နှစ် ၁၀၀၀၀ အကြာမှ ရှေးဟောင်းဓား
Vol. 9 Ch. 118
ဤရှေးဟောင်းဓားသည် ဤလေလံပွဲ၏ နောက်ဆုံးပစ္စည်းများထဲကတစ်ခုဖြစ်သည်။
ဓားသည် သုံးပေထက်မပိုဘဲ ရှည်လျားကာ သံချေးတက်နေသော်လည်း ဓားပေါ်တွင် စီးဆင်းနေသော အလင်းများမှ တစ်ဆင့် ဓား၏ ထူးကဲသော အရည်အသွေးကို ခံစားရနိုင်သည်။
“ရှေးခေတ်က ကျုပ်တို့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကျင့်ကြံခြင်းလောက ထွန်းကားခဲ့ပြီးတော့ တာအိုဆရာကြီးတွေ မကြာခဏ ပေါ်လာဖူးတယ်”
“အဆုံးမရှိတဲ့ ပဋိပက္ခတွေ ဖြစ်ပြီးတော့ ဝိညာဉ်စွမ်းအား ကုန်ဆုံးတာ မြင့်မားလွန်းတော့ နောက်ပိုင်း အနောက်ဘက်နယ်စပ်ကုန်းမြေဟာ ဒီနေ့လို ကျင့်ကြံဖို့ ခက်ခဲတဲ့နယ်မြေဖြစ်လာတယ်”
ယွမ်ထိုက်အင်မော်တယ်စံအိမ်ဆိုင်ရှင်သည် ပတ်ပတ်လည်မှလူများကို ကြည့်ကာ သူ့ရှေ့ရှိ ရှေးဟောင်းဓားကို လက်ညှိုးထိုးပြသည်။
"ဒီဓားကို တာအိုဆရာတစ်ဦးရဲ့ လိုဏ်ဂူထဲမှာ ရှာတွေ့ခဲ့တယ်။ နှစ်ပေါင်း ထောင်သောင်းချီပြီးတဲ့ နောက်မှာ ဒီဓားက ဝိညာဉ်အလင်းနဲ့ တောက်ပနေတုန်းပဲ”
သူ့စကားက ကျင့်ကြံသူအများအပြားကို စိတ်လှုပ်ရှားစေ၏။
နှစ်ပေါင်းထောင်သောင်းကြာသည့်တိုင် မပျက်စီးသေးသော ဓားတစ်လက်သည် ရတနာ ဖြစ်သည်။
အတွေ့အကြုံရင့်သူများကား ခေါင်းယမ်းကြ၏။
“ဓားတွေက အိုဟောင်းလေ ကောင်းလေ ဆိုပေမဲ့ ဒီလို အချိန်ကာလ အရမ်းကြာမြင့်အောင် သိမ်းထားပြီးတော့ တိုက်ချွတ်ဆေးကြောမှုကင်းမဲ့တဲ့ ဒီလိုဓားမျိုးကတော့ ဓားရဲ့သတ္တုတွေမှာပါတဲ့ ဝိညာဉ်စွမ်းအားတွေ ကင်းမဲ့တာ ကြာလှပြီပေါ့။
ပိုင်စုကျန်းဘေးမှ ဆိုင်ရှင်ဟယ်က တိုးတိုးလေးပြောသည်။
ပိုင်စုကျန်း ခေါင်းညိတ်သည်။
သူမသည် ရှေးဟောင်းဓားများဖြင့် ထိတွေ့ဖူး၏။ ထိုဓားမျိုးကို သူမက ကြည့်ရုံမျှသာ တတ်နိုင်သည်။
“တကယ်တော့ ဒီဓားက စုဆောင်းထားဖို့အတွက်တော့ အဆင်ပြေတယ်”
ဟန်မူယဲ့ဘေးမှ ဆရာစွန်းထူက ပြောသည်။
စုဆောင်းရန်လား။
ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ တန်သော တန်ဖိုးရှိသော ဓားတစ်လက်ကို စုဆောင်းရန်အတွက် ကြွယ်ဝသူများသာ တတ်နိုင်ပေလိမ့်မည်။
ဓားတန်ဖိုးသည် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ သို့အထိ ရောက်သွားသောအခါ အများစုက စိတ်ဝင်စားမှု လျော့ပါးသွားကြ၏။
