← Chapters

ပြီးပြည့်စုံသော သံစဉ်ကိုးခုနှင့်သင်္ကေတသုံးခု

Vol. 153 Ch. 2118

ပြီးပြည့်စုံသော သံစဉ်ကိုးခုနှင့်သင်္ကေတသုံးခု

Vol. 153 Ch. 2118

ထိုခြေလှမ်းနှင့်အတူ ဝမ်လင်း၏ ဒေါသက သူ့ညာခြေတလျှောက် မြင့်တက်ကာ လောကထံ ကျရောက်လာ၏။ သည်အခိုက်တွင် သူသည် အံ့မခန်းနယ်ပယ်သို့ ရောက်သွားလေ၏။

လောကတစ်ခုလုံးသည် သူ၏ ခြေထောက်အောက်တွင် ရှိနေသည့်အလား။ သက်ရှိအားလုံးက သူ့ခြေထောက်အောက်တွင် ရှိနေသည့်နှယ်။ သည်ခြေလှမ်းဖြင့် ဥပဒေသများ၊ သို့မဟုတ် စည်းမျဉ်းများနှင့် အရာအားလုံးကို ဖျက်စီးနိုင်သည်။ ထိုခြေနင်းချက်ကြောင့် ကောင်းကင်ထက်တွင် အက်ကြောင်းများစွာ ပေါ်လာ၏။ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြန့်ကြဲကုန်ကာ ကောင်းကင်ကို ပြိုပျက်စီးစေသည်။

မြေပြင်ထုမှာလည်း တစစီ ဖြစ်သွား၏။ နေနှင့်လ ပျောက်ကွယ်သွားသည်။ မြစ်ချောင်းပင်လယ်များ ကွယ်ပျောက်သည်။ ရှေးလောကတွင် ဖြစ်ပေါ်နေသော ကောင်းကင်နှင့်မြေကြီးမှာ ပျက်စီးသွားသည်။

ကူးတောက်၏ ခန္ဓာကိုယ်က တုန်ယင်ကာ သူသည် သွေးအန်ထွက်၏။ သူက နောက်သို့ ခြေလှမ်းတစ်ရာလောက် ဆုတ်လိုက်ရပြီးမှ ရပ်တန့်သွား၏။ သူ့မျက်နှာမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဖြူရောသွားသည်။

“ကောင်းကင်ဘုံနင်းချေခြင်းနယ်ပယ်…။ ဒါက ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံနင်းချေခြင်း နယ်ပယ်ပဲ…”  သူက ဝမ်လင်းကို တုန်လှုပ်စွာ ကြည့်မိ၏။

ဝမ်လင်းသည် နေရာတွင် ရပ်နေ၏။ ဖြစ်ပျက်ခဲ့သမျှက ပုံရိပ်ယောင်တစ်ခုအလား။ သူက မျက်လုံးမှိတ်ထားလျက်သာ ရှိသေးပြီး ထို့နောက်တွင် သူ မျက်လုံး ဖြည်းဖြည်းချင်း ပြန်ဖွင့်လာသည်။ ဝမ်းနည်းမှု အငွေ့အသက်ကမူ ကျန်နေဆဲပင်။ သူက ကောင်းကင်ထက်သို့ အချိန်အကြာကြီး ကြည့်နေသည်။

အမွှေးတိုင်တတိုင်စာလောက် ကြာမြင့်ပြီးနောက် ကူးတောက်က ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ ဖြည်းဖြည်းချင်း မေးလာသည်။ “မင်း ဘယ်နှစ်စင်းမြောက်တံတားကို ဖြတ်သန်းနိုင်ခဲ့တာလဲ…”

“ခုနစ်စင်းမြောက်တံတား… ပြီးတော့ ငါ ရှစ်စင်းမြောက်တံတားမှာ ကျရှုံးခဲ့တယ်…”

