← Chapters

ဖော်ထုတ်ခြင်း

Vol. 8 Ch. 112

ဖော်ထုတ်ခြင်း

Vol. 8 Ch. 112

မိုဝူကျီက ပဒုမ္မကြာ ဓားတောင်သို့ ချက်ချင်း မပြန်သွားပဲ ဆေးဘုရင် တောင်ထိပ်ဆီ ယန်အာကို ခေါ်ရန် သွားလိုက်သည်။ သူ့မျှော်လင့်ချက် အားလုံးကို ယန်ချင်ယင် အပေါ်တွင် ပုံအပ် မထားလိုပေ။ ထို့အပြင် ယခု သူက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်နေပြီ ဖြစ်၍ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက် ဆေးလုံး ပြိုင်ပွဲကို ဝင်ဖို့ရာ အခြား နည်းလမ်းများ ရှိလောက်မည်။

“စီနီယာ အစ်ကိုမို ညီမလေး ယန်အာ…” မိုဝူကျီက ယန်အာနှင့် ပြန်လာသည်ကို မြင်၍ ဖေးပင်းကျူက အမြန်အဆန် ရောက်လာကာ နှုတ်ဆက် လိုက်သည်။

“ကိစ္စ တစ်ခုခုများ ထူးသေးလား…” ဖေးပင်းကျူ၏ အမူအရာကို ကြည့်ပြီး မိုဝူကျီက တစ်ခုခု ရှိကြောင်း ပြောနိုင်သည်။ ထို့အပြင် သူက ဆေးဖော်စပ်ခန်း ၁၉တွင် နေတာ အတော် ကြာသွားခဲ့၏။

ဖေးပင်းကျူက စိုးရိမ် နေဟန်ဖြင့်

“ဟုတ်တယ် မနေ့က ဒုတိယ အကြီးအကဲက လူတချို့ လွှတ်လိုက်သေးတယ် သူက စီနီယာကို ဆေးဖော်စပ်ခန်းက ပြန်ရောက်တာနဲ့ လာတွေ့ဖို့ မှာသွားတယ် ပြီးတော့ ဟိုမန်ကောင်စုတ်ရဲ့ နောက်ခံကလည်း ဒုတိယ အကြီးအကဲတဲ့ ....”

မိုဝူကျီက ချင်ရှုန်းယု၏ မောင်လေး ချင်ချန်းကို အမှတ် ရမိသွား၏။ သူ့ဆရာကလည်း ဒုတိယ အကြီးအကဲ မဟုတ်လား ... မန်ပိုယူ၏ ကျောထောက် နောက်ခံကလည်း ဒုတိယ အကြီးအကဲ ဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။

“ပင်းကျူ ရတနာ သွေးပဒုမ္မာကြာက အရွယ် ရောက်ရောက် မရောက်ရောက် နှုတ်ထား လိုက်တော့ ...” ကိစ္စများက ဒုတိယ အကြီးအကဲထိ ရောက်ပြီးသောကြောင့် ပို၍ ဒုက္ခများလာ လိမ့်မည်။ ထပ်၍ မဆွေးနွေးခင် ရတနာ သွေးပဒုမ္မာကြာကို ဖေးပင်ကျူက ရထားဖို့ ပထမဆုံး ဖြစ်သည်။

သူက ထပ်ပြော လိုက်သည်။

“အားလုံး သိမ်းထား လိုက်တော့ အချိန်မရွေး ထွက်သွားနိုင်အောင် ပြင်ဆင်ထား… ”

ဒုတိယ အကြီးအကဲက သူ့အား စုံစမ်းပြီး သွားသောကြောင့် ယန်ချင်ယင် ပြန်ရောက် လာလျှင်ပင် သူက ထွက်သွားရမည် ဖြစ်သည်။ သူက ဤနေရာတွင် နေပြီး သူ့ကံကို မစမ်းနိုင်ပေ။

ဖေးပင်းကျူက အလျင်အမြန်‌ ပြောလိုက်သည်။

“စီနီယာ အစ်ကိုမို စိတ်ချနေပါ ကျွန်တော်က ကျောက်စိမ်း သေတ္တာတောင် ပြင်ဆင် ပြီးသွားပါပြီ အဲဒီသေတ္တာထဲမှာ ကြာကို စိတ်စွမ်းအင် ကျောက်တုံးနဲ့ ထည့်ထားရင် အနည်းဆုံး‌တော့ လပိုင်းလောက် မညှိုးမနွမ်း ခံလောက်မယ် တခြား ပစ္စည်းတွေကို သိမ်းလိုက်ဦးမယ်…”

