← Chapters

ပါဝင်ငြိစွန်းမှု

Vol. 8 Ch. 102

ပါဝင်ငြိစွန်းမှု

Vol. 8 Ch. 102

ဆေးဘုရင် တောင်ထိပ် …

သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရှိ  တောင်ထိပ် အမည်တွင် “ဓား” ဟု  မပါရှိသော တစ်ခုတည်း‌သော  တောင်ထိပ် ဖြစ်လေ၏။ ထိုသည်က ယန်ချင်ယင် နေသောနေရာ ဖြစ်သည်။ ဆေးဘုရင် တောင်ထိပ်ကား ဝိညာဉ် ဆေးပင်များဖြင့် ဝေဝေဆာဆာ ရှိလှသည်ဟု ဆိုရိုး ရှိဖူးလေသည်။ သို့သော် အချိန်ကြာလာ သည်နှင့်အမျှ အခြားသော တောင်ထိပ်များ ကဲ့သို့ ဖြစ်လာကာ ဝိညာဉ် ဆေးပင်များကို ကျင့်ကြံသူများက စိုက်ပျိုးနေကြရ၏။

မိုဝူကျီက ဆေးဘုရင် တောင်ခြေသို့ ရောက်သောအခါ သူ့အား ချက်ချင်း ဟန့်တားခံ လိုက်ရ၏။ ထိုသည်က ဆေးပင် သယ်ယူရေး မိန်းကလေး ဖြစ်ကာ အသက်က ၂၀ပင် မရှိလောက်သေးချေ။

“ဂျူနီယာ ညီမကို နှုတ်ဆက်ပါတယ်  ကျွန်တော်က ပဒုမ္မာကြာ ဓားတောင်က မိုဝူကျီပါ   စီနီယာ အစ်မယန်ကို လာတွေ့တာပါ  တစ်ဆင့် သတင်းပို့ပေးပါဦး ” မိုဝူကျီက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း တစ်ခုလုံးတွင် သူ၏ ပဒုမ္မာကြာ ဓားတောင် တစ်ခုသာ အကာအကွယ်မရှိ ဖြစ်နေသည်ကို သိလိုက်ရ၏။  သူ့အတွက် မလိုအပ်၍ မဟုတ်ဘဲ ထိုသို့ ခန့်အပ်ရန် အာဏာ မရှိ၍သာ ဖြစ်၏။

“ပဒုမ္မာကြာ ဓားတောင်က စီနီယာ အစ်ကိုမိုကို   ဆေးလုံး သခင်ယန် ထွက်မသွားခင်  စီနီယာ လာရင် တိုက်ရိုက် ဝင်ခိုင်းလိုက်ပါလို့ မှာသွားပါတယ်ရှင့်  ယန်အာကို ပြန်ခေါ်သွားလို့ ရပါပြီ ...” ဆေးပင် သယ်ယူရေး မိန်းကလေးက အရိုအသေပြုကာ မြန်မြန် ပြောပြလိုက်သည်။

မိုဝူကျီက စိတ်မပျက်ဘဲ မနေနိုင်ချေ။  သူက  ထပ်၍ မေးမြန်း လိုက်တော့သည်။

“စီနီယာ အစ်မယန် ဒီမှာ မရှိဘူးလား…”

ယန်အာကို လာခေါ်ရင်း ယန်ချင်ယင်ကို  ပဒုမ္မာကြာ  ဓားတောင် အကြောင်းကို မေးမြန်းရန် ကြံစည်ထားခြင်း ဖြစ်၏။ အဓိကကား  သွေးပဒုမ္မာကြာ အကြောင်းကို သိချင်တာ ဖြစ်သည်။

“စီနီယာ အစ်မယန်ကို ဆေးလုံးဆရာများ ဖလှယ်ခြင်းမှာ ပါဝင်ဖို့ ဖိတ်ကြား ထားတယ် ဒါနဲ့  စီနီယာ အစ်ကို အနားယူဖို့ ကျွန်မနောက်က လိုက်ခဲ့ပေးပါနော်” မိန်းကလေးက ယဉ်ကျေးစွာ ပြောလိုက်သည်။

