← Chapters

ထိုပုံရိပ်

Vol. 153 Ch. 2111

ထိုပုံရိပ်

Vol. 153 Ch. 2111

ရှေးဘိုးဘေးရုပ်တု၏  အပြင်ဘက်တွင် ရောင်စဉ်စက်ဝန်းခုနစ်ခုသာ ကျန်တော့လေ၏။ ယင်းတို့က ဖျော့တော့သောအလင်းကို ပေးစွမ်းနေကာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သလိုပင်။

“ဝမ်လင်း…”  ရွှမ်လောသည် ရှေးဘုံကျောင်းအပြင်ဘက်တွင် တားဆီးခံထားရသည်။ သူသည် စိတ်ပူပန်နေကာ သူ့နတ်ဘုရားအာရုံကို ရှေးဘုံကျောင်းထဲသို့ ပို့လွှတ်သည်။ သို့သော် ၎င်းနတ်ဘုရားအာရုံသည် ပင်လယ်ထဲ ဝင်ရောက်သွားသော လှေငယ်လေးတစ်စင်းကဲ့သို့ပင်။ ရွှမ်လောသည် ဝမ်လင်းက သူ၏ နတ်ဘုရားအာရုံဖြင့် ပေးပို့သော စကားသံကို ကြားရမည်၊မကြားရမည်အပေါ် မသေချာပေ။

သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေလိုက်၏။ သူ့ပတ်လည်တွင် နေမင်းတစင်း ပေါ်လာ၏။ သူက ရှေးဘုံကျောင်းထဲသို့ ခြေလှမ်းသည်။ သို့သော် သူသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တန်ပြန်အားကောင့် ပြန်လွင့်ထွက်သွားပြန်သည်။

ရွှမ်လောက ဆက်တိုက် ကြိုးစားနေစဉ် ရှေးဘုံကျောင်းအတွင်း၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် အရိုးစုတစ်ခုကဲ့သို့ လုံးဝ သွေ့ခြောက်နေ၏။ သူ့ပတ်လည်တွင် မည်သည့်အလင်းစက်မျှ ရှိမနေပေ။ သူ့စိတ်ဆန္ဒက အလွန်အမင်း မှိန်ဖျော့နေသည်။

ပေါင်းစည်းခြင်း၌ အခါခါ ကျရှုံးခြင်းက သူ၏စိတ်ဆန္ဒကို ပယ်ပျောက်လုနီးနီး ဖြစ်သွားစေခြင်းပင်။

သည်နေရာတွင်း၌ လုံးတ တိတ်ဆိတ်နေ၏။ သို့ပေမည့် တအောင့်အကြာတွင် စိုးရိမ်ပူပန်တကြီးအသံတစ်သံက သည်နေရာတွင် ပဲ့တင်ထပ်လာ၏

“ဝမ်လင်း…”

“ဝမ်လင်း…”

“ဝမ်လင်း…”

ဝမ်လင်းက မျက်လုံးမှိတ်ထး၏။ သူက မလှုပ်မယှက် ရှိနေသည်။ သို့သော် ထိုအသံ ပဲ့တင်ထပ်လာသည့်အခါ သူ့အရိုးစုကဲ့သို့ ခန္ဓာကိုယ်ထံမှ အနီရောင်အလင်း လင်းလက်သွားသည်။ ထိုအလင်းက သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်သွေးပင်။

အချိန် ကုန်လွန်လာသည်။ သို့သော် မည်ရွှေ့မည်မျှ ကုန်ဆုံးခဲ့ပြီကို မသိရတော့ပေ။ ခုခါတွင် ရှေးဘိုးဘေးရုပ်တုပတ်လည်တွင် ရောင်စဉ်စက်ဝန်းသုံးခုသာ ကျန်တော့လေ၏။ နှစ်များစွာ သည်လောကကို ခြုံလွှမ်းထားသော အလင်းဓာတ်များစွာသည် ကွယ်ပျောက်သွားခဲ့ပေသည်။ ဆယ်စုနှစ်ကျော်လာသည့်အတွင်း ပထမဆုံးအကြိမ်အဖြစ် ညနှင့်နေ့သည် ကွဲကွဲပြားပြား ပြန်ဖြစ်လာသည်။

