← Chapters

ကျရှံးခြင်း

Vol. 153 Ch. 2110

ကျရှံးခြင်း

Vol. 153 Ch. 2110

ရှေးကလန်မှ တချို့သူများသည် ရှေးဘိုးဘေး မသေသေးဘဲ အသက်ရှင်နေသေးသည်ဟု ယုံကြည်ကြ၏။ အများစုကမူ ရှေးဘိုးဘေး သေသွားခဲ့ပြီး သူ၏စိတ်ဝိညာဉ်ကသာ ဒီနေရာတွင် ရှိနေသည်ဟု ယုံကြည်သည်။

ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သည် ကလန်သုံးခုကို စောင့်ကြပ်နေဦးမည်သာ ဖြစ်၏။ သို့မဟုတ်ပါက ကလန်သုံးခုရှိ ရှေးဘုံကျောင်းများထဲ၌ စမ်းသပ်မှု ကျော်ဖြတ်နေစဉ်အတွင်း ဖြစ်ပွားသည့် ထူးခြားသော မြင်ကွင်းကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ရှေးဘိုးဘေးရုပ်တုက ပေးအပ်သော ကောင်းချီးနှင့် ပတ်သတ်၍ မည်သို့ ရှင်းပြနိုင်ပါမည်နည်း။

ရှေးတောက်စိတ်ဝိညာဉ်သုံးခု ခွဲပိုင်းထုတ်ခြင်းဖြစ်စဉ်အတွင်း ပထမစိတ်ဝိညာဉ် ပိုင်းထုတ်ခြင်း ဖြစ်ပွားနေစဉ် ရှေးဘိုးဘေးရုပ်တု ပတ်လည်တွင် ရောင်စဉ်စက်ဝန်းကိုးခု ပေါ်လာမည် ဖြစ်သည်။ ဒုတိယစိတ်ဝိညာဉ်ပိုင်းထုတ်ခြင်းအတွင်း ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခု ပေါ်လာမည် ဖြစ်သည်။ တတိယစိတ်ဝိညာဉ် ပိုင်းထုတ်ခြင်းအတွင်း၌ ရောင်စဉ်စက်ဝန်း နှစ်ဆယ့်ခုနစ်ခု ပေါ်လာမည် ဖြစ်သည်။

သည်အချိန်တွင် ရှေးဘိုးဘေးရုပ်တု၏ အပြင်ဘက်၌ ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခု တောက်ပနေကာ အဘက်ဘက်သို့ ပျံ့နှံ့နေ၏။ ထိုမြင်ကွင်းက အင်ပါယာမြို့ရှိ လူတိုင်းကို အာရုံစိုက်မိနေစေသည်။

စုန့်ထျန်က ရှေးဘုံကျောင်းနှင့် ပေတစ်သောင်းအကွာတွင် ရပ်ကာ ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခုကို ကြည့်နေ၏။ သူသည် ခဏတဖြုတ် ငြိမ်သက်စွာ စဉ်းစားပြီးနောက် လှည့်ထွက်လာသည်။ သူ့အဖို့ ဒီနေရာတွင် နေနေဖို့ အကြောင်းပြချက် မရှိတော့ပေ။ သူက ဝမ်လင်းကို သုံးနှစ်တာ စောင့်ကြပ်ပေးခဲ့ပြီး ဖြစ်၏။ သူ တစ်ယောက်တည်း ဒီနေရာတွင် စောင့်ကြပ်ပေးနေခြင်း မဟုတ်သော်လည်း သူက ထိုသို့ စောင့်ကြပ်ပေးရန် ဆုံးဖြတ်ခဲ့ပေသည်။ သည်သုံးနှစ်အတွင်း ဝမ်လင်း အန္တရာယ် ကြုံရပါက သူသည် သေချာပေါက် ကူညီပေးမည်သာ။

ခုခါ၌ ပထမစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းက ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သည်နေရာတွင် သူ ဆက်နေဖို့ အကြောင်းပြချက် မရှိတော့ဟု ခံစားမိသည်။ သူသည် လှည့်ပင် မကြည့်တော့ဘဲ သူ၏ မူလတောင်ထံသို့ ပြန်သွားတော့သည်။ သူသည် ရှေးဘုံကျောင်းအပေါ် အာရုံစိုက်ခြင်းကို ရပ်တန့်ကာ စတင် ကျင့်ကြံတော့သည်။