မိုဝူကျီက ခေါင်းညိတ်လိုက်ပြီး ပြောခါနီးတွင် ဆေးလုံးဆရာ ခန်းမ တာဝန်ခံ ယွန်ချီက အလောတကြီး ပြေးလာသည်ကို တွေ့လိုက်ရ၏။

“တာဝန်ခံယွန် …” ယွန်ချီက မပြောခင် မိုဝူကျီက အရင်ဦးကာ နှုတ်ဆက် လိုက်တော့သည်။

ယွန်ချီက သူတို့ အရင်တစ်ခါက တွေ့ဆုံမှု သကဲ့သို့ နွေးထွေးမှု မပါဘဲ ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ

“ဆေးလုံးသခင်မို ဂိုဏ်းခေါင်းဆောင် ဆေးလုံး သခင်ယန်နဲ့ အခြား အကြီးအကဲတွေက ခန်းမမှာ စောင့်နေကြပါတယ် ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ…”

ယန်ချင်ယင် ပြန်ရောက်ပြီကို ကြား၍ မိုဝူကျီက အနည်းငယ် စိတ်အေးသွားသည်။ ကြည့်ရသည်မှာ ယန်ချင်ယင်က ဆေးဘုရင် တောင်ထိပ်ကို ပြန်မရောက် သေး၍သာ သူတို့ မတွေ့မိကြခြင်း ဖြစ်ရမည်။ ယန်ချင်ယင်က သူ့ကို နောက်တစ်ကြိမ် ကူညီပေးမည်ဟု ယုံကြည်သည်။ ဤတစ်ကြိမ်တွင်သာ သူမ အကူအညီကို လိုအပ်ခြင်း ဖြစ်၏။ ဤကိစ္စ ပြီးသွားသည်နှင့် သူက သဏ္ဌာန် မဲ့ နတ်ဓားဂိုဏ်းနှင့် ပတ်သက်မှု ရှိတော့မည် မဟုတ်ပေ။

မိုဝူကျီက ခေါင်းညိတ်လိုက်ပြီး ဖေးပင်းကျူကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ပင်းကျူ မင်းလုပ်ရမဲ့ ဟာကို လုပ်ထားလိုက် ငါ ခဏ သွားလိုက်ဦးမယ်…”

“စီနီယာ အစ်ကိုမို စိတ်ချ ထားလိုက်ပါ…” ဖေးပင်းကျူက ခေါင်းညိတ် လိုက်သည်။ သူက မိုဝူကျီက ထိုကိစ္စကို ရှောင်ရှားနိုင်မလား ဆိုတာ မသိသေးချေ။ သို့သော် ထိုအခြေအနေ ရောက်မှတော့ ကံပေါ်သာ ပုံအပ်ထား လိုက်တော့မည်။

မိုဝူကျီက တာဝန်ခံ ယွန်ချီနောက်မှ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း ခန်းမသို့ လိုက်ပါသွားသည်။ ထိုခန်းမ အတွင်းသို့ ဒုတိယမြောက် ဝင်ခြင်း ဖြစ်ကာ ပထမအကြိမ်တွင် သူက ရှီဂျွန်၏ ဆေးပင် သယ်ယူရေး ကောင်လေး အဖြစ် ရောက်လာခြင်း ဖြစ်သည်။ ယခု ရှီဂျွန်က သေပြီဖြစ်ကာ သူက ဂိုဏ်းအတွက် ဧည့်ဆေးလုံး ဆရာ ဖြစ်လာလေသည်။

