အံ့ဩဖွယ် ဖော်မြူလာ
Vol. 8 Ch. 104
ဖေးပင်းကျူက ရတနာ သွေးပဒုမ္မာကြာ မျိုးစေ့ကို ရှာနေစဉ် မိုဝူကျီက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာနိုင်မည့် နည်းလမ်းကို တွေးတော နေလေသည်။ အကယ်၍ သူ့ဆေးလုံး ဖော်စပ်မှု အရည်အချင်းက ပို၍ မြင့်မားလာလျှင် သူသည် ဘွားဘွား လင်းလောင်ဆီ ချဉ်းကပ်ဖို့ရာ အခွင့်အရေး ပိုများနိုင်လိမ့်မည်။
သူ့အခန်းထဲသို့ ပြန်ရောက်သော အခါ မိုဝူကျီက ယန်ချင်ယင် ပေးခဲ့သော အိတ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုထဲတွင် အဆင့်သုံး ဝိညာဉ်ဆေးပင် တစ်ရာနီးပါး လောက် ပါရှိ၏။
အဆင့်သုံး ဝိညာဉ်ဆေးပင် ပမာဏသည် သူ့အား အဆင့်သုံး ဆေးလုံးဖော်စပ် နိုင်လိမ့်မည်။ ထိုသို့ လုပ်ရန် သူက အဆင့်တစ်နှင့် အဆင့်နှစ် ဆေးပင် တချို့ပါ ထည့်သုံးရန် လိုအပ်လိမ့်မည်။
မိုဝူကျီက ထိုများပြားလှသော အဆင့်သုံး ဆေးပင်များကို လက်ခံရသည့် အတွက် အမှန်ပင် ကျေးဇူး တင်နေလေ၏။ ယန်ချင်ယင်က သူ့အား အဆင့်သုံး ဆေးပင်များ ပေးရန် ကတိပေးခြင်းက သူ့အား အဆင့်သုံး ဆေးလုံးဖော်စပ်ဖို့ အတွက် သင်ယူနိုင်ရန် ဖြစ်သည်။ မိုဝူကျီက ယန်ချင်ယင်ကို ဓားကျိုးတစ်ဝက် ပေးခဲ့ခြင်းမှာ သူမက ဓားလျှို့ဝှက် ချက်ကို သင်ယူနိုင်ရန် ဖြစ်သည်။
ဓားကျိုးလည်း သူမဆီ ရောက်သွားသောကြောင့် နှစ်ဖက်လုံး အကျိုးရှိသည့် ကိစ္စ ဖြစ်သွားလေ၏။ ပြောရမည် ဆိုလျှင် မိုဝူကျီကပင် ပို၍ အကျိုးမြတ် များသွားသေး၏။ ယန်ချင်ယင်သည် သူက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို ဆည်းပူးထားသည့် အချက်ကို ထိန်းသိမ်း ပေးထား၏။ သို့သော် ယန်ချင်ယင်က သူ့အား အဆင့်သုံး ဆေးပင်များ ပေးမည်ဟူသော ကတိကို တည်ခဲ့သေးသည်။
ထို အဆင့်သုံး ဆေးပင်များ အားလုံးသည် သူ့အတွက် အခွင့်အလမ်းပင် ဖြစ်သည်။ သူမ ကတိကို စောင့်ထိန်းချင်သည့် အစား ယန်ချင်ယင်သည် မိုဝူကျီကို သူမအသက် ကယ်တင် ပေးခဲ့သည့် ကျေးဇူးကြွေးကို ပြန်ဆပ်ချင်တာ ဖြစ်နိုင်၏။ မိုဝူကျီသည် သူမကို တစ်ကြိမ် ကယ်တင်ဖူးကာ နတ်ဓား တောင်တွင်လည်း သူမကို မိုလော့ချွီ၏ အမွေအနှစ်များကို စေတနာ ဗရပွ ပေးခဲ့သေး၏။
ဆေးပင်များ အပေါ်တွင် စာတစ်စောင် ပါရှိလေသည်။ စာကို ဖွင့်ကြည့် လိုက်သောအခါ မိုဝူကျီက ထိုစာသည် ယန်ချင်ယင် ကိုယ်တိုင် ရေးထားခြင်း ဖြစ်ကြောင်း သတိပြုမိ လိုက်သည်။