ဝမ်လင်းက စုန့်ထျန်၏ ထွက်ခွာသွားမှုကို ရှင်းလင်းစွာ ခံစားမိသည်။ သူက ရှေးဘုံကျောင်းအတွင်း၌ ထိုင်နေလျက် သူ၏ အထက်ရှိ အရိပ်က အရင်ထက် ပိုမို ကြီးမားနေလေပြီ။ သူ၏ကျင့်ကြံမှုအဆင့်က မတိုးတက်လာသော်လည်း သူက အရင်ထက် ပိုသန်မာလာသည်ဟု ခံစားမိသည်။

သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်တွင် ခွန်အားအရာ၌ အနည်းအပါးမျှသာ တိုးတက်လာခဲ့လျှင်ပင် ဤသည်မှာ တုန်လှုပ်ဖွယ် ကောင်းနေဆဲသာ ဖြစ်၏။

“ငါ ဒီကပ်ဘေးကို အကြိမ်တိုင်း ပြည့်ပြည့်ဝဝ လုံးဝ ဖြတ်သန်းနိုင်ခဲ့ပြီး စိတ်ဝိညာဉ်သွေးကို ရနိုင်ခဲ့ရင် ကောင်းကင်ဘုံနင်းခြေခြင်းတံတားတွေရှိ ငါ ပြန်သွားတဲ့အခါ လေးခုမြောက်တံတားကို ဖြတ်သန်းနိုင်လောက်မလား…”

ဝမ်လင်းက တကိုယ်တည်း ရေရွတ်လိုက်၏။

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးက အရောင်တောက်လာသည်။ သူက သူ့ဦးခေါင်းအထက်ရှိ အရိပ်ထံ လှမ်းကြည့်သည်။

“ပထမစိတ်ဝိညာဉ် ခွဲပိုင်းထုတ်တာဟာ သုံးနှစ် ကြာခဲ့တယ်။ နောက်ဆုံးအခိုက်အတန့်တွေဟာ သေဆုံးသွားတော့မတတ်ပဲ။ ငါ့ စိတ်ဆန္ဒကြောင့်သာ မဟုတ်ရင် ဒီတစစီ ခွဲပိုင်းသွားတဲ့ စိတ်ဝိညာဉ်ကို ငါ ပြန် ပေါင်းစည်းနိုင်စွမ်း ရှိတောင့် ရှိပါ့မလား စိုးရိမ်မိတယ်…”

“ရှေးတောက်စိတ်ဝိညာဉ်သုံးခု ခွဲပိုင်းထုတ်တာဟာ စိတ်ဆန္ဒစွမ်းအားနဲ့ ပတ်သတ်နေသလို ကံတရားအပေါ်လည်း မူတည်သေးတယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ သူက လူအနည်းငယ်ကသာ ပြီးပြည့်စုံသော ခွဲပိုင်းထုတ်ခြင်းကို  ရွေးချယ်ခဲ့ကြသည်ကို ဘာကြောင့်မှန်း အခု သေချာ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ကံကောင်းမှု ဟူသည် တကြိမ် ရောက်လာနိုင်၏။ နှစ်ကြိမ်လည်း ဖြစ်နိုင်သည်။ သို့သော် တခါတည်း သုံးကြိမ်ကမူ မရနိုင်တော့ဖို့ များသည်။

“ဒီတော့ ဒါက ဒုတိယကြိမ်မြောက်ပဲ…”  ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာသည်။ သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။

“ကံကောင်းမှုက အရေးတော့ကြီးတယ်။ ဒါပေမဲ လူတစ်ယောက်မှ ကံကောင်းမှုကို ဖိနှိပ်ပစ်နိုင်တဲ့ လုံလောက်တဲ့စွမ်းအားသာ ရှိနေခဲ့ရင် အဆင်ပြေတယ်…”

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ အထက်တွင် အရိပ်တစ်ခု ပေါ်လာ၏။ သူက ထပ်မံ မျက်လုံးမှိတ်လိုက်သည်။

ထိုအခါ၌ သူ၏ အထက်ရှိ အရိပ်က တုန်ခါလာပြီး ၎င်းပေါ်တွင် အက်ကြောင်းများ ထလာသည်။ ဒုတိယမြောက် စိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းက စတင်လေပြီပင်။

