ပြီးပြည့်စုံခြင်း
Vol. 152 Ch. 2109
ဝမ်လင်းနှင့်ရွှမ်လောတို့သည် ဆရာတပည့်ပတ်သတ်မှု မဟုတ်တော့သော်လည်း ဝမ်လင်း၏စိတ်ထဲတွင်မူ ရွှမ်လောသည် သူ၏ ဆရာ ထာဝရ ဖြစ်နေမည်သာ။
ရွှမ်လော၏ စိတ်ထဲတွင်လည်း ဝမ်လင်းသည် လှိုဏ်ဂူလောကကနေ ရှေးကလန်သို့ ခေါ်လာခဲ့သော သူ၏ တဦးတည်းသောတပည့် ဖြစ်နေသည်ပင်။
ရှေးဘုံကျောင်းထဲ၌ ဝမ်လင်းက ပြင်းထန်သောနာကျင်မှုကို ခံစားနေရသော်လည်း သူက နွေးထွေးမှုကိုပါ ခံစားမိရ၏။ သူ အသက်ဝဝရှိုက်သွင်းကာ မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ် ခွဲထွက်နေခြင်းအပေါ် အပြည့်အဝ အာရုံစူးနစ်လိုက်သည်။
သူ၏ ဆရာ သည်နေရာတွင် ရှိနေပါက သူသည် တခြားအရာတွေကို ပူပန်နေဖို့ မလိုတော့သည် မဟုတ်လား။
မျက်စိတမှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွား၏။ သည်သုံးရက်အတွင်း ဝမ်လင်းက နေရာတွင် မလှုပ်မယှက် ထိုင်နေ၏။ သို့သော် သူ့မူလစိတ်ဝိညာဉ် ခွဲထွက်ပိုင်းထွက်နေခြင်းမှ ခံစားရသော နာကျင်မှုက ပို၍ ပြင်းထန်လာသည်။ နေရာတွင် ထိုင်နေလျက်ဖြင့် သူ့အထက်တွင် အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက သူ၏ဦးခေါင်းနှင့် ချိတ်ဆက်သည်။
ထိုအရိပ်က ၎င်း၏ခန္ဓာကိုယ် တလျှောက်တွင် အက်ကြောင်းများစွာ ဖြစ်ပေါ်စေသည်။ ထိုအက်ကြောင်းများက တိုးပွားလာနေသည်။ တချို့နေရာများတွင် အက်ကြောင်းများသည် ချိတ်ဆက်နေပုံရကာ တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖန်တီးလေ၏။
ထိုအရိပ်က ဝမ်လင်း၏ မူလစိတ်ဝိညာဉ်၏ အပြင်ပိုင်းကိုယ်ပွား ဖြစ်၏။
ရှေးကလန်၏ တခြားကလန်ဝင်များဆို သည်လောက်နာကျင်မှုကို တောင့်ခံနိုင်တော့မည် မဟုတ်ဘဲ သုံးရက်ကြာပြီးနောက် ခွဲထုတ်ခြင်းကို ရပ်ကာ ပြန်ပေါင်းစည်းတော့မည် ဖြစ်၏။ သို့ပေမည့် ဝမ်လင်းကမူ ဤသည်က သူ့အတွက် အစသာ ရှိသေး၏။ အဆုံးသပ်ဖို့ အဝေးကြီး လိုသေးသည်။
နောက်ထပ်သုံးရက် ကုန်လွန်သွားသည်။ ရှေးရှီအင်ပါယာမြို့မှ လူများသည် တခုခုမှားယွင်းနေသည်ကို သတိပြုမိလာ၏။ သူတို့က ရှေးဘိုးဘေးရုပ်တု ပတ်လည်ရှိ ရောင်စဉ်စက်ဝန်းများက ပုံမှန်ထက် ပို၍ ကြာရှည်နေသည်ဟု ခံစားမိသည်။