“ဂျူနီယာ မောင်လေးမို ဒီဆေးပင်တွေက မင်းကို ကတိပေးထားတဲ့ ဟာပါ မင်းစိတ်ကြိုက် အသုံးပြု နိုင်ပါတယ် ငါက မင်းကို အဆင့်သုံး ဆေးလုံးဖော်မြူလာ အပြည့်အစုံ မပေးနိုင်ပေမဲ့ လေ့ကျင့်ဖို့ အတွက် တစ်စိတ်တစ်ပိုင်း ပေးလိုက်မယ် အဲဒီဆေးပင်တွေက တစ်ခုတည်းနဲ့ မင်းကို အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာဖို ကူညီနိုင်မှာ မဟုတ်ပေမဲ့ အဲဒါက မင်းရဲ့ အဆင့်သုံး ဆေးလုံးတွေ အပေါ် နားလည်နိုင်စွမ်း မြင့်လာလိမ့်မယ်။ မင်းရဲ့ ဝိညာဉ်ကြော အရည်အသွေးကို အသာထား အဆင့်နှစ် ဆေးလုံး ဆရာနဲ့တင် အောင်မြင်မှုလို့ ပြောလို့ ရနေပါပြီ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်မလာရင်လည်း စိတ်ဓာတ် မကျနဲ့ အဆင့်နှစ် ဆေးလုံးဆရာ အနေနဲ့ မင်းဘယ်သွားသွား အသိမှတ်ပြု ခံရလိမ့်မယ် ... ငါနဲ့ ဆေးလုံး သခင်ဂျူက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲ ပြင်ဆင်ဖို့ အတွက် ဆေးလုံးဆရာ ဖလှယ်ပွဲကို သွားတက်ရမယ် ဒီဖလှယ်ပွဲကနေ ဘယ်တော့ ပြန်ရောက်မလဲ ဆိုတာ မသိသေးဘူး ဒါပေမဲ့ မင်းကို နောက်နှစ်ဝက် အကြာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲဆီ ခေါ်သွားဖို့ ငါကတိကို အဆုံးထိ တည်မှာပါ။ ဆေးဘုရင် တောင် ယန်ချင်ယင် ”
ယန်ချင်ယင် ဒီစာကို ထားခဲ့သည့် အကြောင်းမှာ ရှင်းလှသည်။ သူမသည် မိုဝူကျီက သေချာပေါက် အဆင့်သုံး ဆေးလုံးဆရာ အဖြစ် တက်လှမ်းနိုင်ရန် မဖြစ်နိုင်မှန်း သိလေ၏။ သူ့ဆေးလုံး ဖော်စပ်သည့် အရည်အချင်းက မည်မျှပင် ကောင်းနေပါစေ သူက အဆင့်ထပ်၍ မတက်နိုင် လောက်တော့ပေ။
ယန်ချင်ယင်က သူ့ကို ပြီးပြည့်စုံသည့် ဆေးလုံး ဖော်မြူလာကို မပေးခဲ့သည်မှာ မိုဝူကျီက အဆင့်သုံး ဆေးလုံးဆရာ မဖြစ်နိုင်ဘူးဟု သေချာနေ၍ ဖြစ်၏။ သူ့ဆီ ဆေးလုံး ဖော်မြူလာ တစ်ပိုင်းတစ်စ ပေးခဲ့သည်မှာ သူမ ကတိကို စောင့်ထိန်းချင်ကာ သူ့အား အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာဖို့ စွန့်လွှတ်ရန် ဖျောင်းဖျ နေခြင်းသာ ဖြစ်လေ၏။
မိုဝူကျီက စာကို ပိတ်လိုက်ပြီး ထိုတစ်ပိုင်းတစ်စ ဆေးလုံး ဖော်မြူလာပေါ် အကြည့်ရောက် သွားတော့သည်။
ယန်ချင်ယင်တွင် သူ့ကို ယုံကြည်မှု မရှိသော်လည်း မိုဝူကျီက သူ့ကိုယ်သူ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာရန် ယုံကြည်ချက် ရှိလေသည်။
