ကောင်းကင်နှင့်မြေကြီးကို နင်းချေမည့် ခြေတလှမ်း
Vol. 153 Ch. 2117
အင်မောတယ် ကောင်းကင်ဘုံကုန်းမြေရှိ မဟာအင်ပါယာအားလုံးသည် မင်သက်ကုန်ကြသည်။ အလင်းတန်းခုနစ်ခုသည် မတူသော အရပ်များထံကနေ ပင်လယ်ချိုင့်ဝှမ်းထံ အရှိန်အဟုန်နှင့် ရောက်လာကြ၏။ ရှေးကလန်မှ အလင်းတန်းသုံးခုကမူ အလွန်မြန်၏။
တဖက်ရှိ ကောင်းကင်ဘုံကလန်၏ လေးယောက်ကမူ တိတ်တဆိတ် လာနေသည်။ သူတို့၏ အမြန်နှုန်းဖြင့်ပင် သည်တိုက်ပွဲကွင်းပြင်သို့ ရောက်ဖို့ လဝက်ခန့် လိုပေလိမ့်မည်။
တကယ်တော့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် အလွန်ကြီးမားလှ၏။ သူတို့ထံ၌ ဝမ်လင်းနှင့် ကူးတောက်တို့ကဲ့သို့ ကျင့်ကြံမှုအဆင့်များ မပိုင်ဆိုင်ထားကြပေ။
သည်ချိုင့်ဝှမ်း၏ ဗဟိုချက်၊ ပင်လယ်မုန်တိုင်းထန်နေသော နေရာတွင် ကျယ်လောင်စွာ တုန်ဟည်းသံတို့သည် ရှေးကလန်ဘက်ခြမ်းသို့ ပဲ့တင်ထပ်နေ၏။ ဝမ်လင်းပတ်လည်၌ မရေမတွက်နိုင်သော မြူလုံးများ ပေါက်ကွဲကုန်ကာ ယင်းတို့ ပျောက်ကွယ်သွားသည့်နောက်တွင် ဝမ်လင်း၏ ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။ သူက နောက်ဘက် ပေထောင်ချီသို့ လွင့်ထွက်သွား၏။
ကူးတောက်၏ ပတ်လည်ရှိ မြူမှာလည်း လုံးဝ တစစီ ဖြစ်သွားကာ နာကျင်စွာ အော်ဟစ်သံ ထုတ်ဖော်၏။ မြူများ ပျောက်ကွယ်သွားခြင်းနှင့်အတူ သူ၏ ဆန်းကြယ်သောမျက်နှာ လှစ်ဟပေါ်လာ၏။ ကူးတောက်က ဖြည်းဖြည်းချင်း ပြောလာ၏။ “ငါ့ပုံပန်းသွင်ပြင်ကို မြင်ရဖို့ မင်းက ဒဏ်ရာရဖို့ပါ ဝန်မလေးခဲ့တာပဲ…”
“မင်း ငါ့ကို မြင်ချင်မှတော့ မင်း သေချာကြည့်လိုက်။ မင်းဟာ ဒီနှစ်ပေါင်းမရေမတွက်နိုင်တဲ့အချိန်အတွင်း ငါ့ရုပ်သွင်ကို မြင်ဖူးတဲ့ ပထမဆုံးသူပဲ…”
ကူးတောက်၏ ခန္ဓာကိုယ်က ပိန်းပါးကာ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သို့သော် သူ့ညာလက်ရှိ အင်္ကျီလက်အိုးမှာ ပျောက်ရှနေ၏။ သူ့ဆံပင်တို့မှာ မီးခိုးရောင်ရှိသည်။
ဝမ်လင်းသည် ပေထောင်ချီအကွာကနေ သူ့ကို လှမ်းကြည့်သည်။ နောက်ဆုံးတော့ ဝမ်လင်းသည် မဟာအင်ပါယာကူးတောက်၏ ရုပ်သွင်ကို မြင်လိုက်ရပေပြီ။ သူက အံ့အားမသင့်သွားဘဲ သက်ပြင်းချလိုက်၏။