ယန်ချင်ယင်က ဆေးဘုရင် တောင်ထိပ်တွင် မရှိသောကြောင့် မိုဝူကျီက ဤနေရာတွင် အချိန်ဖြုန်းရန် မကြံတော့ပေ။ သူက ချက်ချင်း ပြန်၍ ပြောလိုက်သည်။

“ဂျူနီယာ ညီမကို ကျေးဇူးတင်ပါတယ်  အခုက ယန်အာကို လာခေါ်ရုံတင်ပါ  စီနီယာ အစ်မယန် ပြန်လာမှပဲ နောက်တစ်ခေါက် လာလည်ပါတော့မယ်...”

“ဟုတ်ကဲ့ ရပါတယ် ခဏလောက် စောင့်ပေးပါနော် …” ထိုမိန်းကလေးသည် ယန်ချင်ယင်ဆီမှ ညွှန်ကြားချက်များ ရထားသည်မှာ သိသာလှ၏။ ထိုစကားကို ပြောရင်း သူမက မြန်မြန် အထဲသို့ ဝင်သွားလေသည်။

မိုဝူကျီသည်  ထိုမိန်းကလေးက  ယန်အာနှင့် အတူ ပြန်မလာခင် အထိ မိနစ် အနည်းငယ်သာ စောင့်လိုက်ရ၏။ တစ်ချိန်တည်းတွင် သူမက ကျောပေါ်တွင် အိတ်အကြီးကြီး သယ်ဆောင် ထားလေသည်။

“စီနီယာ အစ်မ ထွက်မသွားခင်  ဒီဟာကို စီနီယာဆီ ပေးပေးဖို့ ပြောခဲ့တယ် ...” မိန်းကလေးက မိုဝူကျီကို ထိုအထုပ် လှမ်းပေးလိုက်သည်။

မိုဝူကျီကို  ဆေးပင် အနံ့များကြောင့် အိတ်ကို ဖွင့်ကြည့်ရန်ပင် မလိုပေ။ ထိုသည်က ယန်ချင်ယင် သူ့ကို ကတိပေးဖူးသော အဆင့်သုံး ဆေးပင်များ ဖြစ်ပေလိမ့်မည်။

သူသည် ချီသွေးကြောများကို ဆက်၍ မဖွင့်နိုင်သည့် အချိန်တွင် ထိုဆေးပင်များက သူ့ဆီ အချိန်ကိုက် ရောက်လာလေသည်။ သူက မကျင့်ကြံနိုင်ပေ။ ထို့ကြောင့် ဤဆေးပင်များကို အသုံးချပြီး သူ၏ ဆေးလုံးဖော်စပ်ခြင်း  အဆင့်ကို တိုးတက် လာအောင် ပြုလုပ်ရမည်။ မိုဝူကျီက ယန်ချင်ယင်ကို ကြီးစွာ ကျေးဇူးတင် သွားလေ၏။

တကယ်တမ်း ဆိုလျှင်  သူသာ သူမကို ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို မပေးခဲ့လျှင်ပင်   သူအနေနှင့် ထိန်းသိမ်း ထားနိုင်မည် မဟုတ်ပေ။ အခြားအမြင်မှ ကြည့်လျှင် ယန်ချင်ယင်က သူ့အား မေးခွန်း ထုတ်ခံရခြင်းမှ အကာကွယ် ပေးခဲ့လေ၏။ သို့သော် သူမက ကတိကို တည်ကာ အဆင့်သုံး ဆေးပင်များကို ထုတ်ပေး နေသေးသည်။

