← Chapters

ရူးရူးမိုက်မိုက် ကျင့်ကြံခြင်း

Vol. 8 Ch. 110

ရူးရူးမိုက်မိုက် ကျင့်ကြံခြင်း

Vol. 8 Ch. 110

မိုဝူကျီက ယန်အာကို ချက်ချင်း သွားမရှာပေ။ သူမသည် ဆေးဘုရင် တောင်ထိပ်တွင် ဘေးကင်းကင်း ရှိနေလိမ့်မည်။ ထို့အပြင် သူမကို စောင့်ရှောက်ဖို့ရာ ရှုန်းရှူကျူ ရှိ၏။

သူ့အခန်းသို့ ပြန်ရောက်သောအခါ  မိုဝူကျီက စတင်၍ အခန်းပိတ် ကျင့်ကြံတော့သည်။

ချီသွေးကြော ၆၁ ခုထိ ဖွင့်ပြီး၍ သူ့အဆင့်ကား ကျင့်ကြံသူများကြားတွင် သာမန် အထက်တွင် ရှိနေလေပြီ။ အနာဂတ်တွင် သူက ချီသွေးကြောများကို ထပ်၍ မဖွင့်နိင်တော့လျှင်လည်း သူက ဝိညာဉ်တည်ဆောက်ခြင်း အဆင့်ထိ သို့မဟုတ် လူသားအဆင့်လွန်ထိ ကျင့်ကြံနိုင်လိမ့်မည်။

သူ့ကျင့်ကြံနှုန်း တိုးလာစေရန် မိုဝူကျီက တွန့်တိုခြင်းမရှိ စိတ်စွမ်းအင် ကျောက်တုံးများကို အသုံးပြုလိုက်သည်။

သူ စတင် ကျင့်ကြံသည်နှင့် မိုဝူကျီက ချက်ချင်းပင် ကြီးမားသော ဝဲကတော့ ဖြစ်လာသည်ဟု ခံစားလိုက်ရပြီး ဝိညာဉ်စွမ်းအား အများအပြားက ချီသွေးကြာထဲသို့ အဆက်မပြတ် စီးဝင်လာလေသည်။

အချိန်တိုအတွင်း စိတ်စွမ်းအင် ကျောက်တုံးကို ခြောက်သွေ့ သွားသည်အထိ စုပ်ယူ လိုက်တော့သည်။ မိုဝူကျီက သူ့၏ စိတ်စွမ်းအင် ကျောက်တုံးများကို ချွေတာ မနေတော့ပေ။ စိတ်စွမ်းအင် ကျောက်တုံးက စွမ်းအားကုန် စုပ်ယူပြီးသည်နှင့် နောက်တစ်တုံး ပြောင်းကာ ဆက်တိုက် ရူးရူးမူးမူး  ကျင့်ကြံ လိုက်တော့သည်။

ဝိညာဉ်စွမ်းအားများ စီးဝင်လာမှုကြောင့် သူ ဖွင့်ထားသော ချီသွေးကြောများက ဆက်တိုက် ကျယ်ပြန့်လာလေ၏။ မိုဝူကျိ၏ စွမ်းအားက ဆက်တိုက် တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူ ဆာလောင်သောအခါ  အဆာခံ ဆေးလုံးကို စားပြီး ဆက်တိုက် မရပ်မနား ကျင့်ကြံ လိုက်တော့သည်။

ဆယ်ရက်အတွင်း မိုဝူကျီ ခန္ဓာမှ  အရိုးအဆစ်များက တဂျွတ်ဂျွတ် မြည်နေပြီး သူ့ဒန်တျန်း (ချီပင်လယ်) ထဲမှ အားပြင်းသော လေများ ထွက်ပေါ်လာကာ ချီသွေးကြောများဆီ ပြန့်နှံ့သွားသည်။

နောက်ဆုံးတွင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ငါးသို့ ရောက်ရှိသွားလေပြီ။

မိုဝူကျီ မျက်လုံးများတွင် အားရဝမ်းသာ အရိပ်အယောင်များ ထွက်ပေါ်နေပြီး အဆာခံ ဆေးလုံးများ ထပ်စားကာ သူ့လှည့်ပတ်ခြင်း ပညာရပ်ဖြင့် ဝိညာဉ် စွမ်းအားများကို လှည့်ပတ်လိုက်သည်။

ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ငါးက သူ့ဦးတည်ချက် မဟုတ်ပေ။ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာဖို့ရန် အနည်းဆုံးတော့ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ခြောက်သို့ ရောက်ရန် လိုပေလိမ့််မည်။

