ထျန်းချီ အလျှံအပယ်
Vol. 2 Ch. 26
ယဲ့ချန်သည် လေ့ကျင့်ရေး ကွင်းပြင်အနီးမှ ဖြတ်လျှောက်သွားသည်တွင် ပခုံးပေါ်ရှိ အမွေးပွလေးကြောင့် အားလုံး၏ အာရုံစိုက်ခြင်းကို ခံရသည်။
“အစ်ကိုချန်”
မိန်းကလေးအများစုမှာ ချက်ချင်းဆိုသလို ယဲ့ချန်အနီးသို့ စုဝေးလာကြသည်။
“ဒီအကောင်ပေါက်လေးက အစ်ကို မွေးထားတာလား ခဏလောက် ချီကြည့်လို့ရမလားဟင်”
မိန်းကလေးများသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် အမွေးပွလေး၏ အဖြူရောင် အမွေးလေးများကို ပွတ်သပ်ပေးရန် လက်လှမ်းလာကြသည်။
အမွေးပွလေးသည် ယဲ့ချန်ပခုံးပေါ်တွင် မှီနေရာမှာ ရုတ်ခြည်း စိတ်ဆိုးမာန်ဆိုး ဖြစ်သွားဟန်နှင့် မိန်းကလေးများ ဘက်သို့လှည့်ကာ မာန်ဖီလိုက်သည်။
မိန်းကလေးများမှာ ရုတ်တရက်မို့ ထိတ်လန့်သွားကြသလို ရှက်လည်း ရှက်သွားကြပုံ ရသည်။
“ဘယ်လောက်တောင် ဒေါသကြီးတဲ့ အကောင်လဲ”
တီးတိုးရေရွတ်ရင်း ဝေးရာသို့ ထွက်ခွာသွားကြတော့သည်။
ယဲ့ချန်သည် အမွေးပွလေး၏ ခေါင်းအား ဖွဖွပုတ်ရင်း ဟက်ဟက်ပက်ပက် ရယ်မိသည်။
“အဲဒီလိုမလုပ်ရဘူးလေ လူတွေကို ခြောက်လှန့်သလို ဖြစ်နေပြီ”
ထိုစဉ်တွင်ပဲ ယဲ့လော့၏ အသံလွင်လွင်လေးက ထွက်ပေါ်လာသည်။
“ကောင်းသောနံနက်ခင်းပါ အစ်ကိုချန် အယ် ... ချစ်စရာကောင်းလိုက်တဲ့ အကောင်ပေါက်လေးပါလား”
ယဲ့လော့သည် မှော်သားရဲများနှင့် ပတ်သက်၍ အတွေ့အကြုံရှိပုံရသည်။ အခြားမိန်းကလေးများကဲ့သို့ အတင်းထိကိုင်ရန် မကြိုးစားဘဲ စိတ်အားထက်သန်နေသော မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်နေရုံသာ ကြည့်သည်။
အမွေးပွလေးကလည်း မကြာသေးခင်က မာန်ဖီနေသော အမူအရာနှင့် မတူဘဲ ယဲ့လော့အား စုန်ချည်ဆန်ချည် အကဲခတ်နေသည်။ ပုလဲနက်သဖွယ် မျက်လုံးလေးများက ယဲ့လော့ထံသို့သာ မမှိတ်မသုန် ကြည့်နေ၏။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ကို ပိုင်ဆိုင်ပြီးနောက် အာရုံခံနိုင်စွမ်းနှင့် အမြင်အာရုံတို့ ပိုမိုထက်ရှလာသည်။ ယဲ့လော့၏ ပြောင်းလဲသွားသော တစ်စုံတစ်ရာအား သတိထားမိရန် တစ်စက္ကန့်မျှသာ ကြာလိုက်သည်။