“ဒီတော့ ဒါက တကယ်ပဲ သင်ကို…”
ကူးတောက်က နှုတ်ဆိတ်နေသည်။
ဝမ်လင်းက သူ့ရှေ့ရှိ သူ သိသော မျက်နှာကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကျုပ်အနေနဲ့ သင့်ကို ရှေးဘိုးဘေးလို့ ခေါ်သင့်လား၊ ဒါမှမဟုတ် ကူးတောက်လို့ ခေါ်သင့်လား…”
ကူးတောက်က အင်ပါယာမြို့သုံးမြို့ရှိ ရှေးဘိုးဘေးရုပ်တုနှင့် အလွန်တူပေသည်။
“ဒါမှ မဟုတ် ပိုပြီး တိတိကျကျဆိုရရင် သင့်ရဲ့ ပုံပန်းသွင်ပြင်ဟာ သင့်အပိုင်ပဲ။ အင်ပါယာမြို့တွေမှာ ရှိတဲ့ ရုပ်တုတွေဟာလည်း သင့်အသွင်ဟန်ပန် ဖြစ်တယ်….”
ဝမ်လင်းသည် ရှေးကျသော အော်ရာကို ပေးစွမ်းနေသည့် ကူးတောက်ကို ကြည့်နေ၏။
ကူးတောက်သည် အတိတ်ကို အောက်မေ့ဟန် ထုတ်ဖော်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “ငါဟာ ကူးတောက်ဖြစ်သလို ရှေးဘိုးဘေးလည်း ဟုတ်တယ်…”
“ငါ ရှေးဘိုးဘေးရဲ့ မှတ်ဉာဏ်နဲ့ စိတ်ဆန္ဒ တစိတ်တပိုင်းကို ရခဲ့တယ်။ ရှေးကလန်နဲ့ အင်ပါယာမိသားစုတွေရဲ့ မျိုးဆက်တွေကို စောင့်ကြပ်ရတယ်။ ဒီမှတ်ဉာဏ်နဲ့ စိတ်ဆန္ဒကို စုပ်ယူပြီးတဲ့နောက် ငါ့ပုံပန်းသွင်ပြင်ဟာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တာပဲ…”
“သင် အများဆုံး ထွက်ခွာလာနိုင်တဲ့နေရာဟာ ဒီနေရာပဲ ဖြစ်လိမ့်မယ်။ ပြောကြတာက သင်ဟာ ကောင်းကင်ဘုံကလန်ထဲမှာ မဟာအင်ပါယာတစ်ယောက်ကို သတ်ခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒါကသတင်းအမှားပဲ။ တကယ်တော့ သူတို့ဟာ ဒီကျယ်ပြောတဲ့ပင်လယ်ဗဟိုချက်ကို ကျူးကျော်လာခဲ့တဲ့အတွက်ကြောင့် သင်က သူတို့ကို သတ်ခဲ့တာ…” ဝမ်လင်းက ရုတ်တရက် စိတ်ရှင်းသွား၏။ သူသည် သူ မေးခွန်းထုတ်နေသော အရာများအတွက် အဖြေများ ရသွားလေ၏။
သူက ကူးတောက်၏ကျင့်ကြံမှုအဆင့်ဖြင့် ကောင်းကင်ဘုံကလန်တခုလုံးကို လွယ်လင့်စွာ ဖျက်စီးပစ်နိုင်သောလည်း ကောင်းကင်ဘုံကလန်က ခုထိ ဆက်ရှိနေသေးသည့်အပေါ် စိတ်ရှုပ်ထွေးခဲ့မိ၏။
“သင်ဟာ ရှေးဘိုးဘေးရဲ့ မှတ်ဉာဏ်နဲ့ စိတ်ဆန္ဒကို ရခဲ့တယ်။ သင်ဟာ ဒီအမွေအနှစ်နဲ့အတူ အတားအဆီးတချို့ကိုလည်း လက်ခံခဲ့ရပုံပဲ…”
