← Chapters

လမင်းကိုးစင်း ဆေးလုံးအိမ်တော်

Vol. 9 Ch. 113

လမင်းကိုးစင်း ဆေးလုံးအိမ်တော်

Vol. 9 Ch. 113

ယန်ချင်ယင်က မတ်တတ် ရပ်လိုက်ပြီး မိုဝူကျီ၏ အကျပ်အတည်းကို နားလည်လေ၏။ သူမသာ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းမှ ထွက်သွားခဲ့လျှင် မိုဝူကျီက သေချာပေါက် အသတ်ခံရလိမ့်မည်။ သူမလည်း ဂိုဏ်းမှ မကြာခင် ထွက်သွားရမည် ဖြစ်သည်။

“အကြီးအကဲရှု ဂိုဏ်းခေါင်းဆောင်က ပြောတာ မှန်တယ် သက်သေမရှိဘဲ ဆေးလုံးသခင်မိုက သူ့လွတ်လပ်ခွင့် ရှိသင့်တယ် ...” ယန်ချင်ယင်က လေးလေးနက်နက် ပြောပြလိုက်သည်။

ဒုတိယအကြီးအကဲက သူ့မျက်လုံးထဲမှ လူသတ်ငွေ့ကိုပင် ထိန်းချုပ်မထားဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။

“ဆေးလုံးသခင်မိုကို သူ့လွတ်လပ်ခွင့် ပိတ်ပင်နေတာ မဟုတ်ပါဘူး ဒါပေမဲ့ သူ့ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ဆေးလုံးပြိုင်ပွဲကို ကိုယ်စားပြုခိုင်းတာတော့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ဆန့်ကျင်နေတယ်  ဆေးလုံးသခင်မိုက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို မသွားသရွေ့ သူ့ကို တခြားနေရာတွေကို မပိတ်ပင်ပါဘူး  ပြီးတော့ ပြိုင်ပွဲက ကျွန်တော်တို့ ဂိုဏ်းရဲ့ ဂုဏ်ဆောင်တွေ သွားကြမှာလေ နောက်ခံ မသန့်ရှင်းတဲ့သူတွေ သွားဖို့ သေချာပေါက် ခွင့်မပြုနိုင်ဘူး ...”

ယန်ချင်ယင် အမူအရာက ပြောင်းလဲသွားလေသည်။ ဒုတိယ အကြီးအကဲက မိုဝူကျီကို သတ်ရန် စိတ်အားထက်သန်နေ၏။

ဒုတိယ အကြီးအကဲက ဆေးလုံးသခင်မိုကို သွားချင်သည့် နေရာ သွားနိုင်သည်ဟု ပြောသော်လည်း လက်တွေ့တွင် သူမသာ သူ့ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကိုသာ ခေါ်မသွားခဲ့လျှင် သူသွားနိုင်သည့် တစ်ခုတည်းသောနေရာကား သူ့အုတ်ဂူသာ ဖြစ်လိမ့်မည်။

ယန်ချင်ယင်က တစ်ခုခု ဝင်ပြောခါနီးတွင် ဂိုဏ်းခေါင်းဆောင် ဂူရန်က ပြောလိုက်သည် “ဒုတိယ အကြီးအကဲ ပြောတဲ့အတိုင်း လုပ်ကြတာပေါ့ ဆေးလုံးသခင်မိုက အခုတလောတော့ ဂိုဏ်းထဲမှာပဲ ယာယီနေရဦးမယ် ဆေးလုံးသခင်မို ကျေးဇူးပြုပြီး အရင်  ပြန်သွားလိုက်ပါ ...”

“ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင် ...” မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ ခန်းမအတွင်းမှ ဆုတ်ခွာသွားလိုက်သည်။

သူက အမှန်ပင် အကူအညီ ကင်းမဲ့နေလေပြီ။ ဂိုဏ်းခေါင်းဆောင်က သူ့ကို အနည်းငယ် အသိအမှတ် ပြုသော်လည်း ဒုတိယအကြီးအကဲနှင့် သူ့ကြားတွင် ဂိုဏ်းခေါင်းဆောင်က ဒုတိယ အကြီးအကဲကို ရွေးရန် တွေဝေနေမည် မဟုတ်ပေ။ ယန်ချင်ယင်၏ တောင်းတောင်းပန်ပန် အကြည့်ကား မိုဝူကျီထံ ရောက်ရှိလာလေသည်။ ထို့အပြင် သူမက သူ့ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ခေါ်သွားရန် ကတိပေးထားသေး၏။ သို့သော် ယခုတွင် ဂိုဏ်းခေါင်းဆောင်က သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ဖြစ်၍ မိုဝူကျီကို အတင်းစွတ် ခေါ်သွားရန် လုပ်ပါက တစ်ခုခု မှားယွင်း သွားနိုင်သည်။ သူ့ကို ခေါ်မသွားနိင်ရုံသာမက သူ့အား အန္တရာယ်များသည့် အခြေအနေထဲ ကျရောက်သွားစေနိုင်သည်။ ထို့အပြင် သူမက ဘာကိုမှ အတင်းကြပ် မလုပ်နိုင်ပေ။ ဒုတိယအကြီးအကဲ၏ အဆင့်အတန်းသည် သူမထက် မနိမ့်ပေ။ သူ့ကျင့်ကြံဆင့်က သူမထက် များစွာ မြင့်နေသေး၏။

သူမက ထိုအစည်းအဝေး ပြီးဖို့ရာ စောင့်နေရုံသာ တတ်နိုင်လေသည်။ ထို့နောက်တွင် မိုဝူကျီကို တစ်ခုခု စီစဉ်ထားရန် ကူညီရန်အတွက် ပဒုမ္မာကြာ ဓားတောင်သို့ ဦးတည်လိုက်တော့သည်။

“စီနီယာ အစ်ကိုမို  ဘေးကင်းကင်း ပြန်ရောက်လာလို့ တော်သေးတာပေါ့  ကျွန်တော် အားလုံးကို အကုန်သိမ်းပြီးပြီ ...”

မိုဝူကျီ ပြန်ရောက်လာသည်ကို မြင်၍ ဖေးပင်းကျူက စိတ်အေးသွားလေ၏။

မိုဝူကျီက အလျှင်စလို ပြောလိုက်သည်။

“ပင်းကျူ ငါတို့ ပစ္စည်းတွေ သိမ်းပြီးပြီ ဆိုတော့ အခု ထွက်သွားရအောင်...”

ဖေးပင်းကျုက မိုဝူကျီ မျက်နှာမှ အမူအရာကို တွေ့သောအခါ ကိစ္စများက မရိုးရှင်းတော့ကြောင်း သိလိုက်သည်။ သူက နောက်ထပ် မပြောတော့ဘဲ ထောင်အောင်းနှင့် သူက အိတ်တစ်လုံးစီ သယ်ဆောင်လိုက်ကြသည်။

မိုဝူကျီက ယန်အာ၊ ထောင်အောင်းတို့ လင်မယားနှင့် ဖေးပင်းကျူတို့ကို ခေါ်ဆောင်လာလေသည်။ ငါးယောက်သား သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်း ပဒုမ္မာကြာ ဓားတောင်မှ ထွက်လာကြသည်။

ယန်ချင်ယင်က သူ့ကို ဂိုဏ်းမှ ထွက်ရုံအပြင် မကူညီပေးနိုင်ပေ။ သူတွင် ရွေးချယ်စရာ မရှိတော့ပေ။  သူ့ကို သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်း အတွင်းတွင် နေရာ ကန့်သတ်မထားသည့်အတွက် ကံကောင်းလှ၏။ မဟုတ်လျှင် သူက သေဆုံးလောက်လေပြီ။

“ငါတို့မှာ စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက် ကျန်သေးလဲ ...”

မိုဝူကျီက ရုတ်တရက်‌ ကောက်မေးလိုက်သည်။

“ကျွန်တော်တို့ ဆီမှာ စိတ်စွမ်းအင် ကျောက်တုံး ၁၆၀၀ ကျန်သေးတယ် ...”

ဖေးပင်းကျူက အမြန်အဆန် ပြောလိုက်ကာ...

