ရတနာ သွေးပဒုမ္မာကြာ
Vol. 8 Ch. 107
မန်ပိုယူက ယန်အာသည် မိုဝူကျီ၏ ပျော့ကွက်မှန်း မသိခဲ့ပေ။ မဟုတ်လျှင် သူက ယန်အာကို အသုံးချကာ မိုဝူကျီကို အကျပ်ကိုင်လိမ့်မည်။
မိုဝူကျီက မန်ပိုယူ စကားများကို မကြားသကဲ့သို့ ဘေးကို လျှောက်သွား လိုက်ကာ ဓားကို ကောက်ယူပြီး တုန်ယင်နေသည့် ဝူခိုင်းဘက်သို့ လှည့်ကာ
“တာဝန်ခံဝူ ဒီလူက အဆင့်နှစ် ဆေးလုံးဆရာ ဆိုတော့ ဒီနေရာမှာ သေသွားရင် ဘာလုပ် သင့်တယ်လို့ ထင်လဲ ... ”
ဝူခိုင်းက အံကို ကြိတ်ထားရင်း ပြောလိုက်လေသည်။
“ဆေးလုံး သခင်မန်ကို ကယ်လို့ ရဦးမှာပါ ကယ်လို့ ... ”
မိုဝူကျီနှင့် ယှဉ်လျှင် ယနေ့သာ မန်ပိုယူ သေသွားခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်ကို ဝူခိုင်းက ပိုသိလေ၏။ ဂိုဏ်းခေါင်းဆောင်ကို အသာထား မန်ပိုယူ၏ နောက်ခံ ဒုတိယ အကြီးအကဲသည် တိုက်ရိုက် ရောက်လာပြီး မိုဝူကျီကို တစ်ပိုင်းတစ်စီဆီ ဆုတ်ဖြဲ ပစ်လိမ့်မည်။ တစ်ဖက်တွင် မိုဝူကျီကို တစ်ကိုယ်ကောင်း ဆန်စွာဖြင့် ဤနေရာကို ပေးခဲ့သည်မှာ သူဖြစ်နေသည့် အပြင် မန်ပိုယူကို ဤနေရာသို့ ခေါ်လာသည့် သူကလည်းသူ ဖြစ်နေပြန်၏။ သူ့အတွက် သေခြင်းတရားကို ရှောင်ရှားရန် ခက်ပေလိမ့်မည်။
သူက မိုဝူကျီသည် မန်ပိုယူကို သတ်ရန် စိတ်အား ထက်သန်နေကြောင်း နားမလည်ပေ။ ထို့အပြင် မန်ပို ယူနောက်တွင် ချင်ချန်း၏ ဆရာ ဒုတိယ အကြီးအကဲ ရှိလေသည်။ ပြီးတော့ ချင်ချန်း၏ အစ်မဖြစ်သူ ချင်ရှုန်းယူက မိုဝူကျီနှင့် ဆက်ဆံရေး ကောင်းကြသည် မလား ...
