ်ပါဘူး အံ့ဩလွန်းလို့ပါ မင်းတကယ်ကြီး အမြှီးသစ်ပေါက်လာတာလားဟုတ်လား အမွေးပွလေး”

ယဲ့ချန်သည် စိတ်လှုပ်ရှားစွာနှင့် ရေရွတ်မိသည်။

“အခုလောလောဆယ်မှာ နည်းနည်း တိုနေသေးပေမဲ့လို့..”

အမွေးပွလေးတွင် မူလက အမြီးသုံးချောင်းရှိပြီး ယခု အသစ်တချောင်း ပေါက်လာသည်။ ဆိုလိုသည်က..။

‘နောက်ထပ် ငါးချောင်းမြှောက်အမြီးကရော ပေါက်လာဦးမှာလား အမွေးပွလေးက တကယ်ပဲ အမြီးကိုးချောင်း မြေခွေးမျိုးနွယ်ကလား’

ယဲ့ချန်၏ ရေရွတ်သံကိုကြားသော် အမွေးပွလေးသည် လန့်ဖျပ်သွားဟန်နှင့် ခုန်ထလိုက်ကာ ခေါင်းလေးအား နောက်ဘက်သို့ လှည့်လျက် ကြည့်လေသည်။ အသစ် ပေါက်လာသော အမြှီးလေးအား မြင်သွားသည်တွင် အမွေးပွလေး၏ ပုလဲနက်သဖွယ် မျက်လုံးလေးများမှာ ဝိုင်းစက် ပြူးကျယ်သွားပါ၏။

“အမြီးအသစ်လေး ပေါက်လာလို့ စိတ်လှုပ်ရှားနေတယ်ပေါ့ ဟုတ်လား”

ယဲ့ချန် ရယ်ကာမေးလိုက်သည်။ စိတ်ထဲတွင်တော့ အတိတ်တုန်းက ဖတ်ခဲ့ဖူးသည့် စာအုပ်အချို့အကြောင်း တွေးနေမိသည်။

‘အမြီးကိုးချောင်းမျိုးနွယ် မြေခွေးတွေက လူသားအသွင် ပြောင်းနိုင်ကြတယ်တဲ့ အဲ့ဒါသာအမှန်ဆိုရင် အမွေးပွလေးကလည်း တချိန်ကျရင် လူသားအသွင်ကို ပြောင်းနိုင်ကောင်း ပြောင်းနိုင်လိမ့်မယ် သေချာတာတော့ ခြွင်းချက်မရှိ လှပတဲ့ ကောင်မလေးပဲ ဖြစ်လိမ့်မယ်’

ထိုသည်မှာလည်း ဘာရယ်မဟုတ် တွေးမိသည့် စိတ်ကူးယဉ်ဆန်ဆန် အတွေးတစ်ခုသာ ဖြစ်သည်။ ဖြစ်လာမည်၊ မဖြစ်လာဘူးကတော့ အတပ် ပြော၍မရနိုင်ပေ။

“ဒီကိုလာ ... အတူတူမနက်စာ သွားစားရအောင်”

ယဲ့ချန်က အိပ်ရာပေါ်မှထရင်း ပြောလိုက်သည်။ သူ အဝတ်အစားများ လဲပြီးချိန်တွင် အမွေးပွလေးသည် နှစ်ခါ ထပ်မပြောရဘဲ ပခုံးပေါ်သို့ ခုန်တက်ကာ အခန့်သား နေရာယူလေသည်။

ကြည့်ရသည်မှာ အမွေးပွလေးသည် သူ့အား မကျေမချမ်းဖြစ်ခြင်း မရှိတော့ဟန် ရသည်။

စိတ်ကျေနပ်စွာနှင့် အမွေးပွလေး၏ ခေါင်းလေးအား ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ ထူးထူးဆန်းဆန်း အမွေးပွလေးကား ဒေါသထွက်ဟန်မပြပေ။ သက်တောင့်သက်သာ ဖြစ်ဟန်နှင့် သူ့ပခုံးပေါ်တွင်သာ ဆက်လက် မှီတွယ်နေသည်။

***

All Chapters