အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ နံပါတ်တစ်နှင့် တိုက်ခိုက်ခြင်း
Vol. 153 Ch. 2115
ဝမ်လင်းကိုယ်တိုင်မှလွဲ၍ မည်သူကမျှ သူ တံတားဘယ်နှစ်စင်း ဖြတ်သန်းခဲ့တာကို မသိကြပေ။ မဟာအင်ပါယာကူးတောက်သည်ပင် ၎င်းကို ရှင်းလင်းစွာ အာရုံခံနိုင်စွမ်း မရှိခဲ့ပေ။
သူက ဝမ်လင်း ကောင်းကင်ဘုံနင်းချေခြင်းတံတားများထံ ဝင်ရောက်သွားပြီး ငါးခုမြောက်တံတားထံ လျှောက်လှမ်းသွားခဲ့တာကို သိခဲ့၏။ ဝမ်လင်းသည် ခြောက်ခုမြောက် တံတားကို ဖြတ်နိုင်၊ မဖြစ်နိုင်ကို သူ မသိခဲ့ပေ။ အကြောင်းမှာ ငါးခုမြောက်တံတားက သူ၏ အကန့်အသတ် ဖြစ်သောကြောင့်ပင်။
သည်တောင်ပတ်လည်တွင် လှိုင်းဂယက်များ လပေါင်းများစွာ ကြာခဲ့၏။ ထိုလှိုင်းဂယက်များ လွင့်ပြယ်သွားချိန်တွင် ဝမ်လင်းသည် တည်ငြိမ်စွာ လှမ်းထွက်လာသည်။
သူသည် လွန်ခဲ့သောလအချို့နှင့် သိသာစွာ ကွာခြားသွားတာ မရှိခဲ့ပေ။ သို့သော် လူတစ်ယောက်က သူ့ကို သေချာကြည့်ပါက ဝမ်လင်းသည် သေမျိုးတစ်ယောက်နှင့် တူနေသည်ကို တွေ့ရလိမ့်မည်။ သူ့ထံမှ မည်သည့်ကျင့်ကြံမှုကိုမျှ မဖော်ပြနေချေ။
သူက ဝတ်ရုံဖြူကို ဝတ်ဆင်ကာ ကျယ်ပြောသော ပင်လယ်၏ ချိုင့်ဝှမ်းအပြင်ဘက်တွင် ရပ်နေ၏။ သူက ရှေးကလန်သို့ လှမ်းကြည့်သည်။ ထို့နောက် သူ တဖက်သို့ လှည့်လိုက်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ သည်ပင်လယ်၏ တခြားတဖက်ရှိ ကောင်းကင်ဘုံကလန်ထံ ဦးတည်လေသည်။
“အရူး…ငါ ရှေးမြို့ကို ပြန်လာပြီး မင်းကို ကယ်တင်ပေးမယ်လို့ ကျိန်ဆိုခဲ့တယ်။ မင်းသာ ထွက်ခွာဖို့ ဆန္ဒရှိရင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ဘယ်သူကမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး…”
“မင်းက ကောင်းကင်ဘုံအင်ပါယာ ဖြစ်လာဖို့ ရွေးချယ်ခဲ့ရင်လည်း ငါက မင်းကို အိပ်မောကျနေခြင်း မရှိတော့တဲ့ အစစ်အမှန် ကောင်းကင်ဘုံအင်ပါယာ ဖြစ်အောင် လုပ်ပေးမယ်…”
“ဒါ့အပြင်၊ စစ်ထု၊ ချင်းရွှေ၊ ဆယ့်သုံး၊ ခေါင်းကြီး၊ အနီရောင်လိပ်ပြာ။ မင်းတို့အားလုံးလည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ရှိနေကြတယ်။ မင်းတို့အားလုံးက ရှေးကလန်မှ မရှိမှတော့ ကောင်းကင်ဘုံကလန်မှာ ဖြစ်ရမယ်။ ဒီတကြိမ်တော့ ငါ မင်းတို့အားလုံးကို ကျိန်းသေပေါက် လာရှာမယ်…”
“ပြီးတော့ လီချန်မေ…” ဝမ်လင်းက စိတ်ရှုပ်ထွေးဟန် လှစ်ဟပေါ်၏။ သက်ပြင်းချကာ သူသည် အရင်ထက်ပိုမြန်စွာ လှုပ်ရှားကာ သည်ပင်လယ်ကို ဖြတ်သန်းလာသည်။