သို့သော် မည်သူကမျှ သည်ညတွင် မကျင့်ကြံပါ။ သူတို့အားလုံးက ရှေးဘိုးဘေးရုပ်တုထံ လှမ်းကြည့်နေကြ၏။ သူတို့၏ အသက်ရှုမှုများပင် ရပ်တန့်နေသလား ထင်ရသည်။

ရှေးဘိုးဘေးရုပ်တုပတ်လည်ရှိ ရောင်စဉ်စက်ဝန်းသုံးခုထဲမှ တစ်ခုသည် လေပြင်းအတွင်းရှိ ဖယောင်းတိုင်ကဲ့သို့ ရုန်းကန်နေရ၏။ ထို့နောက် ၎င်းမှာ ကွယ်ပျောက်သွားသည်။

“နောက်တခု ထပ်ပျောက်ကွယ်သွားပြီ…”

“ရောင်စဉ်စက်ဝန်းနှစ်ခုပဲ ကျန်တော့တယ်။ ဒီလူရဲ့ စိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းဟာ နှစ်နှစ်ဆယ် ရှိခဲ့ပြီ။ သူ ကတယ်ပဲ မအောင်မြင်ခဲ့တာလား…”

“ဒီရောင်စဉ်စက်ဝန်းနှစ်ခုပါ ပျောက်ကွယ်သွားတဲ့အခါကျရင် သူ…မြန်မြန်…ကြည့်လိုက်…နောက်တစ်ခုလည်း ပျောက်ကွယ်သွားပြီ…”

အင်ပါယာမြို့တခုလုံးတွင် ပင့်သက်ရှိုက်သံများ ပဲ့တင်ထပ်နေကာ လူတိုင်းနီးပါးသည် အသက်ခပ်ပြင်းပြင်း ရှုလိုက်မိကြ၏။ နောက်ထပ်ရောင်စဉ်စက်ဝန်းပါ ကွယ်ပျောက်သွားသဖြင့် ခုအခါ တစ်ခုသာ ကျန်တော့လေသည်။ ထိုကျန်နေသေးသော တစ်ခုမှာလည်း ဖြည်းဖြည်းချင်း မှိတ်ဖျော့လို့နေသည်။

“ဝမ်လင်း…သတိဝင်လာတော့…”  ရွှမ်လောက ရှေးဘိုးဘေးကျောင်းထံ လက်သီးချက် ပစ်သွင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ အော်သံက အင်ပါယာမြို့တစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး နောက်ဆုံးတွင် ရှေးဘိုးဘေးကျောင်းထံ တရှိန်ထိုး တိုးဝင်သွားသည်။

သူက ရှေးဘိုးဘေးကျောင်းထံသို့ အတင်းအကြပ် ခြေလှမ်းဝင်၏။ တန်ပြန်ကန်အားက သူ့အား တွန်းကန်လေသည်။ ရွှမ်လောက အလွန်အမင်း စိုးရိမ်ပူပန်နေ၏။ သူသည် အရင်တုန်းက ရှေးတောက်စိတ်ဝိညာဉ်သုံးခုခွဲပိုင်းထုတ်ခြင်းကို တွေ့ကြုံခဲ့ပြီး ဖြစ်၏။ ရောင်စဉ်စက်ဝန်းများသည် ကျန်နေသေးသ၍ အသက်ဓာတ်၊ သို့မဟုတ် အသိစိတ် မရှိတော့လျှင်ပင် စမ်းသပ်မှုကို ဖြတ်ကျော်နေသူမှာ မသေသေးပေ။ အိပ်ပျော်နေသလိုပုံစံမျိုး ဖြစ်နေခြင်းမျိုးပင်။

စိတ်ဝိညာဉ်တစ်ခု၏ အိပ်ပျော်ခြင်း။ ဝမ်လင်းက ထိုအိပ်ပျော်ရာကနေ နိုးထလာနိုင်ပါက ရောင်စဉ်စက်ဝန်းကျန်နေသ၍ သူ့အတွက် ရှင်သန်ဖို့ အခွင့်အရေး ရှိပေသည်။ ထို့ကြောင့်လည်း သူက ဝမ်လင်းကို စောင့်ကြပ်ပေးဖို့ လာရောက်ရန် ရွေးချယ်ခဲ့တာ ဖြစ်၏။