ထိုသို့သော အလောင်းအစားမျိုးကို သာမန်ကျင့်ကြံသူများ မပြုလုပ်နိုင်ပါ။
နောက်ဆုံး စျေးနှုန်းသည် ဝိညာဉ်ကျောက်တုံး ၁၃၀၀၀ ၌ ရပ်တန့်နေ၏။
အပေါ်ထပ်တွင် ကောင်းအီက ထိုဓားကို ကြည့်ကာ ပြောသည်။
“ရှေးခေတ်ကတည်းက မပျက်စီးဘဲ ရှိလာခဲ့တဲ့ ဓားဟာ သွန်းလုပ်တဲ့နည်းစနစ်ပဲ ဖြစ်ဖြစ် သုံးထားတဲ့ သတ္တုပဲ ဖြစ်ဖြစ် သာမာန်မဟုတ်နိုင်ဘူး။ ဒီဓားမှာ ထူးခြားတာ တစ်ခုခု ရှိရမယ်”
ဝိညာဉ်ကျောက်တုံး ၁၃၀၀၀ ဖြင့် ကမ်းလှမ်းထားသူမှာ ကောင်းအီ ဖြစ်သည်။
မည်သူမှ ထပ်မံ မကမ်းလှမ်းသည်ကို မြင်သောအခါ သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။
ကောင်း မိသားစုသည် ယခုအချိန်တွင် ခက်ခဲသောအခြေအနေတွင် ရှိနေပြီး ဝိညာဉ်ကျောက်တုံးတိုင်းကို အလဟဿ မသုံးနိုင်ပါ။
“ဝိညာဉ်ကျောက်တုံး ၁၄၀၀၀”
ဤအခိုက်အတန့်တွင် အောက်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ကောင်းအီ အံ့အားသင့်သွားပြီး အောက်ထပ်ကို ငုံ့ကြည့်မိသည်။
“စီနီယာအစ်ကိုဟန်…”
ထိုအချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အသံလာရာသို့ လှမ်းကြည့်ကြသည်။
သူပဲ…
လူအများအပြားက မျက်လုံးများ စူးရှသွားကြသည်။
ဓားတွင် ထူးခြားမှု တစ်ခုခု ရှိနေသလား။
ကမ်းလှမ်းလိုက်သူသည် ဝိညာဉ်ကျောက်တုံး ၅၀၀၀ တန်သော ဓားအား ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြင့် ပြန်ရောင်းချနိုင်သော အစွမ်းအစရှိ လူငယ် ဖြစ်သည်။
ဤရှေးဟောင်းဓားတွင် ကြီးမားသောလျှို့ဝှက်ချက် ရှိနိုင်ပါသလား။
“တာအိုမိတ်ဆွေ… ဒီဓားမှာ ဘာထူးခြားချက် ရှိသလဲ”
“ကျုပ်ဟာ ဝိညာဉ်မြစ်ကမ်းဂိုဏ်းက ကျူးစန်းထို့ပါ။ ကျုပ်ကို အလင်းပြပေးပါလား”
ကျူးစန့်ထို့က ပြောလျှင် လူအများအပြားက လှမ်းကြည့်ကြသည်။
ပုံမှန်အားဖြင့် လေလံပွဲတွင် ထိုသို့သော မေးခွန်းမျိုး မမေးသင့်ပေ။
သို့သော် ယခုတွင် လူအများအပြားက ဟန်မူယဲ့အား စိတ်ဝင်တစား ကြည့်နေကြသည်။
“ထူးခြားချက်…”
“ရှိကောင်းရှိမှာပေါ့”
ဟန်မူယဲ့ ထရပ်ကာ စင်မြင့်ထက်ကို တက်သွားသည်။
“ဒီလို ရှေးဟောင်းဓားတွေက စိတ်ဝင်စားဖို့ မကောင်းဘူးလား”
ရှေးဟောင်းဓား…
စိတ်ဝင်စားဖို့ကောင်းသတဲ့လား…
လူအများအပြားက စိတ်ဝင်စားမှု လျော့ပါးသွားကြသည်။
“ဟမ့်… သူက ဒီအတိုင်း ပိုက်ဆံပေါနေတဲ့ကောင်လေးတစ်ယောက်ပဲ”
