← Chapters

မြူလွှာကို ဖယ်ရှားခြင်း

Vol. 153 Ch. 2116

မြူလွှာကို ဖယ်ရှားခြင်း

Vol. 153 Ch. 2116

မဟာအင်ပါယာကူးတောက်၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်။

သူ၏ ကျင့်ကြံမှုက ဆန်းကြယ်သည်။ သူသည် မတိုက်ခိုက်ခဲ့တာ နှစ်ပေါင်းမရေနိုင်တော့ပေ။ အခု သူ၏ လက်ညွှန်ချက်တစ်ချက်ဖြင့် လောကသည် အရောင်များ ပြောင်းလာကာ ကောင်းကင်သည် ပြိုပျက်မည့် လက္ခဏာများ ပြသလာ၏။ ပင်လယ်နံရံသည်ပင် တွန်းထုတ်ခံရလေ၏။

ဝမ်လင်း၏ ဆံပင်ဖြူတို့မှာ လွင့်ဝဲနေ၏။ ကူးတောက်၏ ပုံရိပ်ယောင်လက်ချောင်းတွင် လေ၊မိုးနှင့်မိုးကြိုး စွမ်းအားတို့ ပါဝင်သည်။ မိုးကြိုးသည် မြည်ဟိန်းလျက် လျှပ်စီးတို့က လက်ချောင်းတလျှောက် လျှမ်းလျှမ်းတောက် လင်းလက်ဖြာသည်။ တိမ်များ ထိတိုက်ကာ ကျယ်လောင်စွာ တုန်ဟည်းသံတို့ကို ဖန်တီးသည်။ မရေမတွက်နိုင်သော မိုးစက်မိုးပေါက်တို့ကို ဖြစ်ပေါ်လာစေသည်။ သည်လက်ချောင်းတွင် ဗရမ်းဗတာတို့ ပြည့်နေ၏။

လေ၊မိုးကြိုးနှင့်မိုး စွမ်းအားအတွင်း၌ ဒြပ်စင်ငါးခု၏ စွမ်းအား ပေါ်လာသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့်မြေကြီး ယင်းတို့မှာ ဝမ်လင်း၏ ဒြပ်စင်ငါးခုအနှစ်သာရများထက် အားမနည်းပေ။

သည့်အတွက် အနှီလက်ချောင်းမှာ ကောင်းကင်နှင့်မြေကြီးထံမှ ကံကောင်းခြင်းကို လုယူထားပုံရကာ မဟာအင်ပါယာတစ်ယောက်ကို သတ်ပစ်ဖို့ပင် လုံလောက်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက ကူးတောက်၏စွမ်းအားအတွက် ကြိုပြင်ဆင်ထားခဲ့ပြီးပင်။ သည်သာမန်ကာလျှံကာ လက်ချောင်းက မဟာအင်ပါယာတစ်ယောက်ကို သတ်ပစ်ဖို့ လုံလောက်နေ၏။ သို့သော် သူသည် အံ့အားမသင့်သွားပေ။

“ ကူးတောက်…”  ဝမ်လင်းက သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲ ဖြစ်၏။ သူ၏ဆံပင်တို့မှာ လွင့်ဝဲနေ၏။ သူ့ထံမှ ပြောပြ၍မရသော ဟန်ပန်အငွေ့အသက်ကို ပေးစွမ်းနေသည်။ သူသည် မလှုပ်ရှားသေးပေ။ ထိုလက်ချောင်း ကျဆင်းလာချိန်တွင် သူက ညာလက်ကို ပင့်မြှောက်ကာ ရုတ်ချည်း လက်ညွှန်လိုက်သည်။

သူ၏ လှုပ်ရှားမှုမှာလည်း သာမန်ဆန်လှသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သည်မြင်ကွင်းသည် တခုခုမှားနေသလိုပင် ထင်ရလိမ့်မည်။ ကူးတောက်၏ ပုံရိပ်ယောင်လက်ချောင်းက ကြီးမားလွန်းကာ ဝမ်လင်း၏ ခန္ဓာကိုယ်ကို တစစီ ဖြစ်စေမည့်အလား။ ဝမ်လင်း၏လက်ချောင်းကမူ နှိုင်းယှဉ်ပါက သေးငယ်လွန်းနေချေ၏။