အင်ပါယာမြို့၏ ကောင်းကင်ထက်တွင် ရွှမ်လောက ပြုံး၍ ငုံ့ကြည့်နေသည်။ သူက နေရာတွင် ထိုင်ချကာ သူ့တပည့်ကို ဆက်လက် စောင့်ကြပ်ပေးနေသည်။

သူ့စိတ်ထဲ၌ ရှေးတောက်သည် အကာအကွယ် လိုအပ်သော်လည်း သူ၏ တပည့်ဖြစ်သူက အခုအခါ အားနည်းနေချိန်ဖြစ်၍ သူ့အဖို့ သူ့တပည့်ကို ကာကွယ်ပေးရမည်သာ ဖြစ်သည်။ သည်လိုဖြင့် သုံးနှစ်တာ ကုန်လွန်သွားခဲ့သည်။

ရှေးရှီ အင်ပါယာမြို့အထက်ရှိ ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခုသည် မြို့၏ တစိတ်တပိုင်း ဖြစ်လာပုံ ရ၏။ ရှေးရှီ၏ လူအများက ၎င်းတို့ တည်ရှိနေခြင်းနှင့် အသားကျနေလေပြီ။

သူတို့သည် သည်ရောင်စဉ်စက်ဝန်းများအပေါ် အာရုံစိုက်မှု ရှိနေသေးသော်လည်း သူတို့၏ သိချင်စိတ်၊စူးစမ်းချင်စိတ်ကမူ အချိန်ကုန်လွန်လာသည်နှင့်အမျှ လျော့ပါးလာခဲ့သည်။ အခု သူတို့၏ စိတ်ထဲ၌ ခန့်မှန်းချက်တစ်ခုသာ ရှိတော့သည်။

သူတို့က သည်ဒုတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းကို ထိုသူသည် မည်မျှ ကြာကြာ တောင့်ခံမည်ကို ခန့်မှန်းနေကြခြင်းပင်။

နောက်ထပ် သုံးနှစ် ထပ်မံ ကုန်လွန်သွားပြန်သည်။

စုစုပေါင်း ခြောက်နှစ်ကြာပြီးနောက် ရှေးဘိုးဘေးပတ်လည်ရှိ ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခုသည် သည်အတိုင်း ရှိိနေုတန်းပင်။ ထိုသည်က အင်ပါယာမြို့ကို နေနှင့်ညကြား ကွာခြားမှု မရှိ ဖြစ်စေသည်။

ညအခါတွင်ပင် ထိုရောင်စဉ်စက်ဝန်းမှ အလင်းက မြို့တခုလုံးကို လင်းထင်းနေစေသည် မဟုတ်လား။

ဒုတိယစိတ်ဝိညာဉ် ပိုင်းခွဲထုတ်ခြင်း စတင်ပြီး ဆယ်နှစ်တာ ကုန်လွန်လာခဲ့ပေပြီ။ သည်အတောအတွင်း ငယ်ရွယ်သော ကလေးအချို့က အင်ပါယာမြို့၏ ကောင်းကင်သည် အမြဲ သည်လိုအသွင်ပုံစံ ရှိနေလိမ့်မည်ဟုပင် တွေးထင်ကုန်သည်။

စိတ်ဝိညာဉ်ပိုင်းခွဲထုတ်တာ ကြာမြင့်သော ဆယ်နှစ်တာကာလ အကြောင်းက ရှေးကလန်တွင် ပျံ့နှံ့လာ၏။ ရှေးတောက်နှင့် ရှေးဂျီမှ လူများသည်ပင် တွေ့မြင်ရဖို့ ရောက်လာကြသည်။

အချိန်က ဆက်လက် ကုန်ဆုံးနေသည်။ ဆယ်နှစ်မြောက် ကုန်လွန်သွားချိန်တွင် ဝမ်လင်း၏ အထက်ရှိ အရိပ်၏ဦးခေါင်းမှာ လုံးဝ တစစီ ဖြစ်သွားသည်။ သူက အတိုင်းမသိနာကျင်မှုကို ခံစားနေရသည်။သို့သော် သူ ဆက်၍ တောင့်ခံထားဆဲပင်။