တစ်ယောက်က မှတ်ချက်ချသည်။
“ကောင်လေးက အရသာကောင်းကို သိသားပဲ”
အဖိုးအိုတစ်ဦးကလည်း ပြုံးလျက် မှတ်ချက်ချသည်။
ပိုက်ဆံရှိခြင်းကား ကောင်းသော ကိစ္စဖြစ်သည်။
ဟန်မူယဲ့ စင်မြင့်ပေါ်ကို တက်ကာ ဓားကို ကြည့်လိုက်သည်။
သူသည် ဓားကို အနီးကပ်ကြည့်ပါက ၎င်းတွင် မရေမတွက်နိုင်သော အက်ကြောင်းများ ရှိနေသည်ကို တွေ့နိုင်၏။
စံအိမ်ပိုင်ရှင်က အဖွင့်စျေးအား မြင့်မားစွာ သတ်မှတ်ထားခြင်း မရှိသည်မှာ မထူးဆန်းတော့ပေ။ ဓားကား သိမ်းဆည်းရန်အတွက်သာ ဖြစ်သည်။
ဟန်မူယဲ့က ဓားလက်ကိုင်ထံသို့ ဖမ်းဆုပ်လိုက်သည်။
“ကျုပ် ဝိညာဉ်ကျောက်တုံး ၁၆၀၀၀ ပေးမယ်”
စင်အောက်တွင် တစ်စုံတစ်ယောက်က ပြောသည်။
ဟန်မူယဲ့က ထိုလူအား လှမ်းကြည့်၏။
တိမ်ပျံဓားဂိုဏ်းမှ ကျန်းစွန်းစု ဖြစ်သည်။
“ညီအစ်ကို… ကျုပ်လည်း အဲဒီဓားကို သဘောကျတယ်။ ကျုပ်ကို မျက်နှာသာပေးလို့ ရမလား”
ကျန်းစွန်းစုက လက်နှစ်ဖက်ဆုပ်ကာ ပြုံးလျက် ပြောသည်။
ဓားပျံဓားဂိုဏ်းသည် သာမန်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပါ။
ဝိညာဉ်ကျောက်တုံး ၁၆၀၀၀ သည် သေးငယ်သော ပမာဏမဟုတ်ပေ။
“ခင်ဗျား ရမှာ မဟုတ်ဘူး”
ဟန်မူယဲ့၏စကားက ကျန်းစွန်းစုအား မှင်တက်သွားစေသည်။
စင်ပေါ်တွင် ဟန်မူယဲ့၏လက်သည် ဓားလက်ကိုင်ကို ဖမ်းဆုပ်ထားပြီး ဖြစ်သည်။
ဓားချီတစ်စသည် ဓားထံသို့ စီးဆင်းသွားကာ ပုံရိပ်တစ်ခု သူ၏အာရုံ၌ ပေါ်လာ၏။
ထို့နောက်တွင် ဓားသည် ရုတ်တရက် အစိတ်စိတ်အပိုင်းပိုင်း ပြိုကွဲသွား၏။
စင်အောက်တွင် မူလက ဒေါသအနည်းငယ် ထွက်နေသော ကျန်းစွန်းစုသည် ရယ်မောလိုက်၏။
“ကျုပ်ကို ဒီလောက် ဝိညာဉ်ကျောက်တုံးတွေ မကုန်အောင် လုပ်ပေးလို့ ကျေးဇူးပဲ”
သူ့စကားကို ကြားလျှက် လူအများအပြားက ပြုံးမိကြသည်။
ရှေးဟောင်းပစ္စည်းများမှာ ထိုအတိုင်း ဖြစ်သည်။ ထိမိပါက ပြိုကွဲသွားနိုင်၏။
ဟန်မူယဲ့က ခေါင်းယမ်းကာ ဓားလက်ကိုင်ကို ဆက်ကိုင်ထားပြီး အစေခံအား ပြောသည်။
“မင်း ဘာကို ကြည့်နေတာလဲ… ငါ့အတွက် သေချာထုပ်ပိုးပေး။ တစ်စတောင် မကျန်စေနဲ့”
ထို့နောက် သူသည် ဝိညာဉ်ကျောက်တုံးများကို ပေးချေကာ စင်ပေါ်မှ မျက်နှာသေကြီးနှင့် ဆင်းလာသည်။
စင်အောက်တွင် လူအများအပြားက ရယ်မောကြ၏။