ဝမ်လင်းသည် ကူးတောက်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“ငါ လုံးဝ ပြောင်းလဲသွားခဲ့တဲ့အချိန်မှာ အတားအဆီးကို ခံစားမိခဲ့တယ်။ ငါဟာ ရှေးကလန်နဲ့ အဝေးကို မသွားနိုင်ဘူး။ ငါ ထွက်သွားတာနဲ့ ငါ့စွမ်းအားဟာ ပျောက်ကွယ်သွားလိမ့်မယ်…”
ကူးတောက်က အလွန်တည်ငြိမ်နေ၏။ သူသည် မည်သည့် အကူအညီမဲ့မှု၊ ခါးသီးမှုတို့ကို မဖော်ပြပေ။
“သင် ငါ ထွက်သွားမှာကို ဘာကြောင့် တားရတာလဲ…” ဝမ်လင်းက သည်မေးခွန်းကို ထပ်မေး၏။
“ကူးတောက်က ခါးယမ်းသည်။ ဝမ်လင်း၏ မေးခွန်းကို ပြန်ဖြေမည့်အစား သူက တကိုယ်တည်း ရေရွတ်လိုက်၏။ ငါ ရှေးဘိုးဘေးရဲ့ မှတ်ဉာဏ်ကို ရခဲ့တဲ့နောက် တဖြည်းဖြည်းနဲ့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့တဲ့တလျှောက်မှာ တစ်ခုခုကို ခံစားမိလာခဲ့တယ်။ အရာအချို့ပေါ့။ ငါ နားမလည်နိုင်ခဲ့တဲ့ အရာအချို့။ ဒါပေမဲ့ အဲ့တာတွေက တကယ်ပဲ အစစ်အမှန် ဆန်တယ်…”
“ဒါက အစစ်အမှန်လည်း ဖြစ်နိုင်သလို စိတ်ကူးပုံရိပ်ယောင်လည်း ဖြစ်နိုင်တာပဲ…”
ကူးတောက်၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်လာ၏။
“တိုက်ကြစို့။ မင်း ငါ့ကို အနိုင်ရရင် ငါ မင်း ထွက်သွားနိုင်တယ်။ မင်း မီးကုန်ယမ်းကုန် မတိုက်ခိုက်ရသေးဘူးလို့ ငါ ခံစားမိတယ်။ အခု ငါလည်း ဘာမှ ဆက်ပြီး မထိန်ချန်ဘဲ တိုက်တော့မယ်…”
“ငါ့မှာ အစွမ်းထက်ဆုံး မန္တာန်နှစ်ခု ပိုင်ဆိုင်ထားတယ်။ တစ်ခုက ရှေးလောကဆိုတဲ့ မန္တာန်ပဲ။ ရှေးဘိုးဘေးမှတ်ဉာဏ်ထဲမှာ သူဟာ လေဟာနယ်ကနေ မွေးဖွားလာခဲ့တာ။ သူက သူ့မျက်လုံးတွေက နေနဲ့လ ဖြစ်လာနိုင်တယ်၊ သူ့ သွေးဟာ မြစ်ချောင်းပင်လယ် ဖြစ်လာနိုင်တယ်၊ သူ့အရိုးဟာ တောင်တန်းတွေ ဖြစ်လာနိုင်တယ်၊ သူ့လက်နှစ်ဖက်ကို စုလိုက်ရင် ကောင်းကင် ဖြစ်လာနိုင်တယ်၊ သူ့ခန္ဓာကိုယ်ဟာ မြေပြင် ဖြစ်လာနိုင်တယ်လို့ အမြဲ ယုံကြည်ထားခဲ့တာ…”
“သူ့ရဲ့ ဒီယုံကြည်မှုနဲ့အတွေးတွေနဲ့ သူဟာ သူ့ဘဝသက်တမ်းကို အသုံးပြုပြီး ရှေးလောကဆိုတဲ့ မန္တာန်ကို ဖန်တီးခဲ့တယ်…”
“ငါ ဒီအမွေအနှစ်ကို ရခဲ့တည်းက ဒီမန္တာန်ကို လုံးဝ အသုံးမပြုခဲ့ဖူးဘး။ ဒီကနေ့ ဒီမန္တာန်ကို သုံးတာဟာ ပထမဆုံးအကြိမ် ဖြစ်လာလိမ့်မယ်…”