သူသာ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသို့ ရောက်လာနိုင်လျှင် အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာမည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိလေသည်။ သူ့တွင် လစ်လပ်နေသည့် တစ်ခုတည်းသော အရာကား ဝိညာဉ် ဆေးပင်များသာ ဖြစ်၏။ မိုဝူကျီတွင် အဆင့်သုံး ဆေးလုံး ဖော်မြူလာ တချို့ ပါဝင်သော စကားလုံးမဲ့ ဆေးနည်းစာအုပ် ရှိသောကြောင့် ယန်ချင်ယင်က သူ့အတွက် အဆင့်သုံး ဆေးလုံး ဖော်မြူလာ ချန်ခဲ့သည် ဖြစ်စေ၊ မချန်ခဲ့သည် ဖြစ်စေ ကိစ္စမရှိပေ။
အဆင့်သုံး ဆေးလုံး ဖော်မြူလာသည် အရမ်းကို အဖိုးတန် သောကြောင့် မိုဝူကျီက ယန်ချင်ယင် ထားခဲ့သော ဆေးဖော်မြူလာ တစ်ပိုင်းတစ်စကို ကြည့်ရန် စိတ်အား ထက်သန်နေ၏။
“စိတ်ဝိညာဉ် အားဖြည့် ဆေးလုံး”
မိုဝူကျီက ထိုနာမည်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် ရင်းနှီးမှု တစ်ခုကို ခံစားလိုက်ရ၏။ ထိုဆေးလုံးက သူ့၏ စကားလုံးမဲ့ ဆေးနည်း စာအုပ်တွင် ပါဝင်လေသည်။ သို့သော်လည်း “စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး - စိတ်ဝိညာဉ် စွမ်းအား ပဏာမ အဓိက ဆေးလုံး - ကျင့်ကြံဆင့် နိမ့်သူများ၏ စိတ်ဆန္ဒ စိတ်ဝိညာဉ် စွမ်းအားကို တိုးမြင့် ပေးနိုင်စွမ်း ရှိ၏ ” ဟူသော တိုတောင်းသော ရှင်းပြချက်သာ ပါရှိလေသည်။
ကျန်နေသည့် အပိုင်းအတွက် စကားလုံးမဲ့ ဆေးနည်း စာအုပ်တွင် ဘာမှ အပိုရှင်းပြ မထားပေ။ သို့သော်လည်း မိုဝူကျီက ထိုစိတ်ဆန္ဒ၏ စိတ်ဝိညာဉ် စွမ်းအား အကြောင်းကို သင်ကြားပြသသူ မရှိဘဲ မည်သို့ သိနိုင်မည်နည်း။
ယန်ချင်ယင် ပေးခဲ့သည့် ဆေးလုံး ဖော်မြူလာတွင် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံး အကြောင်း အသေးစိတ် ပါရှိ၏။ ရှင်းပြချက်ကား ဆေးလုံး ဖော်မြူလာ တစ်ခုလုံး၏ နေရာ တစ်ဝက်ကို ယူထားလေသည်။ တခြား စကားဖြင့် ဆိုရလျှင် ထိုဆေးလုံး ဖော်မြူလာတွင် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးအကြောင်းနှင့် ဝိညာဉ် ဆေးပင်များ အကြောင်း ရှင်းပြထားရန် ဖြစ်လေ၏။
ထိုသည်က ဆေးလုံး ဖော်မြူလာ တစ်ပိုင်းတစ်စလို့ မဆိုသင့်ပေ။ ဆေးလုံး ဖော်မြူလာ၏ မိတ်ဆက် အကြောင်းသာ ဖြစ်၏။