သို့သော် သူ လက်ညွှန်လိုက်ချိန်တွင် ဥပဒေသ၏ အစင်းအကြောင်းများစွာ တုန်ခါသွား၏။ အပြင်လူများက ဤသည်ကို မြင်နိုင်မည် မဟုတ်ပေ။ သို့သော် ကူးတောက်ကမူ ရှင်းလင်းစွာ ခံစားမိသည်။

မရေမတွက်နိုင်သော အစင်းကြောင်းများ တုန်ခါ ပျက်စီး၏။ ထိုအခိုက်တွင် လောက၌ မည်သည့်ဥပဒေသမှ ရှိမနေလေတော့ပါ။ ဤသည်က ဒီဝန်းကျင်ဧရိယာကို ဥပဒေသမရှိသော ဟင်းလင်းပြင်တစ်ခု ဖြစ်သွားစေသည်။

ထိုလက်ညွှန်ချက်က ကူးတောက်၏ ပုံရိပ်ယောင်လက်ချောင်းနှင့် ထိပ်တိုက်တွေ့ချိန်တွင် လောကတခွင် ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်လေ၏။ ဤသည်မှာ ပင်လယ်ကို လွှမ်း၊  အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည့်ထိ ကျယ်လောင်လှသည်။

ဝမ်လင်းက ခပ်အုပ်အုပ် ငြီးငြူလိုက်ရပြိး နောက်သို့ ခြေသုံးလှမ်းဆုတ်သွားရသည်။ သူက မော့ကြည့်လိုက်၏။ ကူးတောက်၏ ပုံရိပ်ယောင်လက်ချောင်းသည် တဒင်္ဂ တန့်သွားကာ ထို့နောက်တွင် ၎င်းကို ဖြတ်၍ အနက်ရောင်အခိုးငွေ့အမျှင်တန်းတစ်ခု စီးဆင်းသည်။ ထိုလက်ချောင်းသည်လည်း တစစီ ဖြစ်သွားကာ ၎င်းအတွင်းရှိ မန္တာန်အားလုံးမှာ ပျက်စီးသွားတော့သည်။

ထိုပုံရိပ်ယောင်လက်ချောင်းက တစစီ ဖြစ်သွားသည့်နောက် ဦးခေါင်းကိုးလုံးမြူသားရဲလည်း နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။

သူတို့၏ ဦးဆုံးတိုက်ခိုက်မှုမှာ သရေ ကျသွားလေ၏။

ကူးတောက် နောက်ဆုတ်သွားစဉ် ဝမ်လင်းက မော့ကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသည်။ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏ မူလစိတ်ဝိညာဉ်သည် စတင် အသက်ဝင်လာသည်။ သူ့ညာလက်ပတ်လည်တွင် အစိမ်းရောင်အခိုးငွေ့များစွာ ပေါ်လာပြီး သူ့လက်ငါးချောင်း ပတ်လည်တွင် အစိမ်းရောင်အခိုးငွေ့စက်ဝန်းများအဖြစ်သို့ ခပ်မြန်မြန် ပြောင်းသွားသည်။

အဆုံးစွန်အပူဓာတ်သည် ရုတ်တရက် ဝမ်လင်း၏ ညာလက်ထံမှ ပျံ့လာ၏။

“အဆုံးစွန်ရှစ်ပါးတာအို…”  ခေါင်းကိုးလုံး မြူသားရဲအတွင်းရှိ ကူးတောက်၏အကြည့်က ကျဉ်းမြောင်းသွားသည်။

“အဆုံးစွန်ရေတာအို…”

“အဆုံးစွန်သတ္တုတာအို…”

“အဆုံးစွန်သစ်သားတာအို…”

