လက်တစ်ဖက်တည်းဖြင့်လောကကိုသိမ်းပိုက်
Vol. 53 Ch. 741
အခန်း (၇၄၁) လက်တစ်ဖက်တည်းဖြင့်လောကကိုသိမ်းပိုက်
ပိုင်ကျစ်မင်၏ ဆင်းသက်ခြင်းဝိညာဉ်ကျောက်စိမ်းပြားက တစ်ကြိမ်အသုံပြုပြီးဖြစ်လေရာ နောက်ထပ်အသုံးပြုရန် အနည်းဆုံး အချိန် (၁)လ စောင့်ရပေမည်။ သို့သော် ရန်ကျောက်ကဲက ပုံရိပ်ယောင်ကမ္ဘာထဲတွင် ပိတ်မိနေသည်ဖြစ်ရာ ဤနေရာရှိအချိန်စီးဆင်းမှုက တိကျသေချာခြင်း မရှိပေ။
ရန်ကျောက်ကဲ ကျောက်စိမ်းပြားလေးကို အာရုံခံလိုက်သည်နှင့် ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဝလာသည်ကို ရိပ်မိလိုက်သည်။ သူက ကျောက်စိမ်းပြားလေးအတွင်းသို့ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထည့်သွင်းလိုက်သည့်အခါ ကျောက်စိမ်းရောင်အခိုးအငွေ့များ နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။
အခိုးအငွေ့များက ပုံရိပ်ယောင်ကမ္ဘာထဲတွင် ခဏမျှလှည့်ပတ်နေပြီး တိမ်တိုက်ပင်လယ်ကိုကျော်ဖြတ်ကာ အာကာသအတွင်းထွက်ခွာသွားပြီး ခဏအတွင်း အဝေးသို့ရောက်ရှိသွားသည်။ ရန်ကျောက်ကဲ၏ စိတ်အာရုံအပိုင်းအစတစ်ခုက အခိုးအငွေ့များနှင့်အတူ အဆုံးမရှိသော ဗလာနယ်ဆီသို့ လွင့်မျောထွက်ခွာသွားပြီး ‘ယန်ဖူကမ္ဘာ’ သို့ နောက်တစ်ကြိမ် ထွက်ခွာသွားသည်။
ရန်ကျောက်ကဲ၏ စိတ်အာရုံဆင်းသက်လာသည်နှင့် တာ့ရွှယ်တောင်တစ်ခုလုံး နောက်တစ်ကြိမ် အုန်းအုန်းကြွက်ကြွက် ဖြစ်သွားပြန်သည်။ သို့သော် ပထမတစ်ကြိမ်နှင့်ယှဉ်လျှင်တော့ များစွာပိုမိုတည်ငြိမ်နေပြီး တာ့ရွှယ်တောင်အကြီးအကဲများကလည်း ဤသို့သောအခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
ယခုတစ်ကြိမ်ဆင်းသက်လာသူက ရန်ကျောက်ကဲလား ၊ ပိုင်ကျစ်မင်လား မသိရသေးပေ။
ထပ်မံရောက်ရှိလာသူက ရန်ကျောက်ကဲပင် ဖြစ်နေကြောင်း သိရသည့်အခါ တာ့ရွှယ်တောင်ဂိုဏ်းချုပ်မှာ ရယ်ရမည်လား ငိုရမည်လားမသိ ဖြစ်သွားသည်။
အထက်ဘုံကမ္ဘာသို့တက်သွားသော သူတို့၏အကြီးအကဲနှင့် ဆက်သွယ်ရန်အတွက် ပြုလုပ်ထားသည့် ဘိုးဘေးခန်းမမှာ ယခုတော့ တခြားသူတစ်ယောက် အသုံးပြုခြင်းဖြင့်သာ အဆုံးသတ်နေတော့သည်။
သို့တိုင် သူက ကောင်းမွန်စွာပင် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
“ငါတို့ တာ့ရွှယ်တောင်က ‘ရန်’ သခင်လေးပြောတဲ့အတိုင်း အရာအားလုံးကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့ပါတယ် ၊ မင်းရဲ့ ဆရာဘိုးဘိုး ‘ယွမ်ကျန်းဖုန်း’ လည်း အနောက်ပင်လယ် ရေပူစမ်းကနေ လွတ်မြောက်သွားတာကြာပါပြီ”
တာ့ရွှယ်တောင်ဂိုဏ်းချုပ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
တာ့ရွှယ်တောင်က ပင်လယ်အရိုး (၄)ခုကို ရှာဖွေပြီးနောက် အနောက်ပင်လယ် ရေပူစမ်းနှင့် မိုင် (၁၇၀)ရှိ ပကတိမီးသွေးကြောနေရာတွင် မြှုပ်နှံခဲ့သည်။ ထိုအခါ မြေပြင်ပကတိသွေးကြောများ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုက မိုးမြေတစ်ခွင်ထိတ်လန့်တုန်လှုပ်စေသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
အနောက်ပင်လယ်ရေပူစမ်းရှိ ပင်လယ်မျက်လုံးဝဲဂယက်က ပြောင်းပြန်စီးဆင်းနေပြီး ရေအောက်စီးကြောင်းများမြင့်တက်လာကာ ပင်လယ်အောက်နက်ရှိုင်းရာနေရာမှ အထက်သို့ ပေါက်ကွဲထွက်လာသည်။