“မယုံနိုင်စရာပဲ လော့အာ ထျန်းချီအဆင့်၆ ထိပ်ဆုံးအဆင့်ကိုတောင် ရောက်သွားပြီပေါ့ ဟုတ်လား”
ယဲ့ချန် တအံ့တဩ ဖြစ်သွားရသည်ကလည်း မလွန်ပေ။ လွန်ခဲ့သော ရက်အနည်းကမှ ယဲ့လော့သည် ထျန်းချီအဆင့် ၅တွင်သာ ရှိနေခဲ့ပြီး ယခုမူ ထျန်းချီအဆင့်၆ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ ယဲ့လော့တွင် ထူးခြားဆန်းကြယ်သော လျှို့ဝှက်အကူအညီတချို့ ရှိနေတာလည်း ဖြစ်နိုင်သည်။ သူမလည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်း လည်ဆွဲလေးကပင် ပုံမှန်ပစ္စည်းမဟုတ်ပေ။ မွန်မြတ်သန့်စင်သော အရှိန်အဝါများ ဖြာထွက်နေကာ ထျန်းချီပြည့်ဝသော မှော်ရတနာဖြစ်သည်။
“အင်း”
ယဲ့လော့က ခေါင်းညိတ်သည်။ ယဲ့ချန်က သူမ၏ တိုးတက်မှုအား ဖွင့်မပြောရဘဲ သတိထားမိသောကြောင့် ပျော်ရွှင်နေဟန်ရသည်။ အစ်ကိုချန်သည် ထျန်းချီအဆင့်၆ အလယ်အလတ် ဆင့်တွင်သာ ရှိသေးသော်လည်း ထျန်းချီအဆင့်၆ ထိပ်ဆုံးဖြစ်သော သူမ၏ ကျင့်ကြံဆင့်အား အလွယ်တကူ အာရုံခံနိုင်သည်။
ဆိုလိုသည်မှာ အစ်ကိုချန်၏ ကျင့်ကြံဆင့်သည် ထင်သလောက် မရိုးရှင်းဘဲ တကယ်တမ်း တိုက်ခိုက်ကြလျှင် ထျန်းချီအဆင့်၆ နောက်ဆုံးဆင့်ဖြစ်သော သူမထက် သာတာလည်း ဖြစ်နိုင်သည်။ ထိုအတွေးက ယဲ့လော့အား ပို၍ ပျော်ရွှင်စေသည်။ သူမအတွက်တော့ အစ်ကိုချန်၏ တိုးတက်မှုသည် သူမကိုယ်တိုင်၏ တိုးတက်မှုထက်ပင် ပိုလို့ ပျော်ရွှင်စေပေသည်။
အမွေးပွလေးသည် ယဲ့လော့၏ ပျော်ရွှင်ကျေနပ်နေသော အမူအရာကို အကဲခတ်ပြီးနောက် တိတ်ဆိတ်ကျသွားသည်။
ယဲ့ချန်က သတိမထားမိပေ။ ယဲ့လော့နှင့်အတူ စကားတပြောပြောဖြင့် ထမင်းစားဆောင်သို့ လမ်းလျှောက်သွားကြသည်။
အမွေးပွလေးသည် အစာစားချိန်တွင် ၎င်း၏ ရှေ့လက်သည်းလေးများနှင့် အသားတစ်များအား ကိုင်လျက် သွားသေးသေးလေးများဖြင့် တတိတိ ကိုက်ဝါးလေသည်။ ယဲ့ချန်အတွက်တော့ အမွေးထူသော သူငယ်ချင်း အသစ်တစ်ယောက် ရလိုက်သကဲ့သို့ပါပင်။
မှော်သားရဲ တစ်ကောင်အနေနှင့် အမွေးပွလေး၏ အစာစားနေပုံမှာ အရုပ်ဆိုးမနေသည့်အပြင် ချစ်စရာပင် ကောင်းနေသေးသည်။ ဘေးကနေ ထိုင်ကြည့်ချင်စရာ မြင်ကွင်းလေး ဖြစ်သည်။
