ဒုတိယအကြိမ်မြောက် လျှပ်စီးအခန်းသို့ ရောက်ရှိခြင်း
Vol. 8 Ch. 109
မိုဝူကျီက လျှပ်စီးအခန်းထဲသို့ ဝင်ပြီးသည်နှင့် ကျောက်စိမ်း ကွန်ယက်ဂိုဏ်း (ပိလော်ဂိုဏ်း) အကြောင်း ပြန်အမှတ်ရ လိုက်မိ၏။ ယောင်ကျိုးမှ ချန်လောင်သို့ လာရာလမ်းတွင် သူ့ကို သတ်ချင်သော ရှောက်ဖန်လည်း ထိုဂိုဏ်းကပင် ဖြစ်သည်။ ကြည့်ရသည်မှာ ဂိုဏ်းတူတွေ အားလုံးကား ထိုသို့ အနိုင်ကျင့်လိုသော စိတ်ရှိကြတာ ဖြစ်ရမည်။
မိုဝူကျီက စိတ်ထဲ မထားတော့ပေ။ ထိုဟော်ကျင့်ထီ အကြောင်း မြန်မြန်ပင် မေ့သွားလေ၏။
စိတ်စွမ်းအင် ကျောက်တုံများ၊ အဝတ်အပိုနှင့် ဆေးလုံးများ ပါနေသော အိတ်ကို ဘေးချထားကာ အလယ်တွင် ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးပုလင်းများကို နေရာစီရန် သွားလိုက်သည်။ ထိုမှသာ အလယ်နေရာမှ မထွက်ဘဲ ထိုဆေးပုလင်းများကို အလွယ်တကူ ရရှိနိုင်မှာ ဖြစ်၏။ ထို့နောက် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး “လေ့ကျင့်ရေး စတင်ရန်” လက်ကိုင်ကို ဆွဲချလိုက်တော့သည်။
လျှပ်စီး အားက ကျရောက်လာပြီး မိုဝူကျီက ထိုအားကို တွန့်ဆုတ်ခြင်းမရှိ တိုက်ရိုက် ခံယူလိုက်တော့သည်။
အင်မော်တယ် မော်တယ် ကျင့်စဉ်ထဲမှ ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ပညာရပ်ကို အသုံးပြု၍ မိုဝူကျီက ထိုလျှပ်စီးအားကို သူ့ချီသွေးကြော အသစ်ဖွင့်ရန် ပြန်လည် ဦးတည်ပေး လိုက်လေသည်။
လျှပ်စီး ခုနစ်ချက်၊ ရှစ်ချက် အပြီးတွင် မိုဝူကျီက သူ့၏ ၃၇ ခုမြောက် ချီသွေးကြောက တဖြည်းဖြည်းချင်း ပွင့်လာသည်ဟု ခံစားလိုက်မိသည်။ ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ပညာရပ် ထိပ်ဆုံးသို့ ရောက်သောအခါ ပိတ်ဆို့နေသော အဟန့်အတားက ပျောက်ကွယ် သွားတော့သည်။ ထိုသည်က သူခန္ဓာတစ်ခုလုံးကို ပျော်ရွှင်ကြည်နူးမှု လွမ်းခြုံသွားစေသည်။
မိုဝူကျီက လက်သီးကို ဆုပ်ထားလိုက်ရင်း ၃၇ခု မြောက် ချီသွေးကြောသည် အရည်အသွေးများစွာ ပိုကောင်းနေကြောင်း သိလိုက်ရ၏။ ချီသွေးကြော တစ်ခုသာ ဖွင့်ရသေးသော်လည်း မိုဝူကျီက ဝိညာဉ်လမ်းကြောင့်ဖွင့် အဆင့်ငါးသို့ အလွယ်တကူ တက်လှမ်း နိုင်တော့မည်ဟု ခံစားနေရသည်။
မိုဝူကျီက ဆက်လက် မကျင့်ကြံသေးဘဲ နောက်ထပ် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးတစ်ပုလင်းကို ထပ်သောက် လိုက်သည်။ ချီသွေးကြော အသစ်ဖွင့်ရန် ပူရှိန်းရှိန်း ခံစားချက် ဖြစ်ပေါ်မလာခင် သူက ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ပညာရပ်ဖြင့် လျှပ်စီးများကို တူညီသည့် ချီသွေးကြောဆီ ဆက်တိုက် ပို့ဆောင်လိုက်တော့သည်။
“ဘမ်းဘမ်း….”