အသုံးမဝင်တော့သော ဓားတစ်လက်အတွက် ဝိညာဉ်ကျောက်တုံး ၁၆၀၀၀ သုံးစွဲသော မည်သူမဆို စိတ်ပျက်ကြရပေမည်။
ထိုအခိုက်တွင် ဟန်မူယဲ့သည် ဓားလက်ကိုင်ကို ကိုင်ထားရင်း သက်တောင့်သက်သာ ဖြစ်မနေသည်ကို မည်သူမှ သတိမထားမိကြပါ။
ထိုင်ခုံတွင် ဟန်မူယဲ့ ငြိမ်သက်စွာ ထိုင်သည်။
“စီနီယာအစ်ကိုဟန်… ဒါက ဝိညာဉ်ကျောက်တုံး နည်းနည်းလေးပါပဲ”
ပိုင်စုကျန်းက ပြုံးသည်။
ဟန်မူယဲ့ ကျရှုံးသည်မှာ ရှားပါးရာ ပိုင်စုကျန်း အတော်လေး ပျော်စရာအဖြစ် မြင်သည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ မျက်လုံးမှိတ်လိုက်သည်။
“ကျေးဇူးပဲ မိတ်ဆွေလေး…”
ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် ဆံပင်ဖြူအဖိုးအိုတစ်ဦးက သူ့အား ဦးညွှတ်သည်။
“စီနီယာ… ခင်ဗျားက တကယ်ပဲ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကလား”
အဖိုးအိုက သူ့အား ရစ်ပတ်ထားသော ဓားချီများအား ကြည့်ကာ အနည်းငယ် တွန့်ဆုတ်ပြီးမှ ပြောသည်။
“မှန်တယ်… ကျုပ်နာမည် တရန်… မိတ်ဆွေလေးပြောတဲ့အတိုင်းဆို တကယ်ပဲ နှစ်တစ်သောင်းရှိပြီပဲ”
“ဒါဆို စီနီယာပြောတဲ့ ရတနာသိုက်နဲ့ ဓားဆေးလုံးကရော အမှန်ပဲလား”
ဟန်မူယဲ့က ထပ်မေးသည်။
“သေချာတာပေါ့”
တာအိုဆရာတရန်က ပြုံးလျက် ပြောသည်။
“ကျုပ်ပြောတဲ့နေရာဆီကို မိတ်ဆွေလေးက ကျုပ်ကို ပို့ပေးပြီးတော့ ပြန်ဝင်စားဖို့ အခွင့်အလမ်းတစ်ခု ပေးခဲ့ရင် ရတနာတွေအကုန်လုံးက မိတ်ဆွေလေးအတွက်ပါပဲ”
“ကောင်းပြီ…”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ရတနာများအား ပေးရန် ချက်ချင်း သဘောတူသည်။ ဟန်မူယဲ့၏အမြင်တွင် အဖိုးအိုမှာ ထိုမျှ မရိုးသားပါ။
…
လေလံပွဲ ဆက်လုပ်ကာ ပိုင်စုကျန်းသည်လည်း ရတနာတချို့ကို ကမ်းလှမ်းကာ အရယူခဲ့သည်။
“စီနီယာအစ်ကိုဟန်… ကျွန်မက ဒီဓားနဲ့ပတ်သက်ပြီး သိပ်မသေချာဘူး။ တစ်ခေါက် စစ်ကြည့်ပေးပါဦး”
ပိုင်စုကျန်းက ဟန်မူယဲ့အား ပြောသည်။
ထိုအခိုက်တွင် ကျင်းရှန်းဓားဂိုဏ်းမှ ဓားတစ်လက်သည် စင်ပေါ်တွင် လေလံတင်နေသည်။ ၎င်းသည် ဝိညာဉ်တစ်ဝက်အဆင့်၌ အရည်အသွေး အလွန်ကောင်းသော ဓားတစ်လက် ဖြစ်သည်။ ကမ်းလှမ်းမှုသည် ဝိညာဉ်ကျောက်တုံး ၂၅၀၀၀ သို့ ရောက်နေလေပြီ။
“ဒီဓားက ဘာစိတ်ဝင်စားစရာ ကောင်းလို့လဲ”
ရှစ်စွန်းထူက နှုတ်ခမ်းကို ကွေးညွတ်ကာ ပြောသည်။