“အဆုံးစွန်မြေတာအို…”   သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေ စွမ်းအားများသည် ဝမ်လင်း၏ ညာလက်ပတ်လည်တွင် ပေါ်လာပြီး ကောင်းကင်ဘုံဘိုးဘေး၏ အဆုံးစွန်ရှစ်ပါးတာအိုအဖြစ်သို့ ပြောင်းလဲသည်။

ဝမ်လင်းသည် အဆုံးစွန်ရှစ်ပါးတာအို အကုန်လုံးကို မသင်ယူဖူးသော်လည်း ကောင်းကင်ဘုံနင်းချေခြင်းသို့ ခြေလှမ်းတဝက် နင်းထားပြီးခြင်းက သူ့အား ကောင်းကင်ဘုံဘိုးဘေး၏ ကျင့်ကြံမှုအဆင့်နှင့် သိပ်အလှမ်းမဟစေတော့ပေ။ သို့အတွက် သူ အဆုံးစွန်ရှစ်ပါးကို အသုံးပြုသည့်အခါ ကောင်းကင်ဘုံဘိုးဘေးနှင့် အလားသဏ္ဌာန်တူသော အဆင့်သို့ ရောက်လာနိုင်သည်။

မရေမတွက်နိုင်သော အခိုးအငွေ့စက်ဝန်းတို့ ဝမ်လင်းရှေ့တွင် ပေါ်လာ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်၏။ ထိုအခါ ယင်းစက်ဝန်းတို့သည် ခေါင်းကိုးလုံးမြူသားရဲထံသို့ ပျံသန်းသွားသည်။

ထိုအဆုံးစွန်ငါးပါးတာအိုဖြင့် ၎င်းတိုက်ခိုက်မှုကို ကောင်းကင်ဖျက်စီးနိုင်သည့် မန္တာန်ဟု ယူဆ၍ မရနိုင်သေးပေ။  ဝမ်လင်းသည် ကောင်းကင်ဘုံနင်းချေခြင်းတံတားများထံ ဒုတိယအကြိမ် ဖြတ်သန်းခဲ့စဉ်တွင် သူသည် ငါးခုမြောက်တံတားကို ဖြတ်ခဲ့ချိန်က မြန်လွန်းလှပုံ ပေါ်သော်လည်း သူ့အတွက်မူ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်သလို ခံစားမိ၏။ သူသည် ကျန်အဆုံးစွန်တာအိုသုံးခုနှင့် ပတ်သတ်၍ သူ့ကိုယ်ပိုင် အသိအမြင်ကိုလည်း ထိုစဉ်က နားလည် ဆင်ခြင်နိုင်ခဲ့ပေ၏။

“အဆုံးစွန်ကုန်းမြေတာအို…”  ဝမ်လင်းသည် သားရဲမြူထံ လျှောက်လာနေစဉ် သူက မျိုးဆက်၏ မဟာဆရာသခင်တစ်ယောက်ကဲ့သို့ တည်ငြိမ်နေသည်။ သူ့ညာလက်ဖြင့် အောက်ဘက်ရှိ ကုန်းမြေတစ်ခုသို့ လက်သီးတချက် ပစ်သွင်းသည်။ အောက်ဘက်မှ ပင်လယ်ချိုင့်ဝှမ်းသည် ရုတ်တရက် တုန်ခါသည်။ ထို့နောက် ကုန်းမြေထု အော်ရာက ထိုးထွက်လာသည်။ ၎င်းက မရဏအော်ရာနှင့် ပြည့်နေသည်။ ဖုန်မှုန့်တို့ဖြင့် ပြည့်နေသည်။ ဤသည်မှာ ဒီကျယ်ပြောသော ပင်လယ်တွင် သေဆုံးခဲ့သော သက်ရှိဖြစ်တည်မှုအားလုံးကနေ ဖြစ်ပေါ်လာခြင်းပင်။

