နောက်ဆုံးလောကပါလအသွင်
Vol. 115 Ch. 1605
မန်ဟိုသည် ယခင်က မိစ္ဆာတိုင်အပေါ်သို့ ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်စီရင်ခဲ့ကာ တိုင်အား အက်ကွဲစေခဲ့ဖူး၏။ ယခုတွင် ကောင်းကင်ချုပ်နှောင်မန္တန်ကား ကြောက်မက်ဖွယ်စွမ်းအားကို ဖြန့်ကျက်လိုက်ရာ ထိုအက်ကွဲကြောင်းသည် ပိုမိုကြီးမားလာပြီး ပို၍ပင်များပြားသောအက်ရာများအား တစ်တိုင်လုံးအပြည့် ပျံ့နှံ့သွားစေတော့သည်။
ထို့နောက် မိစ္ဆာတိုင်သည် ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကြေမွသွား၍ အစအနများက မိုးပေါက်များသဖွယ် တဖွဲဖွဲရွာကျလာ၏။
တစ်ချိန်တည်းမှာပင် ဒေါသတကြီးဟိန်းဟောက်သံကြီး ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ကောင်းကင်ချုပ်နှောင်မန္တန်မှ ဖြန့်ကျက်လိုက်သည့် အလင်းရောင်ထဲတွင် လက်ကြီးတစ်ဖက် ပေါ်လာသည်။ ထိုလက်ကြီးသည် ကြယ်တာရာကောင်းကင်အား စုတ်ဖြဲလိုက်၏။ ဖြစ်ပေါ်လာသည့် အက်ကွဲကြောင်းထဲမှ အဆုံးမဲ့ရှေးဟောင်းအရှိန်အဝါတစ်ခုနှင့်အတူ အာကာပြင်ကျယ်မြူများ အလိပ်လိုက် ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် ဧရာမမျက်လုံးကြီးတစ်လုံးက ယင်းအက်ကွဲကြောင်းထဲမှပင် ထွက်လာ၏။
မျက်လုံးကြီးသည် ပုံရိပ်ယောင်မဟုတ်မှန်း မန်ဟို ချက်ချင်း ပြောနိုင်သည်။
၎င်းကား ... လောကပါလနတ်မင်း၏ ပုံစံအစစ်၊ ကိုယ်အစစ်ပင်။
၎င်း၏ရှေးဟောင်းအရှိန်အဝါမှာ အတုအယောင်မဟုတ်သလို၊ ၎င်း၏အားနည်းသောအငွေ့အသက်မှာလည်း အစစ်အမှန်ဖြစ်၏။ အထူးသဖြင့် ထိုမျက်လုံးကြီးအပေါ်၌ ကြယ်တာရာကောင်းကင်၏အရှိန်အဝါကို မန်ဟို ခံစားနေရသည်။
သူသည် သက်ရှိသတ္တဝါများ ကျင့်ကြံအားထုတ်နိုင်သည့် အကြောင်းအရင်း၊ ကြယ်တာရာကောင်းကင်၏ အရှင်သခင်ဟောင်း၊ လောကပါလနတ်မင်းဖြစ်၏။ သူ့ကြောင့် လူများသည် တန်ခိုးရှင်အဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ကြသည်။ သူသည် အတိတ်နှစ်ပေါင်းအသင်္ချေတုန်းက ကြယ်တာရာကောင်းကင်ထဲရှိ ဖြစ်တည်မှုများအား အသိဉာဏ်နှင့် ဘဝများ ပေးသနားခဲ့သူဖြစ်၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက အရာအားလုံး ပျော်စရာကောင်းခဲ့ပြီး လိုက်လျောညီထွေဖြစ်ခဲ့သည်။ သို့သော် လောကပါလနတ်မင်းမှာ အားနည်းလာ၍ သေခြင်းတရားရှေ့မှောက်၌ ဒူးထောက်ရတော့မည့်အခါ ... ရူးသွားခဲ့လေသည်။
မန်ဟိုက အက်ကွဲကြောင်းထဲမှ ထွက်လာသည့် သူ၏ရန်သူတော်ကြီး လောကပါလနတ်မင်း၏မျက်လုံးကို ကြည့်သည်။ လောကပါလနတ်မင်း မည်မျှအားနည်းနေသည်ကို ခံစားလိုက်ရလျှင်ချင်း မန်ဟိုက သက်ပြင်းချသည်။
“နောက်ဆုံးတော့ ကိုယ်ယောင်ပြပြီပေါ့လေ” သူက ပြောသည်။
လောကပါလနတ်မင်းသည် သူ့ကို မုန်းတီးစက်ဆုပ်စွာ ကြည့်နေ၏။ သူ၏ခံစားချက်များမှာ ရှုပ်ထွေးနေသော်လည်း ခံစားချက်အများစုက အေးစက်နေသည်။
“ငါ ဟိုးအဝေးကြီးကနေ လာခဲ့တာ။ ဒီကိုရောက်တော့ ဒီနေရာဟာ ဖရိုဖရဲတွေထက် မပိုခဲ့ဘူး။ ဒီနေရာမှာရှိတဲ့ သက်ရှိတွေဟာ အသိဉာဏ်မရှိကြဘူး။ စားမယ်၊ အိပ်မယ် ဒါလောက်ပဲ သိခဲ့ကြတယ်...
