သူမကို ရှာမတွေ့
Vol. 153 Ch. 2020
ကျိုးသဲနှင့် တခြားသူများက လျှို့ဝှက်မန္တာန်ကို သုံးကာ တိုက်ပွဲကို ကြည့်နေချိန်တွင် ဝမ်လင်းသည် ကောင်းကင်ဘုံကလန်တွင် ရောက်နေသည်။ မြောက်ပိုင်းကုန်းမြေ၌ သူသည် သူ အနည်းငယ် ရင်းနှီးသော ကုန်းမြေကို ကြည့်ကာ စိတ်ခံစားချက် ရှိနေ၏။
“လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ငါဟာ ဒီနေရာကနေ ထွက်ခွာပြီး ရှေးကလန်ကို ဦးတည်ခဲ့တယ်။ အခု ငါ ပြန်လာခဲ့ပြီ…” ဝမ်လင်းက သက်ပြင်းချကာ သည်ကုန်းမြေကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူ့နတ်ဘုရားအာရုံကို ကုန်းမြေခုနစ်ဆယ့်နှစ်ခုဆီ ဖြန့်ကျက်လိုက်၏။ တအောင့်အကြာတွင် သူ့နတ်ဘုရားအာရုံသည် ကောင်းကင်ဘုံကလန်၏ ကုန်းမြေခုနစ်ဆယ့်နှစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်နေစဉ် သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာ၏။ သူ၏ ပြီးခဲ့သောကျင့်ကြံမှုဖြင့် သူသည် သည်နည်းလမ်းကို သုံးကာ သူ့မိတ်ဆွေအသိများကို မရှာနိုင်ခဲ့ပေ။
သို့ပေမည့် ခုခါ၌ သူကား အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် အသန်မာဆုံးသူ ဖြစ်နေလေပြီ။ ထို့အတွက် သူ လုပ်နိုင်ပြီ ဖြစ်၏။
“ကျောက်ရီနဲ့ ချင်းရှောင်တို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ မြင့်တက်လာခဲ့တယ်။ သူတို့က ငါ ပေးခဲ့တဲ့ ဆေးလုံးကို သိမ်းထားသေးလား၊ မသိမ်းထားတော့ဘူးလား ငါ သိချင်မိတယ်…”
ဝမ်လင်း၏ အပြုံးက ပို၍ ပီပြင်လာ၏။ “ဒါက စစ်ထူ ဖြစ်လိမ့်မယ်…”
“သူကတော့ အရှင်ဟုန်ရှန်ပဲ…။ ပြန်လည်မွေးဖွားပြီးတဲ့နောက်လည်း သူက အတူတူပဲ ဖြစ်နေတုန်းပဲ…”
“ဆယ့်သုံး…သူကတော့ အမြဲထူးချွန်တယ်။ ခု သူ့ကျင့်ကြံမှုအဆင့်ဟာလည်း သာမန်မဟုတ်ဘူးပဲ။ ကြည့်ရတာ သူက ကျင့်ကြံမှုအဆင့်တိုးတက်တာ တော်တော်မြန်ခဲ့တဲ့ပုံပဲ…”
“ခေါင်းကြီး၊ လှိုဏ်ဂူလောကမှာတုန်းက ကြမ်းကြုတ်ရက်စက်မှုနဲ့ အသားကျခဲ့ရတဲ့ ဒီသနားစရာလူက သူ့ရဲ့ ထိလွယ်ခိုက်လွယ်တဲ့ စိတ်နှလုံးသားကို ဖုံးကွယ်ထားခဲ့ရတယ်။ အခု ဒီမှာလည်း အတူတူပဲ…”
“ဒါက ရှန်ကုန်းဟူပဲ။ သူက ခု ကလန်တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာနေပြီပဲ…” ဝမ်လင်းက နည်းနည်းတော့ အံ့ဩသွား၏။
“သူမက အနီရောင်လိပ်ပြာပဲ။ အဲ့အမှတ်အသားက မမှားနိုင်ပါဘူး…”
“ချင်းလင်…။ သူက ကျင့်ကြံဖို့ မရွေးချယ်ခဲ့ဘူး။ သေမျိုးတစ်ယောက်လို အကြိမ်ကြိမ် ပြန်လည်မွေးဖွားခဲ့တာပဲ…”