ကူးတောက်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဝမ်လင်းက ခဏ စဉ်းစားနေပြီးနောက် သူ့အကြည့်က ကူးတောက်၏အကြည့်နှင့် တွေ့ဆုံသည်။
“ရှေးရှီဘုံကျောင်းထဲမှာ ငါဟာ ပုံရိပ်တစ်ခုကို တွေ့မြင်ခဲ့တယ်။ အဲ့ပုံရိပ်က ကောင်းကင်နဲ့မြေကြီးကို နင်းချေဖို့ ခြေတလှမ်း လှမ်းခဲ့တယ်။ အဲ့ခြေလှမ်းဟာ ကျုပ်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့တယ်။ ငါးခုမြောက်တံတားမှာ အစတုန်းက ကျုပ်က ပြန်လည်မွေးဖွားခြင်းလို လောကတစ်ခုထဲ နစ်မြုပ်နေခဲ့တယ်။ အဲ့မှာ အချိန် ဘယ်လောက် ကုန်ဆုံးခဲ့လဲ ကျုပ် မသိခဲ့ဘူး။ အဆုံးစွန်ရှစ်ပါးကို နားလည်ခဲ့တဲ့အပြင် ကျုပ် အများဆုံး နားလည်ခဲ့တာကတော့ အဲ့ခြေနင်းချက်ပဲ…”
“မူလတုန်းက ကျုပ်ဟာ ငါးခုမြောက်တံတားကို မဖြတ်သန်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲ့ခြေလှမ်းကြောင့် ကျုပ်က ဒီတံတားကို ဖြတ်သန်းနိုင်ခဲ့တယ်…”
“အဲ့ခြေလှမ်းကို ကျုပ်က ကောင်းကင်နဲ့မြေကြီးကို နင်းချေခြင်းလို့ အမည်ပေးထားတယ်…” သူသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်နေ၏။ သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်လာသည်။ သည်တိုက်ပွဲသည် ရှောင်လွှဲ၍ မရမှတော့ သူက အဆုံးထိ တိုက်ခိုက်ရပေမည်။
ဝမ်လင်း ငါးခုမြောက်တံတားကို ဖြတ်သန်းခဲ့ပြီးဟု ပြောသည့်စကားကို ကြားသည့်နောက် ကူးတောက်က ခဏ စဉ်းစားသွား၏။ ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ “မင်း ဒီမန္တာန်ကို ခုခံနိုင်ရင် မင်းဟာ ငါ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ တစ်ခုတည်းသောတာအိုကောင်းကင် မန္တာန်ကို မျက်မြင်တွေ့ဖို့ အရည်အချင်း ရှိပြီ…”
သည်လက်ဝေ့ချက်နှင့်အတူ သူ့နောက်တွင် မရေမတွက်နိုင်သော အလင်းစက်များ စုဝေးလာ၏။ တအောင့်အကြာတွင် အလင်းအရိပ်တစ်ခုက သူ၏နောက်တွင် ပေါ်လာသည်။
ထိုအလင်းအရိပ်ကို အလင်းဖြင့် ထွေးခြုံထားပြီး လူတစ်ယောက်က ၎င်း၏ပုံပန်းသွင်ပြင်ကို မမြင်ရနိုင်ပေ။ သို့သော် ၎င်းပေါ်လာသည့်နောက် ပါးစပ်ဟကာ ရှိုက်သွင်းလိုက်၏။ လောက၏ စွမ်းအားအမြောက်အများ ဆွဲငင်ခြင်း ခံရသည်။ ထိုရှိုက်သွင်းမှုက တခဏအတွင်း ကီလိုမီတာသန်းချီထိ ဖုံးလွှမ်းသွားသည်။
