← Chapters

အမှောင်ထဲမှ အလင်းတန်းလေး

Vol. 9 Ch. 114

အမှောင်ထဲမှ အလင်းတန်းလေး

Vol. 9 Ch. 114

ကျန်းရှောက်ခယ်က လျင်မြန်စွာ ရှင်းပြလိုက်တော့သည် “အဲဒါအပြင် ကျွန်တော့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်။  ဆေးလုံးသခင်မို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ရဲ့ ဆေးလုံးပြိုင်ပွဲကို ကြားဖူးလားတော့ မသိဘူး။ ကျွန်တော်က အစ်ကိုရဲ့ အရည်အချင်းတွေကို အသိမှတ်ပြုတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လမင်းကိုးစင်း ဆေးလုံးအိမ်တော် ကိုယ်စားပြု အနေနဲ့ ဝင်ပြိုင်ဖို့ရာ ဖိတ်ခေါ်ချင်တယ် ...”

မိုဝူကျီ စိတ်ထဲတွင် ပျော်ရွှင်မှုများ လွမ်းခြုံလာလေသည်။ သူက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းနှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ် သွားခွင့် ပျောက်ဆုံးသွားသောကြောင့် အနာဂတ် အစီအစဉ် ပြန်၍ မချသေးခင် ထိုသို့ ဘယ်လိုနည်းနှင့် ဖြစ်ဖြစ် သွားရန် စိတ်ကူးထားလေ၏။ စွန်ဖျားမြို့တွင် အမှောင်ထဲက အလင်းတန်း တစ်ခုကို တွေ့လိမ့်မည်ဟု မည်သူ သိမည်နည်း။ သူ့အား ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲကို ဖိတ်ကြားမည့်သူ ရှိနေလေပြီ။

မိုဝူကျီက စိတ်အေးအေး ထားလိုက်ပြီးတော့ ကျန်းရှောက်ခယ်ကို လေးလေးစားစား ပြန်ဖြေလိုက်သည် “ကျွန်တော်လည်း ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို စိတ်ဝင်စားပါတယ် ဒါပေမဲ့ ကျွန်တော်က သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှာ ဧည့်ဆေးလုံးဆရာ အဖြစ် ကြာကြာ လုပ်ခဲ့ဖူးတယ် ပြီးတော့ သူတို့ရဲ့ ဒုတိယ အကြီးအကဲကို မကြာသေးခင်က စိတ်အနှောင့်ယှက် ပေးမိခဲ့တယ်။  ဒုတိယအကြီးအကဲက ကျွန်တော့်ခေါင်းကို ယူဖို့ ရောက်လာမှာ အသေချာပဲ အဲဒါကြောင့် စွန်ဖျားမြို့ကို ထွက်ပြေးလာခဲ့တာပါ။ တကယ်လို့ သခင်လေးကျန်းသာ ကျွန်တော်ကို ဒုတိယ အကြီးအကဲဆီက ကာကွယ်ပေးမယ် ဆိုရင် လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ကိုယ်စားပြုဖို့ ဆန္ဒရှိပါတယ် မဟုတ်ရင်တော့ ကျွန်တော် စွန်ဖျားမြို့က ချက်ချင်း ထွက်သွားတော့မယ်...”

မိုဝူကျီက ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။ သူက အရင် အခြေအနေများ အားလုံးကို ဝန်ခံလိုက်တော့သည်။ သူက ကျန်းရှောက်ခယ်ကို နောက်ဆုံး အခြေအနေမှ ကပ်၍ မပြောချင်ပေ။ ထိုသို့ဆိုလျှင် ကျန်းရှောက်ခယ်က မပြင်ဆင်ထားသည့် အတွက် ကျရှုံး- ကျရှုံး အခြေအနေ ဖြစ်သွားလိမ့်မည်။

ထိုအရာကို ကြားပြီး ကျန်းရှောက်ခယ်က တစ်စက်လေးမျှ ဂရုစိုက်ဟန် မပေါ်ပေ။ မိုဝူကျီကို ပြုံးကာ ပြောလိုက်သည်။

“တစ်ခုခု ဖြစ်လိမ့်မယ်ဆိုတာတော့ မှန်းဆမိပါတယ်။  ဝူကျီ တကယ်လို့ ကျွန်တော် မမှားရင် အတူခေါ်လာတဲ့ လူတွေက မိသားစုဝင်နဲ့ အကူတွေပဲ ဖြစ်ရမယ်။ တကယ်လို့  ဝူကျီသာ တစ်ယောက်ယောက်ကို စိတ်အနှောင့်ယှက် မပေးမိဘူးဆိုရင် တစ်မိသားစုလုံးကို စွန်ဖျားမြို့ ခေါ်လာမှာ မဟုတ်ဘူးလေ...”