မိုဝူကျီက တည်ငြိမ်စွာ ပြောလိုက်လေ၏။
“တကယ်တော့ သူ့ကို ကယ်လို့ ရသေးတယ် ဒါပေမဲ့ သူက တာဝန်ခံဝူရဲ့ ပိုင်နက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်မိတယ် တာဝန်ခံ ဒေါသကို ဆွမိလို့ အသတ် ခံလိုက်ရတယ် ... ”
မိုဝူကျီက ထိုသို့ လုပ်ဆောင် လိုက်သောကြောင့် ဝူခိုင်းသည် သူဆိုလိုသည့် အဓိပ္ပာယ်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း ... ဝူခိုင်းက ကြမ်းကြုတ် ရက်စက်သော်လည်း ထိုသည်က အစေခံ တပည့်များ အပေါ်သာ ဖြစ်၏။ မန်ပိုယူက အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်နေကာ သူ့သတ္တိ အဆသောင်းချီ ရှိလာလျှင်ပင် ထိုသို့ မလုပ်ဆောင်ရဲပေ။
ယခု မိုဝူကျီက သူ့သစ္စာတရားကို သက်သေပြရန် လိုချင်နေခြင်း ဖြစ်၏။ အကယ်၍ သူသာ မလုပ်ပါက ဤနေရာတွင် ဒုတိယ သေမည့်သူက သူဖြစ်သွားလိမ့်မည်။ အကယ်၍ သူက မန်ပိုယူကို သတ်လိုက်လျှင်ပင် အနာဂတ်တွင် အသတ် ခံရလိမ့်မည်။ သို့သော် သူက မန်ပိုယူကို မသတ်ခဲ့သည့် အတွက် ဤနေရာတွင် မိုဝူကျီက သူ့ကို သေချာပေါက် သတ်လိမ့်မည်။
“ဝူခိုင်း တစ်ယောက်ယောက်ကို အကူညီ သွားတောင်း ... ငါ မန်ပိုယူက မင်းအသက်ကို အာမခံပေးမယ် ... ” မန်ပိုယူက စကားပင် ဆုံးအောင် မပြောလိုက်ရပေ။ မိုဝူကျီက မန်ပိုယူခေါင်းကို ခြေထောက်ဖြင့် ဖိထား လိုက်လေသည်။
ထို့နောက်တွင် သူက ဝူခိုင်းကို ရေခဲတမျှ အေးတိအေးစက် ပြောလိုက်တော့သည်။
“တာဝန်ခံဝူက မလုပ်ချင်ဘူး ဆိုတော့ ကိုယ့်ဘာသာပဲ လုပ်လိုက်ပါ့မယ် ... ”
“မဟုတ်ပါဘူး လုပ်ပါ့မယ် လုပ်ပါ့မယ် ... ” ဝူခိုင်းက ဆက်၍ တွေဝေ မနေရဲချေ။ သူ့ခါးမှ ဓားကို ထုတ်လိုက်ပြီး ရှေ့သို့ ခုန်တက်သွားကာ မန်ပိုယူ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်ပစ် လိုက်တော့သည်။
မိုဝူကျီ၏ တိုက်ခိုက်မှု အပြီးတွင် မန်ပိုယူတွင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေလေပြီ။ ဝူခိုင်းက သူ့အသက်ကို အလွယ်တကူ အဆုံးသတ် နိုင်လိုက်သည်။
“တာဝန်ခံဝူက ဆုံးဖြတ်ချက် ပြတ်သားပြီးတော့ ဉာဏ်ကောင်းတယ် ခင်ဗျားရဲ့ အနာဂတ်က သေချာပေါက် ကန့်သတ်ချက် ရှိမှာ မဟုတ်ဘူး ... ” မိုဝူကျီက ရတနာ သွေးပဒုမ္မာကြာကို ယူလိုက်ရင်း ဝူခိုင်းဆီ တဟားဟား ရယ်မောရင်း လျှောက်လှမ်း လာလိုက်သည်။
ဝူခိုင်းက မျက်ရည် လည်ရွဲဖြင့် ရေရွတ် လိုက်တော့သည်။
“ဆေးလုံး သခင်မို ကျွန်တော်တို့ရဲ့ အပြုအမူတွေကို ပြန်စဉ်းစား ကြည့်သင့်တယ် ဒီကိစ္စသာ သိသွားကြရင် အကျိုးဆက်ကို သေချာပေါက် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ... ”