“စီနီယာအစ်ကို…ချင်းရွှေ…အယ်…” ဝမ်လင်း၏အကြည့်က ထက်ရှသွား၏။ သူက အနောက်အရပ်ထံ အသေအချာ ကြည့်လိုက်သည်။ သူသည် ချင်းရွှေရှိနေသော နေရာကို ခံစားမိ၏။ သို့သော် ချင်းရွှေ၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားသည် အလွန်ဖျော့တော့နေသည်။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အရင်ထက် များစွာ မြင့်မားလာသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူသည် ထိုသည်ကို ထောက်လှမ်းမိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
“စီနီယာအစ်ကိုချင်းရွှေပေါ်က အမှတ်အသားက လုံးဝ ပျောက်ကွယ်သွားခဲ့ရင် ငါ့နတ်ဘုရားအာရုံနဲ့ လူတိုင်းအပေါ် ကြည့်ရှုရင်တောင်မှ ငါ သူ့ကို ရှာနိုင်တော့မှာ မဟုတ်ဘူး…။ ကံကောင်းစွာနဲ့ သူ့အမှတ်အသားက အရိပ်အမြွက် ကျန်နေတုန်းမလို့…”
ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ နတ်ဘုရားအာရုံဖြင့် ကောင်းကင်ဘုံကလန်၏ ကုန်းမြေခုနစ်ဆယ့်နှစ်ခုကို ဆက်လက် ရှာဖွေနေသည်။ သူသည် ရှေးကလန်တွင်လည်း ထိုသို့ ပြုလုပ်ခဲ့ပြီး ဖြစ်၏။ သို့သော် သူက သူ့မိတ်ဆွေများ၏ အရိပ်အယောင်ကို ထိုနေရာတွင် လုံးဝ မတွေ့ခဲ့ပေ။
သူ့စိတ်ထဲ၌ သူ့အား အတော်လေး စိတ်ရှုပ်ထွေးမှုကို ခံစားရစေသော ပုံရိပ်တစ်ခု ရှိပေ၏။ ထိုပုံရိပ်မှာ လီချန်မေဟု အမည်ရသော အမျိုးသမီးပင် ဖြစ်သည်။
“လုံးဝ မတွေ့ဘူး…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ကုန်းမြေခုနစ်ဆယ့်နှစ်ခုအနှံ့ တစ်ခုပြီးတစ်ခု ဖြတ်သန်းကြည့်ရှုသည်။ သူသည် သူမကလွဲ၍ လူတိုင်းနီးပါးကို ရှာတွေ့ခဲ့ပြီး ဖြစ်၏။
“ခုထိ မတွေ့သေးဘူး…” ဝမ်လင်းသည် သူ အကြိမ်ရေ မည်မျှ ရှာခဲ့ပြီးပြီကို မမှတ်မိနိုင်ပင် ဖြစ်လာ၏။ သူ ထပ်ခါထပ်ခါ ရှာကြည့်၏။ သို့သော် သူသည် လီချန်မေ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ပေ။
သူသည် ရှေးကလန်တုန်းကလည်း ထိုသို့ ရှာခဲ့ပြီးပြီ။ သူ သူမကို မရှာတွေ့သေးပေ။
“ဘာလို့ ဘာသဲလွန်စအရိပ်အယောင်မှ မရှိနေရတာလဲ…” ဝမ်လင်းသည် မတည်ငြိမ်နိုင်တော့ပေ။ သူ့နတ်ဘုရားအာရုံက ပေါက်ကွဲထွက်လာ၏။ သူသည် ကောင်းကင်ဘုံကလန်ကိုသာမက ခုလက်ရှိ သူ့အဆင့်ဖြင့် သူသည် ကျယ်ပြောသောာ ပင်လယ်ချိုင့်ဝှမ်းနှင့် ရှေးကလန်ကိုပါ နတ်ဘုရားအာရုံဖြင့် ဖုံးလွှမ်းကြည့်ရှုနိုင်နေပေပြီ။
သူ ထပ်ခါထပ်ခါ ရှာနေ၏။ သို့သော် သူသည် လီချန်မေ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ပေ။
“ပြန်လည်မွေးဖွားစဉ်အတွင်း မတော်တဆတခုခု ဖြစ်ခဲ့တာလား…”
