မန္တန် အပြိုင် မန္တန်
Vol. 115 Ch. 1606
“မန်ဟို” ကမ္ဘာဦးအစမှ ပဲ့တင်ထပ်လာသည့်အလား ထင်ရသော ခပ်အုပ်အုပ်အသံသည် ကြယ်တာရာကောင်းကင်တစ်ခွင် ဟိန်းထွက်သွား၏။ တစ်ချိန်တည်းမှာပင် ၎င်းကား နှစ်ကြိမ်ပြန်နားမထောင်ရအောင် ရှင်းလင်းပြတ်သားပြီး မိုးခြိမ်းသံသဖွယ် မြည်ဟည်းနေသည်။
မန်ဟိုသည် လောကပါလနတ်မင်း၏ပုံသဏ္ဍာန်ကြီး အကောင်အထည်ဖြစ်ပေါ်လာသည်ကို ကြည့်နေ၏။
သွေးကြောများ ပွားလာသည်။ အရိုးများ ပေါက်လာသည်။ အသွေးအသားများ ဖြစ်တည်လာ၏။ တစ်ချိန်တည်းမှာပင် မဖော်ပြနိုင်လောက်အောင် ပြင်းထန်သည့် စွမ်းအားတစ်ရပ် ပေါက်ကွဲဖြာဆင်းလာသည်။
တစ်ခါတုန်းက ဟင်းလင်းပြင်ထဲ၌ လွင့်စင်ပြိုကွဲသွားခဲ့သော ဘီလူးကြီးတစ်ကောင်ကား ယခုတွင် ပြန်လည်ထွက်ပေါ်လာနေသကဲ့သို့ပင်။
လောကပါလနတ်မင်းသည် တိုက်ကွက်လေးတစ်ကွက်တည်းကိုသာ ထုတ်လွှတ်နိုင်ကောင်း ထုတ်လွှတ်နိုင်လိမ့်မည်။ သို့သော် ဤအခိုက်အတန့်တွင် ထိုတိုက်ကွက်က မန်ဟို့အား သေစေနိုင်သောအန္တရာယ်ကို ခံစားလိုက်ရစေ၏။
သူ၏ရန်သူ သည့်ထက်ပို၍ အင်အားကြီးမားလာလျှင် မုချရှုံးနိမ့်တော့မည်ဖြစ်ကြောင်း မန်ဟို ကောင်းကောင်းသိသည်။ လောကပါလနတ်မင်း ရုပ်လုံးပေါ်လာသည်ကို ကြည့်နေစဉ် မန်ဟို၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လာ၏။ ထို့နောက် သူက လက်နှစ်ဖက်လုံးကို ဘေးသို့ လျင်မြန်စွာ ဖြန့်ကားကာ ဟိန်းဟောက်သည်။ “နဝမမြောက်မိစ္ဆာချုပ်နှောင်ခြင်း ကောင်းကင်ချုပ်နှောင်မန္တန်”
လေတို့ တဝေါဝေါတိုက်ခတ်လာပြီး ရုပ်တုကြီး ထပ်ပေါ်လာသည်။ အဆုံးမဲ့အလင်းရောင်သည် အသက်နုတ်မည့်အင်အားဖြင့် လောကပါလနတ်မင်းဆီ တဟုန်ထိုးဖြာဆင်းသွား၏။
မန်ဟိုကား သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏စိတ်ဆန္ဒ၊ သူ၏ဝိညာဉ်တို့အားဖြင့် ရှိသမျှစွမ်းအားအလုံးစုံထုတ်လျက် ကောင်းကင်ချုပ်နှောင်မန္တန်အား အမြင့်ဆုံးအထိ အားဖြည့်ပေးနေသည်။ အဆုံးမဲ့အလင်းရောင် ဖြာဆင်းတောက်ပနေစဉ် မည်သည့်ဖြစ်တည်မှုကိုမဆို ချုပ်နှောင်နိုင်သောစွမ်းအားက လောကပါလနတ်မင်းအပေါ် ကျရောက်လာသည်။
မန်ဟိုသည် ကောင်းကင်ချုပ်နှောင်မန္တန်၏စွမ်းအားကို ထပ်မံတိုးမြှင့်လိုက်သဖြင့် အာကာပြင်ကျယ်စကြဝဠာအတွင်းရှိ ကြယ်တာရာကောင်းကင်မှာ အတန်ငယ်ခြောက်သွေ့သွားလေသည်။
လောကပါလနတ်မင်းအပေါ် ကျဆင်းလာသည့် အဆုံးမဲ့အဖြူရောင်အလင်း၌ ကြယ်တာရာကောင်းကင်၏အလွန်မှ စွမ်းအား၊ အနန္တစကြဝဠာ၏ သဘာဝနိယာမတို့ ပါဝင်သောစွမ်းအား၊ ကောင်းကင်ချုပ်နှောင်စွမ်းအား ပါဝင်သည်။
