စိတ်ဝိညာဉ် ဆန္ဒ၏ စွမ်းအား
Vol. 8 Ch. 111
မိုဝူကျီ ရွေးချယ်မှုကား လူသား အဆင့်လွန် ဆေးလုံး ဖော်စပ်ရန် ဖြစ်သည်။ လူသား အဆင့်လွန် ဆေးလုံးက အလွန် အဖိုးတန်ကာ ဆေးလုံး ဖော်စပ်ခြင်း ခက်ခဲမှုက အဆင့်သုံး ဆေးလုံးများတွင် သာမန်ဟု ယူဆ၍ ရလေသည်။ မိုဝူကျီက အဆင့်သုံး ဆေးလုံးများကို လေ့လာရန် ထိုဆေးကို အသုံးပြုခြင်းက အကောင်းဆုံးဟု ခံစားမိသည်။
မီးကို ညှိလိုက်ပြီး မီးပြင်းဖိုကို သန့်ရှင်းရေး လုပ်ပြီးသောအခါ မိုဝူကျီက ဆေးပင်များကို မီးဖိုထဲ ထည့်လိုက်တော့သည်။ ပထမ အဆင့်ကား ဝိညာဉ် ဆေးပင်များကို သန့်စင်ရန် ဖြစ်သည်။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေး ထက်စာလျှင် သူက ကောင်းကောင်း လုပ်နိုင်လေပြီ။ လက်ရှိတွင် သူက ထိုအရာနှင့် ပိုမို ရင်းနှီးကာ သက်သောင့်သက်သာ ဖြစ်နေသောကြောင့် ဆေးပင်များ အားလုံး သန့်စင်ရာတွင် နာရီဝက်နှင့် ပြီးစီးသွားသည်။
ယခုအထိ မိုဝူကျီက သူ့ကိုယ်ပိုင် တိုးတက်မှုများကို အမှန်ပင် ခံစားနေရသည်။ ယခုနှင့် ယှဉ်လျှင် အဆင့်သုံး ဝိညာဉ် ဆေးပင်များကို သန့်စင်ဖို့ရာ အားထုတ်မှု များများ လိုအပ်ခဲ့သည်။
ယခု သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၇ သို့ တက်လှမ်း သွားသောကြောင့် အဆင့်သုံး ဆေးပင်များကို သန့်စင်ရန်က စာရေးသကဲ့သို့ လွယ်ကူ လာလေသည်။ လုပ်ရိုးလုပ်စဉ်က ချောမွေ့နေကာ ကြန့်ကြာမှု အလျှင်းမရှိပေ။ မိုဝူကျီက အဆင့်သုံး ဝိညာဉ် ဆေးပင်များကို သန့်စင်ရာတွင် သန့်စင်မှု ၉၀ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သေချာသည်။
အညစ်အကြေးများကို မီးဖိုမှ ဖယ်ထုတ် လိုက်ပြီးတော့ မိုဝူကျီက လက်နှစ်ဖက်လုံးဖြင့် လက်ဟန် ပညာရပ်ကို အသုံးပြုကာ မီးဖိုထဲမှ ဆေးအဆီအနှစ်တွေကို သဘာဝ စွမ်းအင်နှင့် ဆက်တိုက် မွှေနှောက် လိုက်သည်။ ထို့နောက်တွင် ဆေးအဆီအနှစ်များ ပေါင်းစပ်ခြင်း လုပ်ဆောင်ချက်ကို စတင်လိုက်သည်။
ဆေးလုံးဆရာများ အတွက် ထိုသည်က အခက်ခဲဆုံး အဆင့် ဖြစ်သည်။ ပထမအကြိမ် လူသား အဆင့်လွန် ဆေးလုံးကို ဖော်စပ်စဉ်က သူလည်း ပေါင်းစပ်ခြင်းတွင် ကျရှုံးခဲ့လေ၏။ ဆေးအဆီ အနှစ်များကို မပေါင်းစပ်ခင် အဆီအနှစ်များက ပြန့်သွားခြင်းကြောင့် ဖြစ်သည်။