“စီနီယာအစ်ကိုမို ကျွန်တော်တို့ အခု အန္တရာယ်ထဲ ရောက်နေတာလား...”

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီးတော့ “မန်ပိုယူရဲ့ နောက်ခံက ဒုတိယအကြီးအကဲ ရှူဖေးပို ဖြစ်နေတယ်  သူတို့ကြားက ဆက်ဆံရေးတော့ မသိဘူး ဒါပေမဲ့ အဲလူကြီးက ငါ့ကို သတ်ချင်နေတယ် စီနီယာ အစ်မယန်က ဖြေရှင်းပေးဖို့ ကြိုးစားပေမဲ့ ငါတို့ အခုချိန်သာ ဂိုဏ်းကနေ ထွက်မသွားဘူးဆိုရင် ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး ...”

“အဲဒါဆို ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ ...” ဖေးပင်းကျူက ထပ်၍ မေးလိုက်သည်။

“စွန်ဖျားမြို့ ...” မိုဝူကျီက တွန့်ဆုတ်ခြင်း မရှိ ပြောလိုက်သည်။ သူက စွန်ဖျားမြို့မှ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ သွားနိုင်သည့် နည်းလမ်း တချို့ကို ကြားသိခဲ့ရ၏။ သူ့တွင်  ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဖြတ်သန်းသွားရန် လူငါးယောက်စာ အတွက် စိတ်စွမ်းအင် ကျောက်တုံး လုံလုံလောက်လောက် မရှိသော်လည်း သူ့တွင် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး ရှိလေသည်။ ယခု သူက သေရေးရှင်ရေး ဖြစ်နေသည့်အတွက် ထိုဆေးလုံးကို ထုတ်လိုက်ရသည်။

ယခု ဒုတိယ အကြီးအကဲက အစည်းအဝေးတွင် ရှိနေမည် ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အသုံးချကာ စွန်ဖျားမြို့သို့ သွားရမည်။ မဟုတ်လျှင် လမ်းတွင် သူက သုတ်သင်ခံရလိမ့်မည်။

သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းမှ စွန်ဖျားမြို့သို့သွားရာတွင် သားရဲပျံ ရထားလုံးတွဲဖြင့် နှစ်နာရီမှ လေးနာရီသာ ကြာမြင့်လေ၏။

ပုံမှန်ဆိုလျင် မိုဝူကျီက သူ့စိတ်စွမ်းအင် ကျောက်တုံးများကို မသုံးချင်သော်လည်း ယခုတွင် သားရဲပျံ တစ်ခုလုံးကို တိုက်ရိုက် ငှားယမ်းလိုက်ကာ ဂိုဏ်းမှ စွန်ဖျားမြို့သို့ ထွက်လာလိုက်သည်။

ဒုတိယအကြီးအကဲက ထိုသို့ တွေးမိမည် မဟုတ်ပေ။ မိုဝူကျီက ချက်ချင်းပင် ဂိုဏ်းမှ ထွက်သွားလိမ့်မည်ဟု တွေးထားမည် မဟုတ်လောက်ချေ။ သူ တွေးမိလျှင်ပင် စိတ်ထဲ ထားမည် မဟုတ်ချေ။  မိုဝူကျီ စွန်ဖျားမြို့သို့ ရောက်လျှင်ပင် အဆုံးသတ်က အတူတူ ဖြစ်နေလိမ့်ဦးမည်။ မိုဝူကျီ နောက်သို့ လိုက်လာကာ သူ့ကို သတ်ပစ်နိုင်သေး၏။ တခြားတစ်ယောက်အပေါ် မှီခိုနေရသော အစေံတပည့်တစ်ယောက်က သူ့လူကို ထိရဲသည်လား ... ထိုသည်က သေခြင်းတရားကို ရှာနေခြင်းသာ ဖြစ်လိမ့်မည်။

စွန်ဖျားမြို့ မြောက်ရေ တည်းခိုခန်း

မိုဝူကျီ ဝင်လိုက်သည်နှင့် အစောင့်က ချက်ချင်း မှတ်မိလိုက်ကာ သူ့ကို ပြုံးကာ လာရောက်နှုတ်ဆက်လေသည်။

“မိတ်ဆွေ  မင်းရောက်လာမှာကို စောင့်နေတာ ...”