ဝမ်လင်းက မျက်လုံး ပြန်မှိတ်သည်။ သူက ဝမ်းနည်းမှုကို ဆက်၍ ထိန်းထားချင်သည့်အလား။

“ခုနစ်စင်းမြောက်တံတား…” ကူးတောက်က ခါးသီးစွာ ပြုံး၍ ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်သည်။ သူက ထိုခြေလှမ်းချက်၌ ကောင်းကင်နှင့်မြေကြီးကို ချနင်းပစ်မည့် စိတ်ဆန္ဒ ပါသည်ကို ရှင်းလင်းစွာ ခံစားမိသည်။

သူ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ထိုခြေလှမ်းမျိုးကို လှမ်းနိုင်စွမ်း မရှိသေးပေ။

“ငါ မင်းကို နေဖို့ မတားနိုင်လောက်တော့ဘူး…”  ကူးတောက်က အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပြတ်သားမှုအဖြစ်သို့ ပြောင်းသွားကာ သူက ဆက်ပြောလာသည်။ “ဒါပေမဲ့ ငါ ဒီလိုတော့ လက်မလျှော့နိုင်ဘူး။ ငါ့တဘဝလုံး တစ်ခုတည်းသောတာအိုလောကမန္တာန်ကို ဆင်ခြင်စဉ်းစားနေခဲ့တယ်…”

“ငါ အဲ့အမည် ပေးထားတာဟာ ဘာကြောင့်လဲဆိုတော့ ဒါက ရှေးကလန်ထဲက ငါ့ယုံကြည်မှုကနေ လာတဲ့အတွက်ကြောင့်ပဲ။ ငါက ရှေးဘိုးဘေးလောက် သန်မာချင်မှ သန်မာမယ။ ဒါပေမဲ့ ငါ့ယုံကြည်မှုကတော့ သူနဲ့ မတူဘူး…”

“သူက သူဟာ လောကအဖြစ် ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ခဲ့တယ်။ ဒီယုံကြည်ချက်ကြောင့်လည်း ငါဟာ ရှေးကလန်ကနေ မထွက်သွားနိုင်ခဲ့တာ။ ရှေးဘိုးဘေးရဲ့ စိတ်ထဲမှာ ကောင်းကင်ဘုံသားတွေရဲ့ ကုန်းမြေဟာ သူ့ကြောင့် ဖြစ်ပေါ်လာခဲ့တာ မဟုတ်တဲ့အတွက် သူက အဲ့နေရာကို မုန်းတီးခဲ့တယ်…”

“ငါ့ယုံကြည်မှုကတော့ ကောင်းကင်ဟာ ငါ့အမြင်ကို မဖုံးကွယ်ထားနိုင်ဘူး။ မြေပြင်ဟာ ငါ့ခန္ဓာကိုယ်ကို မရပ်တန့်စေနိုင်ဘူး။ နေနဲ့လ၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတစ်ခုလုံးက ငါ့စိတ်နှလုံးသားကို ဟန့်တားနိုင်စွမ်းမရှိဘူးပဲ…”

“တစ်ခုတည်းသောတာအိုလောကနဲ့ဆို ငါ့နှလုံးသားဟာ တာအိုပဲ။ ငါ့တာအိုဟာ ကောင်းကင်နဲ့မြေကြီးကို နင်းချေနိုင်တယ်။ ကောင်းကင်ဟာ လှေကားထစ် ဖြစ်လာပြီး ငါဟာ အမှန်တရားကို တွေ့ရဖို့ ဒီကောင်းကင်နဲ့မြေကြီးကို နင်းတက်နိုင်တယ်…”

ကူးတောက်က ထိုသို့ ပြောကာ သူ့လက်ကို ကောင်းကင်ထက်သို့ ဝေ့ယမ်းလိုက်သည်။

ကောင်းကင်သည် တုန်ဟည်းသွားကာ ကြီးမားသော ဝဲကတော့တစ်ခုသည် ဒီပင်လယ်ချိုင့်ဝှမ်းတစ်ခုလုံးကို ထွေးခြုံဖုံးလွှမ်းလာ၏။ ကူးတောက်က ဝမ်လင်းထံ ညာလက်ညွှန်လိုက်သည်။