အရင်က မိုဝူကျီက ဆေးအဆီ အနှစ်များ၏ ဝိညာဉ် သဘာဝကို မထိန်းချုပ်နိုင်ပေ။ သို့သော်လည်း ယခုအကြိမ်တွင် သူ့လက်ဟန် ပညာရပ်ကြောင့် ပို၍ လွယ်ကူနေသည်။
နာရီဝက် အကြာတွင် မိုဝူကျီ လက်ဟန်များက ပို၍ပင် ချောမွေ့ လာလေသည်။ လှုပ်ရှားမှု တစ်ခုချင်းစီက မီးပြင်းဖိုထဲက သဘာဝ စွမ်းအင်နှင့် လိုက်ဖက်ညီစွာ တည်ရှိနေသည်။
တစ်ဆင့်ချင်းစီ တက်လှမ်းလာပြီး မိုဝူကျီက အခုထိ အခက်ခဲကို ရင်မဆိုင် ရသေးပေ။
တစ်နာရီ အကြာတွင် ဆေးပြင်း မီးဖိုထဲမှ ဆေးလုံး ရနံ့များ ထွက်လာလေသည်။ မိုဝူကျီက သူ့လက်ဟန်များကို ပို၍ အာရုံစိုက် ထားလိုက်ပြီး မီးဖိုအတွင်း ချက်ချင်း အလုပ် ပေးလိုက်သည်။ မကြာခင်တွင် သူက ဆေးလုံးများကို စုဆောင်း လိုက်သည်။
နောက် ဆယ်မိနစ် အကြာတွင် အုတ်ကျိုးရောင် ဆေးလုံး ၁၂လုံးကား ထွက်ပေါ်လာကာ မိုဝူကျီ ပြင်ဆင်ထားသည့် ကျောက်စိမ်း ပုလင်းထဲသို့ ထည့်လိုက်တော့သည်။
မိုဝူကျီက ဆေးလုံးကို ထုတ်ကြည့်ပြီး အနံ့ခံ ကြည့်လိုက်ကာ အချိန်အတော်ကြာ လေ့လာ နေလိုက်ပြီး နောက်တွင် သက်ပြင်းချကာ ပုလင်းထဲ ပြန်ထည့် လိုက်တော့သည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၇ သို့ တက်လှမ်းပြီး နောက်တွင် အဆင့်သုံး ဆေးလုံး ပထမအသုတ်ကို အောင်အောင်မြင်မြင် ဖော်စပ် နိုင်ခဲ့သည်။ ထိုသည်က မိုဝူကျီကို အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။
နှစ်ဝက်ပင် မရှိသည့် အချိန်အတွင်း မိုဝူကျီက သာမန် ဆေးလုံးဆရာမှ အဆင့်သုံး ဆေးလုံးဆရာ အထိ တိုးတက် လာလေပြီ။ ယန်ချင်ယင်၏ ဆရာ ဘိုးဘိုးပင် ထိုမျှ အံ့အားသင့်ဖို့ ကောင်းမည်လား ... ထို့အပြင် သူ့တွင် ဝိညာဉ်ကြောပင် မပါရှိပေ။ ဤနေရာသို့ ရောက်ရှိလာရန် မည်မျှ ခက်ခဲခဲ့ကြောင်း သူကိုယ်တိုင်သာ သိသည်။ ယန်ချင်ယင်၏ ဆရာဘိုးဘိုးကား သူထက်တော့ ကျင့်ကြံဆင့် မြင့်ပေလိမ့်မည်။ မိုဝူကျီက သူ့တွင် လမ်းညွှန် ပြသပေးမည့် ဆရာသမား ရှိကာ သူ့ကျင့်ကြံခြင်း အထောက်အပံ့များ အတွက် မိုဝူကျီကဲ့သို့ စုဆောင်းရန် မလိုအပ်ကြောင်း သေချာ၏။
ထိုအတွေးဖြင့် မိုဝူကျီက ယန်ချင်ယင်၏ ဆရာ ဘိုးဘိုးထက် အနည်းငယ် သာသည့်အတွက် သူကိုယ်သူ ဂုဏ်ယူ မိနေလေသည်။
သို့သော်လည်း မိုဝူကျီက သူ့အတွေးကို မြန်မြန် ဖယ်ရှားလိုက်ပြီး စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး အတွက် ဆေးပင်များကို ထုတ်ယူလိုက်သည်။
အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာဖို့က အရေးကြီးသော်လည်း စိတ်ဝိညာဉ် အားဖြည့်ဆေးကို ဖော်စပ်ခြင်း ကလည်း အရေးပါသေး၏။ စိတ်ဝိညာဉ် အားဖြည့်ဆေးသာ လက်ထဲ ရှိနေလျှင် စိတ်ဝိညာဉ် ဆန္ဒကို ပိုင်ဆိုင် နိုင်လာလိမ့်မည်။ ထိုစိတ်ဝိညာဉ် စွမ်းအား ရှိလာလျှင် သူက ဆေးလုံး ပညာရပ်များကို အကျိုးအာနိသင် ကောင်းကောင်း ရအောင် အလွယ်တကူ ဖော်စပ်နိုင်လိမ့်မည်။ ထိုဆေးလုံး ပညာရပ်ဖြင့် သူသည် အဆင့်လေး ဆေးလုံးဖြစ်သည့် မြေကမ္ဘာ အဆင့်ကို ဖော်စပ်နိုင်လာ မလားဆိုတာ မည်သူ သိမည်နည်း။
မိုဝူကျီက မျက်လုံးကို ပိတ်ထားလျက်နှင့် အဆင့်တစ်၊ အဆင့်နှစ် ဆေးပင်များကို ကိုင်တွယ်နိုင်သည်။ သူက အဆင့်သုံး ဆေးပင်များကို ကောင်းကောင်း ကိုင်တွယ် နိုင်လျှင်ပင် ဝိညာဉ် အေးခဲမြက်၊ တိမ်လွှာ အရွက်မဲ့ကြိမ်၊ စိမ်းစိုသစ်တော အသီး၊ လွတ်လပ်ခြင်းမဲ့ ပန်း၊ လေပွေစကြာ အသီးနှင့် အခြားသော အဆင့်သုံး ဆေးပင်များကို သပ်သပ်ရပ်ရပ် ဖြစ်စေရန် အလွန် သတိထားရ၏။
မြေကမ္ဘာမီးကို ထပ်ညှိလိုက်ပြီး မိုဝူကျီက ဆေးပြင်း မီးဖိုကို အကြမ်းဖျင်း အကြိမ် အနည်းငယ် ရှင်းလင်း လိုက်သည်။
ဆေးပင်များကို မီးပြင်းဖိုထဲ ထည့်လိုက်ပြီး မိုဝူကျီက မီးနှင့် ပေါင်းစပ်နေသော လက်ဟန်ကို အသုံးပြုကာ အညစ်အကြေးများကို ဖယ်ထုတ်လိုက်သည်။
အောင်မြင်မှု သေချာစေရန် မိုဝူကျီက အညစ်အကြေးကို အကြိမ် အနည်းငယ် ဖယ်ထုတ် လိုက်သည်။ ဖယ်ထုတ်စရာ အညစ်အကြေး မရှိမှသာ ဆေးအဆီ အနှစ်များကို စတင် ပေါင်းစပ်လိုက်သည်။
နှစ်နာရီ ကုန်လွန်သွားပြီး မိုဝူကျီက ဆေးအဆီ အနှစ်များကို ပေါင်းစပ်နေဆဲ ဖြစ်သည်။
နှစ်ခုလုံးက အဆင့်သုံး ဆေးလုံးများ ဖြစ်သော်လည်း စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကား လူသား အဆင့်လွန် ဆေးလုံးထက် ပို၍ ခက်ခဲပေသည်။ မိုဝူကျီက မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖော်စပ်သည့် အဆင့်လေး ဆေးလုံးများဟုပင် သံသယ ဝင်မိသေးသည်။ ကံဆိုးလှစွာ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၇သာ ဖြစ်နေသေးသည်။ သူက လူသား အဆင့်လွန် ဆေးလုံးကို ဖော်စပ်နိုင်လျှင် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ဖော်စပ်မည့် အကြောင်း မေ့သွားနိုင်သည်။
