ဝိုးတဝါးလောက
Vol. 153 Ch. 2112
ထိုပုံရိပ်မှာ မည်သူနည်း၊ သူ ချီထားသော ခန္ဓာကိုယ်က မည်သူ ဖြစ်သနည်း။ ဝမ်လင်းသည် ဒီမေးခွန်းများနှင့် ပတ်သတ်၍ မတွေးဝံ့တော့ပေ။ သူက ယင်းတို့ကို တွေးရမှာ ကြောက်နေမိ၏။
သူသည် ဘုံကျောင်းအတွင်း၌ ငြိမ်သက်စွာ ထိုင်နေပြီး သည်နေရာတွင် ကုန်ဆုံးခဲ့သော အချိန်များကို ပြန်ပြောင်းစဉ်းစားကြည့်သည်။
“အချိန် သိပ်မကျန်တော့ဘူး…” ဝမ်လင်း၏ ခပ်တိုးတိုး ရေရွတ်သံက ဘုံကျောင်းအတွင်း၌ ပဲ့တင်ထပ်လေသည်။
ရှေးရှီအင်ပါယာမြို့တွင် ရောင်စဉ်စက်ဝန်းနှစ်ဆယ့်ခုနစ်ခုသည် ရှေးဘိုးဘေးရုပ်တုထံမှ တောက်ပလာနေစဉ် သည်မြို့တခွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြန်သည်။ လူတိုင်း၏အကြည့်က ရှေးဘိုးဘေးရုပ်တုထံ ရောက်နေသည်။
“ဆယ့်ရှစ်နှစ်။ ဒီလူက ပထမစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းမှာ သုံးနှစ်၊ ဒုတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်းမှာ ဆယ့်ငါးနှစ် အချိန်ကုန်ခဲ့တယ်။ သူက ပြီးပြည့်စုံတဲ့ ခွဲထုတ်မှု လုပ်ခဲ့ပြီး ပြန်ပေါင်းစည်းနိုင်ခဲ့တယ်…”
“ပထမအကြိမ်မှာတုန်းက သူ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယပေါင်းစည်းမှုအတွင်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာ သိသာတယ်။ တတိယအကြိမ်ဆိုရင်ရော သူ ဘယ်လို ဖြစ်မလဲ ငါ သိချင်မိတယ်…”
“ဒီဝမ်လင်းကသာ လုံးဝ တစစီဖြစ်တဲ့ထိ သူ့စိတ်ဝိညာဉ်ကို ဆက်ပြီး ခွဲပိုင်းထုတ်မယ်ဆိုရင် ဒီတတိယကြိမ်ဟာ အတော်လေးကို ခက်ခဲလိမ့်မယ်။ ငါသာ သူ့နေရာမှာဆိုရင် တတိယကြိမ်ခွဲပိုင်းထုတ်မှုကို အသက်ရှင်ရဖို့အတွက် အရေးပေးပြီး စောစောစီးစီး အဆုံးသပ်လိုက်မှာပဲ…”
လူတိုင်း၏အကြည့်က ရှေးဘုံကျောင်းထံ စုဝေးနေကြစဉ် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူက ထိုပုံရိပ်နှင့် ပတ်သတ်သော သူ့အတွေးအားလုံးကို ဖယ်ရှားကာ သူ့ကိုယ်သူ တတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်း၌ အပြည့်အဝ စူးနစ်လိုက်သည်။