“ချန်အာ ... ဒီချစ်စရာ အကောင်ပေါက်လေးကို ဘယ်ကရတာလဲ”
ထမင်းစားဆောင်ထဲသို့ ယခုမှ ဝင်လာသော ယဲ့ကျန့်ထျန်းက အံ့အားသင့်စွာ မေးသည်။
“ဪ ... အဖေ ... ဘယ်လိုရတာလဲဆိုတော့ ပြောရရင် ဘယ်လိုမှမဟုတ်ဘူး သူ့ဘာသာ ကျွန်တော့်ဆီ ရောက်လာတာလေ”
အမွေးပွလေးအား ကြည့်ကာ ပြုံးရင်း ယဲ့ချန်က ပြန်ဖြေသည်။
သူတို့သားအဖ၏ စကားအပြန်အလှန်အား စိတ်ဝင်စားတသည့်နှယ် အမွေးပွလေးသည် အစာစားနေရာမှ ခေါင်းထောင်ကြည့်လာသည်။
“ဒီလိုအမြီးသုံးချောင်းနဲ့ မှော်သားရဲမျိုး အဖေတစ်ခါမှ မတွေ့ဖူးဘူး”
ယဲ့ကျန့်ထျန်းသည် အံ့ဩဟန်နှင့် ဆို၏။
“မဟုတ်မှလွဲရော ဒီအကောင်ပေါက်လေးက ရှားပါးမှော်သားရဲ မျိုးစိတ်ကများလား ကျင့်ကြံဆင့်ကရော ဘယ်လောက်ရှိပြီလဲ ထျန်းချီအဆင့်၁လား ၂လား”
“ကျွန်တော်လည်း မသိဘူး”
သူ့ဖခင်မေးနေသော အရာများကို ယဲ့ချန်ကိုယ်တိုင်လည်း သိချင်နေတာ ဖြစ်သည်။
“မိသားစုရဲ့ ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ရှားပါးမှော်သားရဲ မျိုးစိတ်တွေအကြောင်း ရှိမလားလို့ အဖေ တစ်ချက် ရှာကြည့်လိုက်မယ်”
ထို့နောက် ယဲ့ကျန့်ထျန်းသည် အမွေးပွလေးအား နောက်ဆုံး တစ်ချက်ကြည့်ကာ ထွက်ခွာသွားသည်။
သူ့ဖခင်ကဲ့သို့ ဗဟုသုတ ကြွယ်ဝသူကပင် အမွေးပွလေး၏ မျိုးနွယ်နှင့်ပတ်သက်၍ မသိရှိခြင်းကြောင့် ယဲ့ချန် နည်းနည်းတော့ အံ့ဩသွားသည်။ မည်သို့ပင်ဆိုစေ အမွေးပွလေးသည် သာမန် မှော်သားရဲတော့ မဖြစ်နိုင်ပေ။ ယဲ့ချန်မျက်လုံးထဲတွင်တော့ အမွေးပွလေးအား အန္တရာယ်ပေးနိုင်သည့် တစုံတရာအဖြစ် မမြင်တာအမှန်။ အတိတ်တွင် အမွေးပွလေးက မည်သို့သော မှော်သားရဲမျိုး ဖြစ်ခဲ့ပါစေ၊ သူဂရုမစိုက်ပါ။ ပစ္စုပ္ပန်ကိုသာ အလေးထားသည်။
စကားဝိုင်းအား ကြားသိလိုက်ရသော ယဲ့လောသည်လည်း သိလိုစိတ်ကြောင့် အမွေးပွလေးထံ လှမ်းကြည့်မိသည်။ အမွေးပွလေးသည် ယဲ့လော့အား အခြား မိန်းကလေးများကဲ့သို့ ရန်လိုဟန် မပြသော်လည်း ရင်းရင်းနှီးနှီး ထိတွေ့ခွင့်လည်း မပေးပေ။
စားသောက်ပြီးစီး ကြသည့်အခါ ယဲ့လော့သည် ယဲ့ချန်အား နှုတ်ဆက်ပြီး လေ့ကျင့်ရန် ထွက်ခွါသွားသည်။