သူက ပဒုမ္မာကြာ ဓားတောင်သို့ ပြန်ရောက်ပြီး နောက်တွင် မိုဝူကျီက ဆေးပင်များကို မြင်ရန် အိတ်ကို မဖွင့်သေးချေ။ ထို့အစား သူက ဂိုဏ်း၏ စာကြည့်တိုက်ကိုသာ အပြေးအလွှား သွားလေ၏။

မိုဝူကျီက ကျင့်ကြံစဉ်များကို ကြည့်ရန် လာခြင်း မဟုတ်ပေ။ သူ့မှာ ရှိသော အရာသည် သူ့အတွက် လုံလောက်နေချေပြီ။ သိုင်းကျမ်းများကို အသာထား သူ့အတွက် ဖတ်ရှုဖို့ရာ အဆင့်မမီချေ။ ထို့အပြင် သူ့တွင် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်အပြင်  ပျောက်ကွယ်ဓား ပညာရပ်လည်း ရှိသေး၏။

သူက ပဒုမ္မကြာ ဓားတောင်ကို စစ်ဆေး လေ့လာရန် ရောက်လာခြင်း ဖြစ်သည်။ အဆင့်မြင့် ဝိညာဉ် လမ်းကြောင်းဖွင့်‌ဆေး ဖော်စပ်နိုင်ရန် သူ့အတွက် အဆင့်မြင့် ဆေးပင်များ လိုအပ်လေသည်။ သူ့တွင် ရတနာ သွေးပဒုမ္မာကြာမှ လွဲ၍ အကုန် လက်ဝယ်ရှိလေ၏။ ဂိုဏ်းအတွင်းတွင် ကွမ်းလီက ရတနာ သွေးပဒုမ္မာကြာကို စိုက်ပျိုးခဲ့သူ ဖြစ်နေလေသည်။ ပုံမှန်အားဖြင့် မိုဝူကျီသည်  ဂိုဏ်း၏ မှတ်တမ်းများမှ  ရတနာ သွေးပဒုမ္မာကြာ အကြောင်း ဖြစ်စေ သို့မဟုတ် ကွမ်းလီ အကြောင်းဖြစ်စေ များများ တွေ့ရှိနိုင်ရန် မျှော်လင့်မိလေသည်။

မိုဝူကျီကို စိတ်ပျက်စေတာက တစ်ရက်တာလုံး ကုန်ဆုံးပြီး မရေတွက်နိုင် လောက်သည့် စာအုပ်များ လှန်လှော ကြည့်သော်လည်း  အကြီးအကဲ ကွမ်းလီသည် ပဒုမ္မကြာ ဓားတောင်တွင် နေထိုင်ခဲ့ကြောင်းသာ ထွက်လာလေ၏။ အခြားသော အကြောင်းအရာများကို ရှာမတွေ့ချေ။

သို့သော်လည်း မိုဝူကျီက စိတ်အား မလျှော့ချေ။ သူသည် ဖေးပင်းကျူကို မေးကြည့်ရန် ဆုံးဖြတ် လိုက်တော့၏။ ဖေးပင်းကျူသည် သူ့ထက် အရင် ရောက်ကာ အချိန်ကြာကြာ နေခဲ့ရသည့် သူဖြစ်သည့် အတွက် ပဒုမ္မကြာ ဓားတောင် အကြောင်းကို ထဲထဲဝင်ဝင် သိပေလိမ့်မည်။

နောက်တစ်ကြိမ် မိုဝူကျီက အလုပ်ခန်းမသို့ ထပ်သွားရောက်ခဲ့သည်။ မိုဝူကျီကို မြင်သောအခါ အချို့သော တပည့်များက သူ့အား မှတ်မိကြ၍ လာရောက် အရိုအသေ ပေးကြသေး၏။ အချို့သော အပြင်စည်း တပည့်များပင် ရပ်တန့်ကာ အရိုအသေ ပြုကြလေသည်။