“အဆုံးသပ်မှာတော့ ငါဟာ ခုနစ်ရောင်စုံတာအိုကလန်ကို သွားမယ်။ ပြီးရင် လှိုဏ်ဂူလောက၊ ဟင်္သာပြဒါးဂြိုဟ်ကို ပြန်မယ်…။အဲ့နေရာဟာ ငါ့မွေးရပ်မြေပဲ…”
လမ်းတလျှောက်တွင် ဝမ်လင်းသည် လုံးဝ မရပ်ခဲ့ပေ။ သူ့အဖို့ သည်ပင်လယ်၏ အစွန်း၊ အဆုံးမရှိသော ပင်လယ်လှိုင်းလုံးနံရံကြီး ဖြစ်ပေါ်နေသော နေရာသို့ ရောက်လာရန် ရက်အနည်းငယ် အချိန်ယူခဲ့ရ၏။
ထိုမုန်တိုင်းမြည်ဟည်းသံကို အဝေးမှပင် ကြားရနိုင်၏။ နီးကပ်လာသည့်အခါ လူအများသည် နှစ်နှစ်ရာနီးပါး လည်ပတ်နေသော မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများကို မြင်ရလိမ့်မည် ဖြစ်သည်။ ထိုပင်လယ်လှိုင်းနံရံထံမှ မမြင်ရသောဖိအားတစ်ခုလည်း ပျံ့လွင့်နေ၏။
ဝမ်လင်းသည် နေရာတွင် ရပ်ကာ ထိုပင်လယ်တံတိုင်းကို ကြည့်၏။ တိုင်ကြီးကိုးလုံးကြောင့် ဖြစ်ပေါ်လာသော တံခါးကို ကြည့်သည်။ သူ၏မျက်လုံးက တောက်ပနေသည်။
သူက ထိုတံခါးသည် နှစ်ပေါင်းသုံးရာ အကြာတွင် ပွင့်လာမည်ကို သိသည်။ ထိုတံခါး ပွင့်သည်နှင့် သူသည် လီမူဝမ်ကို ခေါ်ကာ အတွင်းသို့ ဝင်ရောက်မည် ဖြစ်၏။ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို အသုံးပြုကာ သူသည် လီမူဝမ်ကို ပြန်အသက်သွင်းပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းကနေ သူမကို လွတ်မြောက်စေမည်။
“အဲ့နေရာမှာ ငါ အမှန်တရားကို ရှာတွေ့နိုင်တာလည်း ဖြစ်နိုင်တယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ပင်လယ်နံရံကို ဖြတ်သန်းရန် ဟန်ပြင်လိုက်သည်။ သို့ပေမည့် သူ ခြေကြွလိုက်စဉ် ရုတ်တရက် အပေါ်သို့ လှမ်းကြည့်သည်။
ကောင်းကင်က လုံးဝ နက်မှောင်နေ၏။ ကျယ်လောင်သော တုန်ဟည်းသံများကလည်း ဆက်တိုက်မြည်နေသည်။ အရာအားလုံးက တည်ငြိမ်နေကာ မည်သို့မျှ မှားယွင်းမှု ရှိမနေသည့်အလား။ သို့သော် ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ့ ထွက်ခွာမည့် အတွေးကို လက်လျှော့သည်။ သူသည် နေရာတွင် ရပ်နေလျက် တစုံတစ်ယောက်ကို စောင့်နေသည့်အလား ထင်ရသည်။
အသက်ဆယ်ရှိုက်စာလောက် ကြာပြီးနောက် ကောင်းကင်ထက်မှ အက်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အလွန်စူးရှလေရာ လှိုင်းသံတို့ကိုပင် ဖုံးလွှမ်းသွားသည်။ လောကသည် တုန်ယင်သွားပုံ ရသည်။
ကြီးမားသော အက်ကြောင်းတစ်ခုက ကောင်းကင်ထက်တွင် ရုတ်တရက် ပွင့်ဟလာသည်။ မြူများစွာက ၎င်းအက်ကြောင်းထဲမှ ထိုးထွက်ကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ တချိန်တည်းမှာ ယင်းမြူများထံမှ ပုံရိပ်တစ်ခု လှမ်းထွက်လာသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေလျက်ပင်။ သူက မြူများ ဖုံးလွှမ်းနေသော ကောင်းကင်ကို ကြည့်နေ၏။ ထိုမြူထဲမှ ပုံရိပ်ထွက်ပေါ်လာသည်ကို တွေ့သည့်အခါ သူက စကားဆိုသည်။ “ကူးတောက်…”