“မင်းဟာ ကောင်းကင်နဲ့မြေကြီးပဲ…”   ကူးတောက်၏အသံက ဟိန်းထွက်လာ၏။ ပြင်းထန်သော ယုံကြည်မှု မြင့်တက်လာသည်။ သူ လက်ညွှန်လိုက်စဉ် ဝမ်လင်း ပတ်လည်တွင် လှိုင်းဂယက်များ ပေါ်လာသည်။ ဝမ်လင်းက တစုံတစ်ခုကို ခံစားမိ၏။ သူက ဝဲကတော့ထံမှ ဖြစ်ပေါ်လာသော ဧရာမခြေထောက်တစ်ဖက်ကို တွေ့မြင်သည်။ ယင်းခြေထောက်က သူ့ထံ ချနင်းလာသည်။

နှစ်ပေါင်းနှစ်ရာ ကြာပြီးသည့်နောက် ဝမ်လင်းသည် သေရေးရှင်ရေး အာရုံကို ထပ်မံခံစားမိ၏။ ကောင်းကင်ဘုံနင်းချေခြင်းထံ ခြေတဝက်လှမ်းထားသူများသည် တုန်လှုပ်ဖွယ် အစွမ်းထက်လှ၏။ ဝမ်လင်းသည် ထိုရင်းနှီးသော ပုံရိပ်ထံမှ ကောင်းကင်ဘုံနင်းချေခြင်း ခြေလှမ်းကို နားလည်ခဲ့၏။ ကူးတောက်မှာ သူ၏ အံ့ချီးဖွယ်ဉာဏ်ရည်နှင့် မရေမတွက်နိုင်သောနှစ်များစွာ ယုံကြည်မှုကို အသုံးပြုကာ သူသည် သူ့ကိုယ်ပိုင် ကောင်းကင်ဘုံနင်းချေခြင်းတာအိုကို ဆင်ခြင်နားလည်ခဲ့သည်။

“သက်ရှိအားလုံးဟာ ကောင်းကင်နဲ့မြေကြီးကို နင်းချေချင်ကြတယ်။ မအောင်မြင်ခဲ့တဲ့သူတွေဟာ ယုံကြည်မှုတို့၊ စိတ်ဆန္ဒတို့ မရှိကြလို့ပဲ…”   ဤသည်မှာ ရှစ်စင်းမြောကတံတားရှေ့၌ ရေးထွင်းထားသော စာသား ဖြစ်၏။

ခုချိန်တွင် သူက ကူးတောက်ကို ကြည့်နေစဉ် သည်စာသားက သူ့စိတ်ထဲ၌ ပေါ်လာ၏။ ရုတ်တရက် သူက တစ်ခုခုကို နားလည်သွားသည်။ သည်လောကရှိ အရာအားလုံး၊ လူသား၊ သားရဲ၊ စိတ်ဝိညာဉ်များသည်ပင် ကောင်းကင်ဘုံကို နင်းချေလိုသည့် စိတ်ဆန္ဒ ရှိကြ၏။

ဤသည်မှာ အတိတ်တုန်းက လှိုဏ်ဂူလောက၌ သူ လီချန်မေ၏ မေးခွန်းသုံးခုကို ဖြေခဲ့ပုံကဲ့သို့ပင်။ လောကမှာ စက်ဝန်းတစ်ခု ဖြစ်၏။ သည်စက်ဝန်း၏အပြင်ဘက်တွင် နောက်ထပ်စက်ဝန်းတစ်ခု ရှိသည်။

“မွေးလာတည်းက ထူးကဲတဲ့သူဟာ နည်းပါးလွန်းလှတယ်။ လောကမှာ ရှိတဲ့ သက်ရှိအားလုံးဟာ ထူးကဲချင်စိတ် ရှိကြတယ်။ သူတို့ဟာ လွတ်လပ်လိုတယ်။ ဒါမှ သူတို့ဟာ တခြားသူတွေရဲ့ ထိန်းချုပ်တာကို မခံရမှာ။ ဒီလောကရဲ့ ဥပဒေသဟာ စက်ဝန်းတစ်ခုပဲ။ ကျင့်ကြံခြင်းလောကမှာ အားကြီးသူနိုင်စတမ်းဟာလည်း စက်ဝန်းတစ်ခုပဲ။ ဒီလောကတစ်ခုလုံးဟာ စက်ဝန်းနဲ့တူတဲ့ လှောင်ချိုင့်တစ်ခုပဲ...”

