ထွက်ခွာတော့မည်
Vol. 153 Ch. 2114
တောက်ပသော အနီရောင်စိတ်ဝိညာဉ်သွေးက ရုတ်တရက် အရောင်ပြောင်းကာ ခရမ်းရောင်သို့ ပြောင်းသည်။ ၎င်းက ရှေးဘိုးဘေးရုပ်တု၏ အထက်သို့ ရောက်လာသည့်အခါတွင် ခရမ်းရောင်သို့ ပြောင်းသွားခြင်းပင်။ ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သွေး၊ ခရမ်းရောင်သွေး။
ထိုသွေးအတွင်းရှိ စိတ်ဝိညာဉ်အော်ရာက ပို၍ အားကောင်းလာကာ ကောင်းကင်တခွင်လုံးကို ခရမ်းရောင် စွန်းထင်းသွားစေသည်။
ရှေးရှီအင်ပါယာမြို့တစ်ခုလုံးတွင် အင်ပါယာအသစ်ကျိတုအပါအဝင် အားလုံးက ရှေးဘိုးဘေးရုပ်တုအထက်ရှိ ခရမ်းရောင်စိတ်ဝိညာဉ်သွေးကို ကြည့်နေကြသည်။ သည်အခိုက်တွင် ခရမ်းရောင်အလင်းက ရောင်စဉ်စက်ဝန်းအသွင် ဖွဲ့စည်းကာ ရုပ်တု၏ ဦးခေါင်းထက်မှ မြန်ဆန်စွာ ဆင်းသက်လာသည်။
ဖြတ်ခနဲအတွင်း ထိုခရမ်းရောင်စက်ဝန်းက ရှေးဘုံကျောင်းအတွင်းနက်ပိုင်းသို့ ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် ရှေးဘိုးဘေးကျောင်းအတွင်းကျကျတွင် ထိုင်နေ၏။ သူ့ကို ခရမ်းရောင်အလင်းစက်များစွာ ဝန်းရံထားသည်။ ထိုအလင်းတို့က သူ၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းလာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ ပထမဆုံးစိတ်ဝိညာဉ်သွေးနှင့် ပေါင်းစပ်သည်။
ရှေးတောက်စိတ်ဝိညာဉ်သုံးခု ခွဲပိုင်းထုတ်ခြင်း ပြီးပါက ရှေးဘိုးဘေး၏ ကောင်းချီးပေးခြင်း ရောက်လာမည်။ သည်စိတ်ဝိညာဉ်သွေးမှာ ထိုကောင်းချီးပေးခြင်းပင်။
ခရမ်းရောင်သွေးအပေါ် ကျရောက်နေသော လူတိုင်း၏အကြည့်ထဲ၌ တုန်လှုပ်မှု ရှိနေ၏။ သူတို့က သူတို့ တွေ့မြင်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေသည်။ ဤသည်မှာ စိတ်ဝိညာဉ်သွေး၊ ရှေးဘိုးဘေး၏စိတ်ဝိညာဉ်သွေး မဟုတ်လား။
“စိတ်ဝိညာဉ်သွေးသုံးစက်က ကလန်သစ်တစ်ခုကို ဖန်တီးနိုင်တယ်လို့ ဆိုတယ်။ သူက ရှေးဘိုးဘေး ကောင်းချီးပေးစဉ်အတွင်း စိတ်ဝိညာဉ်သွေးတစ်စက်ကို ရခဲ့တယ်…”
“လူတစ်ယောက်ဟာ ရှေးတောက်စိတ်ဝိညာဉ်သုံးခုပိုင်းထုတ်ခြင်းကို ပြည့်ပြည့်စုံစုံ ဖြတ်သန်းနိုင်ခဲ့ရင် စိတ်ဝိညာဉ်သွေးကို ရနိုင်တာလား…”
ဟိုးလေးတကြော် အော်သံဟစ်သံများ လောကတခွင် ပဲ့တင်ထပ်၏။ ကျိတုက ရှေးဘိုးဘေးရုပ်တုကို ကြည့်ကာ ပင့်သက်ရှိုက်နေမိသည်။ သူက သူ့မွေးစားအဖေသည် ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သွေးကို ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
ခရမ်းရောင်သွေး ပျောက်ကွယ်သွားသည့်နောက် ကောင်းကင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ တကယ်တော့ ရှေးဘိုးဘေး၏ ကောင်းချီးပေးခြင်း ရောက်ရှိလာပြီးသည့်အခါ စမ်းသပ်မှုသုံးခု၊ကပ်ဘေးခုနစ်ခုသည် အဆုံးသပ်လေပြီ ဖြစ်သည်။