သို့သော် ရောင်စဉ်စက်ဝန်းအားလုံး ပျောက်ကွယ်သွားသည်နှင့် ထိုအိပ်ပျော်ခြင်းသည် အစစ်အမှန်သေဆုံးခြင်းနှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။

“ဝမ်လင်း…ငါက မင်းရဲ့ ဆရာ၊ ရွှမ်လောပဲ။ မြန်မြန်…နိုးလာတော့…”

ရွှမ်လောသည် သူ ခြေလှမ်းမဝင်နိုင်သော ရှေးဘုံကျောင်းထံ သူ့အသံကို အားကုန်စိုက်၍ အော်ဟစ်လေ၏။

သူ၏အသံက ရှေးရှီအင်ပါယာမြို့တစ်ခုလုံးသို့ ပဲ့တင်ထပ်သည့်အခါ လူတိုင်းသည် မင်သက်ကုန်၏။ ရှေးဘုံကျောင်းအတွင်း၌ သည်ကပ်ဘေးကို ဖြတ်ကျော်နေသူမှာ မည်သူဖြစ်သည်ကို လူတိုင်းနီးပါးက သိချင်နေကြသည် မဟုတ်လား။

နောက်ဆုံးတော့ ထိုမေးခွန်းအတွက် အဖြေရှိလာခဲ့ပေပြီ။

“ဝမ်လင်း…၊ ဒီနာမည်ကို နည်းနည်း သိနေသလိုပဲ…”

“သူပဲကို…။ ဒီဝမ်လင်းဟာ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ရှေးတောက်အင်ပါယာကို သတ်ခဲ့တဲ့သူမလား။ အမှန်တကယ်ပဲ သူ ဖြစ်နေတာကို…”

“ပြောကြတာက ဒီဝမ်လင်း၏ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဆယ်စင်းမြောက်နေမင်း ဖြစ်တယ်တဲ့။ အို…ဘုရားရေ…ငါတော့ ရှေးဘုံကျောင်းထဲ ကပ်ဘေးကို ဖြတ်သန်းနေတဲ့သူက ဝမ်လင်း ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး…”

ရွှမ်လော၏ စိုးရိမ်ပူပန်တကြီးအသံက ရှေးရှီအင်ပါယာမြို့တခွင် ပျံ့နှံ့လာနေစဉ် နောက်ဆုံးကျန်နေသော ရောင်စဉ်စက်ဝန်းက ပို၍ မှိန်ဖျော့လာ၏။ ၎င်းက အချိန်မရွေး ပျောက်ကွယ်သွားမည့်အလား။

ရှေးဘုံကျောင်းအတွင်းနက်ပိုင်း၌ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးအလင်းက ပို၍ အပြင်းအထန် လင်းလက်လာသည်။

“ငါ့ကို ဘယ်သူ ခေါ်နေတာလဲ…”  ဝမ်လင်းက ထူးခြားသောဟင်းလင်းပြင်တစ်ခုအတွင်း၌ အိပ်ပျော်နေသလို ထင်ရ၏။ ထိုနေရာသည် ဝေဝါးလွန်းလှကာ သူသည် မျက်ကန်းတစ္ဆေ လမ်းလျှောက်နေစဉ် နောက်ဆုံး၌ သူက သူ့အား ခေါ်နေသောအသံကို ကြားလိုက်ရသည်။

“ငါ ဘယ်ရောက်နေတာလဲ…”  ဝမ်လင်းက စိတ်ရှုပ်ထွေးနေဆဲပင်။ သူ့အား ခေါ်နေသော အသံက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။

“ငါ ဒီကို ဘယ်လို ရောက်လာတာလဲ…”  ဝမ်လင်းသည် ရှေ့သို့ လျှောက်နေရင်း စိတ်ရှုပ်ထွေးစွာ ရှိနေသည်။ သည်နေရာရှိ ကောင်းကင်သည် နက်မှောင်ကာ မြေပြင်က ထုံထိုင်းရီဝေစွာ ရှိ၏။ သည်လောတစ်ခုလုံးကို မြူဖြင့် ဖုံးလွှမ်းထားသဖြင့် သူက ဝေးဝေးသို့ မမြင်ရပေ။