သူသည် ဒုတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်း ပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် အရင်ထက် အဆများစွာ ပိုသန်မာလာသလို၊ သူ၏ကျင့်ကြံမှုကလည်း ပိုအားကောင်းလာသည်။ တတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်း အောင်မြင်ကာ သူ၏မူလစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်နှင့် အထွတ်အထိပ်အဆင့်သစ်တစ်ခုသို့ သူ ရောက်လိမ့်မည်ဟု ခံစားမိနေသည်။
သူက ကူးတောက်ကိုပါ ဖိနှိပ်ကောင်း ဖိနှိပ်နိုင်လောက်မည်။
ဝမ်လင်း၏ မျက်လုံးက အရောင်တောက်နေ၏။ သူက ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ကြီးမားလှသော မူလစိတ်ဝိညာဉ်အရိပ်မှာ တတိယကြိမ်မြောက် ခွဲပိုင်းထွက်လာသည်။ ဤသည်မှာ နောက်ဆုံးအကြိမ်လည်း ဟုတ်၏။
“သုံးနှစ်ဆယ်။ ဆယ့်ငါးနှစ်…အခု ဒီအကြိမ်ကရော ဘယ်လောက်ကြာနိုင်မလဲ…”
ထိုအတွက် ဝမ်လင်းထံတွင် အဖြေမရှိပေ။
ဖြတ်ခနဲအတွင်း ဝမ်လင်းက တတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်း၌ ခုနစ်နှစ်တာ ကုန်လွန်သွား၏။ ယင်းနောက်တွင် ရှေးရှီမှ လူများသည် ရှေးဘိုးဘေးရုပ်တု ပတ်လည်ရှိ ရောင်စဉ်စက်ဝန်းခုနစ်ဆယ့်နှစ်ခုကို စိတ်လှုပ်ရှားခြင်းကြီးစွာ ကြည့်နေကုန်သည်။
ရှေးရှီအင်ပါယာသည် မင်းသားကျိတုကို အင်ပါယာအာဏာ အားလုံးနီးပါး လွှဲပြောင်းပေးထားခဲ့ပြီး ဖြစ်၏။ သူ၏ ထီးနန်းဆက်ခံမည့် နေ့မှာ နီးသထက် နီးလာခဲ့ပေပြီ။
ထိုနေ့သို့ နီးကပ်လာနေစဉ် ရှေးရှီမှ လူများက ရှေးဘိုးဘေးရုပ်တုကနေ ရှေးရှီရှိ သည်အကြီးကျယ်ဆုံးကိစ္စရပ်ထံ အာရုံ ပြောင်းလာကြ၏။
မရေမတွက်နိုင်သော ရှေးရှီ၏ စစ်တပ်များသည် မင်းသားကျိတု၏ လက်ထဲ ရောက်လာကာ သူက ထိုသူတို့နှင့် ရင်းနှီးမှု ရလာ၏။ ဤသည်မှာ နောက်နှစ်ရာအနည်းငယ်တွင် ဖြစ်ပွားလာနိုင်သည့် ရှေးနှင့် ကောင်းကင်ဘုံတို့၏ ကြားရှိ ကြီးမားသော စစ်ပွဲအတွက် ပြင်ဆင်မှုများထဲမှ တစ်ခုလည်း ဟုတ်သည်။
အချိန်သည် မသိလိုက်ပါဘဲ ကုန်ဆုံးနေသည်။ ရာသီများ အလီလီ ပြောင်းနေ၏။ မျက်စိတမှိတ်အတွင်း နောက်ထပ်ငါးနှစ်တာကာလ ကုန်လွန်သွားခဲ့ပြန်လေပြီ။ ခုဆို ဝမ်လင်း၏ တတိယစိတ်ဝိညာဉ်ခွဲပိုင်းထုတ်ခြင်း စတင်သည်မှာ နှစ်ဆယ့်နှစ်နှစ် ရှိလာခဲ့လေပြီ။
ပြီးခဲ့သော နှစ်များကိုပါ ထည့်ပေါင်းတွက်ပါက ဝမ်လင်း ရှေးဘုံကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့တာ ကိုးဆယ့်ကိုးနှစ် ရှိခဲ့လေပြီ။