“တောက်ပတဲ့ ကောင်းကင်နဲ့ ကြယ်ရောင်စုံကောင်းကင်တို့ဟာလည်း စက်ဝန်းတွေပဲ…”

“ဒီစက်ဝန်းထဲက လှမ်းလျှောက်ထွက်၊ မင်းဟာ ကောင်းကင်နဲ့မြေကြီးကို ချနင်းတဲ့အထိ စက်ဝန်းတွေထဲကနေ လှမ်းထွက်လိုက်။ သက်ရှိအားလုံးထဲမှာ နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်ရင် မင်းရဲ့ မျက်လုံးတွေကို ဘယ်အရာကမှ ဖုံးကွယ်မထားနိုင်တော့ဘူး။ မင်းဟာ စိတ်ရှုပ်ထွေးမှုလည်း ဆက်ရှိတော့မှာ မဟုတ်ဘူး။ ဒါက စစ်မှန်တဲ့တာအိုလမ်းကြောင်းကို လျှောက်လှမ်းတဲ့ အစစ်အမှန်အဓိပ္ပာယ်ပဲ…”

ဝမ်လင်းသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်ကာ ကောင်းကင်ထက်မှ ကျဆင်းနေသော ခြေထောက်ကြီးကို ကြည့်လိုက်၏။ သူက ရေးတေးတေး နားလည်သွား၏။ သူက ဉာဏ်အလင်းတခု ရလိုက်သလိုပင်။

“သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နဲ့အမှား…”

“သေခြင်းရှင်ခြင်းဟာ ကြိုးတချောင်း ဖြစ်ခဲ့မယ်ဆို မရေမတွက်နိုင်သော သက်ရှိတွေနဲ့ သေဆုံးခြင်းတွေဟာ အတူတကွ ချိတ်ဆက်ပြီး စက်ဝန်းတွေ ဖြစ်ပေါ်လိမ့်မယ်။ ဒီစက်ဝန်းတွေဟာ ပိုက်ကွန်တစ်ခုကို ဖြစ်စေတယ်။ ဒီပိုက်ကွန်ဟာ ကံမ္မ ဖြစ်လာလိမ့်မယ်။ ဒီကြီးမားတဲ့ ကံမ္မဟာ ပြန်လည်မွေးဖွားခြင်းမြစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ အသုံးပြုနိုင်မယ်။ အမှန်နဲ့အမှားကို မြင်နိုင်တဲ့ မျက်လုံးတစုံကသာ ဒီပိုက်ကွန်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်နိုင်လိမ့်မယ်…”

“လွန်ခဲ့တဲ့နှစ်ရာချီက ငါဟာ တန်လင်းကလန်မှာ အမှန်နဲ့အမှားအနှစ်သာရကို ပြီးပြည့်စုံစေခဲ့တဲ့နောက် ငါဟာ ပြန်လည်မွေးဖွားခြင်းအနှစ်သာရကို အာရုံခံနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းရာချီ ကျော်လွန်လာခဲ့တာတောင်မှ ငါဟာ ပြန်လည်မွေးဖွားခြင်းဟာ ဘာဆိုတာကို ခုထိ နားမလည်နိုင်ခဲ့သေးဘူး…”

“ပြန်လည်မွေးဖွားခြင်းဆိုတာ ဘာလဲ။ အစတုန်းကတော့ ဒါဟာ နောင်ဘဝကို ဖုံးအုပ်ထားတြ့ ဥပဒေသတစ်ခု ဖြစ်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တယ်။ အဲ့တာက ရှေးတောက်အင်ပါယာဆရာသခင် ထွက်ပေါ်လာတဲ့အထိပဲ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သူက ဝမ်အာကို ကယ်တင်နိုင်တယ်ဆိုတဲ့အချက်ကို ဖော်ပြပေးခဲ့တာပဲ။ ငါဟာ ဝမ်အာကို ကယ်တင်ဖို့ ထာဝရနတ်ဘုရားနယ်မြေမှာ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို အသုံးပြုဖို့ လိုအပ်တယ်…”