ထိုမမြင်ရသော စိတ်ဝိညာဉ်အစိတ်အပိုင်းများသည် ဆက်လက် ကျိုးပဲ့နေကာ ယင်းတို့သည် အမှုန့်ဖြစ်သွားသည်နှင့် ၎င်းက သူ့မူလစိတ်ဝိညာဉ်သည် ဒုတိယကြိမ်မြောက် လုံးဝ တစစီကွဲထွက်သွားခြင်းကို ကိုယ်စားပြုပေလိမ့်မည်။

ရှေးရှီအင်ပါယာသည် သူ၏ လက်တွေ့မဆန်သော အကြံဉာဏ်အချို့ကို လက်လွတ်လိုက်ပုံရကာ ရှေးဘိုးဘေးရုပ်တုကို အာရုံစိုက်ခြင်းအား ရပ်လိုက်သည်။ သူက ကျိတုကို ပလ္လင်အမွေဆက်ခံနိုင်ဖို့ တဖြည်းဖြည်းချင်း လမ်းညွှန်မှု၌သာ အာရုံစိုက်ထားတော့သည်။

ကျိတု နန်းအမွေဆက်ခံဖို့ နှစ်ပေါင်းလေးဆယ်ပင် မလိုတော့ပေ။ သည်အချိန်က လေသမျိုးများအတွက် ဘဝတဝက် သက်တမ်း ရှိမည် ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ တိုတောင်းလှသည်။

ကျိတုက ရှေးရှီ၏ ကလန်အမျိုးမျိုးအပေါ် တဖြည်းဖြည်း ထိန်းချုပ်နိုင်လာ၏။ နောက်ထပ် သုံးနှစ် ကုန်လွန်သွားခဲ့သည်။

ဝမ်လင်း၏ ဒုတိယစိတ်ဝိညာဉ်ပိုင်းခွဲထုတ်ခြင်းက ဆယ့်သုံးနှစ် ကြာလာခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သော နှစ်ဝက်က ရှေးဘုံကျောင်းထံမှ အစွမ်းထက်ဖိအားတစ်ခု ပျံ့လာကာ ထူးခြားသောအားတမျိုးကို ထုတ်လွှတ်လာ၏။ ထိုအားက နတ်ဘုရားအာရုံအားလုံးနှင့် လူအားလုံးကို ရှေးဘုံကျောင်းထဲ ဝင်ရောက်ခြင်းကနေ ဟန့်တားထားသည်။

ရွှမ်လောသည် ကောင်းကင်ထက်ကနေ ငုံ့ကြည့်နေရင်း စိတ်ပူနေ၏။ သူ၏ နတ်ဘုရားအာရုံသည်ပင် မဝင်ရောက် ဖြစ်ရသည်။ သူက သူသည် ထိုထူးခြားသောအား ဝန်းရံထားသော ရှေးဘုံကျောင်းအတွင်းသို့ လှမ်းလျှောက်၍လည်း မဝင်နိုင်ဟု ခံစားမိနေသည်။

ထိုစွမ်းအားသည် ရှေးဘိုးဘေး၏ အပိုင် ဖြစ်ကာ မက စိတ်ဝိညာဉ်သွေးစက်မှ ထွက်ပေါ်လာခြင်းပင်။

ထိုသို့ ဖြစ်လာချိန်တွင် သည်ကိစ္စကို လစ်လျူရှုထားချင်သော စုန့်ထျန်သည်ပင် ကျင့်ကြံနေရာကနေ ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက ရှေးဘုံကျောင်းရှိရာ အရပ်သို့ လှမ်းကြည့်နေပြီး သူ့မျက်လုံးထဲတွင် သံသယ အရိပ်အယောင်တစ်ခု ရှိနေသည်။ ဆယ့်သုံးနှစ်မြောက် ကုန်လွန်ကာ ဆယ့်လေးနှစ်မြောက်သို့ ရောက်လာခဲ့ပေပြီ။

ထိုဆန်းကြယ်သောစွမ်းအား ပျံ့နှံ့လာချိန်တွင် ဝမ်လင်း၏ အော်ရာက လုံးဝ ပျောက်ကွယ်သွား၏။ သူ သေလား၊ ရှင်လားကို မသိရနိုင်တော့ပေ။

ဝမ်လင်း မသေသေးကြောင်း ပြသနိုင်သည့် တစ်ခုတည်းသော လက္ခဏာရပ်မှာ ရှေးဘိုးဘေးရုပ်တု ပတ်လည်ရှိ ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခုသာ ရှိသည်။