“ဒါက စုစုပေါင်း ခြောက်ရက်တောင် ရှိလာခဲ့ပြီ။ ပုံမှန်ထက် ရက်အနည်းငယ် ပိုနေပြီ။ ကြည့်ရတာ ကပ်ဘေးကို ဖြတ်သန်းနေတဲ့ သူတွေကြားမှာ ဇွဲသတ္တိနဲ့ တောင်ခံတဲ့ တချို့ ပါနေတာ ဖြစ်မယ်…”
“ခြောက်ရက်။ ဒီလူအုပ်ထဲမှာ ဘယ်သူကများ ဒီလောက်ကြာကြာ တောင့်ခံနေတာလဲ ငါ သိချင်မိတယ်။ အတိတ်တုန်းက ငါ ဆိုရင် သုံးရက်မြောက်နေ့ကိုတောင် မကျော်လွန်နိုင်ခဲ့ဘူး။ ဒီနာကျင်မှုမျိုးဟာ တောင့်မခံနိုင်တဲ့ အရာပဲ…”
သို့ပေမည့် ဤခြောက်ရက်တာက သူတို့ကို အာရုံစိုက်မိလာစေသော်လည်း ထိုအချိန်ကာလသည် အကြာကြီးတော့ မဟုတ်သေးပေ။ လူများသည် တဖြည်းဖြည်းဖြင့် ဒီကိစ္စကို ပြန်မေ့သွားကြ၏။
ကိုးရက်မြောက်နေ့၊ ဆယ့်ငါးရက်မြောက်နေ့ကနေသည် နောက်ထပ် နှစ်လတာ ကြာမြင့်ပြီးသည့်နောက်တွင်လည်း ရှေးဘိုးဘေးရုပ်တု ပတ်လည်ရှိ ရောင်စဉ်စက်ဝန်းများသည် အင်ပါယာမြို့တခွင်၌ ရှိနေဆဲပင်။
ထိုအခါ ရှေးရှီမှလူများသည် ရှေးဘိုးဘေးရုပ်တုကို တုန်လှုပ်စွာ ကြည့်လာမိကုန်သည်။
“နှစ်လ၊ ဘယ်သူကမှ ရှေးဘုံကျောင်းထဲကနေလည်း ထွက်မလာကြသေးဘူး။ မဟုတ်မှလွဲရော၊ မဟုတ်မှလွဲရော…ဒီကပ်ဘေးကို ဖြတ်ကျော်နေတဲ့သူက အဲ့လူတစ်ယောက်သာ မဟုတ်ရင် အရှင်စုန့်က သူ့အတွက် ဘာကြောင့် လာစောင့်ရှောက်ပေးနေမှာလဲ…”
“နှစ်လ၊ သူက တကယ်ပဲ နှစ်လတာ သည်းခံတောင့်ခံနိုင်တာပဲ။ ကြည့်ရတာ သူက စိတ်ဝိညာဉ်ပိုင်းခွဲထုတ်ခြင်းကို ပိုမြင့်တဲ့အဆင့်ထိ လုပ်ဆောင်ဖို့ ရွေးချယ်လိုက်ပုံ ရတယ်…”
အချိန်သည် မသိမသာ ကုန်ဆုံးလာ၏။ နောက်ထပ် ခြောက်လတာ ကုန်လွန်သွားပြန်သည်။ ပြီးခဲ့သောနှစ်လကိုပါ ထည့်ပေါင်းပါက ဝမ်လင်း၏ ပထမဆုံး စိတ်ဝိညာဉ်ပိုင်းခွဲထုတ်ခြင်းက ရှစ်လတာ ကြာမြင့်လာခဲ့လေပြီ။
သည်ရှစ်လအတွင်း အင်ပါယာမြို့ရှိ လူတိုင်းနီးပါးက ရှေးဘိုးဘေးရုပ်တုထံသို့ အကြည့်ရောက်နေကြ၏။
မြို့အနှံ့တွင်လည်း ဆွေးနွေးသံများ ပြည့်နေတော့သည်။ ထိုသည်က အင်ပါယာမြို့ရှိ လူပြောသူပြောများသော ခေါင်းစီး ဖြစ်လာ၏။ လူများသည် တုန်လှုပ်ရာကနေ ထိတ်လန့်၊ ထိတ်လန့်ရာကနေ စိတ်လှုပ်ရှားမှု ဖြစ်လာကြ၏။ ခုခါ၌ သူတို့၏ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်နေလေသည်။