“ငါက .. ငါက အကုန်လုံးပြောင်းလဲပေးခဲ့တဲ့လူ။ မင်းက ငါ့ကို ဘာကြောင့် အာခံနေတာလဲ
“ငါက ဖြစ်တည်မှုအားလုံးအတွက် ကျင့်ကြံခြင်းလမ်းစဉ်ကို ဖောက်ပေးခဲ့တာ။ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်
“အနန္တစကြဝဠာထဲမှာ ဒီကြယ်တာရာကောင်းကင်တစ်ခုလုံး တိုးတက်စည်ပင်လာအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့တာလည်း ငါပဲ။ မင်းက ဘာကြောင့် အဲ့ဒါနဲ့တင် မရောင့်ရဲနိုင်တာလဲ
“ငါက ဒီနေရာအတွက် သဘာဝနိယာမတွေကို ဖန်ဆင်းပေးခဲ့တဲ့သူ။ ငါဟာ ဒီနေရာတည်ရှိတဲ့ အသိဉာဏ်မဲ့စိတ်တွေကို အသိစိတ်ပေးအပ်ခဲ့တာ။ ငါက ဒီကြယ်တာရာကောင်းကင်ရဲ့ အရှင်သခင် ဖြစ်လာခဲ့တဲ့သူ” လောကပါလနတ်မင်း၏အသံတွင် လွမ်းဆွေးမှုအနည်းငယ် ရောယှက်နေသော်လည်း မိုးခြိမ်းသံကြီးသဖွယ် ထစ်ချုန်းနေ၏။
“ငါက မင်းတို့အားလုံးကို ဖန်ဆင်းခဲ့တာ။ ငါက အရာအားလုံးကို ဖန်ဆင်းပေးခဲ့တာ။ ဒါကြောင့် ငါ လိုအပ်နေတဲ့အချိန်မှာ မင်းတို့ ငါ့ကို ပြန်ကျေးဇူးဆပ်သင့်တယ်။ အဲ့ဒါက အနန္တစကြဝဠာရဲ့ နိယာမပဲ။ မင်းက ဘာကြောင့် လက်မခံနိုင်တာလဲ
“မင်းအနေနဲ့ ဒီအဆင့်ကို ဘယ်တုန်းကမှ မရောက်ခဲ့သင့်ဘူး။ မင်းရဲ့ နိဗ္ဗာနပြန်မွေးဖွားခြင်းစွမ်းအားကို ငါ လိုအပ်တယ်။ မင်းကို လောင်စာအဖြစ် ငါ လိုတယ်။ ... ငါ့အတွက် မင်း သေပေးဖို့ လိုတယ်” လောကပါလနတ်မင်း၏ ဒေါသတကြီးပြောနေသံ ပဲ့တင်ထပ်နေစဉ် ကြောက်ခမန်းလိလိဖိအားက ကြယ်တာရာကောင်းကင်ကို တုန်ရီလာစေရင်း ပဲ့တင်ထပ်လာ၏။ မန်ဟို၏ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်မှ အလင်းရောင်မှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး လွင့်စင်ပြိုကွဲစပြုလာတော့သည်။
မန်ဟိုသာ ကောင်းကင်ချုပ်နှောင်မန္တန်ကို တစ်ခါမှအသုံးမပြုခဲ့လျှင် ယခုလိုဖြစ်လာမည်မဟုတ်ပေ။ လောကပါလနတ်မင်းသည် ကောင်းကင်ချုပ်နှောင်မန္တန် အသက်ဝင်နေသည်ကို အရင်မမြင်ဖူးဘဲ မန္တန်အား ချိုးဖျက်နိုင်မည်မဟုတ်။ သို့သော် စောစောက လေ့လာနိုင်ခဲ့ပြီးပြီဖြစ်သည့်အတွက် သူက ၎င်းကို မှတ်ထားပြီး ပုံတူပွား၍ ဖျက်စီးလိုက်လေသည်။