မြူအတွင်းရှိ ပုံရိပ်သည် တဖြည်းဖြည်း လှမ်းလျှောက်လာသည်။ သို့သော် သူ့ကို မြူတို့က ဖုံးနေလျက်ပင်။ ထိုသူက ပြောလိုက်သည်။ “ဝမ်လင်း…”
ထိုမြင်ကွင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေအတွက် အလွန်အရေးကြီးသော အဓိပ္ပာယ်ရှိပေ၏။ ဤသည်မှာ သည်ကုန်းမြေ၏ အသန်မာဆုံးသူနှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်းပင်။
သူတို့နှစ်ယောက်သည် ကောင်းကင်ဘုံနင်းချေခြင်းအဆင့်သို့ ခြေလှမ်းတဝက်နင်းထားသော သူများသာ ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့က အကြည့်ချင်း ဆုံသည်။
အတိတ်တုန်းက သူတို့ ကူးတောက်တောင်ပေါ်တွင် တွေ့ခဲ့ချိန်က ကျင့်ကြံမှုအဆင့် ကွာဟချက်ကြောင့် ခုခါနှင့် ယှဉ်၍ မရလေပေ။
မြူအတွင်းရှိ ပုံရိပ်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသ”ငါ လာနေတာကို မင်း သိထားပြီး ဖြစ်မှာပဲ…”
ဝမ်လင်းသည် နေရာတွင် တည်ငြိမ်စွာ ရပ်နေ၏။ သူ၏ ဝတ်ရုံက လေထဲတွင် ကခုန်နေသည်။ သူက ခေါင်းညိတ်လိုက်သည်။
မြူအတွင်းရှိ ကူးတောက်က အချိန်အတန်ကြာ စဉ်းစားနေပြီးနောက်မှ သက်ပြင်းချကာ စကားထပ်ဆိုလာသည်။ “မင်း ကောင်းကင်ဘုံနင်းချေခြင်းတံတားတွေကို ဒုတိယအကြိမ် ဖြတ်သန်းတုန်းက တံတားဘယ်နှစ်စင်း ဖြတ်ကျော်ပြီးခဲ့လဲ…”
“ဒါက အရေးမကြီးဘူး။ ခု အရေးကြီးတာက သင် ဘာကြောင့် လာခဲ့တာလဲ…”
ဝမ်လင်းက ပြုံး၏။ သူ၏အမူအရာသည် အတော့်ကို တည်ငြိမ်နေသည်။
“မြူအတွင်း၌ ကူးတောက်က ကြမ်းရှရှလေသံဖြင့် ပြောလာ၏။ မင်း ရှေးဘိုးဘေးရဲ့ မျိုးဆက်၊ယဲ့တောက်ကို သတ်နိုင်တယ်။ မင်း အင်ပါယာအသစ်အဖြစ် ညွှန်းဆိုချင်တဲ့သူကို ညွှန်းဆိုနိုင်တယ်။ ရှေးကလန်ထဲမှာ မင်း ကြိုက်တာ လုပ်နိုင်တယ်။ ဒါပေမဲ့ မင်း ရှေးကလန်ကနေ ထွက်သွားလို့ မရဘူး…”
“ကျုပ်က ရှေးကလန်က မထွက်သွားနိုင်ဘူးလား…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။
“ငါ မင်းကို တားနိုင်သ၍ မင်း မထွက်သွားနိုင်ဘူး…” မြူအတွင်းမှ ရှေးကျသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ငါ မင်းကို အကြာကြီး မတားပါဘူး။ နှစ်သုံးရာပဲ။ မင်း ရှေးကလန်မှာ နှစ်သုံးရာပဲ နေဖို့ လိုတယ်။ ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟလာတာနဲ့ မင်း ဆန္ဒရှိသလို လုပ်နိုင်ပြီ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကျုပ်ကို ရှင်းပြချက် ပေးပါ…”