“အဲ့အချိန်တုန်းက ငါဟာ ဒွိဟ ဖြစ်ခဲ့တယ်။ ပြန်လည်မွေးဖွားခြင်းရဲ့ စွမ်းအားက ဘာလဲ။ ငါက ဒါကို လောကရဲ့ ဥပဒေသတစ်ခုလို့ တွေးခဲ့တယ်…”

“အခု နောက်ဆုံးမှာတော့ ငါ နားလည်သွားပြီ။ ပြန်လည်မွေးဖွားခြင်းဟာ ကောင်းကင်နဲ့မြေကြီးပဲ။ ငါဟာ စစ်မှန်တဲ့ငါ့ကိုယ်ငါကို ရှာဖွေထုတ်ဖို့ ကောင်းကင်နဲ့မြေကြီးကနေ ဒီကံမ္မပိုက်ကွန်ကို ဖြတ်တောပစ်ဖို့အတွက် ငါ့လက်နှစ်ဖက်ကို အသုံးပြုမယ်…”

“ဒါ…ဒါက ဒီအဓိပ္ပာယ်လား…”  ဝမ်လင်း၏စိတ်သည် တုန်ဟည်းနေ၏။ သည်အခိုက်တွင် ထိုအတွေးများ သူ့စိတ်ထဲ၌ ပေါ်လာကာ သူ၏ စိတ်ကို သိမ်းပိုက်စိုးမိုးသွားသည်။ ဤအခိုက်တွင် သူသည် နားလည်သဘောပေါက်သွားသည်။

သူ့ခန္ဓာကိုယ်အတွင်း၌ နောက်ထပ်အမျှင်တန်းတစ်ခုသည် သူ၏ ဆန်းကြယ်အနှစ်သာရသုံးခုဘေးတွင် ပေါ်လာလေသည်။ ထိုအမျှင်တန်းမှာ သူ နားလည်လိုက်သော ပြန်လည်မွေးဖွားခြင်းအနှစ်သာရပင်။

“ဒီတော့ ဒါက ဒီလိုပေါ့…”  ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ကြီးမားသော ခြေထောက်က သူ့ခေါင်းထက်သို့ ကျရောက်နေသည်ပင်။ ၎င်းမှာ ခုခါ၌ သူနှင့် ပေတစ်ထောင်သာ ကွာတော့သည်။ သို့သော် ထိုအခိုက်တွင် ထူးခြားသောအားတစ်ခုက ၎င်း၏ လမ်းကြောင်းကို တိုးဝင်သွားသည်။

၎င်းမှာ လေသံစဉ်ဖြစ်၏။

ထိုလေသံစဉ် ပေါ်လာသည့်နောက် ကျန်သည့် သံစဉ်ရှစ်ခုလုံး လိုက်ပါပေါ်လာသည်။ ၎င်းသံစဉ်တို့မှာ ကောင်းကင်၊မြေကြီး၊လေ၊ မိုးကြိုး၊ တိမ်၊ မိုး၊ အတွင်းအင်္ဂါ၊ ခန္ဓာကိုယ်နှင့် သွေးသံစဉ်တို့ ဖြစ်သည်။

ထိုသံစဉ်သည် ကောင်းကင်နှင့်မြေကြီးတွင် အပြင်းအထန် ပဲ့တင်ထပ်၏။  ယင်းသံစဉ်တို့သည် ဝမ်လင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတာပင်။

ကျဆင်းလာသော ခြေထောက်က ထိုသံစဉ်ကိုးခုအောက်တွင် နှေးကွေးသွားပုံ ရ၏။ သည်သံစဉ်၏ အံ့အားသွင့်ဖွယ်ကောင်းသော ခံစားချက်ကို ဖော်ပြ၍ပင် မရပေ။