သည်နေရာမှာ အပျက်အစီးနေရာတစ်ခုပင်။

သည်လောကတွင် သက်ရှိဟူ၍ ရှိမနေပေ။ တောင်တန်းများကလည်း မစိမ်းလန်းတော့ဘဲ မီးခိုးရောင်သန်းနေသည်။

“ငါ…ငါ ဘယ်သူလဲ…”  ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပို၍ အားကောင်းလာ၏။ သူက မှတ်ဉာဏ်တော်တော်များများ ရှိနေပုံ ရသည်။ သို့ပေမည့် သူက သူ သည်နေရာတွင် မည်သို့ ရောက်နေသည်၊ သူ မည်သူ ဖြစ်သည်၊ သည်နေရာမှာ မည်သည့်နေရာ ဖြစ်သည်ကို မမှတ်မိနိုင်ဘဲ ရှိနေသည်။

“နိုးလာတော့…သတိဝင်လာတော့…” ထိုဝိုးတဝါးအသံက ထပ်မံ၍ ပဲ့တင်ထပ်၏။ ဝမ်လင်းက ရပ်လိုက်သည်။

“ငါ တစ်ခုခု ကြားလိုက်သလိုပဲ…”  စိတ်ရှုပ်ထွေးမှုအတွင်း၌ ဝမ်လင်းသည် နောက်ပြန်လှည့်ကြည့်ချင်နေ၏။ သို့သော် ထိုအခိုက်တွင် သူက ရှေ့တည့်တည့်ရှိ မြူထဲ၌ တောင်တလုံးကို တွေ့မြင်လိုက်ရသည်ဟု ထင်ရသည်။

ထိုတောင်ပေါ်တွင် ခုနစ်ရောင်စုံနှင်းစက်တို့ ကျဆင်းနေသည်။ ထိုမြင်ကွင်းမှာ အလွန်လှပသည်။

ထိုတောင်ပေါ်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ရှိလေ၏။ သူက ၎င်းပုံရိပ်မှာ အမျိုးသားတစ်ယောက်က ခန္ဓာကိုယ်တစ်ခုကို ကိုင်ဆောင်ထားသော ပုံရိပ်ဟု ဝိုးတဝါး မြင်ရသည်။ ထိုသူ၏ ဆံပင်ရှည်တို့မှာ လေနှင့်အတူ လွင့်ဝဲနေသည်။ ထိုမြင်ကွင်းသည် အထီးကျန်သွေ့ခြောက်ခြင်းနှင့် ဝမ်းနည်းမှုတို့ ပြည့်နေသည်။

ဝမ်လင်းက သည်ပုံရိပ်ကို စိုက်ကြည့်နေ၏။ ထိုပုံရိပ်သည် သူ့ကို ရင်းနှီးသလို ခံစားမိစေသည်။ ထိုခံစားချက်သည် သူ့ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

သည်ပုံရိပ်ထံမှ ဝမ်းနည်းသောအော်ဟစ်သံတစ်သံက ထွက်ပေါ်နေသည်။ သူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ အော်ဟစ်လိုက်၏။ ၎င်းအသံက အဘက်ဘက်သို့ ပဲ့တင်ထပ်သည်။ ထိုဟိန်းအော်သံက ဝမ်လင်း၏စိတ်နှလုံးကို ပို၍ အပြင်းအထန် တုန်လှုပ်သွားစေသည်။

ထိုဟိန်းအော်သံ ပဲ့တင်ထပ်သည့်အခါ မှိန်ဖျော့မှောင်မိုက်နေသော ကောင်းကင်က တုန်ယင်လာကာ မရေမတွက်နိုင်သော လှိုင်းဂယက်များထလာ၏။ ထိုကောင်းကင်သည် တစစီ ပျက်စီးတော့မည့်ကဲ့သို့ပင်။ ကြည့်ရသည်မှာ သည်လူ၏ ဟိန်းအော်သံကို ကောင်းကင်နှင့်မြေကြီးသည်ပင် မခုခံနိုင်ပုံရ၏။