ဤသို့ဖြင့် နှစ်ဖက်လုံးမှ စိတ်ကူးပင်မယဉ်ကြည့်နိုင်သည့် စွမ်းအားကို ထုတ်လွှတ်လျက် တိုက်ပွဲကား အမြင့်ဆုံးအမှတ်သို့ ရောက်လာခဲ့လေပြီ။ ‘ချုပ်နှောင်ခြင်း’ ဆိုသည့် စာလုံး လောကပါလနတ်မင်းအပေါ် ကျသွားသည့်အခါ လောကပါလနတ်မင်း၏ဆံပင်များ မြောက်တက်သွားပြီး သူ၏မျက်လုံးများသည် စူးရှတောက်ပလာ၏။ သူ၏ခန္ဓာကိုယ်သည် အပြည့်အဝရုပ်လုံးမပေါ်လာသေးသော်လည်း သူကား မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သည့် တန်ခိုးတို့ဖြင့် ပြည့်နှက်နေလေသည်။
ယခုတွင် ကောင်းကင်ချုပ်နှောင်မန္တန်ကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ရပြီဖြစ်သည့်အတွက် လောကပါလနတ်မင်းသည် မန်ဟို့ကို ကြည့်ကာ ပြုံး၏။
“ဒီမန္တန်ကို မင်း မသုံးခဲ့ရင် ငါ့အနေနဲ့ ခုခံရခက်ရင်ခက်ခဲ့မှာ။ ဒါပေမဲ့ အခုတော့ .. ငါလည်း မင်းရဲ့မန္တန်ကို အသုံးပြုနိုင်တယ်” သူသည် ညာလက်ကို ဆန့်တန်းကာ လက်ချောင်းများကို ဖြန့်ကားလိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ကောင်းကင်ချုပ်နှောင်မန္တန်မှ ဖြန့်ကျက်ထားသော အလင်းရောင်နှင့် လွန်စွာတူညီသည့် အလင်းရောင်တစ်ရောင် ဖြာထွက်လာ၏။ မတူသည့်အရာဆို၍ ဤအလင်းရောင်က နက်မှောင်နေခြင်းပင်။
အနက်ရောင်အလင်းသည် ချက်ချင်းဆိုသလို ဒေါသထွက်နေသည့် လှိုင်းလုံးကြီးသဖွယ် မန်ဟို့ထံ လိမ့်ဆင်းကာ ကောင်းကင်ချုပ်နှောင်မန္တန်၏ အဖြူရောင်အလင်းအား ဝင်တိုက်လိုက်၏။
၎င်းတို့ ထိသွားလျှင်ချင်း နားကွဲလုမတတ် ပေါက်ကွဲသံကြီးသည် ကြယ်တာရာကောင်းကင်ကို ဖြိုခွဲလျက် ဂြိုဟ်တာရာများကို ဖျက်စီးရင်း ပဲ့တင်ထပ်သွား၏။ ကျင်ယွင်ရှန်းကဲ့သို့ တန်ခိုးရှင်တစ်ယောက်ပင် ဤအင်အားကြောင့် အသက်ထွက်သွားနိုင်သည်။
အနက်ရောင်အလင်းနှင့် အဖြူရောင်အလင်း တိုက်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာသော တုန်ခါလှိုင်းကြောင့် ဘိုးဘေးနယ်ပယ်အောက် မည်သူမဆို ခန္ဓာနှင့်တကွဝိညာဉ်ပါ စိစိညက်ညက်ကြေသွားလိမ့်မည်။
ဤကြယ်တာရာကောင်းကင်အတွင်း၌ ဤတိုက်ပွဲထက် ပြင်းထန်သည့်တိုက်ပွဲ မရှိ။ အမှန်တွင် အနန္တစကြဝဠာအတွင်းတွင်ပင် ရှားလှသည်။ ဤတိုက်ပွဲကား အမြင့်ဆုံးအခိုက်အတန့်သို့ ရောက်နေခဲ့လေပြီ။
ဝုန်းးးးးးးးးးးးးးးးးးးးးးး
မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး လောကပါလနတ်မင်းလည်း ပိန်ချုံးသွားသည်။ သို့ထိတိုင် ပေါက်ကွဲခြင်းအားလှိုင်း အရပ်လေးမျက်နှာတစ်ခွင် လိမ့်ထွက်သွားနေစဉ်မှာပဲ သူတို့နှစ်ယောက်သည် သူတို့ထုတ်နိုင်သမျှ အတိုက်အခိုက်စွမ်းရည်အလုံးစုံဖြင့် သူတို့၏မှော်အတတ်ထဲ အားဆက်ဖြည့်နေကြ၏။