သို့သော် လူတိုင်းက ထိုသို့ အဆုံးသပ်ပြီဟု တွေးနေကြရုံ ရှိသေး နောက်ထပ်ပြောင်းလဲမှုတစ်ခု ကောင်းကင်ထက်တွင် ဖြစ်ပွားလာသည်။ ထိုအခါ အံ့အားတသင့် မယုံကြည်စွာ အော်ဟစ်လိုက်သော အသံများက အင်ပါယာမြို့၏ နေရာစုံ၊ထောင့်စုံမှ ထွက်ပေါ်လာတော့သည်။
“ဒါက မပြီးသေးဘူး။ ကောင်းကင်ကို ကြည့်လိုက်။ ရှေးဘိုးဘေးရဲ့ ကောင်းချီးပေးမှုက မပြီးသေးဘူး…”
“ခရမ်းရောင်၊ ဒီခရမ်းရောင် ထပ်လာပြန်ပြီ…”
“မဖြစ်နိုင်ဘူး။ နောက်ထပ် စိတ်ဝိညာဉ်သွေး ဆင်းသက်လာပြန်တာလား…”
ခရမ်းရောင်အလင်းသည် ပျောက်ကွယ်ခါနီးချိန်တွင် ရုတ်တရက် ထပ်မံ တောက်ပလာ၏။ ကောင်းကင်၏ အနားအစွန်းသပ်၌ မြန်ဆန်စွာ လည်ပတ်နေသော ခရမ်းရောင်ဝဲကတော့တစ်ခု ရှိ၏။ ၎င်း၏ ဗဟိုချက်မှာ တွင်းနက်တစ်ခုကဲ့သို့ပင်။
ထိုတွင်းနက်က ခရမ်းရောင်အလင်း သိပ်သည်းဆုံး နေရာပင်။ ခရမ်းရောင်သွေးစက်တစ်စက် ဖြည်းဖြည်းချင်း သက်ဆင်းလာသည်။ လူတိုင်းက ထိုသည်ကို တွေ့မြင်သည့်အခါ အင်ပါယာမြို့တခွင် တုန်လှုပ်မှုလှိုင်းတစ်ခု ဖြစ်သွားလေ၏။
“နောက်ထပ် စိတ်ဝိညာဉ်သွေး…”
“စိတ်ဝိညာဉ်သွေးနှစ်စက်၊ သူက နှစ်စက်တောင် ရခဲ့တာပဲ…”
ထိုစိတ်ဝိညာဉ်သွေးသည် ဖြည်းဖြည်းချင်း သက်ဆင်းလာကာ နောက်ဆုံးတွင် ရှေးဘိုးဘေးရုပ်တု၏ ဦးခေါင်းထဲ ဝင်ရောက်သွားသည်။ ခရမ်းရောင်အလင်း သက်ဆင်းလာကာ ရှေးဘုံကျောင်းအတွင်းသို့ ပျောက်ကွယ်သွားသည်။
ဟိုးလေးတကြော်အသံများ ဆက်တိုက် ဖြစ်ပေါ်သည်။ ရှေးဘုံကျောင်းအတွင်း၌ ပိုပိုများပြားသော ခရမ်းရောင်အလင်းက ဝမ်လင်း ပတ်လည်တွင် ပေါ်လာသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထဲ မြန်ဆန်စွာ သိပ်သည်းကာ သူ့ထံ၌ ပျောက်ကွယ်သွားသည်။
အဆုံးသပ်တွင် ခရမ်းရောင်အလင်းအားလုံးက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားချိန်၌ သူ့ထံတွင် စုစုပေါင်း စိတ်ဝိညာဉ်သွေး သုံးစက် ပိုင်ဆိုင်သွားခဲ့လေပြီ။ ရုတ်တရက် သူက မျက်လုံးဖွင့်လာ၏။
သူ မျက်လုံးဖွင့်လာသည့်အခါတွင် ရှေးဘိုးဘေးရုပ်တုထံမှ အားကောင်းလှသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်သည်။ ထိုခရမ်းရောင်အလင်း တောက်ပသည့်အခါ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ရုပ်တုကို ဖုံးလွှမ်းထားရာကနေ အလျင်အမြန် ကြုံ့၍ ရှေးဘုံကျောင်းအတွင်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်သည် ပုံမှန်အတိုင်း တဖြည်းဖြည်း ပြန်ဖြစ်လာကာ မည်သည့်ခရမ်းရောင် အရိပ်အမြွက်မျှ မကျန်တော့ပေ။ ရှေးဘိုးဘေးရုပ်တုက တည်ငြိမ်စွာ ရှိနေလျက် ကောင်းကင်ထက်သို့ အထင်သေး၊အမြင်သေးဟန်ဖြင့် ကြည့်နေတုန်းသာ။
အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားချိန်တွင် ရှေးရှီမှ လူတိုင်းသည် တုန်လှုပ်နေရာကနေ အသိပြန်ဝင်လာသည်။ သူတို့၏စိတ်ထဲ၌ လှိုင်းထန်နေသေးသော်လည်း အပြင်ပိုင်းတွင်မူ သူတို့ကိုယ်သူတို့ အတင်းအကြပ် တည်ငြိမ်စေလိုက်သည်။
ရှေးဘုံကျောင်းထံ ကျရောက်နေသော သူတို့၏အကြည့်ထဲ၌ မတူသော စိတ်ခံစားမှုများစွာပါဝင်နေ၏။ ယင်းတို့မှာ မနာလိုမှု၊ လေးစားမှု၊ အားကျမှု စသဖြင့် သူတို့ ခံစားမိနေကြသည်။
ရှေးဘုံကျောင်းအတွင်း၌ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူ့ရှေ့တွင် လွင့်မြောလျက် သူနှင့် ပြန်ထပ်သွားသည်။ သူ၏ သွေးခြောက်နေသော ခန္ဓာကိုယ်မှာ အသက်ဓာတ်များဖြင့် အလျင်အမြန် ပြည့်ဖြိုးလာတော့သည်။
တအောင့်အကြာတွင် သူ၏ခန္ဓာကိုယ်သည် အရိုးစုကဲ့သို့ အခြေအနေကနေ ပုံမှန်အနေအထားအတိုင်း ပြန်ရောက်သွားသည်။ သို့သော် သူ၏စွမ်းအားကမူ အရင်နှင့် သိသာလွန်းစွာ ကွာခြားသွားလေပြီ။
ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ၏မူလစိတ်ဝိညာဉ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားကြည့်သည်။ သူ၏ မူလစိတ်ဝိညာဉ်မှာ ခုခါ၌ အလွန်အမင်း အားကောင်းနေလေပြီ။ သူ့ နတ်ဘုရားအာရုံ ပျံ့နှံ့သည့်အခါ သူသည် ရှေးကလန်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်ရုံသာမက ကျယ်ပြောသော ပင်လယ်ထိပါ ခြုံလွှမ်းပစ်နိုင်သည်။
သူက လောကရှိ ဥပဒေသကို မြင်နိုင်၏။ သက်ရှိအားလုံး၏ လှုပ်ရှားမှုများကို ခံစားနိုင်သည်။ အချိန်စီးဆင်းမှုကို မြင်သည်။
သူ၏ မူလစိတ်ဝိညာဉ်သာ အစွမ်းထက်လာသည့် တစ်ခုတည်းသော အရာ မဟုတ်ပေ။ နဂိုသန်မာပြီးဖြစ်သော သူ့ခန္ဓာကိုယ်မှာလည်း ခုခါဆို သူ့အနေဖြင့် လက်သီးတချက်ဖြင့် ကောင်းကင်ကို ဖျက်စီးပစ်နိုင်သကဲ့သို့ ခံစားမိနေသည်။
“ခုချိန်မှာ မဟာအင်ပါယာကူးတောက်နဲ့ ယှဉ်ရင် ဘယ်လို ဖြစ်နိုင်မလဲ ငါ သိချင်မိတယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လျက် ရှေးဘုံကျောင်းအပြင်ဘက်သို့ လှမ်းလာသည်။
ဤသည်မှာ ဝမ်လင်းအနေဖြင့် နှစ်ပေါင်းတစ်ရာအတွင်း ရှေးဘုံကျောင်းအပင်သို့ ထွက်လာခဲ့တာ ဖြစ်သည်။ သူ ဘုံကျောင်းအပြင်သို့ ခြေချလိုက်သည့်အခါတွင် သူက တောက်ပသော နေမင်းနှင့် ကြည်လင်သော ကောင်းကင်ကို မြင်လိုက်ရသည်။ သို့သော် သူက သူ့ဆရာ၊ရွှမ်လောကိုမူ မတွေ့ပေ။
ဒုတိယမြောက် စိတ်ဝိညာဉ်သွေး ကျဆင်းလာသည့်အခါတွင် ရွှမ်လောသည် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။ သူသည် ဝမ်လင်းနှင့် မတွေ့တော့ဘဲ ရှေးတောက်သို့ တိတ်တဆိတ် ပြန်သွားသည်။
သူသည် ဝမ်လင်းကို ကာကွယ်ပေးဖို့ ရောက်လာခဲ့တာ ဖြစ်သည်။ အခု သည်ကိစ္စမှာ ပြီးသွားလေပြိ။ သူသည် သူတို့ တွေ့ဆုံရပါက ဝမ်လင်းကို မည်သို့ ပြောရမည်မှန်း မသိတော့ပေ။ ထို့ကြောင့် သူက ထွက်သွားခဲ့တာ ဖြစ်သည်။