မိုဝူကျီက ဝူခိုင်း ပခုံးကို ပုတ်လိုက်ပြီးတော့
“စိတ်မပူပါနဲ့ ခင်ဗျားက ဒီလူသေကို အစနေ ဖျောက်ပစ်လိုက်တော့ အချိန်တစ်ခု အကြာကျ ဒီလူက ဂိုဏ်းကနေ ထွက်သွားလိမ့်မည် သူ ထွက်သွားတဲ့ အခါ လူအများက သိကြလိမ့်မယ် အဲဒါဆို သူ ဘယ်အချိန် ပြန်ရောက်လာမလဲ ဆိုတာက မရှင်းမရှင်း ဖြစ်သွားလိမ့်မယ် ... ”
“ဆေးလုံး သခင်မို ပြောတာက ... ” ဝူခိုင်းက မိုဝူကျီ စကားများကို ချက်ချင်း သဘောပေါက် သွားပြီးတော့ စိတ်ထဲတွင် ပျော်လာလေ၏။ ထိုပျော်ရွှင်မှုက သူတို့ သေခြင်းတရားမှ လွတ်မြောက်သည့် အခါတွင် ဖြစ်သော ခံစားချက်မျိုး ဖြစ်လေသည်။
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ရင်း မန်ပိုယူ အလောင်းဆီ သူ့အမှတ်အသားပြား ယူရန် သွားလိုက်သည်။ ထို့နောက်တွင် သူက ဖေးပင်းကျူကို မေးလိုက်သည်။
“ပင်းကျူ မင်း အဆင်ပြေရဲ့လား ... ”
ဖေးပင်းကျူက အနည်းငယ် မူးနောက် နေလေသည်။ သူ့ဒဏ်ရာများက သက်သာ သွားသော်လည်း မိုဝူကျီက သူ့အတွက် လက်စား ချေပေးရန် မန်ပိုယူကို ကိုယ်တိုင် သတ်လိုက်သည်ကို မြင်သောအခါ သူ့ဒဏ်ရာများက ဘာမှ မဟုတ်တော့ပေ။
“စီနီယာ အစ်ကိုမို ကျွန်တော် အဆင်ပြေပါတယ် ... ”
“တကယ်လို့ မင်းအဆင်ပြေရင် သွားကြရအောင် တာဝန်ခံဝူက ဒီက ကိစ္စတွေကို ရှင်းပေးလိမ့်မယ် တာဝန်ခံဝူက ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ် ... ” မိုဝူကျီက ဝူခိုင်းကို ပြုံးကာ ပြောလိုက်သည်။
ဝူခိုင်းက ကျောရိုး တစ်လျှောက်တွင် ကြက်သီး တဖြန်းဖြန်း ထသွားသော်လည်း ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်တော့သည်။
“စိတ်ချလိုက်ပါ ဆေးလုံးသခင်မို သေချာပေါက် ကျေနပ် ရပါ့စေမယ် ... ”
“ပင်းကျူ မင်းကို တကယ် ကျေးဇူး တင်ပါတယ် မင်း ရတနာ သွေး ပဒုမ္မာကြာကို ရှာတွေ့ လိမ့်မယ်လို့ ထင်မထားခဲ့ဘူး ... ” မိုဝူကျီက သူတို့ ဓားတောင်သို့ ပြန်ရောက်သော အခါ ကျေးဇူးစကား ဆိုလိုက်သည်။
သူက အဆုံးသတ်နှင့် တွေ့ဆုံပြီး စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်တွင် ဖေးပင်းကျူက ရတနာ သွေးပဒုမ္မာကြာကို ရှာတွေ့ခဲ့လေသည်။
ဖေးပင်းကျူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“စီနီယာ အစ်ကိုမို ကျွန်တော်က ရတနာသွေး ပဒုမ္မာကြာ တစ်ခုတည်း ရှာတွေ့ခဲ့တာ မဟုတ်ဘူး ပဒုမ္မာကြာ ဓားတောင်မှာလည်း တစ်ခု တွေ့ခဲ့သေးတယ် စီနီယာကွမ်းက ဘယ်လို လုပ်ထားတာလဲတော့ မသိဘူး ဆယ်နှစ် ကြာတာတောင် ကြာတွေက ကောင်းကောင်း ရှိနေတုန်းပဲ အရင်က စီနီယာက ဆေးလုံး ဖော်စပ်တာ လေ့ကျင့် နေတာဆိုတော့ လာပြီး အနှောင့်ယှက် မပေးတာပါ အဲဒါနဲ့ သွေးပဒုမ္မာ ကြာကန်မှာလည်း ရှိလောက်မယ် ဆိုပြီး တွေးမိသွားတာ သွားကြည့် လိုက်တော့ နောက်တစ်ခု ထပ်တွေ့တယ် အဲဒီကြာ နှစ်ခုနဲ့ဆိုရင် နောက်ထပ် ရတနာ သွေးပဒုမ္မာကြာ အသစ်ကို စတင် စိုက်လို့ရပြီဗျ ... ”