အားလုံး သိကြသည့် အတိုင်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သို့ တက်လှမ်း ပြီးနောက် စစ်မှန်သော ကနဦး စိတ်ဝိညာဉ်ကို လုပ်ဆောင် နိုင်သော ကျင့်ကြံသူတွေသာ စိတ်ဆန္ဒကို ကောင်းကောင်း အသုံးပြုနိုင်ရန် အာရုံစိုက် နိုင်ကြလိမ့်မည်။ ထိုသို့ စိတ်ဆန္ဒ စွမ်းအားကို အသုံးပြုနိုင်သူများ၏ အင်အားသည် သာမန် ကျင့်ကြံသူ များထက် အဆများစွာ သာလွန်နေပေ၏။
စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သို့ မရောက်နိုင်သူများ အတွက် သူတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒကို တိုးစေနိုင်စွမ်း ရှိစေသည့် ဆေးလုံး ဖြစ်လေ၏။ ထိုပါရမီနှင့် လူသည် စိတ်ဆန္ဒ စွမ်းအားကို ထုတ်ယူနိုင်ရန် စူးစိုက် နိုင်လိမ့်မည်။
မိုဝူကျီက ထိုစိတ်ဆန္ဒ အကြောင်းကို ဖတ်လိုက်သည့် အခါ နှလုံးခုန်ပင် မြန်သွားလေ၏။ ဆရာသမား မရှိဘဲ သူသည် စိတ်ဆန္ဒ အကြောင်း အနည်းငယ် သိလာလေပြီ။ သူသည် ထိုစိတ်ဆန္ဒ စွမ်းအားက မည်မျှ အားကောင်းကြောင်းလဲ နားလည်လေ၏။
ဟိုးအရင်က မိုဝူကျီတွင် သင့်တော်သော ပညာရပ် ကျင့်စဉ် မရှိသည့်အတွက် သူသည် လျှပ်စီးများကို သူ့ချီ သွေးကြောများကို ဖွင့်နိုင်ဖို့ စိတ်စွမ်းအားဖြင့် ညွှန်ကြားကာ အသုံးပြုခဲ့ရသည်။
သို့သော်လည်း သူ့၏ စိတ်စွမ်းအား ပုံစံကား တစ်ဖက်သတ်မျိုး ဖြစ်သည်။ သူ အသုံးပြုရန် အကြိမ်များစွာ ကြိုးစားသည့် အထဲမှ တစ်ခါပင် မအောင်မြင်ဖူးပေ။ သူသာ အောင်မြင်ခဲ့လျှင်ပင် သူ့စိတ် စွမ်းအားကြောင့် မဖြစ်နိုင်ပေ။ စိတ်စွမ်းအားက စိတ်ဝိညာဉ် စွမ်းအား၏ ကနဦး အစ ဖြစ်လေသည်။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် ကနဦး စိတ်ဝိညာဉ်ကို အသုံးပြုနိုင်သော ကျင့်ကြံသူများသာ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုနိုင်သည် သို့မဟုတ် ထိန်းချုပ် နိုင်သည်ဟု သိခဲ့ရ၏။ မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သည် မြေကမ္ဘာနယ်ပယ် အဆင့်မှ တတိယအဆင့် ဖြစ်ကြောင်း သိထားသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် တက်လှမ်းပြီးမှသာ ကောင်းကင် နယ်ပယ် အဆင့်ထဲမှ ပထမအဆင့်ကို စူးစမ်းနိုင်မှာ ဖြစ်လေသည်။
သူသာ ထိုဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ပါက သူ့အတွက် အကျိုးများစွာ ရှိပေလိမ့်မည်။ သူ့ချီ သွေးကြောများကို ဖွင့်ရန် ကူညီဖို့ စိတ်စွမ်းအား မလိုသော်လည်း ဆေးလုံးဖော်စပ်ရန် အတွက်တော့ ထိုစွမ်းအား လိုကောင်း လိုပေလိမ့်မည်။