မည်သူကမျှ ဝမ်လင်း၏ ပျက်စီးသွားသော အရိပ်ထံမှ မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် လွန်ခဲ့သောခြောက်လတည်းက အမှုန့်ဖြစ်သွားခဲ့ပြီကို မသိကြပါ။

သို့သော် ယင်းတို့သည် ထိုသို့ တစစီအမှုန့်ဖြစ်သွားသည့်နောက်တွင် ဝမ်လင်းက ယင်းတို့ကို ထပ်မံ၍ မပေါင်းစည်းနိုင်တော့ပေ။ သူ၏ အားကောင်းသော စိတ်ဆန္ဒကို အသုံးပြုကာ သူ အကြိမ်ကြိမ် ပေါင်းစည်းဖို့ ကြိုးစားခဲ့သည်။ သို့သော် သူ မအောင်မြင်သေးဘဲ ရှိသည်။

ထိုသို့ အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူ၏စိတ်ဆန္ဒမှာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ထို့ကြောင့် ခုခါတွင် ၎င်းမှာ အလွန်အားနည်းနေသည်။ သူ၏အသက်ဓာတ်အားလုံးလည်း ကွယ်ပျောက်သွားကာ စိတ်ဆန္ဒအနည်းငယ်လောက်သာ ကျန်တော့လေ၏။ ထိုစိတ်ဆန္ဒကို အသုံးပြုကာ သူက ထပ်ခါထပ် ပေါင်းစည်းဖို့ ကြိုးစားနေသည်။ အလင်းစက်များက စုဝေးကာ အရိပ်တစ်ခု ဖွဲ့စည်းလာသည်။ သို့သော် မကြာမီတွင် ထိုအရိပ်သည် မတည်မငြိမ်ဖြစ်ကာ အမှုန့်အမွှားအဖြစ် ပျက်စီး၍ ပျောက်ကွယ်သွားချေသည်။

ဤသည်မှာ ဆယ့်သုံးကြိမ်မြောက် ဖြစ်၏။

နတ်ဘုရားအာရုံ သို့မဟုတ် အသိစိတ် မရှိသည့်အခါ ဝမ်လင်းက သူ့၌ ကျန်နေသေးသော စိတ်ဆန္ဒအနည်းငယ်ကို သုံး၍ ဆယ့်လေးကြိမ်မြောက် ပေါင်းစည်းခြင်းကို စတင်သည်။ အလင်းစက်များသည် ဆယ့်ငါးနှစ်မြောက် ကုန်လွန်ချိန်တွင် စုဝေးသိပ်သည်းလာခဲ့သည်။ သည်ဒုတိယမြောက်စိတ်ဝိညာဉ်ပိုင်းခွဲထုတ်ခြင်း စတင်ခဲ့တာ ဆယ့်ငါးနှစ် ရှိလာခဲ့လေပြီ။

ဆယ့်ငါးနှစ်တာ အချိန်သို့ ရောက်လာသည့်အခါ တုန်လှုပ်ဖွယ်အရာတစ်ခုသည် ရှေးဘိုးဘေးရုပ်တုပတ်လည်ရှိ ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခု၌ ဖြစ်ပွားလာသည်။ ဤသည်က အင်ပါယာမြို့ရှိ လူအများကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။

သည်ကိစ္စကို အာရုံစိုက်မနေတော့‌သော ရှေးရှီအင်ပါယာသည်ပင် သူ့နန်းဆောင်ထဲမှ ထွက်လာကာ ရှေးဘိုးဘေးရုပ်တုကို လှမ်းကြည့်သည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်၏။

ကျိတုက လေထဲသို့ ပျံသန်းတက်ကာ စိတ်ပူပန်တကြီး လှမ်းကြည့်သည်။ သူက အလိုလို လက်သီးခပ်တင်းတင်း ဆုပ်ထားမိ၏။

စုန့်ထျန်က မူလတောင်ထိပ်‌ပေါ်တွင် ရပ်နေပြီး သူ့အသွင်က မရေမရာဟန် ပေါက်နေသည်။

ရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခုထဲမှ တစ်ခုသည် ရုတ်တရက် မှိန်ဖျော့သွားကာ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ်သို့ တစစီ ပျက်စီးသွားသည်။ ထို့အတွက်ကြောင့် ရောင်စဉ်စက်ဝန်းဆယ့်ခုနစ်ခုသာ ရှေးဘိုးဘေးရုပ်တု ပတ်လည်၌ ကျန်ခဲ့သည်။