ထိုကုန်းမြေအော်ရာက လောကတွင် ပြည့်နှက်နေပြီး ဧရာမမီးခိုးရောင်စဉ်စက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ ရောင်စဉ်စက်ဝန်းတစ်ခုသာ ရှိသေး၏။ ၎င်းသည် ရှေ့သို့ ထိုးထွက်လာကာ တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းနေရင်း ကြုံ့လာသည်။

မြူအတွင်း၌ ကူးတောက်၏ မျက်လုံးသူငယ်အိမ် ကြုံ့သွားသည်။ သည်တိုက်ခိုက်မှုက ဝမ်လင်း၏ ခုလက်ရှိ စွမ်းအားကို ရှင်းလင်းစေကာ သူ့အား အလေးအနက် ဖြစ်လာစေသည်။

“သူ တံတားဘယ်နှစ်စင်းကို  ဖြတ်သန်းနိုင်ခဲ့တာလဲ…”  ကူးတောက်၏ မျက်လုံးက အရောင်တောက်သွားသည်။ တုံ့နှေးမနေဘဲ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ခေါင်းကိုးလုံးမြူသားရဲက ရုတ်တရက် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော လှိုင်းဂယက်များ ပျံ့လွင့်လာကာ မတူညီသောအလင်းများသည် ခေါင်းကိုးလုံးထံမှ ထွက်ပေါ်လာသည်။

“အဆုံးစွန်ကောင်းကင်တာအို…”  ဝမ်လင်းက တည်ငြိမ်စွာ ဆိုကာ ရှေ့သို့ လှမ်း၏။ သူ့ညာလက်ကိုလည်း ညွှန်၏။

နက်မှောင်သော ကောင်းကင်သည်လည်း ပျက်စီးတော့မည့်ကဲ့သို့ ရှိလာသည်။ သို့သော် ထို့နောက်တွင် အလင်း တောက်ပ၏။ ဝမ်လင်း၏ လက်ညွှန်ချက်က လက်ဝါးအဖြစ်သို့ ပြောင်းသွားသည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ လက်ဆန့်ထုတ်ကာ ကောင်းကင်ထက်ရှိ အလင်းအားလုံးကို ဖမ်းဆုပ်ကိုင်လိုက်သည့်အလား။ နက်မှောင်သော ကောင်းကင်က မှိန်ဖျော့သွား၏။ အလင်းအားလုံးသည် နေမင်းကဲ့သို့ ရောင်စဉ်စက်ဝန်းအဖြစ်သို့ သိပ်သည်းသည်။ ထို့နောက် ၎င်းက ခေါင်းကိုးလုံး မြူသားရဲပေါ်သို့ သက်ဆင်းလာသည်။

ဝမ်လင်း ခု ပိုင်ဆိုင်ထားသည့် အဆုံးစွန်ရှစ်ပါးတားအိုသည် နောက်ဆုံးဖြစ်သည့် အဆုံးစွန်တာအိုကလွဲ၍ ပြီးပြည့်စုံနေလေပြီ။ ယင်းတိုက်ခိုက်မှုက မြူသားရဲထံ အလျင်အမြန် နီးကပ်လာသည်။

ခေါင်းကိုးလုံး မြူသားရဲက မာန်သွင်းအော်ဟစ်လိုက်၏။ ကိုးရောင်စုံအလင်းတစ်ခု လင်းလက်သွားကာ ကိုးရောင်စုံသက်တံ ဖြစ်ပေါ်လာသည်။ ထိုသက်တံက ပြန့်ကြဲကာ ဝမ်လင်း၏ အဆုံးစွန်ရှစ်ပါးတာအိုကို ခုခံသည်။

တအောင့်အကြာတွင် မြူအတွင်းမှ ကူးတောက်က လက်နှစ်ဖက်ကို ဖြန့်ကားလိုက်လေ၏။ မြူလုံးရာချီသည် ထိုသားရဲ၏ ခေါင်းကိုးလုံးထံမှ ပျံသန်းထွက်လာသည်။