ဝမ်လင်းသည် စိတ်ထဲ၌ တင်းကြပ်လာ၏။ သူသည် လီချန်မေဟုခေါ်သော အမျိုးသမီးကို မေ့ရနိုင်မည် မဟုတ်ပါ။ သူမက သူ့အတွက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ လိုက်ပါလာခဲ့၏။ သူ့အတွက် သူမ၏ အဖေကို ချန်ရစ်ကာ တကိုယ်တည်း ပြန်လည်မွေးဖွားလာခဲ့သည်။ သူမ ချစ်သော အမျိုးသားက သူမကို လာရှာကာ အတိတ်က မှတ်ဉာဏ်တို့ကို ဖြေလျှော့ပေးမည်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။
“မဖြစ်နိုင်ဘူး…” ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို နောက်ထပ် တနေကုန် ဖြန့်ကျက်ပြန်၏။ သူ့နတ်ဘုရားအာရုံသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ တလက်မမကျန်လုနီးပါးထိ ပျံ့နှံ့သော်လည်း အဆုံးသပ်တွင် သူသည် သူမကို လုံးဝ ရှာမတွေ့နိုင်သေးဘဲ ရှိသည်။
ဝမ်လင်းက သူ့ရင်ဘက်ကို လက်ဖြင့် ဖိလိုက်မိ၏။ သူသည် နာကျင်စွာ ခံစားရသည်။ သူ ကောင်းကင်ထက်သို့ ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်လေသည်။ သို့ပေမည့် သူ၏ရယ်သံတွင် ဒေါသတို့ ပြည့်နေသည်။ ထိုဒေါသမှာ မိုးကောင်းကင်အပေါ် ဒေါသပင်။
“သင်က ငါ့ကို လီမူဝမ်ရဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့စေခဲ့တယ်။ ဒါပေမဲ့ လီချန်မေကိုတော့ ဆုံးရှုံးစေခဲ့တယ်။ ဒါကို ကံတရားလို့ ခေါ်ရမှာလား။ ဒီမိုးကောင်းကင်ဟာ ငါ့ကို အရူးလုပ်နေတာလား…”
“ငါ ဒီကံကြမ္မာကို မယုံဘူး။ ငါ သူမကို ရှာနိုင်စွမ်း ရှိနေတုန်းပဲ…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ အော်ဟစ်လိုက်၏။ သူ၏ အော်ဟစ်သံက လောကတခွင် ပဲ့တင်ထပ်သွားသည်။
“ဆရာ့ရဲ့ အကူအညီနဲ့ဆို မတော်တဆဖြစ်နိုင်ချေ နည်းလွန်းတယ်။ ငါ သူမကို မရှာနိုင်မှတော့ ကြည့်ရတာဟာ သူမဟာ စီနီယာအစ်ကိုချင်းရွှေလိုမျိုး စောစောစီးစီး သူမရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာပြီး အမှတ်အသားဟာ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ဖို့များတယ်…”
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူက သည်အခြေအနေကို စမ်းစစ်ကြည့်ပြီးနောက် ထိုသို့ သေချာသလောက်ဖြစ်နိုင်သည်ဟု ထင်သည်။
သူမျက်လုံးမှိတ်လိုက်သည်နှင့် သူသည် ကောင်းကင်ထက်သို့ မျက်ရည်များ စီးကျလျက် မော့ကြည့်နေသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကို ဝိုးတဝါး မြင်မိသည်။
သူမသည် သူမ၏ ဘဝဟောင်းကို မှတ်မိခဲ့တာ ကြာခဲ့လောက်ပြီပင်။ သို့သော် သူ့ကို သူမက ရှောင်နေခဲ့သည်လော။ သို့မဟုတ် သူမက ဝမ်လင်းကို မတွေ့ချင်၍လော။