ယဲ့ချန်လည်း အမွေးပွလေးနှင့်အတူ မိသားစုပန်းပဲဖိုသို့ ဦးတည်ကာ ထွက်ခွာလာခဲ့သည်။
“ဦးလေးမော့ယွမ် ဒီလိုဟာမျိုးကို ဦးလေး လုပ်နိုင်မယ်လို့ ထင်လား”
ယဲ့ချန်က ယမ်းမှုန့်များ သွပ်သွင်းရန် လက်ပစ်ဗုံးကဲ့သို့ ပုံစံခွက်အား သူကိုယ်တိုင် ထပ်မံဆန်းသစ်၍ ဒီဇိုင်းဆွဲထားသည်။ နမူနာပုံကြမ်းစာရွက်ကို ထုတ်ကာ ပန်းပဲဖိုတာဝန်ခံထံ ပြရင်း မေးလိုက်သည်။
ယဲ့မော့ယွမ်သည် အသက်လေးဆယ်ခန့် ရှိပြီဖြစ်သော ယဲ့မိသားစုမှ ပန်းပဲသမားတစ်ယောက် ဖြစ်သည်။ မူရင်းမျိုးရိုးက ယဲ့မဟုတ်သော်ငြား ယဲ့မိသားစုတွင် ခိုလှုံကာ မျိုးရိုးနာမည် ယူထားသောကြောင့် ယဲ့ချန်၏ သွေးမတော်သည့် ဦးလေးဟု ဆိုနိုင်သည်။ ယဲ့မော့ယွမ်သည် ကျင့်ကြံဆင့် မမြင့်သော်လည်း ပန်းပဲပညာတွင် ထူးချွန်သည်။ လက်နက်များ ထုလုပ်ခြင်းတွင် အထူးကျွမ်းကျင်ပြီး အားလပ်ချိန်များ၌ လယ်ယာသုံး ပစ္စည်းများလည်း ထုလုပ်တတ်သည်။
ယဲ့ချန်၏ ပုံကြမ်းစာရွက်အား လေ့လာပြီးနောက် ယဲ့မော့ယွမ်သည် အချိန်အတန်ကြာ တွေးတောရင်း ငြိမ်သက်သွားသည်။
“လုပ်လို့တော့ ရမှာပါ”
ယဲ့မော့ယွမ်က ရေရွတ်သည်။
“ဘာမှမလုပ်ခင်မှာ ကြိုပြောထားချင်တာ တစ်ခုတော့ ရှိတယ် ဒီနမူနာပုံစံက နည်းနည်း ရှုပ်ထွေးပုံပေါ်တယ် အဲဒါကြောင့် ဦးလေးအနေနဲ့ တစ်ခုလုပ်ဖို့တောင် အချိန်တပတ် ဒါမှမဟုတ် အဲထက်ပိုကြာနိုင်တယ်”
“ကိစ္စမရှိဘူး ကျေးဇူးပြုပြီး ဒီရက်ပိုင်းအတွင်း ပြီးနိုင်သမျှသာ လုပ်ထားပေးပါ”
ယဲ့ချန်က လေးနက်စွာပြောသည်။
ယဲ့မော့ယန်သည် လေးနက်သောအမူအရာနှင့် ပြောနေပါသည့် သူ့အရှေ့မှ လူငယ်လေးအား ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်မိသည်။ သူတို့မိသားစုမှ လူအများလေးစားရပါသော ဆက်ခံသူသခင်လေးသည် မည်သည့် အကြောင်းကြောင့် ကြက်ဥတလုံး၏ အရွယ်အစားခန့် ရှိသည့် အမည်းရောင် သတ္တုလုံးအလွတ်များကို တကြိမ်ပြီးတကြိမ် ပြုလုပ်ခိုင်းနေရသည်လဲ မသိပေ။
သို့သော် မိသားစုထဲတွင် ဆက်ခံသူကား တစ်ယောက်သာရှိပြီး မိသားစုခေါင်းဆောင်နှင့် မတိမ်းမယိမ်းအာဏာကို ပိုင်ဆိုင်သည်။ ဆက်ခံသူကိုယ်တိုင်က တောင်းဆိုနေမှတော့ ပန်းပဲဖိုမှတာဝန်ခံ တစ်ယောက်က ပြန်လည် မေးခွန်းထုတ်ဖို့ မသင့်ပေ။