အချိန်များက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး ထောင်အောင်းနှင့် ဖေးပင်းကျူတို့ စီမံမှုအောက်တွင် ပဒုမ္မာကြာ ဓားတောင်ကား စည်ပင်နေသည်။ မိုဝူကျီ တံခါးပိတ် ကျင့်ကြံသည့် ကိစ္စကား ဖေးပင်ကျူနှင့် ထောင်အောင်းသာ သိရှိကြ၏။

နောက်တစ်လတာ ကုန်ဆုံးသွားပြီး မိုဝူကျီက ရုတ်တရက် ထရပ်လိုက်ကာ မိုဝူကျီ ရပ်လိုက်သည့် အားကြောင့်  သုံးပြီးသား စိတ်စွမ်းအင် ကျောက်တုံး အကြွင်းအကျန်များက ကြမ်းပြင်ပေါ် ကျကုန်လေ၏။ သူက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ခြောက်သို့ ရောက်သွားပြီ ဖြစ်သည်။

ထိုအချိန်အတွင်း သူက မစားမသောက်  အဆာခံ ဆေးလုံးများကိုသာ မှီခိုနေရသည်။ သို့သော်လည်း သူ့ခန္ဓာမှ စွမ်းအားများက ကျားတစ်ကောင် အင်အား အပြည့်နှင့် မာန်ဖီသည့်အလား ထွက်ပေါ်နေသည်။

သူ့တွင် စိတ်စွမ်းအင် ကျောက်တုံး ၂၀၀ အထက် ကျန်နေသည်ကို တွေ့သောအခါ မိုဝူကျီက ခန္ဓာကိုယ် အကြောလျော့ လိုက်ပြီးနောက် ထိုင်ကာ စတင် လှည့်ပတ်ခြင်း ပညာရပ်ကို စတင်လိုက်သည်။

ပဒုမ္မာကြာ ဓားတောင်

ဖေးပင်းကျူက ရေကန်ဘေးတွင် ထိုင်နေရင်း ရတနာ သွေးပဒုမ္မာကြာကို လေ့လာနေသည်။ ထိုစဉ် ဝူခိုင်းက အလောတကြီး ပြေးလာသည်ကို တွေ့လိုက်ရ၏။

ဝူခိုင်းက ကြိုတင် အကြောင်းမကြားဘဲ ရောက်လာ၍ ဖေးပင်းကျူက စိတ်ထင့်သွားမိကာ ဝူခိုင်းကို နှုတ်ဆက်ရန် ရှေ့တက် သွားလိုက်သည်။

“တာဝန်ခံဝူ မတွေ့ရတာ ကြာပြီနော် ဒီနေ့ ဘယ်လိုလုပ် ရောက်လာတာလဲ…”

ဝူခိုင်းက ဖြတ်ပြောကာ “ညီလေးဖေး ဆေးလုံးသခင်မို မရှိဘူးလား… ”

ဖေးပင်းကျူက အဆောတလို ပြန်ပြောလိုက်သည် “စီနီယာ အစ်ကိုက တံခါးပိတ် ကျင့်ကြံနေတယ် တစ်ခုခုများ ကိစ္စရှိလို့လား  ပုံမှန်ဆိုရင် ကျွန်တော့်ကို မှာခဲ့လို့ ရပါတယ်…. ”

အမှန်တကယ်တွင် ပဒုမ္မာကြာ ဓားတောင်ပေါ်မှ ကိစ္စများ အားလုံးကို ဖေးပင်းကျူက စီမံနေရတာ ဖြစ်ပြီး မိုဝူကျီ၏ လစာပင် သူက ခန့်ခွဲပေးရတာ ဖြစ်၏။

မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေသည်မှာ သုံးလလောက် ဖြစ်နေလေပြီ။ သူ မဝင်ခင် သူ ထွက်မလာမချင်း လာမနှောင့်ယှက်ဖို့ရာ မှာကြားခဲ့၏။ ထို့ကြောင့် အရေးမကြီးပါက ဖေးပင်းကျူနှင့် ထောင်အောင်းတို့သည် မိုဝူကျီ လေ့ကျင့်ရေးကို သွား၍ မနှောင့်ယှက်ကြပေ။

ဝူခိုင်းက ဖေးပင်းကျူကို ဘေးသို့ ဆွဲကာ ပူပင်စွာ ပြောလိုက်သည် “ညီလေးဖေး ဂိုဏ်းကနေ ဆေးလုံးသခင်မန် ပျောက်တဲ့ ကိစ္စကို စုံစမ်းနေကြပြီ ပြီးတော့ ငါ့အကြောင်း  သဲလွန်စ ရသွားပြီ…”