ထိုနှစ်တို့မှာ အရာများစွာ ပြောင်းလဲသွားဖို့ လုံလောက်၏။ လက်ရှိ ရှေးရှီအင်ပါယာသည် မြင်ကွင်းနောက်သို့ ဆုတ်သွားခဲ့ကာ တခြားသူများ၏ ရှေ့သို့ ရောက်လာသူမှာ ကျိတုပင်။
မဟာအခမ်းအနားဖြစ်သည့် နန်းတက်ပွဲက ခုထိ မကျင်းပရသေးသော်လည်း ရှေးရှီ၏ ကိစ္စရပ်များအားလုံးကို ကျိတုက စီမံနေလေပြီ။ သူသည် သရဖူ မဆောင်းရသေးသော်လည်း တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့ပေမည့် မည်သို့ပင်ဖြစ်စေ ရှေးဘုံကျောင်းကို နံနက်ခင်းတိုင်း ကြည့်သည့် သူ့အလေ့အထကမူ လုံးဝ မပြောင်းလဲသွားပေ။ သူသည် သူ့မွေးစားအဖေက အောင်မြင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်သည်။
ရှေးဘုံကျောင်းအတွင်း၌ မူလစိတ်ဝိညာဉ်အရိပ်ကြီးက မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားခဲ့ပြီးဖြစ်ကာ ထိုပျက်စီးမှု၏ နောက်ဆုံးအပိုင်းတွင် ရှိနေသည်။
ဝမ်လင်းက ပြီးခဲ့သော အကြိမ်တည်းက သင်ခန်းစာ ရခဲ့ပြီး ဖြစ်၍ သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခုကို ချန်ရစ်ထားလေ၏။ အရေးတကြီး အခိုက်အတန့်တွင် ထိုနတ်ဘုရားအာရုံက သူ့အား သတိဝင်၊နိုးထအောင် လုပ်ပေးလိမ့်မည်။
ဝမ်လင်းသည် သူ၏မူလစိတ်ဝိညာဉ် တစစီ ဖြစ်နေစဉ် နာကျင်မှုကို ဆယ်စုနှစ်ချီ ဆက်တိုက် တောင့်ခံထား၏။ မရေမတွက်နိုင်သော သူများမှာ ထိုနာကျင်မှုကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် သူ့အတွက်ကမူ နာကျင်မှုမှာ အနည်းငယ်ပင် ထုံနေသလိုမျိုး ခံစားမိနေ၏။
ကိုးဆယ့်ငါးနှစ်မြောက်သို့ ရောက်လာသည့်အခါ ရှေးရှီတစ်ခုလုံးသည် လာမည့် ငါးနှစ်အတွင်း အင်ပါယာသစ်အတွက် သရဖူအပ်ဖို့ ကြိုပြင်ဆင်နေကြ၏။ သည်အခိုက်တွင် ဝမ်လင်း၏အထက်မှ အရိပ်က လုံးဝ အမှုန့်ဖြစ်သွားသည်။
သူက စတင် ပေါင်းစည်းရန် တာဆူသည်။
ဒုတိယကြိမ်က ခွဲထုတ်ခဲ့စဉ်တွင် ဖြစ်ပွားခဲ့သော မတော်တဆကြောင့် ဝမ်လင်းက အလွန်အမင်း သတိထားနေ၏။ သူက တကြိမ်တည်း ပေါင်းစည်းဖို့ မကြိုးစားတော့ပေ။ ထိုအစား အစိတ်အပိုင်းချင်း အတူတကွ ပေါင်းစည်းစေကာ ပြီးပြည့်စုံစေမည် ဖြစ်သည်။
သူ့ထံ၌ ထိုထက်ပိုနက်ရှိုင်းသော အစီအစဉ်တစ်ခုလည်း ရှိနှင့်ထား၏။ သူက ၎င်းအစီအစဉ်ကို အောင်မြင်ချင်ပါက သည်ပေါင်းစည်းစဉ်အတွင်း ထိုသည်ကို လုပ်ဆောင်ရလိမ့်မည်။