မိုဝူကျီက ဖေးပင်းကျူ စကားများ ကြားသောအခါ သူက မယုံကြည်လောက်ဖွယ် အံ့အားသင့် သွားမိ၏။ ဘာမှ ပြန်၍ မပြောနိုင်ခင် ဖေးပင်းကျူက အိမ်ထဲသို့ ဝင်သွားပြီး မိုဝူကျီကို ဝှက်ထားခဲ့သည့် ရတနာသွေး ပဒုမ္မာကြာကို ပေးလိုက်သည်။
မိုဝူကျီက သေတ္တာနှစ်ခုကို ဖွင့်လိုက်သောအခါ သင်းပျံ့သည့် မွေးရနံ့ ထွက်ပေါ်လာသည်။ ပတ္တမြားကဲ့သို့ ရဲတောက်နေသည့် ကြာနှစ်ပွင့်သည် သေတ္တာထဲတွင် ရှိနေ၏။
“ပင်းကျူ ဒီတစ်ခါ မင်း ငါ့ကို အကြီးကြီး ကူညီလိုက်တာပဲ ငါ ကြာနှစ်ပွင့်ထဲက တစ်ခုကို ယူလိုက်မယ် ကျန်တဲ့ တစ်ခုနဲ့ အသစ် ထပ်စိုက်လိုက်ပေါ့ ... ” မိုဝူကျီက အမှန်တကယ် ကြာနှစ်ပွင့်လုံးကို အလိုရှိသော်ငြား မျိုးစေ့ချန်ရန် အရေးကြီးသည်ကို သိ၏။ ထိုသို့ မဟုတ်လျှင် နောင်ကျ ရတနာသွေး ပဒုမ္မာကြာကို ရှာမတွေ့တော့သည့် အခါမှ နောင်တ ရနေလိမ့်မည်။
ဖေးပင်းကျူက ခေါင်းခါလိုက်ရင်း ပြန်ပြောလိုက်သည်။
“စီနီယာ နှစ်ခုလုံး ယူသွားလိုက်ပါ ကျွန်တော် အသစ်စိုက်ဖို့က မျိုးစေ့ပဲ လိုတာ ဒါပေမဲ့ ပြဿနာ တစ်ခုက ရတနာသွေး ပဒုမ္မာကြာကို စိုက်ဖို့က ဝိညာဉ်စွမ်းအား အများကြီး လိုမှာဆိုတော့ စိတ်စွမ်းအင် ကျောက်တုံး ပမာဏ အများကြီး လိုအပ်လောက်မှာ ...
အရင်က အကြီးအကဲကွမ်း စိုက်ထားခဲ့တဲ့ ကြာဆစ်တွေက ဝိညာဉ်စွမ်းအား များများ မလိုပေမဲ့ ရတနာသွေး ပဒုမ္မာကြာ ကျတော့ အများအပြား လိုဦးမယ် တကယ်လို့ စိတ်စွမ်းအင် ကျောက်တုံး မရှိရင် သူတို့ကို စိုက်ပျိုးဖို့ရန် ခက်ခဲလိမ့်မယ် ... ”
ဖေးပင်းကျုး ပြောသည့် သူက ကြာနှစ်ခုလုံးကို ယူလို့ရသည်ကို ကြားကာ မိုဝူကျီက အလွန်အမင်း စိတ်လှုပ်ရှား သွား၏။ သူက အဝတ်အိတ်ကို ထုတ်ကာ ဖေးပင်းကျူဆီ ပေးလိုက်ရင်း
“ပင်းကျူ ဒီထဲမှာ အဆင့်တစ်နဲ့ အဆင့်နှစ် ဆေးလုံးတွေ ပါတယ် စိတ်စွမ်းအင် ကျောက်တုံးနဲ့ သွားလဲလိုက် ပြီးတော့ မင်းလိုအပ်တဲ့ ဆေးလုံးကို သိမ်းထားလိုက် အခုကစပြီး အလုပ်ရှုပ်တော့မှာ ဆိုတော့ ရတနာ သွေးပဒုမ္မာကြာ ကိစ္စကို မင်းကို အပ်ခဲ့တော့မယ် ... ”
“ဟင် ... ” ဖေးပင်းကျူက အဝတ်အိတ်ကို အံ့ဩတကြီး လက်ခံ ထားလိုက်ရ၏။ ထိုထဲတွင် ဆေးလုံးများဖြင့် ပြည့်နေကာ ဆေးလုံး မည်မျှ ပါရှိနေမည်နည်း။ အနည်းဆုံးတော့ တစ်ရာလောက် ရှိသင့်သည် မဟုတ်လား ...