မိုဝူကျီ ရှိနေသော လျှပ်စီးအခန်း အထဲတွင် လျှပ်စီး ရိုက်ခတ်သံများနှင့် သူ့အရိုး ကျိုးကြေသံများကိုသာ ကြားနေရလေ၏။ ဆေးက အလုပ်ဖြစ်၍သာ စိတ်သက်သာရာ ရနေခြင်း ဖြစ်သည်။ မီးကျွမ်းနေသော အဝတ်များနှင့် မည်းတူးနေသည့် အသားရေက သက်သေပင် ဖြစ်၏။
အကယ်၍ ဤနေရာတွင် တစ်ယောက်ယောက် ရှိနေပါက မိုဝူကျီကို သေပြီဟုသာ ထင်မိလိမ့်မည်။
ထိုစဉ် မိုဝူကျီ အသားရေက မည်းတူးနေကာ တစ်ကိုယ်လုံးကား လျှပ်စီး ဒဏ်ရာများနှင့် ပြည့်နေလေ၏။
ချီသွေးကြောများ များများ ပွင့်လာသော်လည်း မိုဝူကျီက ရုပ်ပိုင်းဆိုင်ရာ နောက်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေလေပြီ။ အရင်တုန်းက မိုဝူကျီက အနားယူရန် နည်းလမ်း ရှာလိမ့်မည်။ သို့သော်လည်း ယခုအကြိမ်တွင် အနားယူရန် အတွေးမရှိပေ။ အကြောင်းမှာ သူအနားယူ လိုက်သည်နှင့် ဆေးက အရင်တစ်ခါက ကဲ့သို့ အလုပ်မဖြစ်တော့မှာ စိုး၍ ဖြစ်သည်။
ထိုသို့ ဖြစ်နိုင်ချေက အလွန်နည်းပါးသော်လည်း မိုဝူကျီက စတေးမှု မလုပ်ချင်ပေ။
ချီသွေးကြော ၄၀… ၄၁…. ၄၂…
သူ ဆေးဘယ်နှပုလင်း သောက်မှန်း မသိခင်တွင် မိုဝူကျီက ချီသွေးကြော ၆၀ ထိ ဖွင့်ပြီးနေလေပြီ။ အရင်က မိုဝူကျီက ချီသွေးကြောများ ဖွင့်ကာ ကျင့်ကြံရန် တွေးထားသော်လည်း ယခုတွင် ချီသွေးကြောများကို ဖွင့်ရန်သာ စိတ်ကူးရှိလေ၏။ သူ့အတွက် အရေးကြီးဆုံး အရာကား အချိန်မရွေး ကျင့်ကြံနိုင်ရန်အတွက် ချီသွေးကြော များများ ဖွင့်ထားဖို့ ဖြစ်သည်။
“ဘမ်း…” မိုဝူကျီက ချီသွေးကြော ၆၁ ခုမြောက်ကို ဖွင့်သောအခါ သူ့ခန္ဓာတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွားလေသည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်ရန် ကြံလိုက်သော်လည်း လျှပ်စီးများက ထပ်၍ မရှိတော့ပေ။
ဆယ်နာရီက ထိုသို့ ကုန်ဆုံး သွားသည်လား …. မိုဝူကျီက လျှပ်စီးအခန်း အလယ်တွင် ဆယ်မိနစ်ကြာ အနားယူနေလိုက်သည်။ ထို့နောက်တွင် သူ့အိတ်ထဲမှ ဆေးလုံးတချို့ကို ယူကာ သောက်သုံး လိုက်တော့သည်။
သူက နောက်တစ်ခါ ထပ်လာပြီး ချီသွေးကြောများ ထပ်မဖွင့်ခင် ပေးချေရန် အောက်သို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