လောက၏ အဆုံးမဲ့စွမ်းအားက စုပ်ယူခံရပြီး အလင်းအရိပ်သည် ချဲ့ကားလာ၏။ ထိုရှိုက်သွင်းသော စွမ်းအားသည် ကောင်းကင်ဘုံကလန်နှင့် ရှေးကလန်တို့ထိ ချဲ့ကားသွား၏။
ကောင်းကင်ဘုံကလန် ဘက်ခြမ်းရှိ ကျယ်ပြောသောပင်လယ်တွင် မဟာအင်ပါယာလေးယောက်က ရပ်တန့်လိုက်ကြသည်။ သူတို့သည် အကွာအဝေးတစ်ခုသို့ ကြည့်ကာ အသိစိတ်လွတ်မတတ် ခံစားလိုက်ရသည်။
အလားတူပင် ရှေးကလန်တွင်လည်း စုန့်ထျန်နှင့် တခြားသူများထံ၌ ဖြစ်ပွားသည်။ သူတို့သည်လည်း လောက၏ စွမ်းအားသည် ကျယ်ပြောသောပင်လယ်ချိုင့်ဝှမ်းထံ ဆွဲငင်စုပ်ယူခြင်း ခံရသည်ကို ခံစားမိကြသည်။
သည်ပင်လယ်၏ ဗဟိုချက်တွင် အလင်းအရိပ်က မြန်ဆန်စွာ ကြီးမားလာ၏။ ၎င်းသည် ပေတစ်သိန်းကျော်လာကာ ဆက်လက်ကြီးထွားနေတုန်းပင်။ ခဏအတွင်း ဝမ်လင်းသည် ထိုအလင်းအရိပ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို မမြင်ရတော့၊ ၎င်း၏ ခြေထောက်များကိုသာ မြင်ရတော့သည်။
ဝမ်လင်းသည် ပင့်သက်ရှိုက်မိသွား၏။ သူက သည်အလင်းအရိပ် မည်မျှ မြင့်မားနေပြီကို မသိပေ။
“ရှေးဘိုးဘေး…” ဝမ်လင်းက ထိုအလင်းအရိပ် ချဲ့ကားနေသည်ကို စောင့်ကြည့်နေ၏။ ၎င်းက မည်မျှ ကြီးမားလေအုံးမည်ကို သူ မသိပေ။
ထိုအရိပ် ဆက်လက် ကြီးမားနေရင်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ပေါ်ရှိ လောက၏စွမ်းအားသည် စုပ်ယူခံရ၏။ သို့သော် ၎င်း၏ ခုလက်ရှိအရွယ်အစားကပင် ဝမ်လင်းကို ဖိအားပေးနေလေပြီ။
“ရှေးလောက…” ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သူသည် ထူးခြားသောမြင်ကွင်းတစ်ခုကို ခံစားမိသည်။
ထိုအလင်းအရိပ်၏ မျက်လုံးတို့မှာ ပြောင်းလဲသွားသည်။ မျက်လုံးတလုံးက တောက်ပသော နေမင်း၊ ကျန်တလုံးက လမင်း ဖြစ်လာ၏။ ၎င်းအရိပ်ထံမှ စီးဆင်းနေသော သွေးတို့သည် တဖြည်းဖြည်း မြစ်နှင့်ပင်လယ်များ ဖြစ်လာသည်။