ရှေးရှီ၏ ပထမဆုံး စိတ်ဝိညာဉ်ပိုင်းခွဲထုတ်ခြင်းနှင့် ပတ်သတ်၍ အကြာရှည်ဆုံး မှတ်တမ်းဖြစ်သည့် တစ်နှစ်တာကို ပြည့်မှီဖို့ လေးလသာ လိုတော့ပေသည်။
“သူက တစ်နှစ် တောင့်ခံထားနိုင်မှာလား…”
“ရှစ်လ၊ ဒီလောက်နာကျင်မှုမျိုးကို တောင့်ခံနေတဲ့ ဒီလူက တကယ်ပဲ ရူးသွားပြီလား…”
“ပြောကြတာကတော့ အတိတ်တုန်းက အရှင်စုန့်တောင် ဆယ့်တစ်လပဲ တောင့်ခံနိုင်ခဲ့တယ်လို့ ဆိုတယ်…”
ရှေးရှီမှလူများသည် ဆွေးနွေးငြင်းခုံနေကြစဉ် ဝမ်လင်းကမူ မလှုပ်မယှက်သာ ရှိနေတုန်းပင်။ သို့ပေမည့် သူ့ပတ်လည်ရှိ အရိပ်က အပိုင်းပိုင်းအစစ ဖြစ်လာ၏။ ထိုအရိပ်၏ ခြေထောက်များသည် ကွယ်ပျောက်ကာ ပုံရိပ်၏ တဝက်သာ ကျန်တော့လေ၏။
ထိုပုံရိပ်သည် လုံးဝ ဝေဝါးနေသည်။ ၎င်းသည် အချိန်မရွေး ပျောက်ကွယ်သွားမည့်အလား။ ဝမ်လင်းက မျက်လုံးမှိတ်ထားသော်လည်း သူသည် နာကျင်မှုကို တောင့်ခံထားသည်။ သူ၏မူလစိတ်ဝိညာဉ်ကို တစတစ ပိုင်းခွဲထုတ်နေခြင်းက သူ့အား ဓားပေါင်းထောင်ချီဖြင့် လှီးဖြတ်နေသလိုပင်။ သူသည် သည်ဖြစ်စဉ်တစ်ခုလုံးတွင် သတိရှိနေခဲ့၏။ အသိစိတ် မလွတ်သွားခဲ့ပါ။
ထိုရှစ်လတာ နာကျင်မှုကို ခံစားရခြင်းက သူ့ကို လက်လျှော့အောင် မလုပ်နိုင်ပေ။ သူသည် ပြန်မပေါင်းစည်းခင် သူ့မူလစိတ်ဝိညာဉ်ကို လုံးဝ တစစီ ဖြစ်သွားစေဖို့အထိ စောင့်နေပေသည်။
ရှေးဘိုးဘေးထံမှ ဟိန်းအော်သံတစ်ခုသာ သူ့စိတ်ထဲ၌ ကျန်နေသော တစ်ခုတည်းသောအရာပင်။
“ငါသာ ကောင်းကင်ကို ပျက်စီးစေချင်ရင် ပျက်စီးစေရမယ်။ ငါသာ မြေကမ္ဘာကို ဖျက်စီးချင်ရင် ပျက်စီးရမယ်။ ငါ သက်ရှိဖြစ်တည်မှုတစ်ယောက်ကို သေစေချင်ရင် ငါ့ကို ဘယ်သူက တားဆီးဝံ့မှာလဲ။ ငါက ကောင်းကင်ဘုံသာတွေကို ဆက်ပြီး အသက်မရှင်စေချင်ရင် ဘယ်သူက သူတို့ကို ကယ်တင်ဝံ့မလဲ…”
သူသည် သူ့ခွန်အားပြည့်ဖြင့် တောင့်ခံနေလျက် ရှိစဉ် ကိုးလမြောက်သို့ ရောက်လာခဲ့သည်။ ထို့နောက် ဆယ်လမြောက်၊ ဆယ့်တစ်လမြောက်ထိ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
စုန့်ထျန်က ရှေးဘုံကျောင်းအပြင်ဘက်တွင် ထိုင်လျက် ဆယ့်တစ်လလုံး ဝမ်လင်းကို စောင့်ကြပ်ပေးနေ၏။ သူသည် ဝမ်လင်းက ခုထိ တောင့်ခံနိုင်သည့်အပေါ် အံ့အားမသင့်သွားပေ။ သူက ဝမ်လင်းသည် အနည်းဆုံး တစ်နှစ်ပတ်လည်လောက် တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်ဟု ခန့်မှန်းမိပြီးသားပင်။