ထို့ကြောင့် သူ၏ကိုယ်အစစ်ဖြင့် ပေါ်လာခြင်းဖြစ်သည်။ သူသည် သေလုမျောပါး အားနည်းနေပြီဖြစ်၍ ယခင်ထက်ပိုသတိရှိခဲ့၏။ သို့သော် ယခုမူ ကောင်းကင်ချုပ်နှောင်မန္တန်နှင့်ပတ်သက်၍ ယုံကြည်ချက်အပြည့်အဝ ရှိနေချေပြီ။
မန်ဟိုက သက်ပြင်းဖွဖွချသည်။ လောကပါလနတ်မင်းနှင့်ပတ်သက်၍ မန်ဟို၏ခံစားချက်များသည် ရှုပ်ထွေး၏။ သို့သော် ဘယ်တော့မှ ပြောင်းလဲမရသည့် အရာတစ်ခုတော့ ရှိသည်။ လောကပါလနတ်မင်းက သူ၏ဘဝတစ်ဘဝလုံးကို ခြယ်လှယ်၍ အကွက်ချစီစဉ်ခဲ့၏။ လောကပါလနတ်မင်းသည် တောင်ပင်လယ်လောကကို ဖျက်စီးခဲ့ခြင်းအတွက် တာဝန်ရှိ၏။ မန်ဟို့အတွက် လှည့်စားထိန်းချုပ်ခံရသောခံစားချက်မှာ သူ၏တာအိုနှင့် ဆန့်ကျင်နေသည်။
“ငါတို့တာအိုတွေက မတူဘူး” မန်ဟိုက မျက်လုံးများထူးဆန်းစွာ တောက်ပနေလျက် ပြောသည်။ ထို့နောက် သူသည် ညာလက်ကို ဆန့်တန်းလိုက်ရာ ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်၏အရှိန်အဝါအား အဆုံးမဲ့အလင်းရောင်ကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လျက် လိမ့်ထွက်သွားစေ၏။
“အေး ငါတို့တာအိုတွေက မတူဘူး...” လောကပါလနတ်မင်း၏မျက်လုံးထဲတွင် မာနကြီးမှုတို့ ပြည့်နှက်နေပြီး ပို၍ပင်အားကောင်းလာသော အသတ်အဖြတ်စိတ်ဆန္ဒကိုပင် မြင်ရနိုင်သည်။ သူ့အတွက် အရာအားလုံးကို ပြောင်းလဲနိုင်မည့်နည်းလမ်းမှာ မန်ဟို့ကို ဝါးမြိုဖို့ပင်။
မန်ဟို့ကို ဝါးမြိုခြင်းဖြင့် သူ နောက်တစ်ကြိမ် ရှင်သန်နိုင်မည်။
ယခုတွင် သူ့မှာ အားနည်းနေ၍ တိုက်ကွက်လေးတစ်ကွက်သာ ထုတ်လွှတ်နိုင်သောအမှတ်သို့ ရောက်နေခဲ့ချေပြီ။ ထိုတိုက်ကွက်သာ မန်ဟို့ကို မသတ်နိုင်ခဲ့လျှင် သူ့အနေဖြင့် သေရုံမှတစ်ပါး ရွေးစရာရှိတော့မည်မဟုတ်ပေ။
“တိုက်ကွက်တစ်ကွက်တည်းနဲ့ လုံလောက်တယ်” သူ့အသံ ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားစဉ် သူ့သူငယ်အိမ်များသည် မည်းနက်သွား၏။
“နဝမအသွင်
“လောကပါလအသွင်ပြောင်းခြင်း” လောကပါလနတ်မင်း၏စကားသံကို တုံ့ပြန်သည့်အနေဖြင့် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ကြယ်တာရာကောင်းကင်သည် ပြိုကျသွား၏။ စွမ်းအင်များစွာ မျက်လုံးအပေါ်၌ စုဝေးစပြုလာသည့်အခါ အရာအားလုံး ခြောက်သွေ့လာကြသည်။
ချက်ချင်းပင် လောကပါလနတ်မင်း၏အင်အားသည် မြင့်တက်လာပြီး သူ ထုတ်လွှတ်နေသည့် ဖိအားလည်း အဆပေါင်းများစွာ ပြင်းထန်လာ၏။