“ခွမ်း ...” ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး မီးခိုးမည်းများက မီးဖိုမှ ထွက်ပေါ် လာလေ၏။ ဆေးအဆီအနှစ်များ လောင်ကျွမ်းနေသည့် တူးနံ့က မိုဝူကျီ တုန်လှုပ်နေသည့် အခိုက်အတန့်တွင် အခန်းထဲ ပျံ့နှံ့သွားသည်။ စိတ်ဝိညာဉ် အားဖြည့် ဆေးလုံး အောင်မြင် ခါနီးပြီဟု တွေးမိသော အချိန်တွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။
စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မိုဝူကျီက ကျရှုံးခြင်း အကြောင်းရင်းကို သေချာ ပြန်စဉ်းစားလိုက်သည်။
သူက ဆေးအဆီအနှစ်များ ပေါင်းစပ်ခြင်း ပြီးသည့်နောက်တွင် ပြဿနာ ဖြစ်ပေါ်လာခြင်း ဖြစ်ကာ အသေအချာ ပြောရလျှင် သူ ဆေးလုံး ဖြစ်တည်ခြင်း အဆင့် မပြုလုပ်ခင် ဖြစ်သည်။ ထိုအဆင့်တွင် တစ်ခုခုများ မှားယွင်းနေသည်ဟု ခံစားမိသည်။
ထိုစဉ် မိုဝူကျီက စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး အတွက် ဆေးပင် ဒုတိယ အသုတ်ကို ထုတ်ယူလိုက်သည်။
မိုဝူကျီက အညစ်အကြေးများ ဖယ်ထုတ်လိုက်ပြီး နောက်တွင် ဆေးအဆီ အနှစ်များကို စတင် ပေါင်းစပ် လိုက်တော့သည်။
မိုဝူကျီက ထိုအဆင့်များ အားလုံးတွင် အမှား မလုပ်ရဲပေ။ နာရီအနည်းငယ် အကြာတွင် မိုဝူကျီက ဆေးလုံး ဖြစ်တည်ခြင်း အဆင့်ကို စတင် လုပ်ဆောင်လိုက်သည်။ မီးဖိုက ဆေးလုံးရနံ့များ ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး ရနံ့ ဖြစ်နေလျှင်ပင် မိုဝူကျီက သူ့ဦးနှောက် တစ်ခုလုံး ရှင်းလင်းသွား သကဲ့သို့ ပို၍ အားပြည့် လာသလို ခံစားလိုက်ရသည်။
ရနံ့က ပြင်းလာသည်နှင့် မိုဝူကျီက မီးဖိုထဲမှ လက်ဟန်ကို မရပ်နားရဲချေ။ သိသာလှစွာ သူက ကြည်လင်နေသည့် ဆေးလုံး ၁၂ လုံးကို ရရှိလိုက်ကာ ကျောက်စိမ်း ပုလင်းထဲ ထည့်ထားလိုက်သည်။
မြေကမ္ဘာမီးကို ငြိမ်းသတ် လိုက်ပြီးနောက်တွင် မိုဝူကျီက စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ဖော်စပ် နိုင်သောကြောင့် စိတ်အေးလက်အေး လေပူများ မှုတ်ထုတ် လိုက်တော့သည်။ သူ ဖော်စပ်နိုင်သော အကောင်းဆုံး ဆေးအသုတ် မဟုတ်သော်လည်း စိတ်ဝိညာဉ် အားဖြည့် ဆေးလုံး ပထမ အသုတ်ပင် ဖြစ်သည်။ ထို့ကြောင့် နောင်တွင် ပို၍ အရည်အသွေး ကောင်းသော ဆေးလုံးများ ဖော်စပ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။
ဆေးလုံးများ ထွက်လာပြီး နောက်တွင် မိုဝူကျီက တစ်လုံး ဝါးစားကာ ခဏ စောင့်ကြည့် လိုက်သည်။