၎င်း၏ လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ရာ အပြာရောင်ကောင်းကင်အဖြစ်သို့ ပြောင်းသည်။ ၎င်း၏ခန္ဓာကိုယ်က မြေပြင်ထု ဖြစ်လာပြီး ၎င်း၏အရိုးတို့မှာ တောင်တန်းများ ဖြစ်လာသည်။
ဝမ်လင်းသည် ထိုအခြင်းအရာတို့ကို စောင့်ကြည့်နေလျက် ရုတ်တရက် သူ့မျက်လုံးထဲမှ နာကျင်မှုကို ခံစားမိလိုက်ရ၏။
သူ့လက်နှစ်ဖက်မှာလည်း တုန်ယင်သွားကာ လေထဲသို့ မြောက်တက်၍ ကောင်းကင် ဖြစ်လာပုံရသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ထူးခြားသောအားဖြင့် ဆွဲငင်ခြင်း ခံရကာ မြေပြင်ထု ဖြစ်လာသည်။
ဤသည်မှာ ယုံကြည်မှုမန္တာန် ဖြစ်၏။
လူတစ်ယောက်၏ ယုံကြည်မှုက လောကကို ပြောင်းလဲစေနိုင်သော အဆင့်သို့ ရောက်သည့်အခါ ၎င်းမန္တာန်သည် အလွန်အစွမ်းထက်ပြီး အချိန်၊ ဟင်းလင်းပြင်တို့ကို ခြုံလွှမ်းလာနိုင်သည်။
သည်ယုံကြည်မှုအောက်တွင် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ သူက ထိုမန္တာန်ကို မည်သို့ ချိုးဖျက်မည်အား ဆက်၍ မစဉ်းစားတော့ပေ။ သူ့မျက်လုံးကိုသာ မှိတ်လိုက်၏။ ခုနစ်ရောင်စုံနှင်းများ ကျဆင်းနေသော တောင်ပေါ်မှ ခန္ဓာကိုယ်တစ်ခုကို ချီဆောင်ထားသော ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာ၏။ ထိုပုံရိပ်က ကောင်းကင်ထက်သို့ မာန်သွင်းကာ ခြေလှမ်းလှမ်းခဲ့သည်။
သည်ခြေလှမ်းက သူ့စိတ်ထဲတွင် အကြိမ်ကြိမ် ပေါ်လာ၏။ ဝမ်လင်း၏ ညာခြေက ဖြည်းဖြည်းချင်း ကြွမြောက်လာကာ သူက ရှေးဘိုးဘေး၏ ယုံကြည်မှုမန္တာန်ဖြင့် ဖန်တီးထးသော လောကထံသို့ ခြေလှမ်းသည်။
သည်ခြေလှမ်းက ဝမ်လင်းသည် ခန္ဓာကိုယ်တစ်ခုကို ချီဆောင်ကာ ကောင်းကင်ထက်သို့ အော်ဟစ်နေသော ပုံရိပ်ကဲ့သို့ ပုံရိပ်ယောင် ဖြစ်လာစေ၏။ သူ့စိတ်နှလုံးထဲတွင် ဖော်ပြ၍ မရသော ဝမ်းနည်းမှု ပေါ်လာသည်။
သူက ကူးတောက်နှင့် တိုက်ခိုက်နေသည်ကိုပင် မေ့သွားကာ လှိုဏ်ဂူလောကသို့ စိတ်ပြန်ရောက်သွားသည့်အလား။ သူ၏စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသောအရာမှာ အဆုံးမဲ့ဝမ်းနည်းမှု၊ မျှော်လင့်ချက်မဲ့မှုနှင့် ဒေါသတို့ ဖြစ်သည်။
ထိုဒေါသက ဝမ်လင်း၏ ခြေထောက်ကို ရုတ်တရက် ချနင်းသွားစေသည်။ ကောင်းကင်နှင့်မြေကြီးကို နင်းချေမည့် ခြေတလှမ်း။