သူက ခန်းမသို့ ဝင်ဝင်ချင်း အကြီးအကဲများကို တစ်စုတစ်စည်းတည်း တွေ့လိုက်ရသည်။ သူက ဒုတိယ အကြီးအကဲကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူက ဒုတိယ အကြီးအကဲကို အကြည့် တစ်ချက်တည်းဖြင့် တန်းသိလိုက်၏။ ဒုတိယ အကြီးအကဲတွင် မုတ်ဆိတ်မွေး အရှည်ကြီး ရှိပြီး မီးခိုးရောင် ဝတ်ရုံ ဆင်မြန်း ထားလေ၏။ သူ့အကြည့်ကား အင်မတန် စူးရှနေသည်။ ဘေးတွင် သူရဲကောင်းဟန်ဖြင့် လူငယ် တစ်ယောက်ရှိကာ ချင်ရှုန်းယုနှင့် ခပ်ဆင်ဆင် ဖြစ်နေသည်။ မိုဝူကျီက ထိုလူက ချင်ချန်း ဖြစ်ရမည်ဟု မှန်းဆမိလိုက်သည်။

အကြီးအကဲများ ဘေးတွင် ဂိုဏ်းမှ ဆေးလုံးဆရာများ စုစည်းလျက် ရှိသည်။ ဂိုဏ်းခေါင်းဆောင် ဂူရန်တွင် အေးစက်သော အမူအရာ ရှိနေပြီး ထိပ်ဆုံးတွင် တိတ်တဆိတ် ထိုင်နေသည်။ မိုတူကျီကို စိုးရိမ်စေတာက ဆေးလုံး သခင်ဂျူ၏ နေရာသည် ယန်ချင်ယင် နောက်တွင် ရှိနေခြင်း ဖြစ်သည်။ ဆေးလုံး သခင်ဂျူ၏ အဆင့်အတန်းက ယန်ချင်ယင်နှင့်ပင် ယှဉ်နိုင်လေနေပြီ။

မိုဝူကျီက လက်သီးဆုပ် အရိုအသေပြုကာ

“ပဒုမ္မာကြာ ဓားတောင်က မိုဝူကျီက ဂိုဏ်းခေါင်းဆောင်  အကြီးအကဲများ ဓားတောင် သခင်များနဲ့ ခန်းမ သခင်များကို နှုတ်ခွန်း ဆက်ပါတယ်…”

အချိန်အတော် ကြာသည့်အထိ တစ်ယောက်မှ မပြောကြပေ။ ခဏအကြာတွင် ယန်ချင်ယင်က ညင်ညင်သာသာ ပြောလိုက်သည်။

“ဆေးလုံး သခင်မို ကျေးဇူးပြု၍ ထိုင်ပါ…”

မိုဝူကျီက ညည်းညူ မိသွားသည်  ... ကြည့်ရသည်မှာ ခန်းမထဲမှ လူအားလုံးသည် သူ့ကို ဆန့်ကျင်ရန် စုစည်းနေခြင်း ဖြစ်ရမည်။

“ခဏနေပါဦး ဆေးလုံး သခင်မို ကြားတာက ဆေးလုံး သခင်ဂျူရဲ့ ဆေးလုံး ဖော်စပ်မှုကို ကျရှုံးစေတဲ့ ဆေးပင် အမှားတွေ ထုတ်ပေးလိုက်တဲ့ အစေခံ ရှိတယ်တဲ့ သူကို ပြစ်ဒဏ်စီမံရေး ခန်းမကို ခေါ်သွားပေမဲ့ ဆေးလုံး သခင်မိုက ဂိုဏ်းစည်းမျဉ်းတွေကို ဆန့်ကျင်ပြီး သူ့ကို အတင်းကျပ် ထုတ်သွားတယ် …” မိုဝူကျီ မထိုင်ခင် ကြမ်းကြုတ်ဟန် ရှိသည့် အမျိုးသားက ရပ်ကာ သူ့အား မေးခွန်း ထုတ်လိုက်တော့သည်။

မိုဝူကျီက ထိုလူကို မှတ်မိလေ၏။ သူကား မီးတောက် ဓားတောင်သခင် ချောက်ချန်းရှင်း ဖြစ်၏။ သူက မိုဝူကျီ၏ ကမ္ဘာ့ ရန်ဖက်ဟုပင် ဆိုလိုရလေ၏။

သူက ချောက်ချန်းရှင်း၏ သူ့အား ရပ်တန့်ရန် ပြောခြင်းကို မကြားသောကြောင့် မိုဝူကျီက ထိုင်ခုံပေါ် ထိုင်ချ လိုက်တော့သည်။