ကူးတောက်၏အသံက သုန်မှုန်လာသည်။ “ဘာ ရှင်းပြချက်မှ မရှိဘူး။ ငါ မင်းကို သွားခွင့်မပြုတာ။ မင်း နေရမယ်။ ဒါမှမဟုတ် ငါ့ကို အနိုင်ယူပါ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ မြူအတွင်းရှိ ပုံရိပ်ကို လှမ်းကြည့်သည်။
“ကူးတောက်တောင်ပေါ်မှာတုန်းက ကျုပ်က သင့်ရဲ့ ဖိအားကို အသုံးပြုပြီး ကျုပ်ရဲ့ ကောင်းကင်ဘုံနဲ့ရှေးစွမ်းအားကို ပေါင်းစည်းနိုင်ခဲ့တယ်။ ဒါက ပထမတချက်…”
“ရှေးတောက်အင်ပါယာမြို့မှာတုန်းက ကျုပ်က တောက်ရီကို သတ်ခဲ့တယ်။ အဲ့အချိန်တုန်းက ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို သင်သာ လှုပ်ရှားလာခဲ့ရင် အနိုင်ရဖို့ ယုံကြည်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ သင် နှုတ်ဆိတ်နေပေးခဲ့တယ်။ ဒါက ဒုတိယတချက်…”
“ရှေးရှီမှာ ကျိတု အင်ပါယာ ဖြစ်လာတဲ့အခါမှာ သင်က ကျုပ်ကို မတားခဲ့ဘူး။ ဒါက တတိယအချက်…”
“ကျုပ်ဘဝမှာ တခြားသူတွေရဲ့ ကျုပ်အပေါ် ကောင်းကွက်ကို အမြဲ ပြန်ပေးဆပ်တတ်တယ်။ သင် ကျုပ်ကို သုံးကြိမ်တိုင် ကူညီပေးခဲ့တဲ့အတွက် ဘာရှင်းပြချက်မှ မရှိဘဲ နှစ်ပေါင်းတစ်ရာ ရှေးကလန်မှာ နေပေးနိုင်တယ်။ ဒါပေမဲ့ ကျန်တဲ့နှစ်နှစ်မှာတော့ ကျုပ် ထွက်သွားမယ်…” ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။
မြူအတွင်းရှိ ပုံရိပ်သည် အချိန်အတန်ကြာ စဉ်းစားနေ၏။ ထို့နောက် မြူထဲမှ သူ့အသံ ထွက်ပေါ်လာသည်။
“နှစ်ပေါင်းတစ်ရာက မလုံလောက်ဘူး။ မင်း ထာဝရနတ်ဘုရားနယ်မြေ ပွင့်လာတဲ့အထိ နေပေးရမယ်။ ဝမ်လင်း…ငါ မင်းနဲ့ မတိုက်ခိုက်ချင်ဘူး။ ဒီအဘိုးအိုက တစုံတယောက်နဲ့ မတိုက်ခိုက်ခဲ့တာ အချိန်ကြာလွန်းခဲ့ပြီ…”
“ငါက မင်းကို နှစ်ပေါင်းသုံးရာ နေစေချင်ရုံပဲ။ ပြီးရင် မင်း ထွက်သွားနိုင်တယ်။ ဒီအတွက် ငါ မင်းကို လက်ဆောင်တစ်ခုပါ ပေးလိုက်နိုင်သေးတယ်…”
ဝမ်လင်းသည်လည်း ကူးတောက်နှင့် မတိုက်ခိုက်ချင်ပေ။ သူတို့၏ ဆက်ဆံရေးက ရှုပ်၏။ ဝမ်လင်းသည် ကူးတောက်သာ သူ့ကို ညှိုနှိုင်းခြင်းမရှိဘဲ နေစေခြင်းကြောင့်သာ မဟုတ်ပါက ကူးတောက်နှင့် တိုက်ခိုက်ရန် သူ့ထံ၌ အကြောင်းပြချက် ရှိမနေပေ။
ဝမ်လင်းက ရုတ်တရက် မေးလိုက်၏။ “ကျုပ် တစ်ခု မေးချင်တယ်။ သင့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို သင်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်လုံးကို လွယ်လွယ် သိမ်းပိုက်နိုင်တယ်။ ဒါကို ဘာကြောင့်များ ကောင်းကင်ဘုံကလန်ကို တည်ရှိခွင့် ဆက်ပေးထားခဲ့တာလဲ…”