မန်ဟိုက မာန်သွင်းဟိန်းဟောက်၍ လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ သူ၏ပတ်ပတ်လည်ရှိ အဖြူရောင်အလင်းမှာ တွန့်လိမ့်ကွေးကောက်လျက် လျင်မြန်စွာ ကျုံ့သွားရင်း စာလုံးတစ်လုံးကို ဖော်ဆောင်လိုက်သည်။
ချုပ်နှောင်ခြင်း 封
ချုပ်နှောင်ခြင်း 封 စာလုံးသည် တဖျတ်ဖျတ် လင်းလက်တောက်ပနေ၏။
“မိုးကောင်းကင်ကို .... ငါ ချုပ်နှောင်မယ်” မန်ဟိုသည် လက်နှစ်ဖက်လုံးအား ခေါင်းပေါ်တွန်းတင်လိုက်၏။ ချက်ချင်းပင် သူ့လက်နှစ်ဖက်လုံးမှာ အချိန်မရွေး ကျိုးကြေတော့မည့်အလား တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ မန်ဟိုသည် ချုပ်နှောင်ခြင်း ‘封’ စာလုံးကို ထုတ်ဖော်ဖို့ ရှိရှိသမျှအင်အားအကုန် ထုတ်ရင်း သိသိသာသာ တုန်ရီနေ၏။
မျက်စိတစ်မှိတ်အတွင်း အနန္တစကြဝဠာ၏စွမ်းအားမှ အားဖြည့်ပေးထားပုံပေါ်သော စာလုံးကား လောကပါလနတ်မင်းဆီ ရွေ့လျားသွားလေသည်။
ဂျိန်းးးးးးးးးးးးး
လောကပါလနတ်မင်းသည် အမျက်ဒေါသအပြည့်ဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှိုက်၏။ သူ့ကို ဝန်းရံထားသည့် အနက်ရောင်အလင်းကား ဝဲကဲ့သို့ တဝေါဝေါလည်ရင်း သူ၏လက်ဝါးပြင်ထက်တွင် ‘ချုပ်နှောင်ခြင်း 封’ ဆိုသည့် စာလုံးအဖြစ် ကျုံ့သွားသည်။
ထိုချုပ်နှောင်ခြင်းစာလုံးကား အနက်ရောင်ဖြစ်၏။
ချုပ်နှောင်ခြင်းစာလုံးကြီးနှစ်လုံးသည် ကြယ်တာရာကောင်းကင်အတွင်း၌ တစ်ခုဆီ တစ်ခုပြေးဝင်သွားကြပြီး နှစ်ခုထိသွားသောအခါ အုန်းခနဲမြည်ဟည်းကြီးက မိုးနှင့်မြေအားလုံးကို လှုပ်ခတ်သွားစေ၏။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူက မျက်လုံးများနီရဲနေလျက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ရာ ကြယ်တာရာကောင်းကင်အား ပိုင်းချလိုက်သည့် ဓားတစ်လက် ပေါ်လာသည်။
အက်ကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်သွား၏။ အက်ကွဲကြောင်းက လောကပါလနတ်မင်းကို ဦးတည်လျက် မြွေလိမ်မြွေကောက် ဖြာထွက်သွားသည်။ လောကပါလနတ်မင်းက ညာလက်ကို ဆန့်တန်းလိုက်ပြီး မန်ဟို့ဓားနည်းတူ ပိုင်းချလိုက်သော အနက်ရောင်ဓားတစ်လက် ပေါ်လာသည်။
“ငါက ဒီကြယ်တာရာကောင်းကင်ရဲ့ အရှင်သခင်အစစ်ပဲ။ ငါ လောကပါလနတ်မင်း ထိုကြယ်တာရာကောင်းကင်ရဲ့စွမ်းအားနဲ့ အနန္တစကြဝဠာရဲ့ ဥပဒေတွေကို ဆင့်ခေါ်တယ်... မန်ဟိုကို သတ်ပြီး သူပိုင်သမျှအရာအားလုံးကို ယူဖို့ ငါ ဘယ်အရာကိုမဆို စတေးပစ်မယ်” ဓားသည် ပိုင်းချနေစဉ် တဖျတ်ဖျတ်လင်းလက်လျက် ကြီးသထက် ကြီးလာ၏။ ဓားနှစ်လက် တစ်လက်ကိုတစ်လက် ထိသွားသောအခါ ကြယ်တာရာကောင်းကင်တစ်ခုလုံး သွက်သွက်ခါတုန်သွားပြီး ကြေပင်ကြေမွစပြုလာသည်။