အဝတ်အစားများ လဲလှယ်ပြီး ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးကို သိမ်းလိုက်ကာ မိုဝူကျီက တံခါးကို ဖွင့်လိုက်သည်။ ပထမဆုံး တွေ့လိုက်ရသည့် သူကား ဟော်ကျင့်ထီ ဖြစ်နေသည့်အတွက် မိုဝူကျီက မျက်မှောင်ကျုတ် သွားလေသည်။ ဤအကြိမ်တွင် သူက တစ်ယောက်တည်း ဖြစ်သည်။
ဟော်ကျင့်ထီ မျက်နှာက မိုဝူကျီကို တွေ့လိုက်ရသောအခါ အနည်းငယ် မှုန်မှိုင်းသွားလေသည်။ မိုဝူကျီက ကျောက်စိမ်းပြားကို ယူကာ ထွက်သွားသောကြောင့် ဟော်ကျင့်ထီက သူ့ကျောက်စိမ်းပြားကို တံခါးမြောင်းထဲ ထည့်ကာ အခန်းထဲ ဝင်သွားလိုက်သည်။
မိုဝူကျီက သူ့ကို လုံးလုံး စိတ်ထဲမထားပေ။ ထိုပိလော်ဂိုဏ်းအပေါ်တွင်လည်း အမြင်ကောင်း မရှိပေ။ ကြည့်ရသည်မှာ ထိုပိလော်ဂိုဏ်းတွင် လူကောင်းများ ရှိဟန် မပေါ်ချေ။
“မင်းက ၂ နာရီကျော်တယ် ကျေးဇူးပြုပြီးတော့ စိတ်စွမ်းအင် ကျောက်တုံး ၂၂တုံး ထပ်ပေးပါ…” မိုဝူကျီ၏ ကျောက်စိမ်းပြားကို သိမ်းပြီးသည်နှင့် ကောင်တာမှ အသံ ထွက်ပေါ်လာသည်။
သတိမပြုမိဘဲ ၁၂ နာရီ ကုန်ဆုံးသွား၏။ မိုဝူကျီက တိတ်တဆိတ်သာ သက်ပြင်းချ လိုက်တော့သည်။
“နောက်ထပ် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀ အတွက်ပါ လုပ်ပေးပါဦ နောက်တစ်ခေါက် လျှပ်စီးအခန်းကို ထပ်ဝင်ဦးမှာမို့ပါ…” မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံး ၁၂၂ တုံး လှမ်းပေးလိုက်သည်။ စိတ်စွမ်းအင် ကျောက်တုံး ၁၀၀က သူ့အား လျှပ်စီးအခန်းတွင် ၁၀ နာရီကြာ နေခွင့် ရလိမ့်မည်။ နှစ်နာရီ ကျော်ခြင်းက သူ့ကို နောက်ထပ် ၂၂ တုံး ကုန်ကျစေသည်။ နှစ်တုံး အပိုကား သူက အချိန်ကျော်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း မှန်းဆလိုက်သည်။ မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေး ၁၉ ပုလင်း ကျန်သေးသည့်အတွက် စိတ်သက်သာရာ ရသွားမိသည်။ နောက်ထပ် ၁၀ နာရီအတွက် ဖူလုံသေး၏။
စိတ်စွမ်းအင် ကျောက်တုံး ၁၀၀ ကို ကောင်တာက ချက်ချင်း ပြန်ပေးလိုက်လေသည် “လျှပ်စီးအခန်းက နောက်ထပ် ၁၀ ရက်အတွက် ကြိုတင်ဌားထားပြီးပြီ တကယ်လို့ မင်း လိုသေးရင် နောက်ထပ် ဆယ်ရက်ကြာမှ လာခဲ့…” မိုဝူကျီက မေးမကြည့်ဘဲ အကြိုဌားထားသူက ဟော်ကျင့်ထီမှန်း သိလိုက်သည်။ ထိုလူက အမှန်တကယ်ပင် ချမ်းသာလှ၏။ သူက စိတ်စွမ်းအင် ကျောက်တုံး လဲယူရန် ဆေးလုံးများကို ကြိုးကြိုးစားစား ဖော်စပ်ခဲ့ရ၏။ သို့သော် သူက အခန်းကို ဆယ်ရက်စာ တစ်ခါတည်း ကြိုတင်ဌားရမ်း လိုက်နိုင်သည်။