မိုဝူကျီ စိတ်ထဲတွင် ကျန်းရှောက်ခယ်၏ လေ့လာ ဆန်းစစ်နိုင်စွမ်းကို အံ့ဩသွားလေသည်။ တစ်ဖက်လူ အခြေအနေကို ကောင်းစွာ မှန်းဆနိုင်လေ၏။ ထို့အပြင် စကားဝိုင်းအတွင်း သူက မိုဝူကျီကို ခေါ်ဝေါ်သည့်ဟန်ကား ပို၍ ရင်းနှီးဟန် ပြောင်းလဲ လာလေသည်။

“ဝူကျီ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောတာ တကယ်ကို ရိုးသားတာပဲ။ ကျွန်တော်ရဲ့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ထိပ်တန်းတော့ မဟုတ်ပေမဲ့ မြေကမ္ဘာ အဆင့်ဂိုဏ်းက အကြီးအကဲ လောက်တော့ မုစရာ မလိုပါဘူး...” ကျန်းရှောက်ခယ်က တုံ့ပြန်လိုက်တော့သည်။ တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိဖြင့် အပိုပြောခြင်း မပါဝင်ဘဲ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ဒုတိယ အကြီးအကဲကို အမှန်တကယ်ပင် ဂရုမစိုက်ကြောင်း သိသာလှ၏။

လက်တွေ့တွင် သူက မိုဝူကျီနှင့် ဒုတိယ အကြီးအကဲများ ကြားမှ ရန်ကြွေး အကြောင်းကိုပင် တစ်ခွန်းစမှ ထုတ်မမေးပေ။

“ကောင်းပြီလေ အဲလိုဆိုမှတော့ ကျွန်တော်က ဒီနေ့က စပြီးတော့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်ရဲ့ ဧည့်ဆေးလုံးဆရာ လုပ်ပါ့မယ် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ မပြီးမချင်းပေါ့..” မိုဝူကျီက ကျန်းရှောက်ခယ် ကမ်းလှမ်းမှုကို တွေဝေမနေဘဲ လက်ခံလိုက်တော့သည်။ နောက်ဆုံးတွင် သူ့ဩဇာကို ယုံကြည်သွားမိတော့သည်။

“အိမ်တော် သခင်လေး သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အကြီးအကဲရှုက တွေ့ခွင့် တောင်းနေပါတယ်...” ထိုစဉ် ဆေးလုံးအိမ်တော်မှ အကူ တစ်ယောက်က တံခါးဆီ ရောက်လာပြီး ရိုရိုသေသေ အကြောင်းကြား လိုက်တော့သည်။

မိုဝူကျီက ရုတ်တရက် တုန်လှုပ်သွားမိသည်။ ထို လူကြီးက အမှန်ပင် အမြန်ရောက်လာပေသည်။ သူ စွန်ဖျားမြို့သို့ ရောက်လာပြီးတော့ ထွက်သွားဖို့ရန် အခွင့်အရေး မရသေးခင် ထိုလူက ရောက်ရှိလာလေပြီ။ ထိုလူက သူ့ထွက်ပြေးတာကို မစိုးထိတ်တာ အထူးအဆန်း မဟုတ်တော့ပေ။ မိုဝူကျီက အလွယ်တကူ ထွက်မပြေးနိုင်မှန်း သိထားလေ၏။ လမင်းကိုးစင်း ဆေးလုံးအိမ်တော် သခင်လေးကသာ ကြားမဝင်ခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ မိုဝူကျီ ကျောရိုးတစ်လျှောက် ကြက်သီးများ တဖြန်းဖြန်း ထသွားပြီး‌တော့ ထိုအတွေးကို ဆက်၍ မတွေးရဲတော့ချေ။