ဆေးလုံးက စားလိုက်သည်နှင့် ပါးစပ်ထဲတွင် လျင်မြန်စွာ ကွယ်ပျောက် သွားလေ၏။ မကြာခင်တွင် မိုဝူကျီက သူ့မျက်ခုံး တစ်ဝိုက်တွင် ပူရှိန်းရှိန်း ခံစားချက်ကို ရလိုက်သည်။
အချိန် ဘယ်လောက်ကြာမှန်း မသိဘဲ မိုဝူကျီက မျက်လုံးကို ဖွင့်ကြည့် လိုက်သောအခါ သူ့ကျင့်ကြံဆင့်က အနည်းငယ် တိုးတက်လာကြောင်း တွေ့လိုက်ရ၏။ အရေးကြီးဆုံးက သူသည် သူ့ဘေးပတ်လည်မှ အရာအားလုံးကို ထိုးထွင်း သိဉာဏ်ကား ပို၍ပင် ရှင်းလင်း လာလေသည်။ မိုဝူကျီက သူ့မြင်ကွင်း အတွင်း မရှိသော အရာများကိုပင် ခံစား သိရှိနိုင်လေပြီ။
မိုဝူကျီက သူမျှော်လင့် ထားသည်နှင့် မဝေးတော့မှန်း စစ်ဆေး ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကို သိမ်းဆည်း ထားလိုက်သည်။ ထိုသည်က စိတ်ဝိညာဉ် ဆန္ဒ ဖြစ်ရမည်။ မျက်လုံး ပိတ်ထားလျက်နှင့်ပင် အရာများကို ခံစားနိုင်စွမ်း သို့မဟုတ် ထိုစွမ်းအားကို အသုံးပြုကာ သူခံစား၍ ရသော အရာများကို ပြောင်းလဲ နိုင်စွမ်းတို့ ဖြစ်သည်။ မိုဝူကျီက နောက်ထပ် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို သောက်လိုက်သည်။ သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် ဆန္ဒကို တိုးတက် လာစေရန် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အသုံးပြုလိုက်သည်။
ဆေးဖော်စပ်ခန်း ၁၉ကို ဆေးလုံးများ ဖော်စပ်ဖို့ရန် အသုံးပြုကြသည်။ လက်ရှိတွင် မိုဝူကျီ ကျင့်ကြံသည့် နေရာ ဖြစ်နေလေ၏။ မိုဝူကျီက နောက်ထပ် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို သောက်ခါနီးတွင် သူက ၁၂ လုံး လုံးကို အသုံးပြု လိုက်ပြီးပြီ ဖြစ်ကြောင်း သတိပြုမိ လိုက်သည်။ သူက အဆာခံ ဆေးလုံးများကိုပင် တော်တော် စားထား ပြီးလေပြီ။
သူကျင့်ကြံ နေသည်က မည်မျှ ကြာမြင့်သွားပြီလဲ ... မိုဝူကျီက ရုတ်ခြည်း မတ်တတ် ရပ်လိုက်သည်။ သူက သူ့စိတ်ဝိညာဉ် ဆန္ဒကို ခံစားမိသောအခါ ထိုအတွေးကို လွှင့်ပစ် လိုက်တော့သည်။ သူက သူ့စိတ်ဝိညာဉ် ဆန္ဒဖြင့် ပစ္စည်းများကိုပင် ရွှေ့နိုင်တော့မည်ဟု ခံစားနေရသည်။
သူ့ချီ သွေးကြောများကို ဖွင့်ရန် စိတ်စွမ်းအားကို အသုံးပြုခဲ့သည့် အခါနှင့် တူညီလေ၏။ လက်ရှိတွင် သူက လှည့်ပတ်ခြင်း ပညာရပ်ကို အသုံးမပြုဘဲ ချီသွေးကြောမှ အဟန့်အတားကိုပင် စိတ်ဝိညာဉ် ဆန္ဒကို အသုံးပြုပြီး အလွယ်တကူ လမ်းညွှန် နိုင်လိမ့်မည်။