မိုဝူကျီက အစောင့်ကို သံသယရှိစွာ ကြည့်လိုက်တော့သည်။ သူက နှစ်ကြိမ်သာ လာတည်းဖူးကာ အထူးဧည့်သည်လည်း မဟုတ်ပေ။ အဘယ်ကြောင့် အစောင့်က သူ့ကို စောင့်နေရတာလဲ ...။

မိုဝူကျီ ဤနေရာသို့ လာလိုက်သည့် အကြောင်းကား ရိုးရှင်းလှသည်။ ဤနေရာနှင့် ရင်းနှီး၍ ဖြစ်ကာ အနီးဆုံး ပြောင်းရွှေ့ အစီအရင် အကြောင်းလည်း စုံစမ်းချင်လေ၏။

“ငါ့ကို ရှာနေတာလား ...” မိုဝူကျီက မေးလိုက်သည်။

အစောင့်က အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော်က ရှာနေတာ မဟုတ်ဘူး ခင်ဗျားကို  လမင်းကိုးစင်း ဆေးလုံးအိမ်တော်ရဲ့ သခင်လေးက ရှာနေတာ ...”

လမင်းကိုးစင်း ဆေးလုံးအိမ်တော်လား ... မိုဝူကျီက ဖြည်းဖြည်းချင်း ပြန်စဉ်းစားရင်း နောက်ဆုံးတွင် သတိရလာလေသည်။ အရင်လက သူ ဆေးလုံး သွားရောင်းခဲ့သည့် နေရာ မဟုတ်ပေဘူးလား ...။

ဈေးဆိုင်က လူက ကပ်စေးနှဲ ဖြစ်ကာ သူသာ စိတ်စွမ်းအင် ကျောက်တုံးတွေ အလျှင်မလိုပါက ထိုဆေးလုံးများကို လမင်းကိုးစင်းဆီ ရောင်းချခဲ့မည် မဟုတ်ပေ။

“မိတ်ဆွေ ခဏစောင့်ပါဦး ချက်ချင်း သခင်လေးကို အကြောင်းကြားပေးပါ့မယ် ...”

“တိုက်ဆိုင်လိုက်တာ ...” ပေါ့ပေါ့ပါးပါး ရယ်မောသံကို ကြားလိုက်ရသည်။ ထိုသည်က ခန့်ညားသော လူငယ် အမျိးသားတစ်ယောက် ပိုင်ဆိုင်တာ ဖြစ်၏။ သူက လျှော်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ ရိုးရှင်းလှသည်။

“အိမ်တော် သခင်လေး ...” လူငယ် လျှောက်လာသည်ကို မြင်၍ အစောင့်က ချက်ချင်းပင် ဘေးကပ်ပြီးတော့ နှုတ်ဆက်လိုက်သည်။ သူက မိုဝူကျီ ရောက်ရှိကြောင်း သခင်လေးကို သွားအကြောင်းကြားမည့်ဆဲဆဲတွင် သခင်လေးကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။ သူပင် သတင်းပို့ရန် မလိုလောက်ပေ။

“ကျွန်တော့်ဘာသာ မိတ်ဆက်ပါရစေ ကျွန်တော်က လမင်း ကိုးစင်း ဆေးလုံး အိမ်တော်ရဲ့ ကျန်းရှောက်ခယ်ပါ ...” ခန့်ညားသည့် လူငယ်က လက်နှစ်ဖက် ယှက်လျှက် မိုဝူကျီကို နှုတ်ခွန်းဆက်လိုက်သည်။

တစ်ဖက်တွင် မိုဝူကျီက ထိုအရာကို တိုက်ဆိုင်မှုဟု မတွေးမိပေ။ အစောင့် စကားများနှင့် သခင်လေး ရုတ်တရက် ရောက်ရှိလာမှုတို့မှ ထိုသခင်လေးသည် သူ့အကြောင်း စုံစမ်းရန် မြောက်ရေ တည်းခိုခန်းသို့ ခဏတိုင်း လာရောက်ကြောင်း ပြောနိုင်သည်။