သူ့ဆေးလုံး ပညာရပ်သည် လိုအပ်နေသော စိတ်ဝိညာဉ် စွမ်းအား အစား စိတ်စွမ်းအားဖြင့် အတင်းကျပ် ထိန်းချုပ်ထားသည်။ အကြောင်းမှာ သူ့အတွင် စိတ်ဝိညာဉ် စွမ်းအား မရှိသည့်အတွက် ထိုစိတ်စွမ်းအားကို ထိန်းချုပ်ရန် ကနဦး စွမ်းအား အချို့ကို ငှားယူရပေမည်။ ထို့ကြောင့် အတိတ်မှာ ကျရှုံးခြင်းများစွာ ဖြစ်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူသာ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ကျင့်ကြံနိုင်လျှင် သူ့ဆေးလုံး ဖော်စပ်နိုင်သည့် အရည်အချင်းက အဆများစွာ တိုးတက် သွားလိမ့်မည်။ သူက မြေကမ္ဘာအဆင့် ဆေးလုံးကိုပင် ဖော်စပ်နိုင်ကောင်း ဖော်စပ်နိုင်လိမ့်မည်။
သူက ဆုံးဖြတ်ချက်ကို ချလိုက်သည်နှင့် ထိုစိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ဖော်စပ်နိုင်ရန် နည်းလမ်း ရှာလိမ့်မည်။ သူ အောင်မြင်သည်နှင့် ဆေးလုံးဖော်စပ်သည့် အခါတွင် သူ့လွှမ်းမိုးမှုက အခြားသော ဆေးလုံး ဆရာများက သူ့ကို လွှမ်းမိုး နိုင်သည်ထက် ပို၍ များလာလိမ့်မည်။
သူ တည်ငြိမ် သွားသည့်အခါ မိုဝူကျီက ထိုဆေးလုံး ဖော်မြူလာ တစ်ပိုင်းတစ်စနှင့် စကားလုံးမဲ့ ဆေးနည်း စာအုပ်ထဲမှ ဖော်မြူလာများကို နှိုင်းယှဉ်ကြည့် လိုက်တော့သည်။
ဆေးလုံး ဖော်မြူလာ တစ်ပိုင်းတစ်စတွင် ပြောထားသော ဆေးပင် ငါးမျိုးတွင် သုံးမျိုးကား အဆင့်နှစ် ဆေးပင်များ ဖြစ်နေသည်။ ကျန်ရှိနေသော အဆင့်သုံး ဆေးပင်မှာ ဝိညာဉ်အေးခဲ မြက်နှင့် ရွှေရောင် သန္ဓေသား ဖြစ်လေ၏။ မိုဝူကျီက အဆင့်နှစ် ဆေးပင်များကို ဂရုမစိုက်ချေ။ အကြောင်းမှာ သူ့အတွက် ထိုအရာများသည် နေရာပေါင်းစုံမှ ရရှိနိုင်သောကြောင့် ဖြစ်သည်။
စကားလုံးမဲ့ ဆေးနည်း စာအုပ်တွင် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး အတွက် အဆင့်နှစ် ဆေးပင် ၁၁မျိုး ပါရှိလေသည်။ မိုဝူကျီက အားလုံးကို ခြုံငုံကြည့် လိုက်ပြီး ထိုဆေးပင်များ အားလုံးသည် အလွယ်တကူ ရရှိနိုင်ကြောင်း သိလိုက်သည်။ ဆေးနည်း စာအုပ်တွင် အဆင့်သုံး ဆေးပင် ငါးမျိုး ပါရှိကာ ထိုအရာများကား ဝိညာဉ် အေးခဲမြက်၊ တိမ်လွှာ အရွက်မဲ့ ကြိမ်၊ စိမ်းစိုသစ်တော အသီး၊ လွတ်လပ်ခြင်းမဲ့ ပန်းပွင့်၊ လေပွေစကြာ အသီးတို့ ဖြစ်ကြသည်။ အဆင့်သုံး ဆေးလုံးတွင် အဆင့်သုံး ဆေးပင်ငါးမျိုးသာ ပါဝင်ခြင်းက ရှားပါးလှ၏။