ဆေးလုံး ဖော်စပ်သည့်အခါ စိတ်ဝိညာဉ် ဆန္ဒကို အသုံးပြုလျှင် မည်သို့ ဖြစ်လာမည်နည်း။ သူ့ဆေးလုံး ပညာရပ်တွင် စိတ်ဝိညာဉ် ဆန္ဒအသုံး မပါရှိပေ။ သူ ဆေးလုံး ဖော်စပ်သည့် အခါတိုင်း သူ့စိတ်စွမ်းအားဖြင့် အစအဆုံး ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားရ၏။ ထို့အပြင် သူက စိတ်စွမ်းအားကိုသာ အသုံးပြု၍ အောင်မြင်နိုင်နှုန်းက အရမ်း နည်းပါးသွားသည်။
ထိုအရာကို တွေးမိလိုက်သည့် အခိုက်အတန့်တွင် သူက မြေကမ္ဘာမီးကို ချက်ချင်း ညှိလိုက်ပြီး စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ထပ်ဖော်ရန် လုပ်ဆောင် လိုက်သည်။
မိုဝူကျီက ဆေးပင် တတိယ အသုတ်ကို မီးဖိုထဲ ထည့်လိုက်ပြီး နောက်တွင် သူ့အမြန်နှုန်းကား တိုးလာလေသည်။ သူက စိတ်ဝိညာဉ် ဆန္ဒအသုံး မပြုဘဲ ဆေးလုံး ဖော်စပ်ခြင်း လုပ်ငန်းစဉ်က ပို၍ ချောမွေ့လာကြောင်း သတိပြုမိ လိုက်သည်။ အားလုံး အထက်တွင် သူ့လုပ်ငန်းစဉ်ကား အရင်ကထက် ပို၍ ရှင်းလင်းလာသည်။
သန့်စင်ခြင်းနှင့် ဆေးအဆီ အနှစ်များကို ပေါင်းစပ်ခြင်းကား အသေးမွှားလေး ဖြစ်နေလေပြီ။ မိုဝူကျီက အရင်က ဆေးအညစ်ကြေးများ ဖယ်ထုတ်ခြင်းနှင့် ဆေးလုံး ဖြစ်တည်ခြင်း များ၏ အချိန်သုံးပုံ တစ်ပုံခန့်သာ သုံးလိုက်သည်။
သူက ဆေးလုံး ဖြစ်တည်ခြင်း အဆင့်ကို လုပ်ခါနီးတွင် မိုဝူကျီက ဆေးလုံး ပညာရပ်ကို စတင် အကောင်ထည်ဖော် လိုက်သည်။ ဆေးလုံး ပညာရပ်ကို အကောင်ထည် ဖော်ရန် စိတ်ဝိညာဉ် ဆန္ဒကို သုံးခြင်းက ပထမဆုံး အကြိမ် ဖြစ်၏။ မူလတွင် မီးဖိုထဲမှ ဆေးအဆီ အနှစ်များက ဖြည်းဖြည်းချင်းစီ ဆေးလုံး ဖြစ်ပေါ် လာနေသည်။ ဆေးလုံး ပညာရပ် ပြီးသည့် နောက်တွင် ဆေးလုံး ဖြစ်တည်နှုန်းကား အဆများစွာ တိုးတက်လာသည်။ ထို့အပြင် ဆေးလုံးများက ပို၍ပင် သိပ်သိပ်သည်းသည်း ဖြစ်နေသည်။ ဆေးလုံးက ပို၍ သေးငယ်ကာ လိမ္မော်ရောင် သန်းကာ စိုစိုပြည်ပြည် ဖြစ်နေလေသည်။
အမွှေးတိုင် တစ်တိုင် ကုန်ဆုံးချိန်တွင် မိုဝူကျီက ဆေးလုံး သိမ်းဆည်းခြင်း ပညာရပ်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။ ဤအကြိမ်တွင် မီးဖိုကို ကိုယ်တိုင် ရိုက်စရာ မလိုတော့ပဲ သူ့ပညာရပ်ဖြင့် ဆေး ၁၂ လုံးကား အလွယ်တကူ ထွက်ပေါ်လာကာ ကျောက်စိမ်း ပုလင်းထဲ ရောက်သွားလေသည်။