ဝမ်လင်းသည် လေထဲတွင် ရပ်ကာ မျက်လုံးဖွင့်လိုက်၏။ ကောင်းကင်သည် တဖြည်းဖြည်း နက်မှောင်လာသည်။ သူ့မျက်လုံးထံမှ ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးမှု အရိပ်အယောင် လှစ်ဟပေါ်လာသည်။ သူသည် ငြိမ်သက်စွာ စဉ်းစားနေလျက် ရှေ့သို့ လျှောက်သည်။ သူ အမှောင်ထုထဲ၌ ပျောက်ကွယ်သွား၏။
ကောင်းကင်ဘုံကလန်၊ အနောက်ပိုင်းကုန်းမြေထု၏ ယွမ်တောက်ကုန်းမြေ။
သည်ကုန်းမြေ၏ မြေပိုင်းတွင် ကလန်တစ်ခု ရှိ၏။ ထိုကလန်မှာ မကြီးမားပေ။ ယွမ်တောက်မြေတွင် ကလန်ငယ်ဟု သတ်မှတ်နိုင်၏။ သည်နံနက်ခင်းတွင် ကလန်၌ ကျင့်ကြံနေသော တပည့်များစွာ ရှိသည်။ ထိုကလန်၏ တောင်အနောက်ဘက်ရှိ လျှို့ဝှက်ခန်းထဲ၌ သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။
ထိုသူသည် ပြတ်သားသည့်ပုံ ပြည့်နေလျက် အေးစက်စက်ဟန် ရှိသည်။ သူက ဝတ်ရုံနက်ကို ဝတ်ဆင်ထားကာ တံခါးပိတ်ကျင့်ကြံနေခြင်းပင်။ သူ့ခန္ဓာကိုယ်မှ လှိုင်းဂယက်များ ပျံ့ကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ဤသည်က ထိုသူ၏ ကျင့်ကြံမှုသည် ဒုတိယအဆင့်ကျင့်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်ကာ တတိယအဆင့်နှင့် ခြေတလှမ်းသာလိုတော့ကြောင်းကို ပြသနေသည်။
သည်ရွှေမီးပြင်းဖိုကလန်၌ နှစ်ပေါင်းတစ်ထောင်အတွင်း ကျင့်ကြံမှုအမြန်ဆုံးဖြစ်သော သူသည် အတော်လေး ကျော်ကြားပေသည်။ ကလန်တွင်လည်း သူက မြင့်မားသောအဆင့်ရှိ၏။ အကြီးအကဲချုပ်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့၏။
သူ၏ကျင့်ကြံမှုအဆင့်သည် မြင့်မားရုံသာမက သူက ပြတ်သားကာ ရက်စက်တတ်သူပင်။ သူသည် ယွမ်တောက်ကုန်းမြေတွင်ပင် အမည်ကျော်ကာ တတိယအဆင့်သို့ ဝင်ရောက်ခါစ လူတစ်ယောက်ကိုလည်း သတ်ပစ်ခဲ့ဖူး၏။ ထိုအဖြစ်က သူ၏အမည်ကို ကလန်များစွာက သိရှိသွားစေခဲ့သည်။
အထူးသဖြင့် ထိုတိုက်ပွဲသည် တတိယအဆင့်ကျင့်ကြံသူများထဲမှ အချို့ထက်ပင် ပို၍ ပြတ်သားခဲ့လေ၏။ သူနှင့် တိုက်ခိုက်သောသူတိုင်းမှာ သူ့လက်ချက်ကြောင့် ဆယ်ယောက်တွင် ကိုးယောက် သေဆုံးခဲ့ရသည်သာ ဖြစ်သည်။
ထိုသတ်ဖြတ်မှုက သူ့ကို လူငယ်မျိုးဆက်ကြား၌ နံပါတ်တစ် ဖြစ်စေခဲ့သည်။ သို့သော် သာမန်အကြီးအကဲများသည်ပင် သူ့သတ်ဖြတ်လိုစိတ်ကြောင့် တုန်လှုပ်ရသည်ပင်။
သူ၏အမည်မှာ ဝမ်ရှီ ဖြစ်၏။ ရှီကား ကျောက်တုံးဟု အဓိပ္ပာယ်ရသည်။