ထိုသံစဉ်ကိုးခု မြည်ဟိန်းလာစဉ် သင်္ကေတတစ်ခု ကောင်းကင်တွင် ပေါ်လာသည်။

ရွှေရောင်ကောင်းကင်၊ အနက်ရောင်မြေပြင်။

ရွှေရောင်ကောင်းကင်နှင့် အနက်ရောင်မြေပြင်တို့သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်ရ၏။ သို့သော် ယင်းတို့က ဝမ်လင်း၏ရှေ့တွင် ရှင်းလင်းစွာ ပေါ်လာသည်။ ကူးတောက်က ထိုသည်ကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးသည် တုန်ယင်သွားမိသည်။

ပထမဆုံးသင်္ကေတ ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးထံမှ ငွေရောင်အလင်း လှစ်ဟပေါ်၏။ ထိုအလင်းသည် အဆုံးမဲ့၏။ ယင်းမှာ ဒုတိယသင်္ကေတ ဖြစ်၏။

သံစဉ်ကိုးခုနှင့် သင်္ကေတသုံးခုတို့သည် အတိတ်တုန်းက ကူးတောက်တောင်ပေါ်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်လာခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ယင်းတို့သည် မပြည့်စုံပေ။ သင်္ကေတတစ်ခုနှင့် သံစဉ်တစ်ခု လိုနေခဲ့၏။

ရှေးတောက်နန်းတော်တွင် ယင်းတို့သည် ဒုတိယအကြိမ် ပေါ်လာခဲ့သည်။ သံစဉ်ကိုးခုက ထိုနေရာတွင် စုံသွားခဲ့သော်လည်း သင်္ကေတသုံးခုထဲမှ တစ်ခုက လိုနေခဲ့သည်။

ခုခါ၌ သည်ကျယ်ပြောသော ပင်လယ်ချိုင့်ဝှမ်း ဗဟိုချက်၊ မဟာအင်ပါယာကူးတောက်၏ တစ်ခုတည်းသောတာအိုလောက၏ အောက်တွင် သံစဉ်ကိုးခု၊ သင်္ကေတသုံးခုသည် တတိယကြိမ်မြောက် ပေါ်လာခဲ့ပြန်သည်။

သို့သော် သည်တစ်ကြိမ်တွင်လည်း သံစဉ်ကိုးခုသာ ရှိနေပြီး တတိယမြောက် သင်္ကေတက ပျောက်နေ၊လိုနေတုန်းပင်။

ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူက သူနှင့်ပေတစ်ထောင်အကွာတွင် ရပ်နေသည်ဟု ထင်ရသော ခြေထောက်ထံသို့ ကြည့်နေခြင်း မဟုတ်ပေ။ ထိုအစား သူ့အကြည့်က ယင်းမန္တာန်ကို ထွင်းဖောက်ကာ ကောင်းကင်၏ အလွန်ရှိ လေဟာနယ်ထံသို့ ကျရောက်သည်။

သည်အခိုက်၌ သူ့စိတ်မှာ ရှင်းလင်းနေ၏။ သူက ပျောက်ကွယ်နေသော သင်္ကေတနှင့် ပတ်သတ်၍ နားလည်သွားပုံရသည်။

“လေဟာနယ်ကိုယ်ပွား။ လုံးဝ ဆင်းသက်လာပြီး ငါနဲ့ ပေါင်းစည်းပါ…” သူ လိုနေသော အရာမှာ လေဟာနယ်အတွင်းမှ မွေးဖွားလာသော ဖြစ်တည်မှု၊ သည်လေဟာနယ်က အသိအမှတ်ပြုသော ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့ကဲ့သို့ ဖြစ်တည်မှုပင်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ လေဟာနယ်အတွင်း၊ ဥပဒေသများ ပြည့်နေသော နေရာ၌ ကျောက်တုံးကြီးတစ်တုံး ရှိနေ၏။ ယင်းကျောက်တုံးအတွင်း၌ ပုံရိပ်တစ်ခုထိုင်နေခဲ့တာ နှစ်ပေါင်းရာချီ ရှိခဲ့လေပြီ။