“ကျွန်တော်က မိုဝူကျီပါ နယ်လှည့် ကျင့်ကြံသူ တစ်ယောက်ပါဗျ ... အိမ်တော်သခင်လေးက ဘာကြောင့်များ ကျွန်တော့်ကို ရှာနေတာလဲ သိခွင့်ရှိမလား ...” မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ ပြန်၍ နှုတ်ဆက်လိုက်တော့သည်။

လမင်းကိုးစင်း‌ ဆေးလုံး အိမ်တော်နှင့် တစ်ခုတည်းသော ပတ်သက်မှုက ဆေးလုံးများကို ရောင်းချစဉ်က ဖြစ်သည်။ ထိုဆေးလုံးများတွင် မှားယွင်းနေသည့်အရာ မရှိပေ။ ထို့အပြင် ဆုံးရှုံးသည်က သူပင် ဖြစ်ကာ ကျန်းရှောက်ခယ်က ပြဿနာ ဖြစ်စေမည့် ကိစ္စကို စိုးရိမ်နေစရာ မလိုအပ်ပေ။

ကျန်းရှောက်ခယ်က အားနာစွာ ပြောလိုက်သည်။

“တကယ်တော့ အစ်ကိုမိုကို ခဏတိုင်း လာလာစောင့်နေတာပါ အဓိကက ကျွန်တော်တို့ ဆေးလုံးအိမ်တော်ကို အစ်ကိုမို ရောင်းလိုက်တဲ့ ဆေးလုံးတွေကြောင့်ပါ အဲဒီအချိန်တုန်းက ကျွန်တော်နဲ့ ဘဏ္ဍာရေးမှူးလည်း မရှိလို့ အစ်ကိုနဲ့ တွေ့တဲ့သူက ကျွန်တော်တို့ ပစ္စည်းထိန်း တစ်ယောက်ပါ သူက အစ်ကိုမိုရဲ့ အံအားသင့်ဖို့ ကောင်းတဲ့ ဆေးလုံးတွေကို ဈေးနိမ့်ပေးမိလိုက်လို့ ကျွန်တော်က တောင်းပန်ဖို့ လိုက်ရှာနေတာပါ အခု ကျွန်တော်က အစ်ကိုမိုကို ရှာတွေ့ပြီဆိုတော့ ပြန်လည် ပေးဆပ်ပါရစေ ...”

ဒီလို ကိစ္စကိုး ... မိုဝူကျီက သက်ပြင်းချလိုက်တော့သည်။ ကျန်းရှောက်ခယ်အတွက် ထိုသို့ အလုပ်စည်းကမ်းမျိုးကို လိုက်နာလိမ့်မည်ဟု ထင်မထားမိပေ။ အရင်တုန်းက ဖေးပင်းကျူတွင်လည်း သူ့ကို အခွင့်ကောင်းယူရန် အခွင့်အရေး ရခဲ့၏။ သို့သော် သူက စီးပွားရေးသမားကဲ့သို့ မလုပ်ဆောင်ခဲ့ချေ။ စီးပွားရေးသမား တစ်ယောက် ထိုသို့ လုပ်ဖို့က ချီးကျူးထိုက်ပေသည်။ အကယ်၍ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ထိုသို့ စည်းမျဉ်း စည်းကမ်းများကို အမြဲ စွဲမြဲစွာ လိုက်နာနေလျှင် ထိုသို့ အင်အား အသေးလေး သေချာပေါက် မဟုတ်နိုင်ပေ။

သို့သော်လည်း ကျန်းရှောက်ဖန်တွင် သူ့ဆေးလုံးများ အပြင် တခြားကိစ္စရှိနေသေးကြောင်း သေချာပေါက် သိနေ၏။ သူက ကိုယ်ရည်သွေးနေတာ မဟုတ်သော်လည်း သူဖော်စပ်ထားသည့် ဆေးလုံးများကား အဆင့်တူ အတွင်း တခြားအရာများထက် နောက်ကျကျန်နေမည် မဟုတ်ပေ။