ဖော်မြူလာ နှစ်ခုကို နှိုင်းကြည့်လျှင် မိုဝူကျီက ယန်ချင်ယင် ပေးခဲ့သော ဖော်မြူလာ တစ်ပိုင်းတစ်စတွင် ပါရှိသော အဆင့်နှစ် ဆေးပင် သုံးမျိုးသည် စကားလုံးမဲ့ ဆေးနည်း စာအုပ်တွင်လည်း ပါရှိကြောင်း သတိပြုမိ လိုက်သည်။ သို့သော်လည်း စကားလုံးမဲ့ ဆေးနည်း စာအုပ်ရှိ အဆင့်သုံး ဆေးပင် ငါးမျိုးတွင် ရွှေရောင် သန္ဓေသား မပါပေ။
မိုဝူကျီက တွေဝေမနေဘဲ စကားလုံးမဲ့ ဆေးနည်းစာအုပ် အတိုင်း လိုက်လုပ်ကာ စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ဖော်စပ်ကြည့်ရန် ဆုံးဖြတ် လိုက်တော့သည်။
အဆင့်သုံး ဆေးပင် ငါးမျိုးတွင် မိုဝူကျီက နတ်ဓားတောင်မှ လေပွေ စကြာအသီး သုံးခိုင်သာ ရရှိခဲ့သည်။ ယန်ချင်ယင် ပေးသောအိတ်တွင် ဝိညာဉ် အေးခဲမြက်နှင့် စိမ်းစိုသစ်တော အသီးတချို့ ပါရှိလေသည်။ လက်ရှိ သူလိုအပ် နေသည်က လွတ်လပ်ခြင်းမဲ့ ပန်းပွင့်နှင့် တိမ်လွှာ အရွက်မဲ့ ကြိမ်တို့ ဖြစ်သည်။
မိုဝူကျီက ဖေးပင်းကျု၏ ရတနာ သွေးပဒုမ္မာကြာ မျိုးစေ့ ရှာနေသည့် အခြေအနေကိုပင် မမေးမြန်းပဲ အလုပ်ခန်းမသို့ အလျင်စလို ထွက်သွားလေသည်။ ဧည့်ဆေးလုံး ဆရာ တစ်ယောက် အနေနှင့် မိုဝူကျီသည် ဂိုဏ်း၏ ဆေးလုံး ဆရာများလောက် အထောက်အပံ့ မရသော်လည်း သူသည် ဝိညာဉ်ဆေးပင် အချို့ကိုတော့ သုံးစွဲခွင့် ရှိလေသည်။ သူက ထိုအခွင့်အရေးကို အသုံးချပြီး စိတ်ဝိညာဉ် အားဖြည့်ဆေး အတွက် ဆေးပင်များကို ရယူရန် ကြံထားလေသည်။
မိုဝူကျီ လိုအပ်နေသည်က ဆေးပင် ပမာဏ တစ်အိုးစာ မကပေ။ အကယ်၍ သူသာ ဆေးလုံး ဖော်စပ်ခြင်းကို လေ့လာကြည့်လျှင် အနည်းဆုံးတော့ အိုးဆယ်အိုး စာလောက် လိုအပ်နေသည်။ သို့သော်လည်း မိုဝူကျီက ထိုရှားပါးလှသော ဆေးပင်များကို ဆယ်အိုးစာ တောင်းရန် အာဏာမရှိပေ။ ထို့အပြင် သူသည် အဆင့်နှစ် ဆေးပင်များလည်း ပြတ်လပ် နေသေးသည်။
ကံကောင်းလှစွာ ယန်ချင်ယင် ပို့ပေးသော အိတ်တွင် မိုဝူကျီအတွက် အသုံးမဝင်နိုင်သော အဆင့်သုံး ဆေးပင် တချို့ ပါရှိနေသေး၏။ သူလိုအပ်သည်များနှင့် လဲလှယ်ရန် သုံးနိုင်လေသည်။ သူသည် ယခု ဧည့်ဆေးလုံး ဆရာ ဖြစ်နေသောကြောင့် သူကိုယ်တိုင်သာ ထိုဆေးပင်များကို သွားရောက် လဲလှယ်လျှင် ဆေးပေးခန်းမှ တပည့်များသည် အလန့်တကြား ဖြစ်သွားကြလိမ့်မည်။
***