ဖေးပင်းကျူ နှလုံးတွင် ဒုန်းခနဲ ဖြစ်သွားလေ၏။ သူ အစိုးရိမ်ဆုံး အရာကား ဖြစ်လာလေပြီ။ ထိုသို့‌သော ကိစ္စရပ်ကို ဖေးပင်းကျူက  သေချာ‌ပေါက် ကိုယ်တိုင် ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။ မိုဝူကျီကို သွားရှာရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုစဉ် ဖေးပင်းကျူနှင့် ဝူခိုင်းတို့သည် ကျယ်လောင်သည့် ဟစ်ကြွေးသံကို ကြားလိုက်ရသည်။

“စီနီယာအစ်ကိုမို…”

“ဆေးလုံးသခင်မိုလား..”

ဖေးပင်းကျူနှင့် ဝူခိုင်းတို့က တစ်ပြိုင်နက် ခေါ်လိုက်ပြီး လှည့်ကြည့် လိုက်ကြသည်။

မိုဝူကျီ၏ ဟစ်ကြွေးသံက ဝိညာဉ်စွမ်းအားများကို အားပြင်းသည့် ဂယက်ရိုက်မှု ဖြစ်လာစေသည်။ သိသာလှစွာ သူက တစ်ဆင့်တက်လှမ်းနေခြင်း ဖြစ်သည်။

ဝူခိုင်းနှင့် ဖေးပင်းကျူတို့က မိုဝူကျီ အခန်းအပြင်ဘက်သို့ ပြေးကြည့် လိုက်သည့်အခါ မျှော်လင့်ထားသည့် အတိုင်း အမွေးတိုင် တစ်ဝက် ကုန်ခန့်တွင် ဟစ်ကြွေးသံက ရပ်တန့်သွားပြီး မိုဝူကျီက ထွက်လာလေသည်။

မိုဝူကျီက အဟန့်အတားကို ဖြတ်ခဲ့သည့်အတွက် သူ့စွမ်းအားများက ထိန်းမနိုင် ဖြစ်နေကာ ထွက်ပေါ်လာသည့် ပြင်းထန်သည့် ဖိအားက ဖေးပင်းကျူနှင့် ဝူခိုင်းကို လွှမ်းခြုံ သွားလေသည်။ သူတို့နှစ်ယောက်လုံး တုန်လှုပ်လာပြီး နောက်တစ်လှမ်း အလိုလို ဆုတ်မိသွားကြသည်။

သို့သော်လည်း မိုဝူကျီက သူ့စွမ်းအားများကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး သာမန်လူကဲ့သို့ ပြောင်းလဲလိုက်သည်။ အရင်ကထက်စာရင် မျက်လုံးထဲ ထင်းမနေတော့ပေ။ မိုဝူကျီက ကျေနပ်သွားကာ သာမန်ကဲ့သို မထင်မရှားဟန်က အင်မော်တယ် မော်တယ် ကျင့်စဉ်၏ အမှန်တကယ်  အနှစ်သာရ ဖြစ်ရမည်။

ထိုစဉ် ဝူခိုင်းက မိုဝူကျီကို အမှိုက်သဖွယ် အရည်အချင်းများကဲ့သို့ မဆက်ဆံရဲပေ။ သူက မိုဝူကျီ၏ ဓားသဖွယ် ထက်ရှသည့် အရှိန်အဝါကို မြင်ပြီးပြီ ဖြစ်ကာ မိုဝူကျီက မန်ပိုယူကို သတ်လိုက်သည့် အကြောင်းကို အမှတ်ရလိုက်၏။ ယခု မိုဝူကျီ၏ ကျင့်ကြံဆင့်က မြင့်သွားသည့်အတွက်  ပို၍ပင် ကြောက်ဖို့ ကောင်းလာလေသည်။

“ဝူခိုင်းက ဆေးလုံးသခင်မိုကို နှုတ်ဆက်ပါတယ် နောက်တစ်ဆင့် တက်လှမ်း သွားတဲ့အတွက် ဂုဏ်ယူပါတယ်…” ဝူခိုင်းက မိုဝူကျီရှေ့သို့ လာကာ အရိုအသေပြုလိုက်သည်။