မြူအတွင်းရှိ ကူးတောက်သည် အချိန်အကြာကြီး စဉ်းစားနေ၏။ ဤသည်မှာ ရှေးကလန်မှ လူများ၏ စိတ်ထဲ၌ ရှိနေသော မေးခွန်း၊ ကောင်းကင်ဘုံကလန်မှ လူများ၏ စိတ်ထဲ၌ ရှိနေသော မေးခွန်းလည်း ဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်သည့်အချိန်အတွင်း မည်သူကမျှ ထိုအဖြေကို မသိကြပေ။ မည်သူကမျှကလည်း ကူးတောက်ကို မမေးဝံ့ကြပေ။
အချိန်အတန်ကြာပြီးနောက် ကူးတောက်၏ စိတ်ရှုပ်ထွေးနေသော အသံက မြူထဲမှ ထွက်ပေါ်လာသည်။ “ငါ ရှေးဘိုးဘေးရှိက ရခဲ့တဲ့ ကောင်းချီးပေးမှုက မင်းနဲ့မတူဘူး…”
ဝမ်လင်းသည် မြူထဲရှိ ကူးတောက်ကို ကြည့်နေလျက် သူ စဉ်းစားနေ၏။ သူက တခုခုကို သဘောပေါက်သွားပုံ ရသည်။
“တော်လောက်ပြီ။ ဝမ်လင်း မင်း ငါ့ကို အနိုင်ယူမလား၊ ဒါမှမဟုတ် နေမှာလား…။ တတိယရွေးချယ်မှု မရှိဘူး…” ကူးတောက်ပတ်လည်ရှိ မြူသည် စတင်လှည့်ပတ်လာသည်။ ကျယ်လောင်စွာ မြည်ဟိန်းသံတို့သည် ပင်လယ်လှိုင်းသံနှင့် ပေါင်းစပ်သည်။ ထိုအသံက သူ၏အသံနှင့် ပေါင်းစည်းသွားပုံရကာ ပြင်းထန်သောဖိအားတစ်ခုကို ဖြစ်တည်လာစေသည်။
“သင် တိုက်ခိုက်ချင်မှတော့ တိုက်ခိုက်ကြတာပေါ့…” ဝမ်လင်းက အပေါ်သို့ မော့ကြည့်၏။ သူ့မျက်လုံးတို့မှာ အရောင်တောက်နေသည်။ ရှောင်လွဲ၍မရမှတော့ သူသည်လည်း သူတို့နှစ်ယောက်၌ မည်သူက အသန်မာဆုံးဖြစ်သည်ကို သိချင်မိပေသည်။
သည်တိုက်ပွဲက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာမည့် တိုက်ပွဲပင်။ ဤသည်မှာ ထိပ်ဆုံးရှိ နှစ်ယောက်ကြားမှ တိုက်ပွဲပင်။
ကူးတောက်၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ အစွမ်းထက်ဆုံးသူ။ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ကောင်းကင်ဘုံနင်းချေခြင်းတံတားများပေါ် ခြေလှမ်းနိုင်ခဲ့သူ။ သူကား ခြောက်ခုမြောက်တံတားတွင် တစ်ခဲ့သော်လည်း သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ ထူးကဲလှသည်။ သူသည် မဟာအင်ပါယာများကိုပါ သတ်နိုင်ခဲ့သော တစ်ဦးတည်းသောသူလည်း ဟုတ်သည်။
ဝမ်လင်းကမူ ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားတို့ကို ပေါင်းစည်းထားခဲ့သူ ဖြစ်၏။ သူ၏ကျင့်ကြံမှုအဆင့်က ပြီးပြည့်စုံခြင်းသို့ မရောက်သေးသော်ငြားလည်း သူ့ပြီးပြည့်စုံသော အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုဖြင့်ပင် သူသည် ကောင်းကင်ဘုံနင်းချေခြင်းသို့ ခြေလှမ်းတဝက် လှမ်းနိုင်ခဲ့ပေသည်။ သူ၏ ဆန်းကြယ်အနှစ်သာရများပါ ပြီးပြည့်စုံသည့်အခါတွက်မူ သူ၏ ကျင့်ကြံမှုအဆင့်က မည်သို့သောအဆင့်သို့ ရောက်မည်ကို သူ ကိုယ်တိုင်ပင် မသိသေးပေ။