ရွှမ်လော ပျောက်ကွယ်သွားသော အရပ်သို့ ကြည့်ကာ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
“ငါ မထွက်သွားခင်…ဆရာ့ကို သွားတွေ့ဖို့ လိုတယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ကောင်းကင်ဘုံနင်းချေခြင်းတံတားတွေ၊ လေးခုမြောက်တံတားကို ငါ ခြေချနိုင်မလား သိချင်မိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှေးကလန်မှာ ငါ့အချိန်ဟာ အဆုံးသပ်သွားပြီ။ ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟဖို့ နှစ်ပေါင်းသုံးရာလောက် လိုသေးတယ်။ ငါ ဒီအချိန်ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ မကုန်ဆုံးချင်ဘူး။ ငါ အိမ်ပြန်ချင်တယ်…”
“ငါ ဝမ်အာကို အိမ် ပြန်ခေါ်သွားမယ်…” ဝမ်လင်းက ကောင်းကင်ထက်မှ သူ့အကြည့်ကို ပြန်ရုတ်ကာ နန်းတော်ထံ လျှောက်လာသည်။
သူက ကျိတုကို အင်ပါယာဖြစ်လာသည့်အခါ၌ သူ မျက်မြင်ကိုယ်တွေ့ ရှိနေမည်ဟု ကတိပေးထားခဲ့ပေသည်။
ဝမ်လင်း၏ ပုံရိပ်သည် လူတိုင်း၏ အကြည့်အောက်တွင် ပေါ်လာ၏။ ဝမ်လင်းက ကျိတုကို ပြုံး၍ ကြည့်လိုက်သည်။
ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းဟာ တော်ထူးချွန်တဲ့ အင်ပါယာတစ်ယောက် ဖြစ်လာပြီ…”
ကျိတုက ဝမ်လင်းကို စိုက်ကြည့်၏။ သူက သူ့မွေးစားအဖေမှာ ထွက်ခွာသွားတော့မည်ဟု ခံစားမိနေသည်။
“အင်ပါယာကောင်းတစ်ယောက် ဖြစ်လာပါ။ မင်းရဲ့ လူတွေကို ကြီးကျယ်မှုဆီ ဦးဆောင်ခေါ်သွားပါ…” ဝမ်လင်းက သူ့လက်ကို လေဟာနယ်ထံ ဆန့်ထုတ်၏။ အင်ပါယာပလ္လင်ပေါ်မှ သရဖူသည် သူ့လက်ထဲသို့ ပျံသန်းလာသည်။
သူက လက်ဝေ့ယမ်းလိုက်၏။ သရဖူက ကျိတုထံ ပျံသန်းသွားသည်။၎င်းက ကျိတု၏ခေါင်းပေါ်သို့ ကျရောက်သွားသည်။ ခုခါ၌ ကျိတုသည် အင်ပါယာအစစ်အမှန် ဖြစ်လာခဲ့လေပြီ။
ပြုံး၍ ဝမ်လင်းက ပြန်လှည့်ကာ လေဟာနယ်ထံသို့ ခြေလှမ်းသည်။ သူက ရှေးရှီအင်ပါယာမြို့မှ ပျောက်ကွယ်သွား၏။ သည်နေရာရှိ လူတိုင်း၏အကြည့်မှ ပျောက်ကွယ်သွားသည်။ ကျိတု၏အကြည့်မှ ပျောက်ကွယ်သွားသည်။
“မွေးစားအဖေ…” ကျိတုက ဝမ်လင်း ထွက်သွားသော အရပ်သို့ ကြည့်ကာ လှမ်းအော်သည်။ သူသည် ခွဲခွာရသည့်အတွက် ဝမ်းနည်းမှုကို ခံစားမိသည်။ သူသည် သူ ရရှိခဲ့သော အရာအားလုံးမှာ ဝမ်လင်းကြောင့် ဖြစ်သည်ကို လုံးဝ မေ့နိုင်မည် မဟုတ်ပေ။
ဝမ်လင်း ထွက်ခွာသွားခဲ့လေပြီ။
သူသည် ရှေးရှီမှ ထွက်ခွာလာပြီးနောက် ကောင်းကင်ဘုံကလန်ရှိ ခုနစ်ရောင်စုံတာအိုကလန်ရှိရာသို့ လှမ်းကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ရှေးတောက်အင်ပါယာမြို့ထံ ဦးတည်လိုက်သည်။
ရှေးတောက်အင်ပါယာမြို့တွင် ရွှမ်လောမှလွဲ၍ မည်သူကမျှ ဝမ်လင်း ရောက်လာသည်ကို သတိမပြုမိကြပေ။ ရှေးတောက်ဘုံကျောင်း၏ တောင်အနောက်ဘက်တွင် ဝမ်လင်းက ရွှမ်လောကို သူ နေထိုင်ခဲ့သော အိမ်ထဲ၌ တွေ့မြင်သည်။