ထိုမြူလုံးများ ပေါ်လာသည့်အခါ ယင်းတို့သည် ရုတ်ချည်း ထောင်ချီအဖြစ်သို့ ခွဲထွက်သွားသည်။ ယင်းတို့သည် မြူသားရဲ ဘေးတွင် လွင့်မြောကာ ဝမ်လင်း၏ အဆုံးစွန်ရှစ်ပါးတာအို တိုက်ခိုက်မှုကို ကိုးရောင်စုံသက်တံနှင့်အတူ ခုခံသည်။

ထိုအခါ ကျယ်လောင်စွာ တုန်ဟည်းသံများသည် ကောင်းကင်တစစီ ဖြစ်သွားစေသည့်အလား။ အဆုံးစွန်ရှစ်ပါးတာအို၏ ဒြပ်စင်ငါးခုသည် တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။ သို့သော် အဆုံးစွန်ကောင်းကင်နှင့်ကုန်းမြေတာအိုတို့ကမူ ထွင်းဖောက်ကာ မြူသားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

မြူသားရဲသည် ကြမ်းကြုတ်စွာ ဟိန်းသံပြု၏။ ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားလေ၏။ ဝမ်လင်းက ၎င်းဘေးတွင် ပေါ်လာသည်။ သူက အဆုံးစွန်ရှစ်ပါးကို အသုံးပြုပြီးနောက် သူ၏ အမြန်နှုန်းမန္တာန်ပညာရပ်ကို ချက်ခြင်း ထုတ်သုံးလာသည်။ သူ့အမြန်နှုန်းက အထွတ်အထိပ်သို့ ရောက်ကာ သူသည် ခြေတလှမ်းဖြင့် ပျောက်ကွယ်သွားလေ၏။

ထိုအခိုက်တွင် သူသည် အသံတစ်စက်မျှ မထွက်ဘဲ ပြန်ပေါ်လာကာ ညာလက်သီးချက် ပစ်သွင်းလိုက်၏။ ဧရာမလက်သီးချက်က မြူသားရဲ၏ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။ ဝမ်လင်းက ရလဒ်ကို ကြည့်မနေဘဲ သူ ထပ်မံ ပျောက်ကွယ်သွား၏။ သည်တကြိမ်တွင် သူက မြူအတွင်းရှိ ကူးတောက်၏ နောက်တွင် ပြန်ပေါ်လာကာ လက်သီးချက်ကို ပစ်သွင်းလာသည်။

သူ၏လက်သီးချက် ကျရောက်လာခိုက်တွင် ကူးတောက်က ရုတ်တရက် လှည့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ဝမ်လင်းသည် မြူသားရဲထံမှ လွင့်ထွက်သွား၏။ သို့သော် ကူးတောက်သည်လည်း ငြီးငြူလိုက်ရကာ သူ့အင်္ကျီလက်အိုးသည် အမှုန့်ဖြစ်သွားသည်။

ဝမ်လင်း၏ လက်သီးချက်မှာ လွယ်လွယ်နှင့် ချေဖျက်၍ မရနိုင်ပေ။ သူက ကူးတောက်၏ တိုက်ခိုက်မှုကို မြင်သည့်အခါ အစီအစဉ်တစ်ခု ချထားနှင့်ပြီး ဖြစ်၏။ သည့်အတွက် သူသည် ထိုလက်သီးချက်ကို ပစ်သွင်းခဲ့တာပင်။

ထိုလက်သီးချက်က အပြင်ဘက်ရှိ မြူသားရဲထံ ပစ်သွင်းခဲ့သော လက်သီးအားနှင့် ပေါင်းစည်းသွားပုံ ရသည်။ ယင်းလက်သီးချက်အားနှစ်ခုက မြူ၏ ဗဟိုချက်တွင် ထိပ်တိုက်တွေ့ကာ ကြောက်မက်ဖွယ်မုန်တိုင်းကို ဖြစ်စေပြီး မြူသားရဲ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲစေမည်ပင်။