“လျှပ်စီးအခန်း ၂ မရှိတော့ဘူးလား..” မိုဝူကျီက လျှပ်စီးအခန်း တစ် ရှိလျှင် အခန်း နှစ် ရှိသေးသည်ဟု တွေးကာ အလျင်အမြန် မေးကြည့်လိုက်တော့သည်။
ကောင်တာမှ အမျိုးသားက အေးစက်စွာ ဖြေကြားလိုက်သည် “လျှပ်စီးအခန်း ၂ က နှစ်နာရီအတွက် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀ ကျမယ် မင်းက ဝိညာဉ်တည်ဆောက်ခြင်း အဆင့် မရောက်ရင် သေမှာ အသေအချာပဲ မင်း ယူချင်တာ သေချာရဲ့လား….”
“တော်ပါပြီ ကျေးဇူးပါဗျ…”
မိုဝူကျီက သူ့စိတ်စွမ်းအင် ကျောက်တုံးများကို သိမ်းဆည်း လိုက်တော့သည်။ ဘယ်လို ဟာသမျိုးပါ့လိမ့် … နှစ်နာရီအတွက် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀ ဘယ်လိုလုပ် ပေးချေနိုင်ပါ့မလဲ
ပို၍ အရေးကြီးသည်က သူက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေးသာ ဖြစ်သည့်အတွက် ဒုတိယအခန်းသို့ ဝင်ရန် မသင့်တော်ချေ။
မိုဝူကျီက အစတကည်းက နာရီနှစ်ဆယ် ဆက်တိုက် မဌားရမ်းခဲ့သည့်အတွက် တိတ်တဆိတ် နောင်တရနေလေ၏။ ယခု လျှပ်စီးအခန်းက ဆယ်ရက် ဆက်တိုက် ဌားရမ်းထားသည့် အတွက် ဤနေရာတွင် ဆယ်ရက်ကြာ စောင့်နေရန် မတတ်နိုင်ချေ။ မိုဝူကျီက ဘာမှ မလုပ်ခင် သူ့ကိုယ်ပိုင် အရည်ချင်းများ တိုးတက်ရန် ပို၍ ကြိုးစားသည်က ကောင်းကြောင်း တွေးမိလိုက်သည်။
မိုဝူကျီက ဂိုဏ်းကနေ အထက်တန်းလွှာ အနေနှင့် ထွက်လာသည့် အတွက် ယခုအခါ နှိမ်ချပြီး ပြောင်းလဲကာ ဝင်ရန် လိုအပ်လေသည်။ မည်မျှပင် နိမ့်ချနေရန် ကြိုးစားစေကာမူ သူက ဆေးလုံးဆရာ ဖြစ်သည့်အတွက် လူအများက သူ့အား သတိမပြုမိရန် မဖြစ်နိုင်ချေ။
သူက ပဒုမ္မာကြာ ဓားတောင်သို့ ပြန်ရောက်သည့်အခါ ရေကန်ဘေးတွင် ထောင်အောင်းနှင့် ဖေးပင်းကျူ အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည့်အတွက် စိတ်အေးသွားပေသည်။
“သခင်လေး ပြန်ရောက်လာပြီ…” ထောင်အောင်းက လက်ထဲက အရာအားလုံးကို ချထားလိုက်ကာ မိုဝူကျီကို နှုတ်ဆက် လိုက်တော့သည်။ ထို့အပြင် မိုဝူကျီအပေါ်တွင် သူနှင့် သူ့ဇနီးတို့၏ အသက်ကြွေး တင်နေလေ၏။ မိုဝူကျီ ကြောင့်သာ မဟုတ်လျှင် ထောင်အောင်း၏ အရိုးများက ကွဲအက်ကာ ထပ်၍ မတ်တတ်ရပ် နိုင်တော့မည် မဟုတ်ပေ။