မျှော်လင့်ထားသည့် အတိုင်း သူ့အသက်ကို တခြားသူ လက်ထဲ အပ်ထားရသည်က ရွေးချယ်မှုကောင်း တစ်ခု မဟုတ်ပေ။ သူက ကိစ္စများကို နှစ်ခါ အမှားလုပ်မိသည်။ ပထမက သူ့အသက်ကို ယန်ချင်ယင်အပေါ်တွင် လောင်းကြေးထပ်ထားခြင်း ဖြစ်ကာ ဒုတိယကား အကြီးအကဲရှု အမြန်နှုန်းကို အထင်သေးမိခြင်း ဖြစ်သည်။ သူ စွန်ဖျားမြို့တော်သို့ ရောက်ရောက်ချင်းတွင် အကြီးအကဲရှုကလည်း မရှေးမနှောင်း ရောက်ရှိလာလေသည်။

မန်ပိုယူ ကိစ္စဖြစ်ပွားပြီးချင်းချင်း သူ လုပ်သင့်သည်က ပျောက်ကွယ်သွားခြင်း ဖြစ်၏။ သို့သော်လည်း သူ ထိုသို့ လုပ်ခဲ့ပါက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၇ သို့မဟုတ် အဆင့်သုံး ဆေးလုံးဆရာ အဖြစ်သို့ အလျင်အမြန် တက်လှမ်းနိုင်မည် မဟုတ်ပေ။ နောက်ဆုံး နိဂုံးချဖို့ရန် ထိုကောင်းကျိုး၊ ဆိုးကျိုး များကို ပေါင်းစပ်ရန် ခက်ခဲလှသည်။

အခြေခံအားဖြင့် သူ့အတွက် တစ်ခုတည်းသော အရာကား နောက်တစ်ဆင့် တက်လှမ်းဖို့ပင် ဖြစ်သည်။

ကျန်းရှောက်ခယ်က အားရပါးရ ရယ်မော လိုက်ပြီးတော့ “အတူတူ လိုက်မယ်မလား...” မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။ ထိုအမှားတစ်ခုလုံးက သူကို အစပြု၍ ဖြစ်လာခြင်း ဖြစ်ကာ ကျန်းရှောက်ခယ်က သူ့အတွက် ကူညီပေးသည်ကို သူက မျက်နှာလေးတော့ ပြသင့်သည် မဟုတ်ပါလား....

ကျန်းရှောက်ခယ် ကူညီရခြင်း အကြောင်းရင်းက မိုဝူကျီ၏ ဆေးလုံး ဖော်စပ်မှု အရည်အချင်းကို အသုံးပြုချင်၍ ဖြစ်ကာ သူတို့တွင် ဆက်ဆံရေး ကောင်း ရှိနေ၍ မဟုတ်ပေ။

“အိမ်တော်သခင်ရဲ့ အပြုအမူတွေက အရင်တခါ တွေ့တုန်းကထက် ပိုမို ကောင်းမွန်လာတာပဲ....” သူတို့ ဆိုင်ထဲ ရောက်သည့်အခါ မီးခိုးရောင် ဝတ်ရုံနှင့် ရှုဖေးပိုက ကျန်းရှောက်ခယ်ကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။ သို့သော် အကြီးအကဲရှုက ကျန်းရှောက်ခယ် နောက်တွင် ရပ်နေသော မိုဝူကျီကို အာရုံမထားပေ။

လက်ဟန်များဖြင့် အပြန်အလှန် တုံ့ပြန်လိုက်ကာ မိုဝူကျီက ဒုတိယအကြီးအကဲကို ဘာမှ မပြောချေ။ ထိုလူက သူ့ကို သတ်မည် ဖြစ်ကာ သူ့အနေနှင့် ယဉ်ကျေးနေစရာ မလိုအပ်ပေ။ သို့သော်လည်း သူက ဒုတိယ အကြီးအကဲ နောက်တွင် ရပ်နေသော ချင်ချန်းကို ရယ်ပြလိုက်သည်။ သို့သော် အေးစက်ပြီး သုန်မှုန်မှုန် မျက်နှာထားကိုသာ ပြန်ရရှိလိုက်သည်။ ချင်ချန်းက သူ့အား တုံ့ပြန်မှု တစ်ခုပေးရန်ပင် စိတ်ကူးမရှိချေ။