အချိန် ကုန်လာနေသည်။ ကိုးဆယ့်ခြောက်နှစ်မြောက်တွင် ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်၏ သုံးဆယ်ရာခိုင်နှုန်းကို ပေါင်းစည်းခဲ့လေပြီ။ ထိုစိတ်ဝိညာဉ်ကိုယ်တိုင်၏ အရွယ်အစားမှာ မကြီးမားပါ။ သူ့လက်ဝါးအရွယ်လောက်သာ ရှိသည်။
သို့ပေမည့် ထိုသုံးဆယ်ရာခိုင်နှုန်းသည် သူ့ဒုတိယစိတ်ဝိညာဉ်ခွဲထုတ်ပြီးသည့်နောက် သူ့စိတ်ဝိညာဉ်ထက် အဆများစွာ ပိုသန်မာ၏။ အကယ်၍ သူသာ လုံးဝ ပေါင်းစည်းနိုင်ပါက သူ၏တတိယကြိမ်မြောက် ပေါင်းစည်းမည့် စိတ်ဝိညာဉ်မှာ သူ့ကို အထွတ်အထိပ်အသစ်တစ်ခုထံသို့ ခေါ်ဆောင်သွားပေလိမ့်မည်။
ကိုးဆယ့်ခုနစ်နှစ်မြောက်တွင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အရိပ်က ငါးဆယ်ရာခိုင်နှုန်း သိပ်သည်းလာပြီး အရင်ထက် များစွာ ပိုသန်မာလာ၏။
နှစ်တစ်ရာမြောက် ပြည့်ဖို့ သုံးနှစ်သာ ကျန်တော့သည်။
သည်နှစ်တို့အတွင်း ရှေးရှီအင်ပါယာမြို့က အလွန်အမင်း အသက်ဝင်လှ၏။ ရှေးရှီရှိ အစွမ်းထက်သူအားလုံးက ရှေးရှီ၏ အရေးကြီးဆုံးပွဲကို ကိုယ်တိုင်ကြည့်ရှုကြဖို့ စုဝေးနေကြသည်။
အင်ပါယာအပြောင်းအလဲက ရှေးရှီ တစ်ခုလုံးကို အလွန်တရာ သက်ဝင်လာစေသည်။ သို့ပေမည့် ထိုပလ္လင်ကို အမွေဆက်ခံတော့မည့်သူကမူ ငြိမ်သက်နေခဲ့သည်။ သူက ရှေးဘုံကျောင်းထံ တကိုယ်တည်းသွားကာ ၎င်းအပြင်ဘက်တွင် ကျင့်ကြံဖို့ ထိုင်ချလိုက်သည်။
သူက သူ အင်ပါယာမဖြစ်လာခင် သူ့မွေးစားအဖေနှင့် နောက်ဆုံးသုံးနှစ်ကို အတူတကွ ရှိပေးဖို့အတွက် အရာအားလုံးကို လက်လွှတ်ထားသည်။
နေ့ရက်များ ကုန်လွန်လာကာ ပိုပိုများပြားသော သူများက ရှေးရှီထံသို့ ခရီးနှင်လာကြသည်။ တခြားကလန်မှ သူများသည်ပင် လမ်းတွင် ရောက်နေကြပေပြီ။
နေ့တိုင်းလိုလို ရှေးရှိ အင်ပါယာမြို့သို့ လူအများ ဝင်ရောက်လာနေကြ၏။ သို့သော် ထိုမြို့နှင့် ယှဉ်ပါက ရှေးဘုံကျောင်းမှာ အလွန်ငြိမ်သက်တိတ်ဆိတ်နေသည်။ ဟိုးလွန်ခဲ့သော အချိန်တည်းက ဤနေရာမှာ တားဖြစ်နေရာ ဖြစ်နေခဲ့ပြီ ဖြစ်ကာ မည်သူမျှ ဝင်ခွင့်မပြုတော့ပေ။ တော်ဝင်နန်းတော်မှ အစောင့်အကြပ်များစွာက သည်နေရာကို စောင့်ကြပ်နေကြ၏။
ကျိတုသည် အပြင်ဘက်မှ မျက်လုံးမှိတ် ငြိမ်သက်စွာ ထိုင်နေလျက် အပြင်ဘက်မှ ဆူညံသံများကို နားထောင်၏။
“မွေးစားအဖေ၊ နောက်သုံးနှစ်ဆို ကျနော် ရှေးရှီအင်ပါယာ ဖြစ်လာပြီ…”