မိုဝူကျီ ထိုင်ချလိုက်သော အခါ ချောက်ချန်းရှင်း သာမက ဆေးလုံး သခင်ဂျူနှင့် အကြီးအကဲအချို့ပါ ဒေါသူပုန် ထသည့် အမူအရာများ ဖြစ်လာသည်။

ထိုမိုကောင်လေးက အရမ်းကို အထက်စီး ဆန်လွန်း၏။ သူ့ကို မေးခွန်းထုတ် ခံနေရသည်ကို မသိဘူးလား…

ဒုတိယ လူက ထရပ်ကာ သူ့အား လက်ညှိုးထိုး ပြောသည်ကို မစောင့်ဘဲ မိုဝူကျီက တည်ငြိမ်စွာ ချောက်ချန်းရှင်းအား ပြန်ပြောလိုက်သည်။

“ဓားတောင် သခင်ချောက်က ကောလာဟလတွေပဲ ကြားတာကိုး ကောင်းပြီလေ ကျွန်တော်က သခင်ချောက်ကို အဲဒီ ကောလာဟလတွေ ယုံလို့ အပြစ်တော့ မဆိုနိုင်ပါဘူး  သခင်ချောက်က ဆေးပညာမှ နားမလည်တာ အသေးစိတ်ကို မသိတာ ဖြစ်သင့်ပါတယ် ဒါပေမဲ့ ဆေးပညာ အကြောင်း နည်းနည်းလေးသာ သိမယ်ဆိုရင် တစ်ခုခု မှားနေမှန်း တန်းသိလိမ့်မယ် ဆေးလုံး သခင်ဂျူက ထိပ်တန်း ဆေးလုံးဆရာပါ သူ့ဆေးပင် သယ်ယူရေး ကောင်လေးက ဆေးပင်တွေ မှားယူ လာရင်တောင် ဆေးလုံး သခင်ဂျူက မတွေ့ဘူးလို့ ထင်နေတာလား ပြီးတော့ ဆေးပင် အမှားတွေနဲ့ ဆေးလုံး ဖော်စပ်မှာတဲ့လား ... သခင်ချောက် မသိတာက အဆင်ပြေပေမဲ့ ဆေးလုံး သခင်ဂျူရဲ့ အဆင့်အတန်း ကိုတော့ သံသယ မရှိသင့်ဘူးလေ ဒီနေရာက ဆေးလုံး ဆရာတွေက အဲဒီလို အမှားတော့ မလုပ်ဘူးလို့ ယုံတယ်  ကျွန်တော်က ပြစ်ဒဏ် စီမံရေး ခန်းမကို သွားပြီးတော့ အဲဒီကလူ ပြောတဲ့ အပြည့်အစုံကို နားထောင်ကြည့်ပြီး အစေခံက မှားယွင်းစွပ်စွဲ ခံလိုက်ရမှန်း တန်းသိ လိုက်တယ်  အဲဒါကြောင့် သူ့ကို ခေါ်ထုတ် သွားတာပါ  အဲဒါကို သခင်ချောက်က ကျွန်တော်က အတင်းကျပ် ခေါ်သွားတယ် ပြောတော့ အဲဒီဖြစ်စဉ်ကို ကိုယ့်ဘာသာ အပျင်းပြေဖို့များ လုပ်နေတာလား ...”

ပုံမှန်အားဖြင့် မိုဝူကျီက တစ်ယောက်ယောက်က သူ့ကို ခွင့်မပြုသောကြောင့် ရပ်တည်ခြင်း မဟုတ်ပေ။ ထိုစဉ် သူ့အဆင့်အတန်းသာ ပျောက်ဆုံးသွားပါက သူသည် ဆိုးရွားစွာ အဆုံးသတ် သွားလိမ့်မည်။ ထို့အပြင် သူက မျက်ကန်း စကားများ ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ ဆေးလုံးဆရာက သူထည့်မည့် ဆေးပင်များကို မမှတ်မိပါက သူ့ကိုယ်သူသာ သတ်သေ လိုက်သင့်သည်။