မိုဝူကျီကလည်း စိတ်ထဲ မထားတော့ပေ။ ချင်ရှုန်းယုက သူ့ကို ဂိုဏ်းသို့ ဝင်ရန် ကူညီပေးခဲ့သော်လည်း ချင်ချန်း အပေါ်တွင် အားကိုးရသေးလေ၏။ ယခု ချင်ချန်းက ဒုတိယအကြီးအကဲ ဘေးတွင် အမြဲရှိနေကာ ဂိုဏ်းထဲရှိ သူ့ရာထူးက အတော်မြင့်ပေလိမ့်မည်။ ချင်ရှုန်းယုက ထိုသို့ ရာထူးမြင့် မောင်လေး တစ်ယောက်ရှိနေ၍ ဂိုဏ်းထဲတွင် ခက်ခဲမည့်အချိန် ရှိတော့မည် မဟုတ်ပေ။

ကျန်းရှောက်ခယ်က ရယ်မောလိုက်ပြီး လေးလေးစားစား ပြန်ဖြေလိုက်သည်။

“အကြီးအကဲရှုကိုး အကြီးအကဲရဲ့ တာအိုကျင့်စဉ်တွေကလည်း နေ့စဉ် ရက်ဆက် ပိုပိုကောင်းလာလို့ ကျွန်တော်က စံနမူနာ ထားနေရတာပါ....”

ဒုတိယအကြီးအကဲ အကြည့်က မိုဝူကျီအပေါ် ရောက်သွားသောအခါ သူ့မျက်နှာမှ အပြုံးက ချက်ချင်းပင် ပျောက်ကွယ် သွားတော့သည်။

“ဆေးလုံးသခင်မို ဂိုဏ်းကို ပြန်လိုက်ခဲ့ဖို့ လာခေါ်တာပါ....” ထိုအရာကို မိုဝူကျီက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်ကို ခင်ဗျားနဲ့ ထွက်သွားဖို့ ပြောရအောင် ခင်ဗျားက ဘယ်သူမို့လဲ..”

ဒုတိယအကြီးအကဲ၏ အမူအရာကား ပို၍ ခက်ထန်လာကာ “မိုဝူကျီ မင်းကိုယ်မင်း သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ဧည့်ဆေးလုံး ဆရာဆိုတာရော မှတ်မိသေးရဲ့လား ...” ချက်ချင်း ဆိုသလို မိုဝူကျီက ဝက်ဝက်ကွဲ ရယ်မောလိုက်ကာ “အဲဆို ခင်ဗျားလဲ ကျွန်တော့်ကို ဧည့်ဆေးလုံးဆရာဆိုတာကို သိသေးရဲ့လား  ‘ဧည့်ဆေးလုံးဆရာ’ ရဲ့ အဓိပ္ပာယ်ကိုရော နားလည်ရဲ့လား။  အဲဒါက ကျွန်တော် ထွက်သွားချင်တိုင်း အချုပ်အနှောင် အတားအဆီးမရှိ ထွက်သွားလို့ ရတယ်လို့ ပြောတာပဲ  အဲဒါကြောင့် ကျွန်တော်က သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ဆေးလုံးဆရာ မဟုတ်တော့ဘူး။ ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်ကို ဘာမှ အမိန့် လာပေးစရာ မလိုဘူး...”