“စီနီယာ အစ်ကိုမို..” ဖေးပင်းကျူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မိုဝူကျီက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ပြောလိုက်တော့သည် “မင်းတို့တွေ အဆင်ပြေနေတာ မြင်ရတာ တကယ်ကို ကောင်းတယ် ငါ စိတ်အေးသွားပြီ ပင်းကျူရေ ခဏလောက် လာပါဦး…”
ထောင်အောင်းက မိုဝူကျီသည် ဖေးပင်ကျူနှင့် ပြောစရာ စကားများ ရှိနေသည်ကို သိ၍ နှုတ်ဆက် ပြီးသည်နှင့် သူ့အလုပ်သူ လုပ်ရန် ထွက်သွားလေသည်။
“စီနီယာ အစ်ကိုမို ဝူခိုင်းက အဲဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့လို့ သတင်းတွေတော့ ထွက်မလာဘူး ကြည့်ရတာ သူ ဒီလိုလုပ်တာ ပထမဆုံး အကြိမ် မဟုတ်ဘူး ထင်တယ်…. ” ဖေးပင်းကျူက စိတ်အားတက်ကြွစွာ ပြောလိုက်သည်။
မိုဝူကျီက ဝူခိုင်းအကြောင်း နည်းနည်းသာ သိ၏။ သူက သူ့ကို အာခံသော အစေခံများကို ရှင်းပစ်သည့် အတွက် သန့်ရှင်းသော သူ တစ်ယောက်ဟု ဆိုမရပေ။ မိုဝူကျီက ဖေးပင်းကျူ စကားများကို စိတ်ပါလက်ပါ ထောက်ခံလိုက်တော့သည်။
“အဲဒါ အဆင်ပြေတာပေါ့ တခြားရော ရှိသေးလား….” ဘာမှ ထွက်မလာမှန်း သိသော်လည်း ဖေးပင်းကျု ကိုယ်တိုင် ပြောသည်ကို ကြားသောအခါ တကယ်ပင် စိတ်ပေါ့သွား၏။ သူ သတ်လိုက်သည့်သူကား ဂိုဏ်း၏ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်သည်က အရေးကြီး၏။ ထိုသတင်းသာ ထွက်သွားပါက ယန်ချင်ယင်ပင် သူ့အသက်လေးကို ကယ်တင်နိုင်မည် မဟုတ်ပေ။
“မမလေး ယန်အာက ဆေးဘုရင် တောင်ထိပ်မှာ ကောင်းကောင်းနေနေပါတယ် အစ်မရှုန်းက သူမကို တစ်ခါတလေတော့ အလည်ခေါ်လာတယ် အခုထိ ဆေးလုံးသခင်ယန်က ဆေးလုံးဆရာ ဖလှယ်ပွဲကနေ ပြန်မရောက်သေးဘူး ကျွန်တော် စိုက်နေတဲ့ ရတနာ သွေးပဒုမ္မာကြာလဲ အခြေအနေ ကောင်းတယ် စီနီယာ ပေးထားတဲ့ ဆေးလုံးတချို့ကို သိမ်းထားပြီးတော့ ကျန်ဆေးလုံး အချို့ကို စိတ်စွမ်းအင် ကျောက်တုံးနဲ့ လဲလိုက်တာ စုစုပေါင်း ၂၆၀၀ ရတယ်….” ဖေးပင်းကျူက ပြောနေရင်း ရပ်လိုက်သည်။
မိုဝူကျီက ဖေးပင်းကျူသည် သူ့ကို စိတ်စွမ်းအင် ကျောက်တုံးများ ထုတ်ပေးရန် ပြင်နေကြောင်း သိ၍ “ပင်းကျု အဲဒီ ကျောက်တုံးတွေကို မင်းပဲ သိမ်းထားလိုက် ရတနာ သွေးပဒုမ္မကြာကို ပျိုးထောင်ဖို့က အဲဒါတွေ လိုလိမ့်မယ်….”