“ရောင်စဉ်စက်ဝန်းတွေ တစစီ ဖြစ်နေတာပဲ။ ဒါ…ဒါက ဘာကို ဖြစ်စေမှာလဲ…”

“ဒီလူရဲ့ ဒုတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်တာဟာ ကျရှုံးသွားတာလား။ ခု သူ သေသွားတာလား…။ မဟုတ်ရင် ဒီစက်ဝန်းတွေက လုံးဝ ကွယ်ပျောက်သွားမှာ မဟုတ်ဘူး…”

“ငါ မှတ်မိပြီ။ အတိတ်တုန်းက ငါ ကြားဖူးတာကတော့ ဒီစိတ်ဝိညာဉ်သုံးခု ခွဲပိုင်းထုတ်ခြင်းဟာ အဆုံးအစမဲ့တာ မဟုတ်ဘူးတဲ့၊ အချိန်အကန့်အသတ် ရှိတယ်တဲ့။ ဒီလူဟာ ဒုတိယစိတ်ဝိညာဉ် ခွဲပိုင်းထုတ်ခြင်းမှာ အချိန်အကန့်အသတ်ကို ရောက်သွားတာလား…”

ရှေးရှီအင်ပါယာမြို့အတွင်း ဆွေးနွေးသံများ ပဲ့တင်ထပ်နေသည်။

“ဝမ်လင်းဟာ ဒုတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းမှာ အချိန်အကန့်အသတ် ရောက်သွားခဲ့တာပဲ။ ဒီရောင်စဉ်စက်ဝန်းဆယ့်ရှစ်ခုလုံး ပျောက်ကွယ်သွားပြီး သူ့မူလစိတ်ဝိညာဉ်ကို အတူတကွ ပြန်မစုစည်းနိုင်ရင် သူ့စိတ်ဝိညာဉ်ဟာ ပျောက်ကွယ်သွားလိမ့်မယ်…”  စုန့်ထျန်က အသက်ဝဝရှိုက်သွင်းလိုက်ပြီး ဘုံကျောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။

ကောင်းကင်ထက်တွင် ရွှမ်လောက သည်အဖြစ်ကို မြင်သည့်အခါ သူ့အမူအရာမှာ ပြောင်းလဲသွား၏။ သူက ထိုရောင်စဉ်စက်ဝန်း ကွယ်ပျောက်သွားခြင်း၏ နောက်ကွယ်မှ  အကြောင်းရင်းကို သိပေသည်။ သူသည် တုံ့နှေးမနေဘဲ ရှေးဘုံကျောင်းထံ တိုးဝင်သွားတော့သည်။

စုန့်ထျန်က ရွှမ်လောရှိနေသည်ကို သိတာ ကြာပေပြီ။ သို့သော် သူက ထိုသည်ကို မထုတ်ဖော်ခဲ့ပေ။ သူက ရွှမ်လော၏ပုံရိပ်ကို မြင်သည့်အခါ အနည်းငယ် ချီတုံချတုံ ဖြစ်နေသေး၏။ သို့သော် သူက ရွှမ်လောကို မတားလိုက်ပေ။

ရွှမ်လောသည် ရှေးဘုံကျောင်းရှေ့သို့ ချက်ခြင်း ရောက်လာပြီး အတွင်းသို့ တွေဝေခြင်းမရှိ ခြေလှမ်းလိုက်သည်။ ပြင်းထန်သော တန်ပြန်ကန်အားတစ်ခု ထိုးထွက်လာကာ ရွှမ်လော၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေ၏။ သူသည် မဝင်ရောက်နိုင်ဘဲ အပြင်ဘက်တွင် တားဆီးခံထားရသည်။

ထိုအခိုက်တွင် နှစ်ခုမြောက်၊ သုံးခုမြောက်၊ လေးခုမြောက်မှသည် ဆယ့်တစ်ခုမြောက်ထိ ရောင်စဉ်စက်ဝန်းများသည် တစ်ခုပြီးတစ်ခု တစစီ ဖြစ်ကုန်တော့သည်။

All Chapters