သူ့အတွက် ပြန်တုံ့ပြန်ရန် အချိန်တချို့ လိုအပ်သေး၏။
“စီနီယာ အစ်ကိုမို သွားတော့မှာလား ... ”
မိုဝူကျီက ခေါင်းညိတ် ပြလိုက်ပြီး
“ထောင်အောင်းက မင်းကို ကူညီပေးလိမ့်မယ် ငါက ဆေးဘုရင်တောင်ဆီ ယန်အာနဲ့ အစ်မကြီး ရှုန်းကို ခေါ်သွားလိုက်မယ် ငါက မန်ပိုယူကို သတ်လိုက်တာ ဆိုတော့ သူ့အယောင် ဆောင်ပြီး ဂိုဏ်းကနေ ထွက်သွားရမယ် ... ”
ဖေးပင်းကျူက အခြေအနေများကို ပြည့်ပြည့်စုံစုံ နားလည် သောကြောင့် မိုဝူကျီက သူ့အား ယုံကြည်သည့် အတွက် ကျေးဇူး တင်နေလသည်။ သူက ရင်ဘတ်ကို ပုတ်ကာ
“စိတ်ချနေပါ အစ်ကိုကြီး ကျွန်တော် ဒီကြာပင်တွေကို စိုက်ဖို့ ကူညီပေးပါ့မယ် ... ”
“ငါ မင်းကို ယုံပါတယ် ... ” မိုဝူကျီက ပြောလိုက်သည်။ ဖေးပင်းကျူဆီမှ ရေဗေဒါ သွားယူစဉ် ပထမ တွေ့ဆုံမှုမှ သူသည် ဖေးပင်းကျူ၏ အကျင့်စရိုက်က မဆိုးလှကြောင်း ပြောနိုင်၏။ ထို့ကြောင့်သာ ဖေးပင်းကျူနှင့် မိတ်ဆွေ ဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ဖေးပင်းကျူတွင်လည်း ကိုယ်ပိုင် ရည်မှန်းချက်များ ရှိလောက်မည်။
မည်သူ့တွင် မရှိဘဲ နေမည်နည်း ... မိုဝူကျီတွင်လည်း ကိုယ်ပိုင် ရည်မှန်းချက်များ ရှိလေ၏။ ယခုတွင် သူက ဖေးပင်းကျူ အပေါ် မှားယွင်းစွာ မဆုံးဖြတ်ခဲ့ကြောင်း သက်သေ ပြနေသည်။
တစ်ညနေတွင် ဆံပင်ရှည်နှင့် မန်ပိုယူ တစ်ယောက် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ထွက်သွားလေသည်။ သူက တစ်ခုခုကို အကြီးအကျယ် ဒေါသ ထွက်နေဟန် ဖြစ်ကာ လမ်းတွင် သူ့အား နှုတ်ဆက်ရန် နှောင့်နှေးနေသော တပည့် တစ်ယောက်ကိုပင် ရန်ရှာသွားသေး၏။ တပည့်ကို ဆူမောင်း လိုက်ပြီးနောက်တွင် ဆေးလုံး သခင်မန်က ဂိုဏ်းအဝန်းမှ ဒေါသတကြီး ထွက်သွားတော့သည်။
မန်ပိုယူက ဂိုဏ်းက ထွက်ခွာ သွားပြီးနောက်တွင် သဲလွန်စ တစ်စလေးမှ မရှိဘဲ လုံးဝ ပျောက်ကွယ် သွားတော့သည်။ တစ်ရက် အကြာတွင် မိုဝူကျီက သူ့နဂိုပုံစံဖြင့် စွန်ဖျားမြို့ မြောက်ရေ တည်းခိုခန်းသို့ တစ်ခေါက် ထပ်ရောက်ရှိ လာသည်။ တည်းခိုခန်းတွင် သူ ပထမဆုံး လုပ်သည့် အရာကား ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအသစ်ကို ဖော်စပ်ခြင်း ဖြစ်၏။
ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးတွင် ပါဝင်သော ဆေးပင်များကို ဝိညာဉ်ဆေးပင် အဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်၏။ ထိုထဲတွင် နှစ်တစ်ရာ လုံယန်မြက်နှင့် မီးအဆီအနှစ် ကျောက်တုံးတချို့ အပြင် နှစ်တစ်ထောင်ကျောက် သက်တမ်းရှိ ရွှေဝါရောင် ဂျင်စင်းနှင့် လင်ဇီးတို့ ဖြစ်သည်။
ဝိညာဉ်ဆေးပင်များ ကြားတွင် တချို့ အပင်များသည် အဆင့်သုံး ဝိညာဉ် ဆေးပင်တွေလောက် အဆင့်မြင့် ကြသည်။ ထိုတစ်မူ ထူးသော ဆေးပင်များကို ရရှိနိုင်ခဲ့သည်က သူ့၏ အဆင့်နှစ် ဆေးလုံးဆရာ အဆင့်အတန်းကြောင့် ဖြစ်သည်။ သူသာ အဆင့်နှစ် ဆေးလုံးဆရာ မဟုတ်လျှင် သူ့အထောက်အကူပြု အမှတ်များ အကုန် အသုံးပြုလျှင်ပင် ထိုဆေးပင်များကို ဝယ်ယူနိုင်မည် မဟုတ်ပေ။
ထိုဆေးပင်များတွင် သူ တန်ဖိုး အထားဆုံး အရာကား ရတနာ သွေးပဒုမ္မာကြာ နှစ်ပွင့် ဖြစ်သည်။ သူက အခုထိ ကြာမြစ်ကို ဆွဲမထုတ်ရသေးပေ။ အမြစ်များသည် ပတ္တမြားကဲ့သို့ နီရဲတောက်နေကာ ကြည်လင်စွာဖြင့် စိုစိုပြည်ပြည် ရှိနေလေသည်။ သူတို့ကို ကြည့်နေရုံကပင် စိတ်ကျေနပ်မှု ရရှိနိုင်လေသည်။
ဆေးပင်များကို ပြင်ဆင်ပြီး နောက်တွင် သူက ဝိညာဉ် ဆေးပင်များကို သုံး၍ ဆေးလုံး မဖော်စပ်ဖူး သေးကြောင်း ရုတ်တရက် အမှတ် ရလိုက်သည်။ သူ့ ဆေးလုံး ဖော်စပ်မှု ကျရှုံးသွားလျှင် မည်သို့ လုပ်ရမည်နည်း။ တခြားသော ဝိညာဉ် ဆေးပင်များက အပိုကျန်ရှိ သော်လည်း သူ့တွင် ရတနာ သွေးပဒုမ္မာကြာကား နှစ်ခုသာ ရှိသည်။ သူ ကျရှုံးသွားလျှင် ယူကျုံးမရ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဖေးပင်းကျူက ကြာအဆစ်မှ ရတနာ သွေးပဒုမ္မာကြာကို အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ပါ့မလား ဆိုတာ မသေချာပေ။ အကယ်၍ သူလုပ်နိုင်ခဲ့လျှင်ပင် တစ်ရက်၊ နှစ်ရက်အတွင်း ကြီးထွားလာမည် မဟုတ်ချေ။
ထိုအရာကို တွေးမိပြီး မိုဝူကျီက သူ့ဆေးဖော်စပ်ရေး ကိရိယာများကို ပြန်လည် သိမ်းဆည်း လိုက်တော့သည်။ သူက စတေးမှုကို မလုပ်နိုင်ပေ။ ထိုဖော်မြူလာ အသစ်ကို ဖော်စပ်ရန် ဆေးလုံး ဖော်စပ်ခန်း အသုံးပြုဖို့ လိုအပ်ပေသည်။