“အဲဒါဆို အိမ်တော်သခင်လေးကို ကျေးဇူတင်ရတော့မှာပဲ ...” မိုဝူကျီက လက်နှစ်ဖက်ယှက်လျက် သူ့သဘောထားကို ပြသလိုက်သည်။ သူက သဘောထားကြီးကာ ထိုစိတ်စွမ်းအင် ကျောက်တုံးများကို လက်လွတ်မပေးနိုင်ချေ။ ယခုတွင် သူက စွန်ဖျားမြို့မှ ထွက်သွားတော့မည် ဖြစ်ကာ စိတ်စွမ်းအင် ကျောက်တုံးများ အလိုအပ်ဆုံး အချိန် ဖြစ်၏။

ကျန်းရှောက်ခယ်က လက်ကို ကာပြလိုက်ပြီး ပြောလိုက်သည်။

“အစ်ကိုမိုက ကျွန်တော့်ကို ရှောက်ခယ်လို့ပဲ ခေါ်ပါ အိမ်တော် သခင်လေးလို့ ခေါ်ရတာ အလှမ်း ဝေးသွားသလိုပဲ ... အစ်ကိုမို ဒီနေရာက စကားပြောလို့ မကောင်းဘူးဗျ ကျွန်တော်တို့ လမင်းကိုးစင်း‌ ဆေးလုံးအိမ်တော် လာခဲ့ပါလား ...”

ငါတို့က ဒီလောက် မရင်းနှီးသေးဘူး မလား ... ခေါင်းထဲတွင် ထိုအတွေး တွေးမိပြီး မိုဝူကျီက မငြင်းဆန်ဘဲ လက်ခံလိုက်သည်။

“အဲဒီလိုမှတော့ သခင်လေးက ရှေ့ကနေ သွားပါ့လား ...”

ကျန်းရှောက်ခယ်က နေရာ အတော်ကျယ်သော သားရဲ ရထားတွဲဖြင့် ရောက်လာခြင်း ဖြစ်သည်။ မိုဝူကျီတို့ ငါးယောက်နှင့် စုစုပေါင်း ခြောက်ယောက် ထိုင်လျှင်ပင် ကျဉ်းကျပ် မနေပေ။

သားရဲကား လျှင်မြန်ပေသည်။ ကျန်းရှောက်ခယ်က ဆေးလုံးအကြောင်း ထပ်မပြောတော့ပေ။ ထို့အစား သူက စွန်ဖျားမြို့၏ အရေးပါသော ပုံစံများနှင့် လှပသော မြင်ကွင်းများကို မိတ်ဆက်ပေးလေသည်။ သူ ပြောသည့်အခါ ငါးယောက်လုံးကို အကုန် နှုတ်ဆက် ပြောသည့်အတွက် နွေးနွေးထွေးထွေး ခံစားရစေ၏။

အမွေးတိုင် တစ်ဝက် အချိန်အတွင်း သားရဲကား လမင်းကိုးစင်း ဆေးလုံးအိမ်တော်တွင် ရပ်တန့် သွားလေသည်။ ကျန်းရှောက်ခယ်က မိုဝူကျီကို အစည်းအဝေးခန်းထဲ ခေါ်လာသည့် အချိန်တွင် ယန်အာနှင့် အခြားလူများကို ပြုစုဖို့ရန် လူများပို့ဆောင်လိုက်သည်။

“အစ်ကိုမို ကျွန်တော်သာ မမှားဘူး ဆိုရင် အစ်ကိုက ဆေးလုံးဆရာမလား.. အရင်က ဆေးလုံးတွေ အကုန်လုံးကို အစ်ကို ဖော်စပ်ခဲ့တာမလား ...”