ဧည့် ဆေးလုံးဆရာကား ဂိုဏ်းအတွင်းတွင်  လေးစားရသော အဆင့်အတန်း ဖြစ်လေသည်။

သူ ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသို့ ရောက်သည့်အခါ ဖေးပင်းကျူကို ရှာမတွေ့ချေ။ ထို့အစား သူ အရင်က တစ်ခါမှ မမြင်ဖူးသော လူတစ်ယောက်သာ တွေ့လိုက်ရလေ၏။

“ဆေးလုံး သခင်မို...” ထိုတပည့်က မိုဝူကျီကို မှတ်မိလေ၏။ မိုဝူကျီ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် အရိုအသေ ပေးလိုက်သည်။

မိုဝူကျီက သံသယဖြစ်စွာ မေးလိုက်လေ၏။

“ဖေးပင်းကျူ ဘယ်ရောက်သွားလဲ  သူက ပြောင်းရွှေ့ ခံလိုက်ရတာလား ”

မိုဝူကျီက သူ့အား ဖေးပင်းကျူ အကြောင်း မေးသောအခါ တစ်ခုခု လည်ချောင်းမှာ တစ်ဆို့နေဟန် ဖြစ်နေလေသည်။ ပြောပြချင်ပုံ မရှိပေ။

မိုဝူကျီ၏ အမူအရာက အလေးအနက် ဖြစ်လာပြီး လေသံပင် အေးစက်လာကာ

“ဖေးပင်းကျူ ဘယ်သွားလဲ ငါ့ စိတ်ရှည်တာက ကန့်သတ်ချက် ရှိတယ် ”

မိုဝူကျီ၏ ဒေါသ အရိပ်အယောင်ကို မြင်၍ ချက်ချင်း ထုတ်ပြော လိုက်ရတော့၏။

“ဒေါသကို ထိန်းပါ ဆေးလုံးသခင်မို  ကျွန်တော် ဒီရောက်လာတဲ့ အခါမှာ စီနီယာ အစ်ကိုဖေးက မရှိတော့တာပါ  ကြားတာက ဆေးပင်တွေ ထုတ်ပေးတုန်းက အမှားအယွင်း ဖြစ်သွားလို့ ဆေးလုံးသခင် ဂျူကနေ သေမိန့် ချထားတယ်တဲ့ ”

“အဲဒီ ဂျူပဲလား ” မိုဝူကျီက စိတ်ထဲတွင် ဒေါသ ခြောင်းခြောင်း ထွက်နေလေသည်။ အကယ်၍ သူနှင့် ဆေးလုံးသခင်ဂျူတို့ ကြားက အရင် အငြင်းပွားမှုက သေးငယ်သော်လည်း ယခုအခါ ဖေးပင်းကျူကို သတ်ရန် ကိစ္စကား သေးငယ်သည်ဟု သတ်မှတ်၍ မရတော့ပေ။

သို့သော်လည်း  သူက ဆေးလုံး ဖော်စပ်နိုင်စွမ်းနှင့် ကျင့်ကြံနိုင်စွမ်း တို့တွင် ကန့်သတ်ထား ခံရ၏။ ဖေးပင်းကျူကို ကယ်တင်ပြီး လက်စားချေရန် ဆေးလုံးသခင်ဂျူကို ရှာခြင်းက အဓိပ္ပာယ် မဲ့လှ၏။

မိုဝူကျီက အဓိပ္ပာယ် မရှိသည်များကို ဆက်၍ မပြောတော့ချေ။ ထိုတပည့်လေး အပေါ် ဒေါသ ထွက်ခြင်းက ဘာအကျိုးမှ မရှိ။

“ဆေးလုံးသခင်မို ခဏ စောင့်ပါဦး…” မိုဝူကျီ အလုပ်ခန်းမမှ ထွက်သွားတော့မည့် ဆဲဆဲတွင် အသံတစ်ခုက သူ့အား ရပ်တန့် လိုက်လေသည်။ လှည့်ကြည့် လိုက်သောအခါ ဖေးပင်းကျူလောက် ရှိသော လူငယ် တစ်ယောက်ကို မြင်လိုက်ရလေ၏။ သူ့သွင်ပြင်အရ သူသည် အပြင်စည်း တပည့် တစ်ယောက် ဖြစ်ရမည်။