ကျိတုက နေရာတွင် ထိုင်နေ၏။ နေ့နှင့်ညများ ပြောင်းလဲနေသည်။ ကိုးဆယ့်ရှစ်နှစ်မြောက် ကုန်လွန်သွားသည်။ ကိုးဆယ့်ကိုးနှစ်မြောက်သို့ ရောက်လာကာ နောက်ဆုံးတွင် နှစ်တစ်ရာသည် ကုန်လွန်လေ၏။
ယနေ့တွင် နှစ်ပေါင်းတစ်ရာ ပြီးနောက် ရှေးရှီ၏ လူတိုင်း၏အကြည့်က ရှေးဘိုးဘေးရုပ်တုထံ ထပ်မံ စုဝေးကုန်ပြန်သည်။ သို့ပေမည့် သူတို့က ရောင်စဉ်စက်ဝန်းများကို ကြည့်နေခြင်း မဟုတ်၊ သူတို့၏ အင်ပါယာကို ကြည့်နေခြင်းပင်။
အင်ပါယာမြို့မှာ ငြိမ်သက်နေ၏။ မရေမတွက်နိုင်သောသူများက နန်းတော်တွင် ရှိနေသည်။ သူတို့က သူတို့၏အင်ပါယာသစ်ကို စောင့်နေကြခြင်းပင်။ ရင်ပြင်တွင်လည်း မရေမတွက်နိုင်သော လူများစွာ ရပ်နေသည်။
တခြားကလန်နှစ်ခုမှ တမန်တော်များသည်ပင် ရောက်နေလေပြီ။ အင်ပါယာမိသားစုမှ လူများသည်ပင် ရောက်နေကာ ထိုသူတို့သည် အဆင့်အတန်း မြင့်လှ၏။ သူတို့က ရင်ပြင်တွင် စောင့်ဆိုင်းနေကြသည်။
ရင်ပြင်ဗဟိုချက်၌ ကြီးမားသောမီးပြင်းဖိုတစ်ခု ရှိ၏။
ထိုမီးပြင်းဖိုအတွင်း၌ ဧရာမအမွှေးတိုင်တချောင်း ထိုးစိုက်ထားသည်။ ထိုအမွှေးတိုင်က မီးမငြှိရသေးပါ။ ၎င်းကို မီးငြှိနိုင်ဖို့ အရည်အချင်း ရှိသူမှာ ကျိတုတစ်ယောက်သာ ဖြစ်၏။
ဤသည်မှာ အင်ပါယာအာဏာအမွှေးတိုင်ပင်။ ထိုအမွှေးတိုင် ထွန်းငြှိသည်နှင့် မီးခိုးငွေ့တို့သည် ဗုံအဖြစ်သို့ ပြောင်းလိမ့်မည်။ ကျိတုမှာ ထိုဗုံကို တီးနိုင်သော တဦးတည်းသောသူ ဖြစ်လိမ့်မည်။ ထိုဗုံကို ကိုးကြိမ်တိုင် တီးခတ်ပြီးချိန်တွင် ကျိတုသည် ရှေးရှီတခုလုံးထံမှ ဦးညွှတ်မှုကို ရမည် ဖြစ်သည်။
သည်နေရာရှိ လူတိုင်းက စောင့်နေကြ၏။ ရှေးရှီအင်ပါယာဟောင်းလည်း စောင့်နေသည်။
ရှေးရှီအင်ပါယာဘေး၌ လူအချို့ ရှိနေ၏။ ထိုသူတို့ထဲမှ တစ်ယောက်က ချီတုံချတုံဟန်ဖြင့် ပြောလာသည်။ “အချိန်ကျပါတော့မယ်…အရှင်မင်းမြတ်…ဒါက…”
“ဆက်စောင့်နေလိုက်ပါ။ မင်းသား ကျိတုက သူ့ပလ္လင်ကို လက်ခံတဲ့အခါမှသာ ဒါဟာ အရေးကြီးဆုံးအချိန်ပဲ…” ရှေးရှီအင်ပါယာဟောင်းက ထိုသို့ ဆိုသည်။
အစောပိုင်းက စကားပြောလိုက်သော အဘိုးအိုက တလေးတစား ခေါင်းညိတ်၏။
ကျိတုက ရှေးဘုံကျောင်းအပြင်ဘက်တွင် မျက်လုံးမှိတ်ကာ ထိုင်နေ၏။ ယနေ့သည် နေ့ကြီး ဖြစ်သည်ကိုပင် သူက အရေးမစိုက်သည့်အလား။ တအောင့်အကြာတွင် ချပ်ဝတ်နက်ဖြင့် အစောင့်များက ချဉ်းကပ်လာကြရာ ခြေသံများကို ကြားရသည်။