ထိုသို့တွေးပြီးနောက် ယဲ့မော့ယန်လည်း ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
“ကောင်းပြီ ဦးလေး အကောင်းဆုံး ကြိုးစားပေးမယ်”
“ကျေးဇူးတင်ပါတယ် ဦးလေး”
ယဲ့ချန်က ဦးညွှတ်ရင်း ပြောသည်။
“အို ... မဟုတ်တာ ကျေးဇူးတင်ဖို့မလိုပါဘူး”
ယဲ့မော့ယွမ်သည် ဤဆက်ခံသူလေးနှင့် ဆက်ဆံရသည်မှာ နွေးနွေးထွေးထွေး ရှိလှသည်ဟု ခံစားမိသည်။ ကြားမိသည့် သတင်းများအရ ဆက်ခံသူလေးသည် မိသားစုဝင် အားလုံးလိုလိုနှင့် ဆက်ဆံရေးကောင်းမွန်ကာ ယဲ့မိသားစုအပေါ် အလွန် သံယောဇဉ်တွယ်သည်ဟု သိရသည်။ ကြည့်ရသည်မှာ ထိုစကားများက မှန်ပုံပင်။
***
ပန်းပဲဖိုမှ ပြန်ထွက်လာပြီးကတည်းက အမွေးပွလေးသည် ယဲ့ချန်မျက်နှာကိုသာ တစ်ချိန်လုံး မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ ပုလဲနက်သဖွယ် မျက်လုံးလေးများက သိလိုစိတ်တို့ဖြင့် တဖိတ်ဖိတ်လက်နေသည်။ ပန်းပဲဖိုတွင် ယဲ့ချန်ပေးခဲ့သောပုံကြမ်းစာရွက်က မည်သည့်အရာအကြောင်း ဖြစ်သည်ကို အလွန်သိချင်နေဟန်ရသည်။
ကိုယ်ပိုင်ခြံဝန်းသို့ ပြန်ရောက်သည်တွင် ယဲ့ချန်က အချိန်မဖြုန်းဘဲ လေ့ကျင့်ရန်ပြင်သည်။
“အမွေးပွလေး ... ငါလေ့ကျင့်နေတုန်း ဘယ်ကိုမှ လျှောက်မသွားရဘူးနော် ဟုတ်ပြီလား”
ယဲ့ချန်သည် အမွေးပွလေး၏ ဦးခေါင်းလေးအား ဖွဖွပုတ်ရင်း မှာကြားရသည်။
အမွေးပွလေးက နာခံဟန်အပြည့်နှင့် ခေါင်းညိတ်ပါ၏။
ယဲ့ချန်လည်း စိတ်ချသွားပြီး ခြေချိတ်ထိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ထျန်းချီများအား လှည့်လည်လိုက်သည်။ အသိစိတ်ထဲရှိဓားအား နှိုးဆွလိုက်သည့် အကြိမ်တိုင်းတွင် များပြားလှသည့် အလွန်သန့်စင်သော ထျန်းချီများက သူ့ထံသို့ စီးဝင်လာရာ ယဲ့ချန်အနေနှင့် လေ့ကျင့်ရာတွင် ကောင်းကင်နှင့်မြေကြီးမှ ထျန်းချီများကို စုပ်ယူဖို့ပင် မလိုအပ်ပါ။ ထို့ကြောင့် သူ၏ ကျင့်ကြံနှုန်းမှာလည်း သာမန်လူ တစ်ယောက်ထက် ဆယ်ဆခန့် ပိုမြန်သည်။ သို့သော် ယဲ့ချန်အနေနှင့် အသိစိတ်ထဲရှိ ဓားထံမှ ပို့လွှတ်လာသမျှသော ထျန်းချီများအား အကုန်အစင် မစုပ်ယူနိုင်လေရာ အများစုမှာ ခန္ဓာကိုယ်အပြင်ဘက်သို့ လျှံထွက်သွားကြသည်။