“ကောင်းကင်နဲ့မြေကြီး…”  ထိုပုံရိပ်သည် မာန်သွင်းအော်ဟစ်လိုက်သည်။ သို့သော် ထိုပုံရိပ်သည် စကားနှစ်ခွန်းကို ဆိုလိုက်ရုံ ရှိသေး နောက်ထပ်အသံတစ်သံသည် ပေါ်လာသည်။

“ဝမ်လင်း…နိုးထတော့…”  ထိုအသံ ပေါ်လာသည့်အခါ ဝမ်လင်း ကြည့်နေသော တောင်သည် ပျောက်ကွယ်သွား၏။ ခန္ဓာကိုယ်တစ်ခုကို ကိုင်ကာ ကောင်းကင်ထက်သို့ အော်ဟစ်နေသော ပုံရိပ်မှာလည်း ပျောက်ကွယ်သွားသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက နောက်သို့ အလိုလို လှည့်ကြည့်မိသည်။ ထိုအခါ သူ့စိတ်ထဲ၌ ဝုန်းခနဲ ဖြစ်သလို ခံစားလိုက်ရသည်။

သူ မှတ်မိသွားသည်။ သူက ဝမ်လင်း ဖြစ်၏။ သူသည် ရှေးဘုံကျောင်းအတွင်း၌ ကပ်ဘေးစမ်းသပ်မှုကို ဖြတ်ကျော်နေတာပင်။ သူက ဒုတိယစိတ်ဝိညာဉ်ကို တစစီ ခွဲပိုင်းထုတ်ပြီးနောက် ပြန်ပေါင်းစည်းဖို့ ကြိုးစားနေတာ ဖြစ်သည်။ သူ ပြန်အမှတ်လိုက်ရသည့်နောက် သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ဆက်မရှိတော့ပေ။

တချိန်တည်းမှာ ရှေးဘုံကျောင်းအတွင်း၌ ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ဆံပင်ဖြူများဖြင့် အဘိုးအိုတစ်ယောက် ရှိနေသည်။ ထိုအဘိုးအိုက ရွှမ်လောကဲ့သို့ပင် အဝတ်အစားကို ဝတ်ဆင်ထားသည်။

သို့ပေမည့် ငယ်ရွယ်သော ရွှမ်လောအသွင်ဟန်ပန်နှင့် ယှဉ်ပါက ကွာခြားမှုတစ်ခု ရှိနေသည်။

“ဝမ်လင်း…သတိဝင်လာတော့…”  ထိုအဘိုးအိုက မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏အသံက ကြမ်းရှနေသည်။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူက ထိုအဘိုးအိုမြင်သည့်အခါ ထိုအဘိုးအိုသည် ပျော်ရွှင်ဟန် ဖြစ်ပေါ်သည်။ သို့ပေမည့် သူသည် တွန်းကန်အားကို မခုခံနိုင်ဘဲ ရှေးဘုံကျောင်းအတွင်းမှ ပြန်လွင့်ထွက်သွားရသည်။

“ဆရာ…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်ကာ ရွှမ်လော ပျောက်ကွယ်သွားသော နေရာကို ကြည့်၏။ သူသည် ရွှမ်လော၏ သည်ဆံပင်ဖြူနှင့်မြင်ကွင်းပုံရိပ်ကို တသက်လုံး မေ့တော့မည် မဟုတ်မှန်း သိသည်။

ရုတ်တရက် သူက လက်မြှောက်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ အလင်းစက်များစွာ သူ၏ရှေ့တွင်ပေါ်လာပြီး သူ့ဦးခေါင်းထက်တွင် စုဝေးလာကာ အရိပ်တစ်ခုကို ဖွဲ့စည်းသည်။