ဤအကြိမ်တွင် စကားပြောမဲ့သူ တစ်ယောက်မှ မရှိတော့ချေ။ ဆေးလုံး သခင်ဂျူပင် ထမပြောပေ။ မိုဝူကျီ ပြောသည်များက အဓိပ္ပာယ် ရှိလှ၏။ အကယ်၍  ဆေးလုံးဆရာက သူ့ဖော်စပ်သည့် ဆေးလုံးကို ဆေးပင် မှားထည့်မိလျှင် သူက ဆေးလုံးများ မဖော်စပ် သင့်တော့ပေ။

ကြည့်ရသည်က တစ်ယောက်ယောက်က ထိုအစေခံကို မှားယွင်း စွပ်စွဲခြင်း ဖြစ်နေလိမ့်မည်။

ဒုတိယ အကြီးအကဲက ရုတ်တရက် မေးလိုက်သည်။

“ဆေးလုံး သခင်မို အခုတလော ဆေးလုံးသခင် မန်နဲ့များ တွေ့သေးလား…”

မိုဝူကျီက မြန်မြန် ရပ်လိုက်ကာ ဒုတိယ အကြီးအကဲကို အရိုအသေ‌ ပေးလိုက်ပြီး နားမလည်သည့် ဟန်ဖြင့်

“အကြီးအကဲရှု ကျွန်တော်က ဂိုဏ်းထဲက တခြား လူတွေနဲ့ အဆက်အဆံ မရှိဘူးဗျ ဆေးလုံး သခင်မန်က ဘယ်သူဆိုတာ သိခွင့်ရှိမလား…”

မန်ပိုယူကို မသတ်ခင်အထိ သူက မန်ပိုယူနှင့် မဆုံဖူးပေ။ ဂိုဏ်းက သေချာပေါက် ထိုအကြောင်းကို စုံစမ်းမိလိမ့်မည်။ အကယ်၍ မိုဝူကျီက မန်ပိုယူကို မမြင်ဖူးဘူးဟု ပြန်ဖြေမိလျှင် ပြဿနာ တစ်ခု ဖြစ်လိမ့်မည်။ ဤဒုတိယ အကြီးအကဲက သူ့စကားများကို မဖြောင့်မှန်ကြောင်း သိနေသည်။

ဖြူဖျော့နေသည့် အမျိုးသားက မျက်လုံးများ မှေးကြည့်ကာ ဖွင့်ဟ မေးလိုက်သည်။

“ဆေးလုံး သခင်မို ကျွန်တော်တို့ရဲ့ ပြစ်ဒဏ်စီမံရေး ခန်းမ စစ်ဆေးမှုတွေ အရ ဆေးလုံး သခင်မန်က လွန်ခဲ့တဲ့ လအနည်းငယ်က ထွက်သွားတယ်လို့ သိရပါတယ် အဲဒီနောက်မှာ သူက ပြန်မလာတော့ဘူး အဲဒီအစား ဆေးလုံး သခင်မိုက ပြန်ရောက် လာတယ် ကျွန်တော့်ရဲ့ စစ်ဆေးမှုတွေ အရ ဆေးလုံသခင်မို ထွက်သွားတဲ့ မှတ်တမ်း ရှိမနေဘူး ...”

မိုဝူကျီက စိတ်လေးလံ သွားသည်။ ထိုသည်က တစ်နေရာတည်း ကွက်လပ် ဖြစ်နေခြင်း ဖြစ်သည်။ သူ့အတွက် ဂိုဏ်းကို တိတ်တဆိတ် ပြန်လာဖို့ရာ ဘာမှ အဓိပ္ပာယ်မရှိပေ။

“လတ်တလော ကျွန်တော်က ဂိုဏ်းကနေ နှစ်ခါ ဆက်တိုက် ထွက်သွားခဲ့တယ် ဘာလို့ မှတ်တမ်း မရှိရတာလဲ ဆိုတော့ ခန်းမသခင်ရှား မေးခွန်း ထုတ်ရမှာက ကျွန်တော့ကိုမှ မဟုတ်ဘဲ မှတ်တမ်း တပည့်တွေ မဟုတ်ဘူးလား  ...” မိုဝူကျီက ဂိုဏ်းကနေ သိသာမြင်သာ ထွက်သွားကြောင်း ပြောလိုက်ကာ သေချာပေါက် ဝန်ခံမည် မဟုတ်ပေ။ အခြားလူက သူသည် မန်ပိုယူကို သတ်သည့် သူမှန်း သေချာနေလျှင်ပင် သူက ဂိုဏ်းက ထွက်သွားရန် လိုအပ်ရုံသာ ဖြစ်ကာ ထို့နောက်တွင် သူနိုင်လေပြီ။