“အမှန်တော့…တစ်နှစ်တာက မူလစိတ်ဝိညာဉ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေဖို့ လုံလောက်တယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရူးနေတဲ့ တစ်ယောက်ကပဲ နှစ်ဆယ့်ရှစ်လလုံးလုံးတောင့်ခံနေတဲ့အတွက် အစိတ်အပိုင်းတွေဟာ အမှုန့်ဖြစ်သွားခဲ့တယ်…” စုန့်ထျန်က ရှေးဘုံကျောင်းသို့ လှည့်မကြည့်ပေ။ သူက အချိန်ကိုသာ တွက်ချက်နေ၏။
ဆယ့်နှစ်လတာ ကုန်လွန်လာပြီးနောက် နောက်ထပ်နှစ်လ ကုန်လွန်သွားသည့်အချိန်တါင် ရှေးရှီတခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်လေတော့သည်။ သူတို့အားလုံးက ရှေးဘိုးဘေးရုပ်တုကို ကြည့်နေလျက် ထိုမျှ တောင့်ခံနေသော သူမှာ မည်သူမည်ဝါ ဖြစ်သည်ကို သိချင်နေသည်။
“ဆယ့်လေးလ၊ ဒါက အရှင်ဝမ်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်…” နန်းတော်ထဲ၌ အင်ပါယာအိုက သက်ပြင်းချလိုက်သည်။
ယနေ့၊ ဆယ့်လေးလမြောက်တွင် ဝမ်လင်းအထက်ရှိ အရိပ်သည် ဦးခေါင်းတစ်ခုသာ ကျန်ခဲ့တော့၏။ ၎င်းဦးခေါင်းတွင်လည်း အက်ကြောင်းများ ပြည့်နေကာ အတွင်း၌ အလင်းတစ်ခု ပေါ်လာပြီး ၎င်းသည် ပျက်စီးသွားလေသည်။
ထိုအရိပ်၏ ဦးခေါင်း ပျက်စီးသွားချိန်တွင် ဝမ်လင်းအထက်၌ အရိပ် ဆက်မရှိတော့ပေ။ သို့သော် လူတစ်ယောက်သည် သူတို့၏ နတ်ဘုရားအာရုံကို အသုံးပြု၍ ကြည့်ပါက ဝမ်လင်း၏အထက်တွင် ပျက်စီးနေလျက် ရှိနေသော အစိတ်အပိုင်းများ ရှိနေသည်ကို တွေ့ရလိမ့်မည်။
ထိုအခါတွင် ဝမ်လင်း၏ခန္ဓာကိုယ်၌ အသက်ဓာတ်ဟူ၍ မရှိတော့ပေ။ သူသည် အသက်မဲ့သွားသည့်အလား။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးတို့မှာ ဆက်၍ ရွှေ့လျားခြင်း မရှိတော့ဘဲ အေးစက်လာသည်။ သူက အမှန်တကယ် သေဆုံးသွားသည့်အလား။
သူ့တစ်ဦးတည်းသော တည်ရှိမှုဟူ၍ စိတ်ဆန္ဒ၊ ထပ်မံ၍ ပေါင်းစည်းရန် အလွန်နီးကပ်သော အချိန်ထိ တောင့်ခံမည့် စိတ်ဆန္ဒပင်။ သူသာ အောင်မြင်ပါက သူသည် ပြန်မွေးဖွားလာနိုင်မည် ဖြစ်၏။ သို့သော် အကယ်၍ သူ ကျရှုံးခဲ့လျှင်မူ သူ ပျောက်ကွယ်သွားပေလိမ့်မည်။
“ငါ ကျရှုံးရမှာလား။ မဟုတ်ဘူး။ ငါ လုံးဝ ကျရှုံးမှာ မဟုတ်ဘူး…” ရှေးဘိုးဘေး၏အသံက ပဲ့တင်ထပ်နေလေ၏။