ရှုဖေးပိုက ဒေါသပုန် ထပြီးတော့ စိတ်အလိုအရ လှုပ်ရှားတော့မည့် အထိ ဖြစ်သွားသော်လည်း မိုဝူကျီ ပြောသည်များက မမှားယွင်းကြောင်း သိ၏။ ပထမဆုံး မိုဝူကျီက ဧည့်ဆေးလုံးဆရာ ဖြစ်ကာ မိုဝူကျီကို အမိန့်ပေးရန် သူ့တွင် အာဏာမရှိတော့ပေ။ ဧည့်သည်ဆိုတာက ဘာများလဲ... ဧည့်သည်က လေးစားမှုနှင့် ယဉ်ကျေးသမှု ဆက်ဆံရမည့် လူတွေ ဖြစ်သည်။ ဒုတိယကား မိုဝူကျီက ဧည့်ဆေးလုံးဆရာ ဖြစ်သည့်အတွက် အချိန်မရွေး ထွက်သွားနိုင်၏။

“အိမ်တော်သခင်လေး မိုဝူကျီက ဂိုဏ်းမှာ ပြစ်မှုတချို့ ကျူးလွန်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို ခေါ်သွားလို့များ ရမလား... ကျွန်တော် အကြီးအကဲရှု ကိုယ်တိုင် ဒီကိစ္စကို ကျေးဇူးတင်နေမှာပါ..” ရှုဖေးပိုက အမှန်ပင် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ ဒုတိယ အကြီးအကဲ ဖြစ်သော်လည်း  လမင်းကိုးစင်း ဆေးလုံးအိမ်တော်မှ လူကို လက်လွတ်စပယ် မဖမ်းဆီးရဲချေ။

ကျန်းရှောက်ခယ်က ညင်သာစွာ ပြန်ပြောလိုက်သည်။

“အကြီးအကဲကို ပြောပြရဦးမယ် ဆေးလုံးသခင်မိုက လမင်းကိုးစင်း ဆေးလုံးအိမ်တော်ရဲ့ ဧည့်ဆေးလုံးဆရာ ဖြစ်သွားပြီဗျ”

ထိုအရာကို ကြားလိုက်ပြီးတော့ ရှုဖေးပိုက စိတ်ပျက်သွားလေ၏။ ကျန်းရှောက်ခယ်က သူ့အား ခေါ်သွားရန် မတားဆီးသော်လည်း သူ့စကားများမှ သွယ်ဝှက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူက မိုဝူကျီကို အတင်းကျပ် ခေါ်ဆောင်သွားလျှင် သူက လမင်းကိုးစင်း ဆေးလုံးအိမ်တော်မှ ခြေတစ်လှမ်းမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။

လမင်းကိုးစင်း ဆေးလုံးအိမ်တော်သည် စွန်ဖျားမြို့တွင် မကျော်ကြားသော်လည်း အမှန်ပင် မြေကမ္ဘာအဆင့် ဂိုဏ်း ဖြစ်ကာ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းထက်ပင် အဆင့်အတန်း ပိုမြင့်မားသေး၏။

“အဲလိုဆိုမှတော့ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်...” ရှုဖေးပိုက မအီမသာဖြင့် နောက်ဆုံးတစ်ကြိမ် အရိုအသေ ပေးလိုက်တော့သည်။ ထို့နောက်တွင် သူက ထိုနေရာမှ ထွက်သွားလိုက်သည်။

ရှုဖေးပိုက ဝေးဝေးရောက်သည်နှင့် ကျန်းရှောက်ခယ်က မိုဝူကျီကို အလေးအနက် သတိပေး လိုက်သည်။

“ဝူကျီ ရှုဖေးပိုက  အစစ်အမှန်ရေ အဆင့် ၇ ရောက်နေပြီ သူ့ကို ရန်စထားမှတော့ သေချာ သတိထားသင့်တယ်... ”

“သခင်လေးကျန်း ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....” မိုဝူကျီက အရိုအသေ‌ ပေးလိုက်သည်။ သူက မြေကမ္ဘာအဆင့်တွင် အဆင့်သုံးဆင့် ရှိကြောင်းနှင့်  ပထမအဆင့် ယွန်ဒန် အဆင့်၊ ဒုတိယအဆင့် အစစ်အမှန်ရေ အဆင့်နှင့် တတိယအဆင့်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်တို့ ဖြစ်ကြောင်းသိသည်။ ထိုအဆင့်သုံးဆင့်လုံးတွင် တစ်ဆင့်ချင်းစီတွင် အဆင့်ငယ် ကိုးဆင့်စီ ပါဝင်လေ၏။