ကြယ်တာရာကောင်းကင်ကား ဒေါသထွက်နေသည့် သမုဒ္ဒရာ၊ မန်ဟိုက မိုးပေါက်များ၏ရိုက်ခတ်မှုကြောင့် လှိုင်းလုံးများအပေါ်၌ လူးလွန့်တုန်ခါလျက် ရေအောက်နစ်မြုပ်နေသော လှေလေးတစ်စင်းအလားပင်။
မန်ဟိုသည် တန်ခိုးရှင်သုံးယောက်ပေါင်း၏ အမျက်ဒေါသထက် များစွာကြီးမားသည့် အမျက်ဒေါသကို ခံစားလိုက်ရ၏။ မျက်လုံးကြီး မန်ဟို့အား ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်နေစဉ် သွေးကြောများသည် မျက်လုံးကြီးထံမှ ဖြာထွက်လာကာ လူပုံသဏ္ဍာန်ဖွဲ့စည်းစပြုလာ၏။ မကြာမီ မန်ဟို့အရှေ့၌ လူတစ်ယောက်၏ ကောက်ကြောင်း ပေါ်ပေါက်လာသည်။
ကောက်ကြောင်းသည် မရင်းနှီးဘဲမနေပေ။ ယင်းအား လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက မိစ္ဆာတိုင်အတွင်း၌ မန်ဟို မြင်ခဲ့ဖူးသည်။
ဧရာမလူပုံသဏ္ဍာန်ကြီးသည် ထိတ်လန့်ဖွယ် သစ်သီး ၉၈ လုံးဖြင့် သူ၏မျက်စိရှေ့မှောက်၌ ပေါ်ပေါက်လာနေချေပြီ။ ထို့နောက် အဆိုပါသစ်သီးများသည် ကြွေကျသွားပြီး သွေးကြောများ၏ကောက်ကြောင်းတစ်လျှောက် ပျံ့နှံ့ဖုံးလွှမ်းသွား၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ... နောက်မျက်လုံးတစ်လုံး ပေါ်လာသည်။
ယခုတွင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အပြည့်အစုံဖြင့် မျက်နှာတစ်ခုအား မြင်ရသည်။ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းလည်း ရှိနေ၏။
ပြောင်းလဲမှုကား မြန်လွန်းသည်။ ကြယ်တာရာကောင်းကင် ပြိုကျခြောက်ကပ်နေစဉ် အသက်ဓာတ်နှင့်စွမ်းအားတို့သည် နဝမအသွင်အပေါ် စုစည်းလျက် ၎င်းအား အားဖြည့်နေကြ၏။
ဤသည်မှာ နဝမအသွင်၊ အစစ်အမှန် လောကပါလအသွင်ပင်။
အတိကျဆုံးပြောရလျှင်တော့... ဤသည်ကား လောကပါလနတ်မင်းအစစ် ဖြစ်ပေ၏။
ဒေါသတကြီးဟိန်းသံကဲ့သို့ အသံများနှင့်အတူ တဂျုန်းဂျုန်းထစ်ချုန်းသံများ အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ရိုက်ခတ်နေသည်။ မန်ဟိုမှာ အသက်ရှူမြန်လာတော့သည်။ လောကပါလနတ်မင်းထံမှ ထုတ်လွှတ်နေသည့် အငွေ့အသက်လေးကပင် သူ့အား ထပ်ခါတလဲလဲ အနိုင်ယူနိုင်သကဲ့သို့ ခံစားလိုက်ရသဖြင့် မန်ဟို့စိတ်များ မတည်ငြိမ်တော့ပေ။