စွန်ဖျားမြို့၏ ကောင်းသည့် အချက်က ကျင့်ကြံသူများ အတွက် အဓိကထားခြင်း ဖြစ်သည်။ မင်းမှာ စိတ်ကူး ရှိသရွေ့ ဤနေရာတွင် ရှာတွေ့နိုင်လေသည်။ ဆေးလုံး ဖော်စပ်ခြင်းအခန်း သာမက တခြားသော အမျိုးမျိုး အခန်းများကို ငှားရမ်းနိုင်သည်။
ဆေးလုံး ဖော်စပ်ခြင်း အခန်းကို ငှားယူရန် စိတ်စွမ်းအင် ကျောက်တုံးအချို့ လိုအပ်သည်။ မိုဝူကျီတွင် စိတ်စွမ်းအင် ကျောက်တုံးများ မရှိသော်လည်း သူ့တွင် အဆင့်နှစ် ဆေးလုံးများ ကျန်ရှိသေး၏။
ဂိုဏ်းအတွက် ဆေးလုံးများ ဖော်စပ်သည့် အခါတုန်းက သူ့တွင် လက်ကျန် ဆေးလုံးများစွာ ရှိသည်။ ဖေးပင်းကျူကို တချို့တစ်ဝက် ပေးပြီးနောက်တွင် မိုဝူကျီတွင် အဆင့်နှစ် ဆေးလုံး အများအပြား ကျန်ရှိသေး၏။ စွန်ဖျားမြို့တွင် ထိုဆေးလုံးများကို စိတ်စွမ်းအင် ကျောက်တုံးများဖြင့် အလွယ်တကူ လဲယူနိုင်လိမ့်မည်။
ထိုဆေးလုံးများကို အချိန်တိုအတွင်း လဲလှယ်နိုင်ဖို့ရာ ဖြစ်နိုင်သောကြောင့် မိုဝူကျီက သူ့ဆေးလုံးများထဲမှ ၉၀ ရာခိုင်နှုန်းကို ကြုံရာကျပန်း ဆေးလုံး အိမ်တော်၌ တိုက်ရိုက် လဲယူ လိုက်တော့သည်။ ရောင်းဈေးသည် နိမ့်မှန်း သိသော်လည်း ဈေးညှိဖို့ရာ စိတ်ထဲမထားပေ။ အဆုံးတွင် သူ့အတွက် စိတ်စွမ်းအင် ကျောက်တုံး ၁၀၇၀ တုံးကို ရရှိနိုင်ခဲ့သည်။
သူ့စွမ်းဆောင်ရည်ဖြင့် အနာဂတ်တွင် စိတ်စွမ်းအင် ကျောက်တုံးများ ရဖို့ အခွင့်အလမ်းကား များပြား လာလေသည်။ ယခုတွင် သူအလိုအပ်ဆုံး အရာကား အချိန်ပင် ဖြစ်၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲသို့ မရောက်ခင် တစ်စက္ကန့်ချင်းစီကို တန်ဖိုး ထားရမည်။
လမင်းကိုးစင်း ဆေးလုံးအိမ်တော် ...
ထိုဆေးလုံး အိမ်တော်က စွန်ဖျားမြို့တွင် အကြီးဆုံး မဟုတ်သော်လည်း အရည်အသွေးက အကောင်းဆုံးထဲမှ တစ်ခု ဖြစ်၏။
မိုဝူကျီက စွန်ဖျားမြို့ အကြောင်း များများစားစား မသိပေ။ သူက လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို သူ့ဆေးလုံး ၉၀ ရာခိုင်နှုန်းကို လွှဲပေးလိုက်ပြီး စိတ်စွမ်းအင် ကျောက်တုံးများ ယူကာ ချက်ချင်း ထွက်သွားလေသည်။
ထိုစဉ် လမင်းကိုးစင်း ဆေးလုံး အိမ်တော်တွင် လူလတ် အမျိုးသားက ဆေးလုံးများကို သေချာ အနီးကပ် စစ်ဆေး ကြည့်နေသည်။ ကြည့်လိုက်ပြီး သူက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်လေသည်။
***