၎င်း ကြေမွနေသည့်အခါ ၎င်းအလွန်ရှိ အနန္တစကြဝဠာ ပေါ်လာလေသည်။
ကောင်းကင်ချုပ်နှောင်မန္တန်မှ ဖြစ်ပေါ်လာသော ဓား ကြေမွပြာကျသွားသဖြင့် မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သို့သော် လောကပါလနတ်မင်း၏ဓားလည်း အလားတူ ကြေမွပြာကျသွား၏။
မန်ဟိုမှာ လွန်စွာတုန်ခါနေသဖြင့် သူ့ကိုယ်အတွင်းမှ အရိုးကျိုးသံများပင် ထွက်လာသည်။ သူ့အသားများလည်း လန်ထွက်သွားပြီး သူ့မှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွား၏။
သူ့မျက်လုံးများ ဝေဝါးသွားပြီး တစ်လောကလုံး ချာချာလည်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ကမောက်ကမ ဗြောင်းဆန်သွားသည့်အပြင် သူ၏စိတ်ဆန္ဒလည်း တုန်ခါလျက်ရှိသည်။
သို့သော် လောကပါလနတ်မင်းလည်း အခြေအနေမကောင်းပေ။ သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး လက်မောင်းလည်း ပြတ်ထွက်သွား၏။ သူ့ကိုယ်တစ်ပိုင်းလုံးမှာ အမှုန့်ဖြစ်သွားသည်အထိ ချုပ်နှောင်ခံထားရသည်။ ဘယ်မျက်လုံးမှလွဲ၍ သူ၏ကျန်အစိတ်အပိုင်းအားလုံး ခြောက်ကပ်သွားခဲ့သည်။
သူ၏ဘယ်မျက်လုံးသည်ပင် အကောင်းအတိုင်းကျန်သေးသည့်တိုင် မီးခိုးရောင်ဖြစ်နေပြီး သေခြင်းအငွေ့အသက်များ တထောင်းထောင်း ထနေသည်။ ထိုမျက်လုံး၏ မျက်ဆံမှာတော့ ကြီးမားလာနေသည်။ မျက်လုံးတစ်ခုလုံး မျက်ဆံပြည့်သွားသည်နှင့် သူ မုချသေရလိမ့်မည်။
သို့သော် ဤသို့ဖြစ်နေသည့်တိုင် လောကပါလနတ်မင်း၏ ပိန်ချုံးနေသောမျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက တဟားဟား ရယ်တော့သည်။ ရယ်ရင်း သူသည် မန်ဟို့ကို လှမ်းကြည့်၏။ ထူးဆန်းသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်သည်။
ချက်ချင်းပင် မန်ဟိုမှာ ပြင်းပြင်းထန်ထန် တုန်ရီစပြုလာသည်။ သူ၏အသက်ဓာတ်၊ ဝိညာဉ်၊ သူ၏အရာအားလုံး သူ့အရေပြားပေါ်ရှိ မွေးညင်းပေါက်များ၊ သူ့မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စိမ့်ထွက်သွားကြသည်။ ထို့နောက် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းလျက် လောကပါလနတ်မင်းဆီ လွင့်မျောသွားသော အဖြူရောင်အငွေ့များ ဖြစ်သွား၏။
“မင်းအမှားက ငါ့ကို မင်းရဲ့ ကောင်းကင်ချုပ်နှောင်မန္တန်ကို မြင်ခွင့်ပေးခဲ့တာပဲ” လောကပါလနတ်မင်း၏အသံသည် အားနည်းနေသလို၊ ရူးသွပ်မှုတို့ဖြင့်လည်း ခက်ထန်နေ၏။ မန်ဟို့ထံမှ အဖြူရောင်အငွေ့များ သူ့ကိုယ်ထဲ ဝင်ရောက်နေစဉ် လောကပါလနတ်မင်းမှာ စိတ်လှုပ်ရှားလာတော့သည်။ အဖြူရောင်အငွေ့များသည် သူ့ကိုယ်ထဲရှိ ၉၉ လုံးမြောက် မိစ္ဆာသစ်သီး၏နေရာ၌ စတင်စုဝေးစပြုလာ၏။