အခန်းထဲ ရောက်သည်နှင့် ကျန်းရှောက်ခယ်က ကွေ့ပတ်ပြောမနေတော့ဘဲ တည့်တည့်သာ ပြောလိုက်တော့သည်။

မိုဝူကျီက ဖုံးကွယ်ရန် စိတ်ကူးမရှိပေ။ ဆေးလုံးဆရာ အဖြစ် သူ့အဆင့်အတန်းသည် သူ့တွင် ရှိနေသော တစ်ခုတည်းသော အားသာချက် ဖြစ်နေ၏။

“ကျန်းသခင်လေး  ခန့်မှန်းတာ မမှားပါဘူး ကျွန်တော်က ဆေးလုံးဆရာပါ...” ကျန်းရှောက်ခယ်က သူ့၏ ဆေးလုံးဆရာ အဆင့်အတန်းကို အသုံးပြုလိုမှတော့ မိုဝူကျီက သူ့အား ကျန်းသခင်လေးဟုသာ သုံးလိုက်တော့သည်။ သူ့ကို ရှောက်ခယ်ဟု ခေါ်ရန် အရမ်းကို အနေရ ခက်လေ၏။ ကျန်းသခင်လေးဟု ခေါ်ခြင်းက သူတို့ ဆက်ဆံရေးကို ရင်းနှီးစေရုံ သာမက အနေရလည်း မခက်ချေ။

မိုဝူကျီက ဆေးလုံးသခင် ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျန်းရှောက်ခယ်က အမှန်ပင် စိတ်ပေါ့ပါးသွားက မိုဝူကျီ၏ အခေါ်အဝေါ်ကိုပင် စိတ်ထဲ မထားတော့ဘဲ မေးလိုက်သည်။

“အစ်ကိုမိုက အဆင့်နှစ် ဆေးလုံးဆရာလား ဒါမှမဟုတ် ...”

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောပြလိုက်သည်။

“အဆင့်သုံး ဆေးလုံးဆရာပါ ...”

ကျန်းရှောက်ခယ်က လက်ခုပ်လက်ဝါး တီးလိုက်ရင်း အားရပါးရ ပြုံးလိုက်ကာ ...

“ကျွန်တော် မှန်နေတာပဲ ဆေးလုံးသခင်မိုက အဆင့်သုံး ဆေးလုံးဆရာပဲ  ကျွန်တော်တို့ ဆေးလုံးအိမ်တော်ကို ဘယ်နေရာကများ ကြားဖူးတာလဲ ဆိုတာ ဆေးလုံးသခင်မိုကို မေးကြည့်လို့များ ရမလားဗျ ...”

မိုဝူကျီက အားနာစွာ ပြောလိုက်သည်။

“ကျွန်တော်က အခန်းပိတ် ဆေးလုံးဖော်စပ်နေတာ ခပ်များများဆိုတော့ တခြားဂိုဏ်းတွေ မသိဘူးဗျ  ကျွန်တော့်ကို ခွင့်လွတ်ပေးဖို့  မျှော်လင့်ပါတယ် ...”

“ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး ...”

ကျန်းရှောက်ခယ်က လက်တားပြလိုက်ပြီး အပြုံးလေးနှင့် ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို မိတ်ဆက်ပေးပါရစေ  ကျွန်တော့်အိမ်တော်က အင်ပါယာ ငါးခုထဲမှာ မြေကမ္ဘာအဆင့်လို့တော့ ယူဆလို့ ရတယ် ကောင်းကင်တပိုင်း အဆင့်လောက်တော့ အင်အားမကောင်းပေမဲ့ ကျွန်တော်တို့ရဲ အနေအထားက သာမာန် မြေကမ္ဘာ အဆင့်ဂိုဏ်းတွေ ထက်တော့ နည်းနည်း မြင့်တယ် ...”

ယခု သူက မိုဝူကျီကို ရရှိရန် ကြိုးစားနေသည့်အတွက် ကျန်းရှောက်ခယ်က မကြွားဝါမိစေရန် အားထုတ်နေရ၏။

မိုဝူကျီက တစ်ခွန်းမှ မပြောဘဲ ကျန်းရှောက်ခယ် စကားဆုံးသည်အထိ စောင့်နေပြီးမှ မေးလိုက်သည်။

“အဲဒါဆို ကျန်းသခင်လေး ဒီကို ခေါ်လာတာက ကျွန်တော့်ကို ပြန်လည် ပေးဆပ်ဖို့ သပ်သပ် မဟုတ်ဘူးပေါ့ ... ဟုတ်တယ်မလား ...”

***

All Chapters