ဖေးပင်းကျူက ခေါင်းညိတ်ပြလိုက်သည်။ သူလဲ ရတနာ သွေးပဒုမ္မကြာကို ပျိုးထောင်ရန် ထိုကျောက်တုံးများ လိုအပ်လိမ့်မည်ဟု ခံစားမိသည်။
“ရတနာ သွေးပဒုမ္မာကြာကနေ ကြာဆစ်နှစ်ခု ရထားတယ် ကျန်တဲ့ နှစ်ခုကို အဲဒီအတိုင်း ချန်ထားလိုက်မယ် ” ဖေးပင်းကျူက ပြောလိုက်သည်။
မိုဝူကျီက ဖေးပင်းကျူကို သိချင်စွာ ကြည့်လိုက်ပြီး “ဘာလို့ နောက်ထပ်နှစ်ခုကို မယူတာလဲ ….” ရတနာ သွေးပဒုမ္မကြာသည် နောက်တစ်ကြိမ် ကြီးထွား လာနိုင်သောကြောင့် မိုဝူကျိက ဖေးပင်းကျူက လေးခုလုံးကို တစ်ခါတည်း အဘယ်ကြောင့် မယူသည်ကို မသိပေ။
ဖေးပင်းကျူက ပြန်မဖြေခင် သူ သိနေသည့်ဟန်ဖြင့် “စီနီယာ အစ်ကိုမို ကြည့်ရတာ စီနီယာက ရတနာ သွေးပဒုမ္မာကြာ အကြောင်း သိပ်မသိသေးပုံပဲ ရတနာ သွေးပဒုမ္မာကြာက ဝိညာဉ်စွမ်းအားတွေ အများကြီး စုပ်ယူတယ်လေ အခု စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀က ကြာဆစ် နှစ်ခုအတွက်တောင် လုံလောက်ချင်မှ လုံလောက်မှာ ဒါပေမဲ့ စိတ်စွမ်းအင် ကျောက်တုံး အလုံအလောက် မရှိဘဲ လေးခုလုံးသာ စိုက်လိုက်ရင် အောင်မြင်မှာ မဟုတ်တော့ဘူး…”
“ဘာ ... ကျောက်တုံး ၂၆၀၀က ကြာဆစ်နှစ်ခု စိုက်ဖို့တောင် မလောက်ဘူးလား..” မိုဝူကျီက ဖေးပင်းကျူကို အံ့ဩတကြီး ကြည့်လိုက်တော့သည်။ သူက ရတနာ သွေးပဒုမ္မာကြာသည် ဝိညာဉ် စွမ်းအားများစွာ လိုအပ်ကြောင်း သိသော်လည်း ထိုမျှ အထိတော့ မျှော်မှန်းမထားဖူးပေ။
စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀ကား ဝိညာဉ် ဆေးပင်များစွာကို ဝယ်ယူနိုင်ပေသည်။ ထိုပမာဏနှင့်ဆိုလျှင် အဆင့်သုံး ဝိညာဉ်ဆေးပင်များပင် ဝယ်ယူနိုင်သော်လည်း ကြာဆစ်နှစ်ခုကို ပျိုးထောင်ဖို့ရာ မလုံလောက်ဘူးတဲ့လား …. မိုဝူကျီက မယုံကြည်နိုင်ဖွယ် ဖြစ်နေသည်။