“အရှင်မင်းမြတ်…အချိန်ကျပါပြီ…” ထိုအစောင့်တို့က ဒူးတဖက်စီထောက်ကြ၏။ ရှေ့ဆုံးမှ ဦးဆောင်သူမှာ သက်လတ်ပိုင်းအရွယ်ရှိ၏။ ကျိတုက စကား ပြန်မဆိုသလို လှုပ်ရှားမှုလည်း မရှိပေ။
သူ၏နောက်မှ အစောင့်မှာလည်း တိတ်ဆိတ်သွားသည်။
အမွှေးတိုင်တဝက် ကုန်လွန်ပြီးနောက် မင်းသား ကျိတုထံမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။ သူက မျက်လုံးဖွင့်လိုက်ကာ ရှေးဘုံကျောင်းကို ကြည့်သည်။ ထို့နောက် သူသည် ထရပ်ပြီး ဒူးထောက်၍ ရှေးဘုံကျောင်းထံ သုံးကြိမ်တိုင် ဂါဝရ ပြုသည်။
“မွေးစားအဖေ…ဒီကောင်လေး ထွက်သွားတော့မယ်…” ကျိတုက ထရပ်၏။ သူက ဘုံကျောင်းကို တချက်ကြည့်လိုက်ပြီးနောက် အစောင့်များထံ လျှောက်လာသည်။ ထိုသူတို့က သူ့နောက်သို့ လိုက်လာပြီး သူတို့သည် ဖြည်းဖြည်းချင်း ထွက်သွားကြသည်။
ယင်းအခိုက်တွင် ဘုံကျောင်းအတွင်း၌ ဝမ်လင်းရှေ့တွင် အရိပ်တစ်ခု လွင့်မြောနေသည်။ ထိုအရိပ်က လက်ဝါးအရွယ်အစား မဟုတ်လေတော့၊ သူ့ခန္ဓာကိုယ်အရွယ်အစားလောက် ဖြစ်နေပြီ။
ထိုအရိပ်သည် တောက်ပကာ အလွန်ပြီးပြည့်စုံပေါ် ပေါ်သည်။ ၎င်းသည် ပေါင်းစည်းပြီးသွားသည့်အလား။ သို့သော် ထိုမူလစိတ်ဝိညာဉ်၏ မျက်လုံးတို့က မှိတ်ထားလျက် ရှိ၏။
လွန်ခဲ့သောတစ်နှစ်က ဝမ်လင်းသည် ပေါင်းစည်းမှုကို အပြီးသပ်ခဲ့ပြီ ဖြစ်၏။ ထိုဖြစ်စဉ်က ချောမွတ်လွန်းခဲ့ကာ သည်တကြိမ်တွင် မည်သည့်မတော်တဆမျှ မဖြစ်ခဲ့ပေ။ သို့သော် သူသည် ထိုပေါင်းစည်းခြင်းကို အဆုံးမသပ်ဘဲ ချိုယွင်းချက် အရိပ်အယောင် ချန်ထားဖို့ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူက ခုလို အိပ်ပျော်နေသောအနေအထားကဲ့သို့ ရှိနေခြင်းပင်။
သူက သူ ဒုတိယမြောက်စိတ်ဝိညာဉ်ခွဲပိုင်းထုတ်စဉ်အတွင်း တွေ့မြင်ခဲ့ရသော ဝိုးတဝါးလောကကို ဝင်ရောက်ချင်နေခြင်းပင်။ သူက ခုနစ်ရောင်စုံနှင်းများ ကျဆင်းနေသော တောင်ကို မြင်ချင်နေ၏။ သူသည် ထိုလောကထဲမှ ပုံရိပ်ကို ထပ်တွေ့ချက်ကာ ထိုသူ၏ အော်ဟစ်သံစကား အဆုံးထိကို ကြားချင်နေသည်။
သို့ပေမည့် သူသည် ထိုဝိုးတဝါးလောကသို့ မည်သို့မည်ပုံ ဝင်ရောက်ရမည်ကို မသိပေ။ သူက ထိုနေရာမှာ မည်သည့်နေရာမှန်းလည်း မသိပါ။ နောက်ဆုံးတွင် သည်နည်းလမ်းဖြင့် တစ်နှစ်ကြာပြီးနောက် သူ့အတွေးများက ဝေဝါးလာသည်။ ထိုစဉ် သူက ထိုဝိုးတဝါးလောကကို ထပ်မံ တွေ့မြင်ရတော့၏။