မမြင်ရသော အစိတ်အပိုင်းများသည် တဖြည်းဖြည်း ပြန့်ကြဲနေလျက် နောက်ထပ်လေးလတာ ကုန်လွန်သွားခဲ့ပြန်သည်။ ဝမ်လင်းသည် ပထမစိတ်ဝိညာဉ်ပိုင်းခွဲထုတ်ခြင်းကို ဆယ့်ရှစ်လလုံး တောင့်ခံနေခဲ့ပြီ ဖြစ်၏။
သည်အချိန်တွင် စုန့်ထျန်သည်ပင် လှုပ်ရှားလာ၏။ သူက ဘုံကျောင်းဘက်သို့ လှည့်ကာ လှမ်းကြည့်မိသည်။
စုန့်ထျန်သည်ပင် ထိုသို့ ဖြစ်နေလျှင် ရှေးရှီရှိ တခြားသူများဆို ပြောနေဖို့ပင် မလိုတော့ပေ။
ဆယ့်ကိုးလ၊ လနှစ်ဆယ်မြောက်၊ နှစ်ဆယ့်ခုနစ်လမြောက်။ ဝမ်လင်းသည် နောက်ထပ်နှစ်နှစ်ကျော် တောင့်ခံနေ၏။ ရှေးဘုံကျောင်းအတွင်း၌ မမြင်ရသော အစိတ်အပိုင်းများ၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် လုံးဝ ကျိုးပျက်ကြေနေပြီ ဖြစ်၏။
အစိတ်အပိုင်းအနည်းငယ်ကသာ ဆက်လက် ခွဲပိုင်းထွက်နေသည်။
လသုံးဆယ်မြောက် ကုန်လွန်သွား၏။ သည်နှစ်နှစ်နှင့်ခြောက်လအတွင်း စုန့်ထျန်က ဝမ်လင်း၏ စိတ်ဆန္ဒကို ဘုံကျောင်းအတွင်း၌ ရှိနေသည်ဟုသာ မခံစားမိပါက သူသည် ဝမ်လင်း သေသွားပြီဟု တွေးမိပေလိမ့်မည်။
“အရူးပဲ။ သူ့မှာ ဒီလောက်ခွန်အား ပိုင်ဆိုင်နေခဲ့တာဟာ ဒီလိုရူးသွပ်မှုနဲ့ ပတ်သတ်နေလောက်မယ်။ သူက လုံးဝတစစီဖြစ်အောင် ခွဲပိုင်းထုတ်လိုက်တာဟာ သေစေနိုင်တာကို မသိတာလား…”
စုန့်ထျန်က ထရပ်လာ၏။ သူက ဘုံကျောင်းအပြင်ဘက်တွင် မရေမရာဟန်ဖြင့် ရပ်နေမိသည်။
လသုံးဆယ် ရောက်လာသည့်အခါ ရှေးရှီအင်ပါယာ၏ နှလုံးသားထဲ၌ ပြောင်းလဲမှုအချို့ ရှိလာ၏။ သူက ကျိတုကို ပုံမှန်အတိုင်း အင်ပါယာအာဏာစက်တို့ကို ကမ်းလှမ်းပေးနေခဲ့သော်လည်း သူ့မျက်လုံးထဲတွင် ဖုံးကွယ်ထားသော တစုံတရာ ရှိနေ၏။ သို့ပေမည့် သူ တစ်ယောက်သာ ဤသည်က မည်သည့်အရာ ဖြစ်တာကို သိသည်။
သို့ပေမည့် ထိုအင်ပါယာမသိသည်မှာ ကျိတုကလည်း သူ တခုခုကို ဖုံးကွယ်ထားသည်ကို သတိပြုမိနေတာကိုပင်။ သို့သော် ကျိတုက ဂရုမစိုက်ပေ။ ခုခါ၌ သူသည် စိုးရိမ်ပူပန်နေ၏။ ထိုပူပန်မှုက သူ့အင်ပါယာနေရာအတွက် မဟုတ်၊ သူ့မွေးစားအဖေ ဘေးကင်းဖို့အတွက်သာ ဖြစ်၏။
သုံးဆယ့်ငါးလ ကုန်လွန်လာချိန်တွင် ကောင်းကင်ထက်တွင် ဝမ်လင်းကို စောင့်ကြပ်နေသော ရွှမ်လောသည်ပင် စိုးရိမ်လာခဲ့၏။ သူက ဝမ်လင်းကို သတိပေးချင်နေသည်။ သို့သော် ထိုသို့ ပြုလုပ်ပါက မတော်တဆမှုတစ်ခု ဖြစ်သွားမည်ကိုလည်း စိုးနေရ၏။