“အဲဒီလျှို့ဝှက်ရတနာခန်းထဲက ထွက်လာတဲ့ ဒီဓားဟာ အကဲဖြတ်ထားပြီးသားပဲ”
သူ ပြောသည်မှာ မှန်၏။
သူမသည် ရတနာများကို ရွေးလိုပါက ဖြတ်လမ်းလိုက်ရန် လိုပေသည်။ ထိုသို့သော ရတနာခန်းထဲမှ ပစ္စည်းများမှာ တန်ဖိုးကြီး၏။
စင်ပေါ်သို့ ကျင့်ကြံသူ အတော်များများသွားရောက်ကာ ထိုဓားအား စစ်ဆေးကြည့်ထားပြီး ဖြစ်သည်။
ကမ်းလှမ်းမှုသည် ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ သို့ ရောက်သောအခါ လူတိုင်းက စတင်သတိထားလာကြသည်။ စံအိမ်ပိုင်ရှင်၏အကဲဖြတ်မှုသက်သက်ဖြင့် သူတို့ မစွန့်စားလိုကြတော့ချေ။
လူအများအပြား ကောင်းအီအား ဝန်းရံထားကြသည်။
ဓားကား သူမ၏လက်ထဲတွင် ဖြစ်သည်။
မည်သို့ဆိုစေ သူမသည် ဓားသွန်းလုပ်ခြင်းမိသားစုမှ အတော်ဆုံးမျိုးဆက်ဖြစ်သည်။
“ဓားသွန်းလုပ်စနစ်ဟာ ရေခဲနဲ့မီးတောက် ပေါင်းစပ်နည်းပဲ။ မုယန်ရွှေကို သုံးပြီး ဓာတ်သဘာဝကို ပျော့ပြောင်းစေတယ်”
“ဓားမှာ ဝိညာဉ်ရှိတယ်။ ဓားကို ကောင်းကောင်းသန့်စင်ပေးရင် ဓားကောင်းတစ်လက် ဖြစ်လာမယ်”
ထို့နောက် ကောင်းအီက ဟန်မူယဲ့ထံသို့ လှမ်းကြည့်သည်။
“စီနီယာအစ်ကိုဟန်… ကျွန်မက ရှင့်ရှေ့မှာ အရှက်ရစေမိပြီ”
ကောင်းအီက ရိုးသားစွာ ပြုံးသည်။
သည်လူ၏မျိုးရိုးနာမည်က ‘ဟန်’ လား။
ဓားအကဲဖြတ်ခြင်း၌ ထူးချွန်သည်လား။
သူမသည် ဟန်မူယဲ့အား ပြောနေသည်ကို လူအများက သိလိုက်ကြ၏။
ပိုင်မိသားစုအကြီးဆုံးသမီးက သူနှင့် အတူသွားနေခြင်းမှာ မထူးဆန်းတော့ပေ။ ကောင်လေးသည် ဓားနှင့်ပတ်သက်၍ အတော်လေး အစွမ်းအစရှိသည်။
သို့သော် ကောင်လေးသည် ခုနက ရှေးဟောင်းဓားတစ်လက်၌ အမှားပြုလုပ်ခဲ့၏။
သို့သော် ရှေးဟောင်းဓားများကို အကဲဖြတ်ရန်မှာ မလွယ်ကူပါ။ ထိုကိစ္စ၌ လူတိုင်း မှားယွင်းနိုင်၏။
“စီနီယာအစ်ကိုဟန်… ရှင် စစ်ကြည့်ပေးနိုင်မလား”
ပိုင်စုကျန်းက ဟန်မူယဲ့အား မေးသည်။
ဟန်မူယဲ့ ခေါင်းညိတ်ကာ သူမနှင့်အတူ စင်ပေါ်သို့ တက်လာသည်။
ရှစ်စွန်းထူက တီးတိုးရေရွက်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားအကဲဖြတ်သူလား… သူက ဓားစံအိမ်ကလား”
“မဟုတ်ဘူး… ဓားစံအိမ်ကို ကောင်းချန်ကုန်း အုပ်ချုပ်တာမလား”
“စိတ်ဝင်စားစရာပဲ… ကောင်လေး ဘာလုပ်နိုင်မလဲ ကြည့်ရအောင်”
သူက ထိုသို့ပြောကာ အပေါ်ထပ်ကို လှမ်းကြည့်သည်။