ရွှမ်လောသည် ရှေးဘုံကျောင်းအတွင်းမှ ပြန်ကန်ထွက်လာချိန်၌ သူက နောက်ဆုံးရောင်စဉ်စက်ဝန်းသည် ပျောက်ကွယ်တော့မည်ကို မြင်သည်။ ထိုစဉ် ယင်းရောင်စဉ်စက်ဝန်းက ရုတ်တရက် တောက်ပလာ၏။ ထို့နောက် ဒုတိယ၊ တတိယ၊ လေးခုမြောက်ကနေသည် ဆယ့်နှစ်ခုမြောက်ထိ ရောင်စဉ်စက်ဝန်းများ ပေါ်လာပြီး တောက်ပလေ၏။

တအောင့်အကြာတွင် ဆယ့်သုံးခုမြောက်၊ ဆယ့်လေးခုမြောက်၊ ဆယ့်ရှစ်ခုမြောက်ထိ ရောင်စဉ်စက်ဝန်းများ ပေါ်လာသည်။ ရှေးရှီအင်ပါယာမြို့တခုလုံးသည် ထိုမြင်ကွင်းကြောင့် ငြိမ်သက်တိတ်ဆိတ်သွားသည်။

ထို့နောက်တွင် မြို့တခွင် အံ့အားတသင့် အော်သံဟစ်သံများ ပဲ့တင်ထပ်ကုန်တော့၏။

ထိုအသံများ ပဲ့တင်ထပ်နေစဉ် ဆယ့်ကိုးခုမြောက်စက်ဝန်းက ရှေးဘိုးဘေးရုပ်တုပတ်လည်တွင် ပေါ်လာသည်။ ထို့နောက်တွင် နှစ်ဆယ်၊ နှစ်ဆယ့်တစ်၊ကနေသည် နှစ်ဆယ့်ခုနစ်ခုမြောက် ဖြစ်သော ရောင်စဉ်စက်ဝန်းထိ ဖွဲ့စည်းလေသည်။ ယင်းတို့က တောက်ပကာ လှိုင်းဂယက်များထသည်။ ခုခါတွင် ရှေးရှီအင်ပါယာမြို့၌သာမဟုတ် မူလတောင်ထိပါ ထိုအလင်းက ခြုံလွှမ်းလေ၏။

ရွှမ်လောက ပြုံးလိုက်၏။ သူက ရှေးဘုံကျောင်းအပြင်ဘက်တွင် မနေတော့ပေ။ ရောင်စဉ်စက်ဝန်းနှစ်ဆယ့်ခုနစ်ခု ပေါ်လာချိန်တွင် သူက ကောင်းကင်ထက်တွင် ပေါ်လာကာ ထိုင်ချလိုက်၏။ သူသည် ဤသည်က မပြီးသေးတာကို သိ၏။ ဝမ်လင်းသည် နောက်ဆုံးစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းကို ဖြတ်သန်းဦးမည် ဖြစ်သည်။

ရှေးဘုံကျောင်းအတွင်း၌ ဝမ်လင်း၏ ဦးခေါင်းထက်တွင် အရိပ်ကြီး ရှိနေ၏။ ထိုအရိပ်က ပထမစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းပြီးနောက် အရွယ်အစားထက် အဆများစွာပို ကြီးမားသည်။

သူက ခေါင်းမော့လိုက်၏။ ထိုအရိပ်ကလည်း ခေါင်းမော့ကာကြည့်သည်။ သူ့အကြည့်က ရှေးဘုံကျောင်းကို ထွင်းဖောက်သွားဟန်တူပြီး ရွှမ်လော၏ အပြုံးကို သူ လှမ်းမြင်သည်။

“ဆရာ…”

သူတို့က အကြည့်ချင်းဆုံသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ခေါင်းငုံ့သည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်သည်။ ဒုတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းက အလွန်အမင်း အန္တရာယ်များသော်လည်း သူ စိတ်ရှုပ်ထွေးခဲ့ချိန်က တွေ့မြင်ခဲ့ရသော အရာနှင့်တော့ မယှဉ်နိုင်ပေ။

သူသည် ခန္ဓာကိုယ်တစ်ခုကို ကိုင်ကာ ကောင်းကင်ထက်သို့ အော်ဟစ်နေသော ပုံရိပ်အကြောင်းကို မတွေးမိဘဲ မနေနိုင် ဖြစ်ရ၏။

All Chapters