မိုဝူကျီက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၇ သို့ တက်လှမ်း သွားပြီ ဖြစ်၏။ သူ့စွမ်းရည်များက အဆများစွာ ခုန်တက်သွားလေသည်။ သူက အဆင့်တက်လှမ်းနေစဉ် သူ့စွမ်းအားများကို မထိန်းချုပ်နိုင်ခြင်းမှာ ဝူခိုင်း၏ အသံကို ကြားလိုက်ရ၍ ဖြစ်သည်။ သူ့ကျင့်ကြံဆင့် မြင့်လာသည်နှင့် သူ့အကြားစွမ်းရည်က ပို၍ပင် တိကျလာသည်။ အကယ်၍ တစ်ယောက်ယောက် ဆိုပါက သူက လျစ်လျူရှု ထားမှာ ဖြစ်သော်လည်း ဝူခိုင်း ဖြစ်နေသည့်အတွက် အရင်က ကိစ္စနှင့် ဆက်စပ်နေကြောင်း မှန်းဆမိကာ ဂရုမစိုက်ဘဲ နေ၍ မရချေ။

“စီနီယာ အစ်ကိုမိုအတွက် ဂုဏ်ယူပါတယ်..” ဖေးပင်းကျူက မိုဝူကျီအတွက် အလွန်အမင်း ပျော်ရွှင်နေသည်။ မိုဝူကျီ အားကောင်း လာသည်နှင်အမျှ သူသည်လည်း အကျိုးကျေးဇူး ပိုမို ရရှိလေသည်။

ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၇ သို့ တက်လှမ်းပြီး နောက်တွင် မိုဝူကျီက မတူညီသော ကမ္ဘာတစ်ခုကို ရောက်သွားဟန် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား လှည့်ပတ်ခြင်းသာ အားကောင်းလာသည် မဟုတ်ပေ။ အရေးကြီးဆုံးက သူ့အာရုံများက ပို၍ တိကျပြတ်သား လာလေ၏။ သူ့စိတ်ဝိညာဉ် ဆန္ဒက အမြဲတမ်း တက်ကြွနေကာ ပို၍ပင် ရှင်းလင်းလာသည်။

“တာဝန်ခံဝူ ဘာလို့များ ရုတ်တရက်ကြီး ရောက်လာတာလဲ… ” မိုဝူကျီက ဝူခိုင်းကို လှည့်၍ မပြောခင် ဖေးပင်းကျူကို ခေါင်းညိတ် ပြလိုက်သည်။

“ဆေးလုံးသခင်မို  ဂိုဏ်းကနေ ဆေးလုံးသခင်မန် ပျောက်သွားမှုကို စတင်စုံစမ်းနေပြီ ပြီးတော့ ကျွန်တော့်ကို မေးဖို့ လူတွေ လွတ်လိုက်သေးတယ်…” ဝူခိုင်းက အလျှင်စလို ရှင်းပြလိုက်သည်။

မိုဝူကျီက မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ “အဲဆို ဒါက သာမန် စုံစမ်းမှုနေမှာပါ  ဘာမှမသိသလိုနဲ တည်တည်ငြိမ်ငြိမ် နေဖို့ပဲ လိုတယ်  ဒီနေ့ ဒီရောက် လာတာက ကျင့်ကြံဖို့ ဆေးလုံးလိုလို့ ပြောလိုက်….”

မိုဝူကျီက စွမ်းအား စုစည်းခြင်း ဆေးလုံး ပါဝင်သော ကြွေပုလင်းကို လှမ်းပေးလိုက်သည်။

“ဟုတ် … ဟုတ်ကဲ့ပါ  ဘာပြောရမယ်ဆိုတာ သိပါတယ် ….” ဝူခိုင်းက ကြွေပုလင်းကို လက်ခံလိုက်ပြီး မိုဝူကျီ အခန်းမှ ထွက်သွားတော့သည်။

သူကား ပဒုမ္မာကြာ ဓားတောင်သို့ လာမိသည့်အတွက် နောင်တရနေသည်။ သူက အရုးမဟုတ်ပေ။ စုံစမ်း စစ်ဆေးခံရသည်နှင့် သူက ပဒုမ္မာကြာ ဓားတောင်သို့ ရောက်လာခြင်းကို မိုဝူကျီက မနှစ်သက်ကြောင်း သိသာနေသည်။ သူက အရင်က မတွေးတောမိပေမဲ့ အခု ပြန်လည် စဉ်းစားကြည့် သောအခါ ပဒုမ္မာကြာ ဓားတောင်သို့ သွားသည်က အမှန်တကယ်ပင် ရုးမိုက်သည့် အပြုအမူ ဖြစ်သည်။ ကံကောင်းလှစွာ မိုဝူကျီက အခြေအနေများကို သိ၍ သူ့အား ဆေးနှစ်လုံး ပေးလိုက်သောကြောင့် သူ့သွားရောက်မှုအတွက် အကြောင်းပြချက်ကောင်း ဖြစ်သွားလေသည်။