“လွန်ခဲ့တဲ့လက ထွက်သွားတဲ့ သူက ဆေးလုံး သခင်မန် မဟုတ်ဘူးလို့ ထင်မိလို့ပါ ဒါပေမဲ့…”

“ခန်းမ အကြီးအကဲရှား သက်သေ မရှိရင် သူ့ကို သံသယ ရှိလို့ မရဘူးလေ ကျွန်မက ဆေးလုံး သခင်မိုကို နားလည်တယ် သူက ပြဿနာရှာနေမဲ့ လူမျိုး မဟုတ်ဘူး…” ယန်ချင်ယင် အသံက ရုတ်တရက် ထွက်ပေါ်လာကာ ခန်းမ အကြီးအကဲရှား စကားများကို ဖြတ်ပြောလိုက်သည်။

ခန်းမ သခင်ရှားသည် ပြစ်ဒဏ်စီမံရေး ခန်းမသခင် ဖြစ်သော်လည်း ယန်ချင်ယင် စကားများကို ပေါ့ပေါ့တန်တန် သဘော မထားရဲပေ။ ကျန်စကားများကို အတင်းကျပ် မျိုချလိုက် ရတော့သည်။ အားလုံးက သူ ဘာဆက် ပြောမည်ကို သိကြသော်လည်း သူက ဆက်လက်၍ မပြောခဲ့ပေ။

မိုဝူကျီက အမှန်ပင် ကျေးဇူး တင်နေသည်။ အားလုံးက သူ့အား သံသယ ဝင်နေလျှင်ပင် ထိုကိစ္စကို အမှန်တိုင်း မသိသေးသရွေ့ သူ့တွင် လွတ်မြောက်ရန် နည်းလမ်းများ ကျန်သေး၏။

ဒုတိယ အကြီးအကဲ၏ အေးစက်စက် အကြည့်က မိုဝူကျီ ခန္ဓာထဲသို့ ထိုးဖောက် တော့မည့်ဟန် ရှိသည်။ မိုဝူကျီက စူးရှသည့် လူသတ်ငွေ့ကိုလည်း ခံစားမိ၏။ ဒုတိယ အကြီးအကဲက ဘာမှမပြော သော်လည်း သူ့အား အလွတ်ပေးမည့်ပုံ မရှိပေ။ ယန်ချင်ယင်က သူ့ကို ကာကွယ် ပေးထား၍သာ ဖြစ်သည်။ သူခန်းမက ထွက်သည်နှင့် သူ့အသက်လေးသည် ဒုတိယ အကြီးအကဲက အလွယ်တကူ ရိတ်သိမ်း သွားလိမ့်မည်။ ကိုယ့်အသက်ကိုပင် မပိုင်သည့် ထိုခံစားချက်က မိုဝူကျီကို ဒေါပွစေ၏။

သူက ယောင်ကျိုးတုန်းက သေမျိုးတစ်ယောက် အနေနှင့်  ခံစားခဲ့ဖူး၏။ ယခုတွင် ကျင့်ကြံသူ အနေနှင့် ထပ်၍ ကြုံတွေ့ နေသေးသည်။

ဂူရန် ခန်းမအတွင်းမှ ဖိအားနှင့် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ကာ

“ဆေးလုံး သခင်မန်ရဲ့ ကိစ္စကို ဒီအတိုင်း ထားကြတာပေါ့ ခန်းမသခင်ရှား ဆက်ပြီး စုံစမ်းပါစေ ပြီးတော့ အဆင့်နှစ် ဆေးလုံးဆရာ တစ်ယောက်က သဲလွန်စမရှိဘဲ ပျောက်သွားတာက ကိစ္စသေးသေးလေး မဟုတ်ဘူး ဆေးလုံး သခင်မိုကလည်း ငါတို့ဂိုဏ်းရဲ့ အဆင့်နှစ် ဆေးလုံးဆရာပဲ သက်သေမရှိရင် ခန်းမသခင်ရှားက သူ့ကို နှောင့်ယှက်ပေးလို့ မသင့်ဘူး…”