ဖေးပင်းကျူက ခေါင်းညိတ် ပြလိုက်ပြီး “အမှန်ပဲ ကျွန်တော်က မယုတ်မလွန် ခန့်မှန်းပြောတာပါ ကျွန်တော့်အဖိုး စကားအရဆိုရင် ဒီ စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀က ကြာဆစ်တစ်ခုအတွက်ပဲ လုံလောက်တာ သူတို့ကို စိုက်ရင်းနဲ့ စိတ်စွမ်းအင် ကျောက်တုံးအချို့ ထပ်ထည့်ရမှာ…”ဖေးပင်းကျုက မလိမ်ညာမှန်း ယုံကြည့်သည့်အတွက် သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။ အကယ်၍ စိတ်စွမ်းအင် ကျောက်တုံး ၂၆၀၀က မလုံလောက်လျှင် ဖြစ်နိုင်သည်က ရတနာ သွေးပဒုမ္မာကြာ တန်ဖိုးကို လျော့တွက်ခဲ့မိခြင်းသာ ဖြစ်လောက်မည်။
အကယ်၍ ရတနာ သွေးပဒုမ္မာကြာက ဝိညာဉ်စွမ်းအားများစွာ လိုအပ်လျှင် အဆင့်သုံး ဝိညာဉ်ဆေးပင် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
“အဲဆို ရတနာ သွေးပဒုမ္မာကြာ က အဆင့်သုံး ဝိညာဉ်ဆေးပင်ရော ဟုတ်ရဲ့လား…” မိုဝူကျီက ထိုအတွေးကြောင့် မမေးလဲ မနေနိုင်ချေ။
ဖေးပင်းကျူက ပြန်ဖြေလိုက်တော့သည် “ရတနာ သွေးပဒုမ္မာကြာက အဆင့်သုံး ဝိညာဉ်ဆေးပင်က အမှန်ပဲ သူက ဝိညာဉ်လမ်းကြောင်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဆေးဖက်အရ အသုံးဝင်တယ် အရသာရှိတဲ့ အာဟာရလဲ ဖြစ်တဲ့ အတွက်ကြောင့် အဖိုးတန်လွန်းနေတာ အဲဒါကြောင့်ပဲ ဂိုဏ်းအကြီးကြီးတွေရဲ့ နှစ်သက်တာ ခံနေရတာပေါ့ ဝိညာဉ်စွမ်းအားများစွာ သုံးတဲ့ အကြောင်းနဲ့ အဲဒီနေရာကို ပြန်လည် ပြန်ကောင်းလိုဖို့ ခက်တဲ့ အကြောင်းကြောင့်သာ မဟုတ်ရင် ဂိုဏ်းတွေက အဲဒါ စိုက်ပျိုးတာ ရပ်ပစ်ကြမှာ မဟုတ်ဘူး ပဒုမ္မာကြာ ဓားတောင်ဆိုလဲ တခြားတောင်ထိပ်တွေက ဝိညာဉ်စွမ်းအား လျော့ပါးတယ် ပြီးတော့ သွေးပဒုမ္မာကြာကန်ဆိုလဲ ပြောစရာကို မလိုတော့ဘူး…”
မိုဝူကျီက ဖေးပင်းကျူကို ပုတ်ပေးလိုက်ပြီး “အခု ငါ သိပြီ အဲဆို ရတနာ သွေးပဒုမ္မာကြာကို ကောင်းကောင်းစိုက်ပျိုးပေးပါဦး ခဏလောက် ကျင့်ကြံလိုက်ဦးမယ် စိတ်စွမ်းအင် ကျောက်တုံးတွေ ပြတ်လပ်မသွားခင် ရနိုင်မဲ့ နည်းလမ်း ရှာထားလိုက်ဦးမယ် ပြီးတော့ မင်းက ငါ့အတွက် ရတနာ သွေးပဒုမ္မာကြာကို စိုက်နေတယ် ဆိုတဲ့အကြောင်းကို လူမသိစေနဲ့…”
အကယ်၍ ရတနာ သွေးပဒုမ္မာကြာက ထိုမျှ အဖိုးတန်သည် ဆိုလျှင် လူအများကြား မပေါက်ကြားသင့်ပေ။
***