သုံးဆယ့်ခြောက်လမြောက်တွင် ရွှမ်လောသည် ချီတုံချတုံ ဖြစ်နေစဉ် ရောင်စဉ်စက်ဝန်းကိုးခုသည် ရုတ်တရက် တောက်ပလာ၏။ ထိုအလင်းက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ရှေးရှီအင်ပါယာမြို့တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်နေ၏။ သူတို့အားလုံးက ရှေးဘိုးဘေးရုပ်တုထံသို့သာ လှမ်းမျှော်ကြည့်နေကြသည်။
ရွှမ်လောက ထရပ်၏။ စိတ်လှုပ်တရှား လှမ်းကြည့်သည်။
စုန့်ထျန်လည်း ပင့်သက်ရှိုက်မိသည်။ ထို့နောက် သူက နောက်ဘက် ပေတစ်ထောင်သို့ ဆုတ်ကာ လှမ်းကြည့်သည်။
နန်းတော်ထဲ၌ စိတ်ကသိကအောက် ရှုပ်ထွေးနေသော ရှေးရှီအင်ပါယာသည်လည်း ပြတင်းပေါက်ဘေးတွင်ရပ်ကာ ရှေးဘုံကျောင်းရှိရာအရပ်ထံ လှမ်းကြည့်သည်။
ကျိတုက ရှေးဘုံကျောင်း၏ အပြင်ဘက် ပေတစ်သောင်းအကွာသို့ ကိုယ်တိုင် ရောက်လာပြီး ပူပန်တကြီး လှမ်းကြည့်၏။
ရှေးဘုံကျောင်းအတွင်း၌ ဝမ်လင်း၏ မလှုပ်မယှက် ရှိနေသော ခန္ဓာကိုယ်ပေါ်တွင် အလင်း တောက်ပနေ၏။ မရေမတွက်နိုင်သော အလင်းစက်များသည် သူ၏ခန္ဓာကိုယ်ပေါ် သိပ်သည်းစုဝေးလာကာ အရင်ထက် အစများစွာ ပိုကြီးမားသော အရိပ်တစ်ခုကို ဖွဲ့စည်းသည်။ ၎င်းက အလွန်တောက်ပကာ တုန်လှုပ်ဖွယ်ဖိအားကို ပေးစွမ်းနေသည်။
ထိုအရိပ် သိပ်သည်းဖွဲ့စည်းလာချိန်တွင် ရှေးဘိုးဘေးရုပ်တု ပတ်လည်ရှိ ရောင်စဉ်စက်ဝန်းကိုးခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားကာ တောက်ပသောအလင်းတစ်ခုကို ထုတ်လွှတ်လေ၏။ ထိုသည်က ညအခါကို နေ့ခင်းအချိန် ဖြစ်သွားစေသလိုပင်။
ထို့အပြင် သည်အခိုက်တွင် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသော ရောင်စဉ်စက်ဝန်းတစ်ခုက ဆယ့်ရှစ်ခုအဖြစ်သို့ ပြန်ကွဲထွက်ကာ ရှေးဘိုးဘေးရုပ်တု ပတ်လည်တွင် မြောလွင့်နေသည်။
“ပထမဆုံး စိတ်ဝိညာဉ် ခွဲပိုင်းထုတ်ခြင်း ပြီးမြောက်သွားပြီ…”
“သုံးဆယ့်ခြောက်လ၊ စုစုပေါင်း သုံးနှစ်…”
စုန့်ထျန်က ထိုမြင်ကွင်းကို လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အပြည့်အဝ တစစီ ဖြစ်စေခြင်းနဲ့ ပြီးပြည့်စုံတဲ့ ပြန်ပေါင်းစည်းခြင်း…”