တပည့်နှင့်ဆရာသည် အချိန်အတန်ကြာ ငြိမ်သက်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။ ရွှမ်လောက ပြုံးလိုက်၏။
“မင်း ပြန်ရောက်လာပြီပဲ…”
“တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းသည် လွန်ခဲ့သောနှစ်နှစ်ရာက သည်အိမ်အတွင်း၌ နွေးထွေးမှုကို ရှာတွေ့ခဲ့၏။ သူက ကူးတောက်လောက် သန်မာသောသူ ဖြစ်နေပြီကိုပင် မေ့သွားလေသည်။ သူ့အမြင်၌ ရွှမ်လောမှာ သူ့ဆရာ၊ သူက တပည့်သာ ဖြစ်သည်။
ဝမ်လင်းသည် ရှေးတောက်ဘုံကျောင်း၏ တောင်အနက်ဘက်တွင် သုံးနှစ်တာ နေထိုင်ခဲ့သည်။
သည်သုံးနှစ်အတွင်း သူက သူ့တိုးတက်လာသော ခွန်အားကို ထိန်းချုပ်နိုင်ခဲ့လေသည်။ သူသည် ရွှမ်လောနှင့် အတူရှိပေးခဲ့သည်။ ရွှမ်လောကလည်း သူ၏ ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်ကို လက်လွှတ်ထားခဲ့၏။ သုံးနှစ်ကြာပြီးနောက် ရွှမ်လောက ဝမ်လင်း ထွက်သွားသည်ကို စောင့်ကြည့်နေသည်။
ရွှမ်လောက သူ့တပည့်ဖြစ်သူကို ကြည့်သည်။ သူက ဝမ်လင်း ထွက်သွားသည်နှ့် သူတို့ ပြန်တွေ့ရမည့်အချိန်မှာ ခုကစ၍ နောင်နှစ်ပေါင်းသုံးရာလောက်မှ ဖြစ်ကောင်းဖြစ်နိုင်သည်ကို သိသည်။
ဝမ်လင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီးနောက် သူသည် ကျယ်ပြောသော ပင်လယ်အနီးအနားတွင် ပေါ်လာသည်။ ထို့နောက် သူက တောင်တလုံးထံ ဦးတည်သွားသည်။ ခုခါ၌ သူ၏ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ် ဖြစ်နေလေပြီ။ သူက ကောင်းကင်ဘုံနင်းချေခြင်းတံတားများကို ထပ်မံ၍ ဖြတ်သန်းရန် ဆုံးဖြတ်ထားသည်။
သူ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် အချိန်မရွေး အတားအဆီးပိတ်ဆို့မှုကို ချိုးဖျက်ဖို့ ကြိုးစားနိုင်သည်။ သူသည် ကောင်းကင်ဘုံနင်းချေခြင်းကို တွေ့ကြုံဖို့ ပုံရိပ်ယောင်လောကသို့ သွားနိုင်ပေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ထိုတောင်ထံမှ မမြင်ရသော လှိုင်းဂယက်တစ်ခု ပျံ့နှံ့ကာ မဟာအင်ပါယာများသည်ပင် ခုခံရန် ခက်ခဲသော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်လင်းသည် သူ ရင်းနှီးသော ကောင်းကင်ဘုံနင်းချေခြင်းတံတားများ ရှေ့တွင် ပေါ်လာသည်။
သူ၏နောက်တွင်တော့ သူ ဖြတ်သန်းပြီးခဲ့သော တံတားသုံးစင်း ရှိသည်။
ခုလက်ရှိတွင် သူသည် လေးခုမြောက်တံတား ရှေ့တွင် ရပ်နေ၏။
အချိန်အတန်ကြာပြီးနောက် သူက သူ့အကြည့်ကို ကိုးစင်းမြောက်တံတားနောက်မှ ပုံရိပ်ယောင်မြင်ကွင်းထံကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် သူ့ရှေ့ရှိ လေးခုမြောက်တံတားကို ကြည့်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။