“မင်းက ...” မိုဝူကျီက သူ့အား လှမ်းခေါ်သည့် လူငယ်လေးကို ကြည့်လိုက်၏။

အပြင်စည်း တပည့်က မြန်မြန် ပြောပြ လိုက်တော့သည်။

“ကျွန်တော်က အပြင်စည်း တပည့် ဝူယောင်ကျီပါ  ဂျူနီယာ ညီလေးဖေးကို မခေါ်သွားခင် သူက စီနီယာကို ရှာဖို့ တောင်းဆိုခဲ့တယ် ဒါပေမဲ့ အဲဒီအချိန်တုန်းက စီနီယာက ပဒုမ္မာကြာ ဓားတောင်မှာ မရှိဘူး တကယ်တမ်း ဂျူနီယာ ညီလေးဖေးက ဆေးပင်တွေ ထုတ်ပေးတာ မှားလို့ မဟုတ်ဘူး စီနီယာဘက်က  ပြောပေးလို့ ခေါ်သွားခံ လိုက်ရတာပါ ”

“ဘာတွေ ဖြစ်ခဲ့တာလဲ ” မိုဝူကျီ မျက်နှာက ချက်ချင်းပင် အေးစက်သွား၏။ အကယ်၍ သူ့ကြောင့် ဖေးပင်းကျူက ပါဝင်ငြိစွန်း သွားကာ ရလဒ်က ထိုဂျူကောင်စုတ်ရဲ့ သတ်မိန့်ကို ကျခံရသည် ဆိုလျှင်  မိုဝူကျီအနေနှင့် သေချာပေါက် လက်စား ပြန်ချေမည် ဖြစ်၏။ ယခု မဟုတ်လျှင်ပင် အနာဂတ်တွင် ဖြစ်လာအောင် လုပ်မည်။

ဝူယောင်ကျီက ချက်ချင်း ရှင်းပြလိုက်သည်။

“တစ်ရက်ကျ  အလုပ်ခန်းမထဲ လူတွေက ဆေးလုံးသခင်ဂျူ တစ်ယောက် မြေကမ္ဘာ အဆင့်ကို ဘယ်လို တက်လှမ်းမလဲ ဆိုတာ ဆွေးနွေး နေကြတာ  ဆေးလုံး သခင်ယန် ပြီးရင် သူက ဂိုဏ်းထဲမှာ ပါရမီ အကောင်းဆုံး ဆေးလုံးဆရာ ဖြစ်လိမ့်မယ် ဆိုပြီး ... အစပိုင်းက ဘာမှ မဖြစ်ကြဘူး ဒါပေမဲ့ တစ်ယောက်က  ဆေးလုံးသခင်မို အကြောင်း ပြောတာကြား‌ လိုက်ရတယ်  ဆေးလုံးသခင်ဂျူက အရည်ချင်း ရှိပြီးတော့ စီနီယာကိုကျ ဆေးလုံး သခင်ယန်ပေါ် မှီခိုနေတယ်တဲ့  ဆေးလုံးသခင် ယန်ကြောင့် မဟုတ်ဘူးဆိုရင် ဆေးလုံးသခင်ဂျူရဲ့ ဖိနပ်ကို သန့်ရှင်း ပေးဖို့တောင် အဆင့်မမီဘူးတဲ့။