သည်အခိုက်တွင် သူက ခေါ်သံတစ်ခုကို ကြားရ၍ မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးတို့က တောက်ပနေ၏။ ထိုပုံရိပ်သည် ဝမ်လင်းနှင့် ချွတ်ဆွတ်တူ၏။ သူက ဝမ်လင်း၏ လေဟာနယ်အတွင်းရှိ ကိုယ်ပွား ဖြစ်သည်။ သူ မျက်လုံးဖွင့်လာသည့်အခါ သူ ရှိနေသော ကျောက်တုံးက တစစီ ဖြစ်သွားသည်။

ထိုပုံရိပ်က ထရပ်ကာ ရှေ့သို့ ခြေလှမ်းပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ပင်လယ်မုန်တိုင်း အနီးရှိ ချိုင့်ဝှမ်းတွင် ဝမ်လင်း၏ အသံ ပဲ့တင်ထပ်လာစဉ် ကောင်းကင်ထက်ရှိ ဝဲကတော့ထံမှ လူတစ်ယောက် လှမ်းထွက်လာ၏။ ထိုသူက တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်သည်။ ကူးတောက်သည် ထိုသူ ဝမ်လင်းထံ သွားနေသည်ကို ကြည့်ကာ တုန်လှုပ်မိနေသည်။ ထို့နောက် ထိုသူနှင့် ဝမ်လင်းတို့၏ ခန္ဓာကိုယ်တို့သည် ထပ်သွားကာ သူတို့ ပေါင်းစည်းသွားကြ၏။

ယင်းအခိုက်တွင် ဝမ်လင်းက ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်လိုက်သည်။ သူ၏ အော်သံက မိုးထိထွင်းဖောက်သွားသည်။ ထိုအော်သံက ထူးခြားသော ပြောင်းလဲမှုတစ်ခု ရှိလာ၏။ ၎င်းအသံသည် ကလေးငယ်တစ်ယောက်၏ အော်ငိုသံကဲ့သို့ပင်။

ကလေးငယ်၏ အော်သံက သည်ချိုင့်ဝှမ်းတခွင်တွင် ပဲ့တင်ထပ်ကာ ရှေးကလန်သို့ ဝင်ရောက်သွားသည်။ ထိုအသံက အင်ပါယာမြို့သုံးခုထံသို့ ပျံ့နှံ့သွားပြီး ရှေးဘိုးဘေးရုပ်တုသုံးခုလုံးပေါ်တွင် အက်ကြောင်း ပေါ်လာ၏။

၎င်းအသံသည် ကောင်းကင်ဘုံကလန်သို့ ပျံ့နှံ့သွားပြန်ကာ ရှေးမြို့ရှိ ကောင်းကင်ဘုံဘိုးဘေး၏ ရုပ်တုပေါ်တွင်လည်း အက်ကြောင်းတစ်ခု ပေါ်လာသည်။

ရှေးကလန်၏ မြေပြင်ထံမှ အဆုံးမဲ့စွမ်းအင်များသည် ပေါက်ကွဲထွက်လာကာ ပုံရိပ်အဖြစ်သို့ ပြောင်း၏။ ၎င်းပုံရိပ်သည် ရှေးဘိုးဘေးပင်။ ကောင်းကင်ဘုံကလန်တွင်လည်း ကုန်းမြေထံမှ မရေမတွက်နိုင်သော စွမ်းအင်များ ပေါက်ကွဲထွက်ကာ ပုံရိပ်တစ်ခုအဖြစ်သို့ သိပ်သည်းသည်။ ၎င်းမှာ ကောင်းကင်ဘုံဘိုးဘေးပင်။

ထိုပုံရိပ်နှစ်ခုကို သာမန်သူများက မမြင်ရနိုင်ပါ။ မဟာအင်ပါယာများသာ ခံစားမိနိုင်၏။

ကျယ်ပြောသော ချိုင့်ဝှမ်းတွင် တတိယမြောက်ပုံရိပ် ရုတ်တရက် ပေါ်လာ၏။ ထိုပုံရိပ်သည် ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့ကို ဖိနှိပ်ကာ ကောင်းကင်ထက်သို့ မြင့်တက်လာသည်။

“သံစဉ်ကိုးခု၊ သင်္ကေတသုံးခုမှာ တတိယမြောက်သင်္ကေတက ကလေးငိုသံပဲ…”

ကူးတောက်က တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

All Chapters