သို့သော် ကူးတောက်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အသန်မာဆုံးသူ ဖြစ်နေဆဲပင်။ သူ လက်ဝေ့ယမ်းပြီးနောက် မြူသားရဲ ပတ်လည်ရှိ မရေမတွက်နိုင်သော မြူလုံးများက ဝမ်လင်းထံ အရှိန်အဟုန် ပြင်းစွာ တိုးဝင်လာ၏။ ဝမ်လင်းက မရှောင်နိုင်ပေ။ သည့်အတွက်ကြောင့် မြူလုံးအားလုံးက သူ့ခန္ဓာကိုယ်ကို ဝင်ဆောင့်သွားသည်။

မြူလုံးတစ်လုံးက ဩဇာအင်ပါယာတစ်ယောက်ကို သတ်ပစ်နိုင်စွမ်း ရှိ၏။ ခု မြူလုံးရာထောင်ချီဆို လောကကို ဖျက်စီးပစ်ဖို့ပါ လုံလောက်သည်။ ယင်းတို့ နီးကပ်လာစဉ် ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။

“အဆုံးစွန်အသက်တာအို…”   ရုတ်တရက် ဝမ်လင်းက မျက်လုံးပြန်ဖွင့်၏။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းတန်းနှစ်ခု လှစ်ဟပေါ်သည်။ ထိုအလင်းတန်းက သူ့ပတ်လည်တွင် ပျံ့နှံ့ကာ အကာအကွယ်အရံအတားကို ဖြစ်ပေါ်စေလေ၏။

ထိုအခါ မိုးကြိုးသန်းချီ တပြိုင်နက်တည်း ပစ်ချလိုက်သကဲ့သို့ ကျယ်လောင်စွာ တုန်ဟည်းသံများ ဟိန်းဟိန်းထသွားသည်။ သည်တုန်ခါလှိုင်းက ပင်လယ်ပြင်ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်ခါသွားစေကာ လောကရှိ ဥပဒေသများအပေါ်သို့ပါ သက်ရောက်၏။  အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံးသည် ထိုထိပ်တိုက်တွေ့ခြင်းကို ခံစားမိသည်။

တောက်ရီကလန်၊ အင်ပါယာတောက်၊ ခရမ်းရောင်ယင်ကလန်၊ မြောက်ပိုင်းရေခဲပြင်။ သည်နေရာလေးခုရှိ မဟာအင်ပါယာလေးယောက်လုံးသည် လောကရှိ ပြောင်းလဲမှုများကို ခံစားမိကာ သူတို့၏ စိတ်နှလုံးများ တုန်ယင်ကုန်သည်။ သူတို့သည် ကျယ်ပြောသောပင်လယ်ပြင်ထံမှ အော်ရာနှစ်ခု ထိပ်တိုက်တွေ့ခြင်းကို ခံစားမိသည်။

“ကူးတောက် လှုပ်ရှားတိုက်ခိုက်တာပဲ…”

“ဒီနှစ်ယောက်ထဲက တစ်ယောက်က ကူးတောက်၊ တခြားတစ်ယောက်ကိုလည်း အတော်လေး တရင်းတနှီး ရှိနေတယ်…”

“ကူးတောက်နဲ့ တိုက်ခိုက်နေတာ ဘယ်သူလဲ…”

“ကူးတောက်နဲ့ တိုက်ခိုက်တဲ့သူရဲ့ အော်ရာက ဝမ်လင်းပဲ…”

အလင်းတန်းလေးခုသည် ကောင်းကင်ဘုံကလန်ကနေ ကျယ်ပြောသောပင်လယ်ထံ ပျံသန်းလာကြ၏။

တချိန်တည်းမှာ ရှေးကလန်ရှိ ရွှမ်လော၊ စုန့်ထျန်၊ ရှေးဂျီမှ ဆန်းကြယ်သော မဟာအင်ပါယာတို့သည်လည်း လောက၏ ပြောင်းလဲမှုကို ခံစားမိသည်။ သူတို့သုံးယောက်ကလည်း ကျယ်ပြောသော ပင်လယ်ချိုင့်ဝှမ်းထံ ချက်ခြင်း ပြေးလာကြသည်။

All Chapters