သူက မိဘမဲ့တစ်ယောက် ဖြစ်၏။ သူ့မိဘများကိုပင် မည်သူမည်ဝါမှန်း သူ မသိခဲ့ပေ။ သူ့ကို တာအိုကျင့်ကြံသော အဘိုးအိုတစ်ယောက်က ခေါ်ယူမွေးစားခဲ့ကာ သည်ကလန်တွင် သူ ကြီးပြင်းခဲ့၏။ သူ ကျင့်ကြံသည့်အချိန်၌ သူက ပုံရိပ်တစ်ခု၏ နောက်ကျောကို မကြာဆိုသလို တွေ့မြင်ခဲ့သည်။ ထိုနောက်ကျောက အလွန်ကြီးမားကာ သူ့ကို နွေးထွေးမှုအား ခံစားမိစေ၏။ သို့သော် သူ မည်သို့ပင် ကြိုးစားကြိုးစား သူက ထိုပုံရိပ်၏ ပုံပန်းသွင်ပြင်ကို မမြင်နိုင်ခဲ့ပေ။
အစပိုင်းတွင် ထိုပုံရိပ်၏ နောက်ကျောမှာ ဝေဝါးခဲ့၏။ သူ၏ကျင့်ကြံမှု တိုးတက်လာသည်နှင့် ထိုပုံရိပ်၏ နောက်ကျောက ပို၍ ထင်ရှားလာခဲ့သည်။ သူက သူသာ တတိယအဆင့်သို့ ရောက်ခဲ့ပါက သူသည် ထိုပုံရိပ်ကို ထင်ထင်ရှားရှား မြင်ရလိမ့်မည်ဟု ခံစားမိသည်။
ထို့အတွက်ကြောင့်လည်း သူ၏ အသည်းအသန် ကျင့်ကြံနေခြင်းပင်။
“ဝမ်ရှီ…” သူ ကျင့်ကြံနေစဉ် လျှို့ဝှက်ခန်းအပြင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့ရှေ့သို့ အလင်းတန်းတစ်ခု ပျံသန်းလာကာ အဘိုးအိုတစ်ယောက်၏ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသည်။
ဝမ်ရှီက မျက်လုံးဖွင့်လာ၏။ သူက ထိုအဘိုးအိုကို တလေးတစား ကြည့်ကာ ထရပ်၍ အရိုအသေပေးလိုက်သည်။
“အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်…”
“မင်းက ခုထိ ငါ့ကို ဆရာလို့ မခေါ်သေးဘူးပဲ…” ထိုပုံရိပ်ယောင်က မျက်မှောင်ကြုတ်လိုက်၏။ သည်တပည့်က အတော်လေး ထူးခြားပေသည်။ သူက သူ့ကို သူ့တပည့်အဖြစ် လက်ခံချင်၏။ သို့သော် ဝမ်ရှီက ငြိမ်သက်နေလျက် သဘောမတူခဲ့ပေ။ ဤသည်က သူ့ကို မပျော်မရွှင် ဖြစ်စေခဲ့၏။ အချိန်ကြာလာကာ ဝမ်ရှီ၏ ကျင့်ကြံမှုအဆင့်က သူ့အာရုံကို ထပ်မံ ရရှိစေခဲ့သည်။ ထိုအခါ သူက ဝမ်ရှီအနေဖြင့် သူ့ကို ဆရာတစ်ယောက်အဖြစ် လက်မခံခဲ့သော်လည်း သူ့သီးသန့်မန္တာန်များကို သင်ကြားပေးခဲ့ပေသည်။
အခု နှစ်များစွာ ကုန်လွန်လာခဲ့လေပြီ။ သူတို့နှစ်ယောက်ကြားတွင် ဆရာတပည့် ဆက်ဆံရေးတစ်ခု ရှိခဲ့၏။ သို့သော် ခုချိန်ထိ ဝမ်ရှီက သူ့ကို ဆရာဟု မခေါ်သေးပေ။
ဝမ်ရှီကိုယ်တိုင်လည်း ထိုသို့ ဆရာဟု မခေါ်နိုင်ရသည့် အကြောင်းရင်းကို မသိပေ။ သူက သူ့ရှေ့မှ လူက သူ့ဆရာ မဟုတ်ဟု အမြဲတမ်းလိုလို ခံစားမိရုံသာ ရှိ၏။ ထို့အတွက် သူလည်း စိတ်ရှုပ်ထွေးမိသည်ပင်။
“ထားလိုက်ပါတော့လေ။ မင်း နည်းနည်း ပြင်ဆင်ပြီး သုံရက်ကြာရင် တောင်အောက် သွားလိုက်။ ငါ့အစား တောက်ယွမ်ကလန်ကို ဂုဏ်ပြုလက်ဆောင် သွားပေးလိုက်ပါ…”
ထိုပုံရိပ်ယောင်ပုံရိပ်က ခေါင်းယမ်းကာ ပျောက်ကွယ်သွား၏။