အပေါ်ထပ်တွင် ခေါင်းဆောင်တောက်ရင် မျက်မှောင်ကြုတ်၏။
“မိစ္ဆာအိုကြီးထူ… သူ ဒီမှာ ဘာလုပ်နေတာလဲ”
သည်လူကလည်း ကောင်လေးဟန်၏ပါရမီကို သဘောကျနေသည်များလား။
သူ့ဘေးတွင် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးက ဦးညွှတ်ကာ ပြောသည်။
“ခေါင်းဆောင်… ဒီဓားကို ခေါင်းဆောင်ယူမလား”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသာ ဓားကို လိုချင်ပါက မည်သူမှ လုနိုင်မည် မဟုတ်ပါ။
အစိမ်းရောင်ဝတ်လူက ထိုသို့ ပြောလျှင် ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းသည်။
“အဲဒီဓားကို ဝယ်ပြီး ဘာလုပ်မှာလဲ”
“ကြယ်တာရာဓားကို ငါ သန့်စင်ပြီးတဲ့အခါ မင်း ပြန်ရောင်းလို့ရတယ်”
“ခေါင်းဆောင်… စိတ်မပူပါနဲ့… အဲဒီလို ရတနာကို သေချာပေါက် စျေးကောင်းရစေရမယ်”
အစိမ်းရောင်ဝတ်လူ ဝမ်းသာသွားသည်။
ထိုဓားကို ခေါင်းဆောင်တောက်ရင် သန့်စင်ပြီးပါက သေချာပေါက် တန်ဖိုး ၂ဆထက်ပိုသွားနိုင်သည်။
“ကောင်လေး… မင်းမှာ လှည့်ကွက်အတော်များများရှိတာပဲ”
ခေါင်းဆောင်တောက်ရင်က ရေရွက်ကာ စင်ပေါ်ကို ကြည့်သည်။
ဟန်မူယဲ့သည် ကောင်းအီ၏လက်ထဲမှ ဓားကို ယူထားပြီးဖြစ်သည်။
လက်သည် ဓားလက်ကိုင်ကို ကိုင်ထားလျှင် ဓားထံမှ ဓားချီအငွေ့အသက်များ စတင်လှည့်ပတ်လာ၏။
ဟန်မူယဲ့က ဓား၌ ရှိနေသော ဓားဆန္ဒတစ်ဝက်အား စုပ်ယူရမည့် အခွင့်အလမ်းကောင်းကို လက်လွှတ်မခံပါ။
“ဓားဟာ သုံးပေရှည်ပြီးတော့ ၈ ပေါင်နဲ့ ၅ အောင်စလေးတယ်။ ချင်းယွမ်သံမဏိကို တောင်နှင့်မြစ်သွန်းလုပ်ခြင်းစနစ်နဲ့ သွန်းလုပ်ထားတယ်”
“ဒီနည်းစနစ်ဟာ သိမ်မွေ့ပြီးတော့ တည်ငြိမ်တယ်။ ဒါက မိန်းကလေးကောင်း ပြောတဲ့ မီးနဲ့ရေ စုစည်းခြင်းပဲ”
“မုယန်ရွှေဟာ ဓားအထဲက ဓားချီကို ပိတ်ဆို့ဖို့အတွက် သုံးထားတယ်။ ပြောရရင် အဲဒါက ဓားကိုင်တဲ့လူကို မထိုက်ခိုက်စေအောင် လုပ်ထားတာပဲ”
ဟန်မူယဲ့က တစ်ချက်ချင်း ပြောသည်။
သူ ပြောသည်မှာ ကောင်းအီထက် ပို၍ အသေးစိတ်ကျကာ လူအများအပြားက ခေါင်းညိတ်ကြ၏။
ဟန်မူယဲ့၏အာရုံထဲတွင် ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာနေသည်။
“ဒါပေမဲ့ ခင်ဗျားတို့ တွေးမိလား။ ဘယ်သူက ဓားချီကို အသုံးပြုတဲ့သူ မထိခိုက်စေအောင် အထူးတလေ သွန်းလုပ်မှာလဲ”
“ခင်ဗျားတို့ ဒီလိုဓားကို အမှန်တကယ် ဝယ်ရဲသလား။”