အစစ်အမှန်ရေ အဆင့် ၇ သို့ ရောက်နေသည့် သူအတွက် ရှုဖေးပိုက မြေကမ္ဘာနယ်ပယ်  ဒုတိယအဆင့်ထဲတွင် အဆင့်မြင့်သို့ ရောက်ရှိနေလေပြီ။ ထိုသို့သော ကျင့်ကြံသူကို ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၇ ဖြင့် ရင်ဆိုင်ရလျှင် ပုရွက်ဆိတ်က လူကို တိုက်သကဲ့သို့ ဖြစ်နေရ၏။

ကျန်းရှောက်ခယ်က ရယ်မောလိုက်ပြီး “ကိစ္စမရှိပါဘူး ကျွန်တော်တို့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ဆေးလုံးဆရာတွေက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို သွားကြပြီ တကယ်လို့ ကျွန်တော်သာ မင်းကို စောင့်မနေခဲ့ဘူးဆိုရင် ကျွန်တော်လည်း လိုက်သွားလောက်ပြီ ကျွန်တော်ကံက အကောင်းသား ထွက်မသွားခင် ဆေးလုံးသခင်မိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရလို့ ....”

သို့သော်လည်း မိုဝူကျီက စိတ်ထဲတွင် အနည်းငယ် စိုးထိတ်နေမိသည်။ ကျန်းရှောက်ခယ် ကံကာ ကောင်း၍ မဟုတ်ဘဲ သူ့ကံက ကောင်းနေ၍ သာ ဖြစ်လေသည်။ ကျန်းရှောက်ခယ်က သူ့ကို စောင့်နေမှန်း သိသာလှ၏။ သူက စွန်ဖျားမြိုကို အချိန်မီ ရောက်၍သာ တော်တော့သည်။

အဆုံးသတ်တွင် စိတ်စွမ်းအင် ကျောက်တုံးများ အတွက် ကြံမိကြံရာ ကြံစည်မှုက သူ့ဆေးလုံးများကို အလောတကြီး လဲစေခဲ့သည် ကိစ္စက သူ့အတွက် ဆုံးရှုံးမှု မဖြစ်စေခဲ့ပေ။ လမင်းကိုးစင်း ဆေးလုံးအိမ်တော် သခင်လေး၏ မျက်နှာသာ ပေးမှုကိုပါ ခံရသေး၏။ ထိုသည်က ကံဆိုးမှုထဲမှ ကံကောင်းမှုများလား....

“သခင်လေးကျန်း ဒြပ်ငါးမျိုး ကင်းမဲ့နယ် ရောက်ဖို့ ဘယ်လောက် လောက်ကြာဦးမလဲ...” မိုဝူကျီက ရုတ်တရက် အမှတ်ရဟန်ဖြင့် မေးကြည့်လိုက်သည်။

“လဝက်လောက် ဖြစ်မယ်..” ကျန်းရှောက်ခယ်က ပြန်ဖြေလိုက်သည်။

“လူစီးတွဲထဲ ဆေးပြင်းမီးဖိုများ ရှိမလား..” မိုဝူကျီက သားရဲပျံ စီးရမည်ကို တွေးမိ၍ မေးကြည့်လိုက်သည်။ မဟုတ်လျှင် ခရီးကား ထိုမျှ တိုတောင်းမည် မဟုတ်ပေ။

“ဆေးပြင်းမီးဖိုတွေ ပါတာပေါ့  ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲသွားမှာကို ဘယ်လိုလုပ် ချန်ထားခဲ့လို့ ရမလဲ ဆေးပြင်းမီးဖို တင်မကဘူး ထူးကဲတဲ့ မြေကမ္ဘာမီး ပါ ပါတယ်...”

မိုဝူကျီက ကျန်းရှောက်ခယ်ကို ရိုရိုသေသေ ဦးညွှတ်လိုက်ပြီး “သခင်လေးကျန်း ကျွန်တော့်မှာ အဓိပ္ပာယ်မရှိတဲ့ နောက်ထပ် တောင်းဆိုစရာ တစ်ခုရှိတယ် သခင်လေးကျန်းဆီက အဆင့်လေး ဆေးပင်တချို့ ချေးချင်ပါတယ်”

မိုဝူကျီ စကားဆုံးသည်နှင့် ကျန်းရှောက်ခယ်က သူ့ရည်ရွယ်ချက်ကို နားလည်သွားလေ၏။ ထို့ကြောင့် မေးခွန်းထုတ် လိုက်တော့သည် “ဝူကျီ အဆင့်လေး ‌ဆေးလုံးဆရာ အဖြစ် တက်ဖို့ ကြံထားတာလား...”