“စီနီယာအစ်ကိုမို အခု ဘာလုပ်ကြမလဲ …” ဝူခိုင်း ထွက်သွားသည်နှင့် ဖေးပင်းကျူက ချက်ချင်း မေးလိုက်သည်။

မိုဝူကျီက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၇ သို့ တက်လှမ်းထားသည့်အတွက် သတ္တိများ ပိုရှိလာသည်။  ဝူခိုင်းက ပဒုမ္မာကြာ ဓားတောင်သို့ ရောက်မလာလျှင်ပင်  မန်ပိုယူကိစ္စကား ဖြည်းဖြည်းချင်း ပေါ်လာမည် ဖြစ်၏။  သူထင်မထားသည့် အရာက အချိန်သိပ်မကြာသေးခင် ရောက်လာခြင်း ဖြစ်သည်။ နောက်တစ်လလောက်မှ ဆိုလျှင် သူသည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ထွက်ခွာ သွားလောက်လေပြီ။

“စိုးရိမ်ဖို့ မလိုဘူး သူတို့က ငါ့ကို သံသယ ဝင်ရင်တောင် အချိန်တချို့တော့ ကြာဦးမှာ  သူတို့ စစ်ဆေးတဲ့အခါလဲ အချိန်က ပိုကြာဦးမှာ ပြီးတော့ ငါလဲ ဂိုဏ်းက ဧည့်ဆေးလုံး ဆရာပဲလေ   သူတို့က ငါ့ကို သံသယရှိရင်တောင် ဘာမှ မလုပ်ရဲသေးပါဘူး  သူတို့စစ်ဆေးမှုတွေ အကုန်ပြီးသွားတဲ့ အခါကျ ငါက ဂိုဏ်းမှာ မရှိလောက်တော့ဘူး..” မိုဝူကျီက ယုံကြည့်ချက် ရှိရှိ ပြောလိုက်သည်။

ဖေးပင်းကျူက မိုဝူကျီကို ဘယ်နေရာ သွားမည်ကို ထပ်၍ မမေးတော့ပေ။ မိုဝူကျီက ပြစ်ဒဏ်စီမံရေး ခန်းမသို့ လာရောက်ကာ သူ့အား ကယ်တင်ခဲ့သည့် အတွက် ချန်ထားခဲ့မည် မဟုတ်ပေ။

“ရတနာ သွေးပဒုမ္မာကြာရော ဘယ်လိုလဲ…” ဖေးပင်းကျူ စိုးရိမ်မှုများကို ဖယ်ရှားရန် မိုဝူကျီက ခေါင်းစဉ် ပြောင်းပြောလိုက်သည်။

ဖေးပင်းကျူက ချက်ချင်းကို စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ “ရတနာ သွေးပဒုမ္မာကြာ ဆစ်တွေက အညှောင့်ပေါက်လာပြီး ၁၅ စင်တီမီတာ လောက်အထိ ကြီးနေပြီ တစ်နှစ်အတွင်း အရွယ်ရောက် လာလိမ့်မယ်… ”

မိုဝူကျီက သက်ပြင်းချ လိုက်တော့သည်။ သူက တစ်လအတွင်း သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ထွက်သွားမည် ဖြစ်ကာ တစ်နှစ်တာ စောင့်ဖို့ မဖြစ်နိုင်ချေ။

“အဲလောက် မစောင့်နိုင်ဘူး..” မိုဝူကျီက အားငယ်စွာ ပြောလိုက်သည်။ အကယ်၍ မန်ပိုယူ ကိစ္စမရှိခဲ့လျှင် သူက ပဒုမ္မာကြာ ဓားတောင်တွင် ဖေးပင်းကျူကို ချန်ထားခဲ့၍ ရသေး၏။ သို့သော် ထိုပြဿနာနှင့် သူက ဖေးပင်းကျူကို သေဖို့ရာ ချန်မထားရက်ပေ။ ရတနာ သွေးပဒုမ္မာကြာ အရွယ်ရောက် လာသည်နှင့် သူတို့ကို တူးယူလိုက်မည်။

ပဒုမ္မာကြာ ဓားတောင်က ကိစ္စများကို ဖေးပင်းကျုဆီ လွဲထားပြီး နောက်တွင် မိုဝူကျီက အနားမယူဘဲ ဆေးဖော်စပ်ခန်း ၁၉ သို့ ထွက်လာလိုက်သည်။ ယခု သူသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၇ ရောက်နေပြီ ဖြစ်၍ အဆင့်သုံး‌ ဆေးလုံးဆရာ အဖြစ် မတက်လှမ်းနိုင်သည့် အကြောင်းရင်းကား မတည်ရှိတော့ချေ။

***

All Chapters