ယဲ့ချန်နှင့် မလှမ်းမကမ်းတွင် ပျင်းရိစွာနှင့် ခွေခေါက်နေပါသော အမွေးပွလေးသည် ယဲ့ချန်ကိုယ်ထဲမှ စိမ့်ထွက်လာသော အလွန်သန့်စင်သည့် ထျန်းချီများကို အာရုံခံမိသောကြောင့် ငေါက်ခနဲ ထထိုင်မိသွားသည်။ ထို့နောက် ဖြစ်ပျက်နေသည်တို့ကို နားလည်သွားပြီး ယဲ့ချန်ထံမှ စိမ့်ထွက်လာသမျှသော ထျန်းချီတို့အား ပျော်ပျော်ကြီး စတင် စုပ်ယူပါတော့သည်။
သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်သွားသော ထျန်းချီများအား တစ်စုံတစ်ရာက စုပ်ယူနေသည်ကို ခံစားမိ၍ မျက်လုံး ဖွင့်ကြည့်မိသော ယဲ့ချန်သည် မလှမ်းမကမ်း၌ ငြိမ်သက်ကာ လေ့ကျင့်နေသော အမွေးပွလေးကို မြင်လိုက်ရသောကြောင့် အံ့ဩသွားသည်။ ဒေါသကြီးသော အမွေးပွလေးကား အခြေအနေနှင့် အချိန်အခါအားကြည့်ကာ မည်သို့ အမြတ်ထုတ်ရမည်ကို ကောင်းကောင်းသိပုံပင်။
ပြုံးလျက်ကပဲ ယဲ့ချန် မျက်လုံးပြန်မှိတ်ကာ ဆက်လက် ကျင့်ကြံလိုက်သည်။ အမွေးပွလေးသည် သူ့ထံမှ ပိုလျှံသည့် ထျန်းချီများကိုသာ စုပ်ယူခြင်းဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအပေါ် မကောင်းသောတစုံတရာ မသက်ရောက်ပေ။
နှစ်နာရီ ကုန်ဆုံးသွားသည်။
ယဲ့ချန် မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် အမွေးပွလေးသည် အခန်းထောင့် တစ်နေရာ၌ ငြိမ်သက်စွာ ရှိနေ၏။
အမွေးပွလေး၏ ခန္ဓာကိုယ် အနောက်ဘက်သို့ အကြည့် ရောက်သွားသည်တွင် ယဲ့ချန် အံ့ဩသွားရပြန်သည်။ ၎င်း၏ ပုံမှန်အမြီး သုံးချောင်းအပြင် မကြာခင်ကမှ အသစ်ပေါက်လာသော လေးချောင်းမြောက် အမြီးလေးက အတန်ငယ် ရှည်ထွက်လာသည်။
“အမွေးပွလေး ... မင်းရဲ့အမြီးအသစ်လေးက ရှည်လာတယ် ကြည့်ကြည့်ဦး”
အမွေးပွလေးကား ယဲ့ချန်၏ စိတ်လှုပ်ရှားနေသော အမူအရာကြောင့် စိတ်ရှုပ်ဟန်ဖြင့် ဟွန့်ခနဲ နှာမှုတ်သည်။ ကြည့်ရသည်မှာ အမွေးပွလေးသည် အမြီးအသစ်လေး ရှည်ထွက်လာကြောင်း သိပြီးပုံရသည်။ ထူးထူးခြားခြား တုံ့ပြန်မှုမရှိပေ။
***