“ဟုတ်ကဲ့ပါ” ခန်းမသခင်ရှားက အလျင်အမြန် ပြန်ပြော လိုက်တော့သည်။ သူက ထိုဖြေရှင်းနည်းက မိုဝူကျီ၏ အဆင့်နှစ် ဆေးလုံးဆရာ အဆင့်ကြောင့် မဟုတ်မှန်း ယန်ချင်ယင် စကားများကြောင့် ဖြစ်မှန်း သိ၏။ ဂိုဏ်းခေါင်းဆောင် မျက်လုံးထဲတွင် သူမက သူ့ပြီးလျှင် နံပါတ်တစ်လူ ဖြစ်သည်။

ပြစ်ဒဏ်စီမံရေး ခန်းမသခင်ရှားမှ ဆန့်ကျင် စကားများ မကြားရသောအခါ ဂူရန်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“နောက်တစ်ခုက ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက် ဆေးလုံးပြိုင်ပွဲ အကြောင်း ဆွေးနွေးရအောင် ပြိုင်ပွဲက မကြာခင် စတင်တော့မှာ ဆိုတော့ ငါတို့က ဒီအစည်းအဝေး ပြီးတာနဲ့ ချက်ချင်း သွားကြမယ်  နတ်ဓားတောင် မတော်တဆမှုကြောင့် ငါတို့ဘက်က လွှတ်မဲ့ ဆေးလုံး ဆရာတွေက ဆေးလုံး သခင်ယန်နဲ့ ဆေးလုံးသခင်ဂျူ…”

ယန်ချင်ယင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“ဂိုဏ်းခေါင်းဆောင် ဆေးလုံး သခင်မိုမှာ ဆေးပင်တွေနဲ့ ပတ်သက်ပြီးတော့ သူမတူတဲ့ နားလည်နိုင်စွမ်း ရှိတယ် ကျွန်မထက် နောက်ကောက် မကျနိုင်ဘူး ကူညီရဖို့ သူ့ကိုပါ တစ်ခါတည်း ခေါ်လာဖို့ မျှော်လင့်မိတယ် အကျိုးကျေးဇူတွေ ရှိမှာပါ…”

“မဖြစ်နိုင်ဘူး…” ဂိုဏ်းခေါင်းဆောင်က မပြောခင် ဒုတိယအကြီးအကဲက ဝင်ပြောလိုက်ကာ

“ဆေးလုံး သခင်မိုက အခုထိ ဆေးလုံး သခင်မန်ရဲ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သံသယ ရှိနေဆဲလေ  ငါတို့မှာ သက်သေ မရှိရင်တောင် သူ့ကို ဂိုဏ်းကိုယ်စား ပြုပြီးတော့ ပြိုင်ပွဲဝင်ခွင့် မပေးသင့်ဘူး…”

မိုဝူကျီ စိတ်ထဲ လေးလံ သွားလေသည်။ အကယ်၍ ယန်ချင်ယင် ထွက်သွားပါက ဂိုဏ်းတွင် ကျန်နေခဲ့ခြင်းက သေခြင်းတရားကို စောင့်နေခြင်းနှင် အတူတူပင် ဖြစ်သည်။ ယခု ဒုတိယ အကြီးအကဲက ယန်ချင်ယင်ကိုပင် မျက်နှာသာ မပေးဘဲ သူ့အား သတ်ရန် စိတ်အား ထက်သန်နေ၏။

ထိုအရာကို တွေးမိသောကြောင့် သူက ဘာကိုမှ ဂရုမစိုက်ဘဲ ထကာ ပြောလိုက်သည်။

“အကြီးအကဲရှု ကျွန်တော့်ကို ဆေးလုံး သခင်မန် ပျောက်ဆုံးသွားမှုနဲ့ ပတ်သက်ပြီးတော့ သံသယရှိတာကို စိတ်ထဲ မထားပေမဲ့ အဲဒါက ရိုးရိုး သံသယဝင်မှု လေးပဲလေ အဲဒါကို စီနီယာရဲ့ သံသယဝင်မှု တစ်ခုလေးကြောင့် ဂိုဏ်းထဲမှာ ပိတ်လှောင်ထား ခံရတာတော့ လွန်လွန်းသွားပြီ…”

***

All Chapters