မည်သည့်အရာကိုမှ သိုဝှက်မထားဘဲ မိုဝူကျီက ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ် ကျွန်တော်မှာ အဆင့်လေး ဆေးလုံး ဖော်မြူလာ ရှိတယ် ပြီး‌တော့ ကျွန်တော် အဆင့်သုံး ဆေးလုံးဆရာ ဖြစ်နေတာ တော်တော်ကြာနေပြီ အဲဒါကြောင့် ကြိုးစားကြည့်ချင်လို့ပါ  ကျွန်တော်သာ အဆင့်လေး မြေကမ္ဘာ ဆေးလုံးဆရာ ဖြစ်သွားရင် ကျွန်တော် အတွက်ရော လမင်းကိုးစင်း ဆေးလုံးအိမ်တော် အတွက်ရော သူနိုင်ကိုယ်နိုင် အခြေအနေ ဖြစ်လာမှာပါ.....”

အမှန်တကယ်ဆိုလျှင် မိုဝူကျီက အဆင့်သုံး ဆေးလုံးဆရာ အဖြစ်သို့ ရောက်သည်မှာ တစ်လခန့်သာ ရှိသေး၏။  အဆင့်လေး ဆေးလုံးဆရာ အဖြစ်သို တက်လှမ်း နိုင်မည်ဟု တစ်ခုတည်းသော သူ့ယုံကြည်ချက်က သူ့ဆေးလုံး ပညာရပ်ကြောင့်သာ ဖြစ်၏။

သူက စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးကို ဖော်စပ်ပြီးပြီ ဖြစ်၍ သူ့စိတ်ဝိညာဉ် ဆန္ဒကို ကျင့်ကြံနိုင်ကာ ဆေးလုံး ပညာရပ်ကို ပြုလုပ်ဖို့ရာက ပြဿနာ တစ်ရပ် မဟုတ်တော့ချေ။ အကယ်၍ သူ့တွင် စမ်းသပ်ဖို့ရာ  အဆင့်လေး ဆေးပင်များ ရှိနေလျှင် ထိုပညာရပ်ကို အမှီသဟဲပြု၍ အဆင့်လေး ဆေးလုံးကို ဖော်စပ်နိုင်မလား ဆိုတာ မည်သူ သိမည်နည်း။ စိတ်ဝိညာဉ် ဆန္ဒမပါရှိဘဲ မိုဝူကျီက ထိုသို့ ကြိုးစားမှုကို သေချာပေါက် မလုပ်ပေ။

ကျန်းရှောက်ခယ်က ခဏရပ်လိုက်ပြီး အားရပါးရ ရယ်မော လိုက်လေသည်။ “ဝူကျီ မင်းက နေရာမှန်‌ ရောက်လာတာပဲ ငါ့မှာ တခြားဟာတွေ မရှိပေမဲ့ ဝိညာဉ် ဆေးပင်တွေတော့ အလျှံအပယ်ပဲ အဆင့်လေးကို အသာထားလိုက်ဦး အဆင့်ငါး ဆေးပင်တချို့တောင် ရအောင် လုပ်ပေးနိုင်တယ် မင်းစမ်းသပ်ချင် သလောက်သာ စမ်းသပ်ပေတော့  အောင်မြင်မြင် ကျရှုံးရှုံး ကိစ္စမရှိဘူး...”

ကျန်းရှောက်ခယ်ဆီမှ ထိုစကားကြားလိုက်သောအခါ မိုဝူကျီက စိတ်အေးသွားလေ၏။ ကျန်းရှောက်ခယ် ပြန်ဖြေစဉ်က အနည်းငယ် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသော်လည်း သူက မငြင်းပယ်ခဲ့ပေ။

***

All Chapters