အဲဒီအချိန်မှာ ဂျူနီယာ ညီလေးဖေးက ဝင်ပြောပြီး ကာကွယ် ပြောလိုက်တာ သူက

“ဆေးလုံး သခင်ဂျူက အမှန်တကယ် အရည်ချင်း ရှိပေမဲ့ ဆေးလုံးသခင်မိုရဲ့ အောင်မြင်မှုက ဆေးလုံး သခင်ယန်ကြောင့် မဟုတ်ဘူး  သူ၏ ဆေးလုံး ဖော်စပ်ခြင်း ဗဟုသုတတွေကြောင့်ပဲ  ဆေးလုံးသခင်မိုက သာမန်အစေခံ တပည့်ဖြစ်လို့ သူ့အတွက် အထောက်အပံ့တွေ သင်ကြားရေး လက်မခံရပေမဲ့ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာဖို့ အားလုံးထက် ကြိုးစားခဲ့ရတယ်”

အဲဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဆေးလုံး သခင်ဂျူရဲ့ ဆေးပင် သယ်ယူရေး ကောင်လေးလည်း အလုပ်ခန်းထဲ ရှိနေခဲ့တာ ဆိုတော့ ဂျူနီယာ ညီလေးဖေး စကားတွေက သူ့ကို ဒေါသ ထွက်စေခဲ့ပုံပဲ အဲဒီကောင်လေးက အလွန် ယုတ်မာတယ် ဘာမှ မပြောပေမဲ့ ဂျူနီယာ ညီလေးဖေးကို သူ့အတွက် ဆေးပင် ထုတ်ခိုင်းလိုက်တယ်  ညကျတော့ ပြစ်ဒဏ်စီမံရေး ခန်းမက လူတွေခေါ်ပြီး ရောက်လာတယ် သူက ဂျူနီယာဖေးက အပြစ်လုပ်မိပြီး ဆေးလုံး သခင်ဂျူရဲ့ ဆေးလုံး ဖော်စပ်ခြင်းကို ကျရှုံးစေခဲ့တယ် လို့ပြောခဲ့တယ် ပြစ်ဒဏ်စီမံရေး ခန်းမက လူတွေက ဂျူနီယာဖေးကို ချက်ချင်း ခေါ်သွားခဲ့တာပဲ”

မိုဝူကျီ၏ မျက်နှာ သွင်ပြင်ကား ကြည့်မကောင်း ဖြစ်လာလေ၏။ ဆေးလုံး သခင်ဂျူက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ကာ ဆေးပင်အမှားကို ယူလာတာ ကိုတောင် မပြောနိုင်ဘူးလား ပြီးတော့ သူ့ရဲ့  ထိုကောင်လေးက  တော်တော် သတ္တိကောင်း နေတာပဲ  ဆေးပင် အမှားတွေ ပို့ရဲတယ်ပေါ့…

“ဆေးလုံး သခင်မို ကြားတာက အခု ဆေးလုံး သခင်ဂျူက ဆေးလုံး သခင်ယန်နဲ့ အတူ ဆေးလုံးဆရာ ဖလှယ်ပွဲ တက်နေတယ်တဲ့  ကျွန်တော် ထင်တာတော့ ဂျူနီယာဖေးကို ပြစ်ဒဏ် စီမံရေး ခန်းမမှာ ပိတ်ထားတာ ဖြစ်လောက်မယ်...”ဝူယောင်ကျီက အနည်းငယ် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်လေသည်။

မိုဝူကျီက ဝူယောင်ကျီ စကား နောက်ကွယ်က အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက် သွားပြီးတော့ တွေဝေခြင်း အလျှင်းမရှိ ပြောလိုက်လေသည်။

“အခု ငါ ပြစ်ဒဏ် စီမံရေး ခန်းမကို သွားလိုက်ဦးမယ် ”

အကယ်၍ ဖေးပင်းကျူသာ အသတ်ခံပြီးပြီ ဆိုလျှင် မိုဝူကျီက အနာဂတ်တွင် သူ့အတွက် လက်စား ချေပေးမည် ဖြစ်၏။ သို့သော် ဖေးပင်းကျူက အသက် ရှင်သေးသည့် အတွက် မိုဝူကျီက သူ့အသက်ကို ကယ်ဖို့ရာ အစွမ်းကုန် ကြိုးပမ်းရလိမ့်မည်။

***

All Chapters