ဝမ်ရှီက တလေးတစား ခေါင်းညိတ်လိုက်၏။ ထိုပုံရိပ် ပျောက်ကွယ်သွားသည့်နောက် သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပြည့်လာ၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချသည်။ သူသည် ထပ်မံလေ့ကျင့်ဖို့ ထိုင်ချလိုက်ပြီးနောက် သူ့နောက်မှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာသည်။
ထိုသက်ပြင်းချသံက ရုတ်တရက် ဆန်ကာ ဝမ်ရှီကို တုန်ယင်သွားစေသည်။ သို့သော် သူက အဆင်အခြင်မဲ့စွာ လှည့်မကြည့်ပေ။ သူက ထိုသူသည် သည်နေရာသို့ သူ သို့မဟုတ် သူ့ဆရာပင် မသိဘဲ ရောက်လာနိုင်သည် ဖြစ်၍ ထိုသူ၏ ကျင့်ကြံမှုမှာ အလွန်မြင့်လိမ့်မည်ကို သိသည်။
ဝမ်ရှီက အလေးအနက် ပြောလိုက်၏။ “သင်က ဘယ်သူများလဲ…မိတ်ဆွေ…”
“မင်းနာမည်ကို ဝမ်ရှီလို့ ဘာကြောင့် ပေးထားလဲ ငါ့ကို ပြောပါ။ မင်းကို ဒီနာမည် ဘယ်သူ ပေးခဲ့တာလဲ…” ဝမ်ရှီနောက်မှ ခပ်တိုးတိုးအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ သူ့စိတ်နှလုံးမှာ တုန်ယင်သွား၏။ သည်အသံကို သူ အတော်လေး ရင်းနှီးပေသည်။ သူ၏ တချို့မှတ်ဉာဏ်များ နိုးထလာသလား ထင်ရ၏။ သူသည် စိတ်ရှုပ်ထွေးမိလာ၏။ သူက အလိုလို ပြန်ဖြေမိလိုက်သည်။
“ကျုပ်…ကျုပ်က မိဘမဲ့ပါ။ ဒီအမည်ကိုလည်း ကိုယ့်ဘာသာကိုယ် ပေးထားခဲ့တာပါ။ ကျုပ်ရဲ့ အမည်မှာ ဝမ် ပါသင့်တယ်လို့ ကျုပ် ခံစားမိလို့ပါ…”
သူ့နောက်တွင် တိတ်ဆိတ်သွား၏။ ဝမ်ရှီ၏ မျက်လုံးက တောက်ပသွားကာ သူသည် တဖက်သို့ လှည့်လိုက်သည်။ သူက အဖြူရောင်ဝတ်ရုံဖြင့်လူငယ်တစ်ယောက်က သူ့နောက်တွင် ရပ်ကာ သူ့ကို နူးညံ့သောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုအကြည့်က အကြီးအကဲတစ်ယောက် သူ၏ ဂျူနီယာတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးပင်။
သည်အဖြူရောင်ဝတ်စုံဖြင့်လူငယ်ကို မြင်သည့်အခါ ဝမ်ရှီ၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏ စိတ်နှလုံးက ဗရမ်းဗတာ ဖြစ်သွားသည်။ သူ့အိပ်မက်ထဲရှိ ပုံရိပ်၏ နောက်ကျောက စိတ်ထဲတွင် ပြန်ပေါ်လာကာ သည်လူနှင့် တထပ်တည်း ဖြစ်သွား၏။
“သင်…သင်…” သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာ၏။
ဝမ်လင်းက သက်ပြင်းချကာ ဝမ်ရှီ၏နဖူးထံ လက်ညွှန်လိုက်သည်။ ထိုအခါ ဝမ်ရှီ၏ စိတ်နှလုံးသည် အပြင်းအထန် တုန်ယင်သွား၏။ သူ၏မှတ်ဉာဏ်များသည် ရုတ်ချည်း ပြန်ရရှိလာ၏။
“ဆ…ဆရာ။ ဆယ့်သုံးက ဆရာ့ကို နှုတ်ဆက်ပါတယ်…” သူ့မျက်လုံးမှ မျက်ရည်များ ကျဆင်းလာ၍ သူက ချက်ခြင်း ဝမ်လင်းရှေ့တွင် ဒူးထောက်ချ၏။ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေလေသည်။