ထို့အပြင် သူ့ထံ၌ လေဟာနယ်တွင်းတွင် ကိုယ်ပွားတစ်ခု ရှိသေး၏။ ၎င်းကိုယ်ပွားမှာလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့တာ ကြာပြီ ဖြစ်၏။ ဝမ်လင်းကသာ ၎င်းနှင့် ပေါင်းစည်းလိုက်ပါက သူသည် ကြောက်မက်ဖွယ်စွမ်းအားကို ပေါက်ကွဲစေနိုင်မည်ပင်။
မြူသည် ကူးတောက်ပတ်လည်တွင် လှည့်ပတ်နေလျက် ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟိန်းနေ၏။ မဟာအင်ပါယာကူးတောက်က ခြေလှမ်းလိုက်သည်။ သူ့ပတ်လည်ရှိ မြူတို့က ဟိန်းမြည်ကာ ဧရာမမြူသားရဲအဖြစ်သို့ ရောက်ရှိလာ၏။ ၎င်း၏ ဟိန်းသံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။
မြူသားရဲက ထူးခြားပုံပေါ်ကာ ၎င်းတွင် ခေါင်းကိုးလုံး ရှိသည်။ ၎င်းသည် ဝမ်လင်း ရှေးဟောင်းနတ်ဘုရားကုန်းမြေ၌ အတိတ်တုန်းက မြင်ခဲ့ဖူးသော ကျိချောင်သားရဲနှင့် အတော်လေး ဆင်တူ၏။
၎င်း၏ခေါင်းကိုးလုံးက ဟိန်းသံပေးကာ ကြမ်းကြုတ်သောဟန်ပန် ထုတ်ဖော်သည်။ သို့သော် တချိန်တည်းမှာ ၎င်းထံမှ ရှေးကျသော အော်ရာတစ်ခုကို ပေးစွမ်းလာ၏။ မြူသားရဲသည် စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ကာ နှစ်ပေါင်းမရေမတွက်နိုင်စွာ တည်ရှိခဲ့သော ဖြစ်တည်မှုတစ်ခုအလား။
မြူသားရဲအတွင်း၌ မဟာအင်ပါယာကူးတောက်က ရှေ့သို့ လက်ညွှန်လိုက်၏။ သည်လက်ညွှန်ချက်က မြူတို့ဖြင့် ပြည့်ဖုံးသည်။
ဝမ်လင်းရှေ့ရှိ လောကတခုလုံးမျာ ရုတ်တရက် ပြောင်းလဲသွား၏။ ကောင်းကင်သည် မရေမတွက်နိုင်သော အစင်းကြောင်းများနှင့် ပြည့်ဖုံးလာ၏။ မြေပြင်လည်း အလားတူပင်။ လောကတစ်ခုလုံးကို ဥပဒေသက ခြုံလွှမ်းလာသည်။
ထိုသိသာသော ဥပဒေသအစင်းကြောင်းများသည် ထိန်းချုပ်ခံရဟန်တူကာ ဝမ်လင်းထံ အရှိန်ဟုန်နှင့် စတင်တိုးဝင်လာသည်။ ဒြပ်စင်ငါးခုဖြင့် ပြုလုပ်ထားသော မန္တာန်များ၊ လျှပ်စီးများက ရုတ်တရက် ပေါ်လာကာ ဝမ်လင်းကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်လာသည်။
ယင်းတို့ နီးကပ်လာကြစဉ် မရေမတွက်နိုင်သော မန္တာန်များက ဧရာမလက်ချောင်းတစ်ခုအဖြစ်သို့ သိပ်သည်းလေ၏။ ထိုလက်ချောင်းက မရေမတွက်နိုင်သော မန္တာန်များနှင့် ဥပဒေသများဖြင့် ဖွဲ့စည်းထားခြင်းတည်း။ ယင်းပုံရိပ်ယောင်လက်ချောင်းတွင် အဖျက်အစီးစွမ်းအားတစ်ခု ပါဝင်ကာ ၎င်းသည် ဝမ်လင်း၏ နဖူးထံ ညွှန်လာလေ၏။