မိုဝူကျီက ကျောက်စိမ်း ပုလင်းကို စိတ်လှုပ်ရှားစွာ ကိုင်ထားလိုက်ပြီး အရင်ကထက် စာလျှင် ဆေးလုံးပညာရပ် သုံးကာ အောင်မြင် နိုင်နှုန်းကား အဆများစွာ တိုးလာပေသည်။ ဆေးလုံး ပညာရပ်ကို အသုံးပြုရန် စွမ်းအားများစွာ လိုအပ်သောကြောင့် ဆေးလုံး ပညာရပ်ကို လက်လျှော့ လိုက်သည့်အခါ အမြဲလိုလို မအောင်မြင် ဖြစ်နေခြင်း ဖြစ်သည်။ ယခု သူက စိတ်ဝိညာဉ် ဆန္ဒကို အသုံးပြုရန် လုပ်နိုင်ခဲ့လေပြီ။ ဆေးလုံး ပညာရပ်ကို အသုံးပြရန် အမှန်ပင် လွယ်ကူ သွားလေသည်။ ပို၍ လွယ်ကူသွားရုံ သာမက အရောင်အဆင်းလည်း တစ်ဆင့် မြင့်သွားသည်။ ယူသည့် အချိန်ကား အရင်ကထက် တစ်ဝက်ခန့် လျော့ကျသွား၏။
ထို့အပြင် သူက ဆေးလုံး ဖြစ်တည်ခြင်း အဆင့်မှ ဆေးလုံး ပညာရပ်ကို စတင် အသုံးပြု၏။ အကယ်၍ အစကတည်းက သုံးခဲ့ပါက အမြန်နှုန်းက ပို၍ တိုးလာနိုင်ကာ အရောင်အဆင်းလည်း ပို၍ ကောင်းလာနိုင်သည်။
မိုဝူကျီ၏ ခန့်မှန်းမှုက မမှားချေ။ မိုဝူကျီက စတုတ္ထမြောက် ဆေးအသုတ်ကို လုပ်ဆောင်ချက် တစ်ခုလုံးကို ဆေးလုံး ပညာရပ်ကို အသုံးပြုခဲ့သည်။ ဤအကြိမ်တွင် အချိန်က တစ်ဝက်လျော့ကျ သွားရုံသာမက ဆေးလုံး၏ အရောင်အဆင်းကား နောက်တစ်ဆင့်သို့ မြင့်သွားလေသည်။
အဆင်မပြေသည့် တစ်ခုတည်းသော အရာကား သူ့ခေါင်း မူးနေခြင်း ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက စိတ်ထဲ မထားပေ။ ထိုသည်က စိတ်ဝိညာဉ် ဆန္ဒကို သုံးစွဲမှု လွန်ကျွံခြင်းကြောင့် ဖြစ်မှန်း သိသည်။
စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို မျိုချလိုက်ပြီး မိုဝူကျီက မျက်လုံးကို ပိတ်ထားကာ စတင် ကျင့်ကြံလိုက်သည်။ စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးက စိတ်ဝိညာဉ် ဆန္ဒကို တိုးစေရုံ သာမက စိတ်ဝိညာဉ် ဆန္ဒ လျော့နည်း မသွားအောင်လည်း ထိန်းသိမ်း ပေးနိုင်သည်။ အနားယူ လိုက်သောကြောင့် မိုဝူကျီက စိတ်ဝိညာဉ် ဆန္ဒက ပြန်လည် ပြည့်လာလေသည်။ ပြင်းပြင်းထန်ထန် သုံးစွဲပြီး နောက်တွင် မိုဝူကျီက သူ့စိတ်ဝိညာဉ် ဆန္ဒက ထပ်တိုးလာကြောင်း သိရှိလိုက်ရသည်။
စိတ်ဝိညာဉ် ဆန္ဒဖြင့် သူက ဆေးလုံး ပညာရပ်ကို ထိန်းချုပ် နိုင်လိမ့်မည်။ မိုဝူကျီက အချိန်တိုအတွင်း စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးများ ဖော်စပ် နိုင်သောကြောင့် စိတ်ပူရန် မလိုတော့ပေ။
***