ရုတ်ချည်းပင် အနောက်ပင်လယ်တစ်ခုလုံ ပင်လယ်လှိုင်းများပြင်းထန်လာပြီး ရေမျက်နှာပြင်က ကောင်းကင်ထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။ မိုးမြေတစ်ခွင် ကောင်းကင်နှင့်ပင်လယ်က ပြောင်းပြန်မှောက်လှန်သွားသည့်အလား ထင်မှတ်ရ၏။
ထိုနေရာတွင်ရှိနေသော ချုန်းယန်နေမင်းဂိုဏ်းမှ သိုင်းသမားများမှာ အလစ်အငိုက်ခံရပြီး သွေးရူးသွေးတန်းဖြစ်ခဲ့ကြရသည်။
ယွမ်ကျန်းဖုန်းသည် သူ့ကိုဖိနှိပ်ထားသော အစီအရင်ကို ချိုးဖျက်ကာ အနောက်ပင်လယ်ရေပူစမ်းအတွင်းမှ အားအင်အပြည့်ဖြင့် ပင်လယ်ရေပြင်ထက်သို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် တာ့ရွှယ်တောင်မှ အကြီးအကဲများသည်လည်း အနောက်ပင်လယ်တွင် ရှိနေကြပြီး ကောင်းကင်ကိုလွှမ်းခြုံတော့မည့်အလား ဒီရေများမြင့်တက်လာသည်ကို တွေ့မြင်နေကြရ၏။ မြင်ကွင်းကိုကြည့်ရင်း သူတို့အားလုံး တုန်လှုပ်သွားကာ လျှင်မြန်စွာပင် ဆုတ်ခွာခဲ့ကြရသည်။
သူတို့က အစပိုင်းတွင် ရန်ကျောက်ကဲလုပ်ရပ် မည်မျှအထိမှန်ကန်နိုင်ကြောင်း စောင့်ကြည့်ရန် စိတ်ကူးထားခဲ့သည်။
သို့သော် တကယ်တမ်း အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်လာသည့်အခါ တာ့ရွှယ်တောင်မှလူများသည်လည်း ချုန်းယန်နေမင်းဂိုဏ်းမှလူများကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။
အံ့သြတုန်လှုပ်မှုများကြားတွင် ကြီးမားသောပဟေဠိကိုလည်းခံစားရသည်။ ပင်လယ်အရိုးများ မြှုပ်နှံရသည့်အဓိကအကြောင်းရင်းကိုသိရှိသော်လည်း ထိုသို့ပြုလုပ်ရခြင်းနောက်ကွယ်မှ အခြေခံမူဝါဒများကို နားလည်နိုင်ခြင်း မရှိကြပေ။
ထိတ်လန့်ခြင်းနှင့် သံသယများအလယ်တွင် ဤသို့သောအခြေအနေဖြစ်ရသည်မှာ သူတို့တာ့ရွှယ်တောင်က ပင်လယ်အရိုးများမြှုပ်နှံလိုက်မှုကြောင့်ဖြစ်ကြောင်း သိရှိသည့်တိုင် အကြောင်းရင်းအစစ်အမှန်ကို နားမလည်ကြပေ။ ယင်းကြောင့် တာ့ရွှယ်တောင်မှလူများမှာ ရန်ကျောက်ကဲ၏အစီအစဉ်ကို မယုံကြည်နိုင်ဖြစ်ခဲ့ကြရသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒါဖြင့် ချုန်းယန်နေမင်းဂိုဏ်း ဘာဖြစ်သွားလဲ”
တာ့ရွှယ်တောင်ဂိုဏ်းချုပ်၏မျက်နှာထက် အပြုံးတစ်စထင်ဟပ်သွားပြီး...
“ဆရာကြီး ယွမ်ကျန်းဖုန်း အနောက်ပင်လယ်က ထွက်လာတာနဲ့ ... သူက ချုန်းယန်နေမင်းဂိုဏ်းကလူတွေအားလုံးကို သတ်ဖြတ်ပစ်ခဲ့တယ် ၊ ချုန်းယန်နေမင်းဂိုဏ်းချုပ်လည်း ဆရာကြီး’ယွမ်’ လက်ချက်နဲ့ သေဆုံးသွားပြီး ထိပ်တန်းအကြီးအကဲအတော်များများလည်း သေတဲ့သူသေ ဒဏ်ရာရတဲ့သူရပါပဲ”
ထိုစကားပြောနေစဉ် တာ့ရွှယ်တောင်ဂိုဏ်းချုပ် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ထိုနေ့က ယွမ်ကျန်းဖုန်း အနောက်ပင်လယ် ရေပူစမ်းမှ ထွက်ခွာလာပြီးနောက် ထုတ်ဖော်ပြသလိုက်သည့်တန်ခိုးစွမ်းအားက ယန်ဖူကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေသည်။
ချုန်းယန်နေမင်းဂိုဏ်းက ယန်ဖူကမ္ဘာတွင် လောကပထမ ထိပ်တန်းသိုင်းဂိုဏ်းကြီးဖြစ်သော်လည်း ပိုင်ကျစ်မင်အထက်ဘုံကမ္ဘာသို့မတက်ခင်က လောကပထမ သိုင်းသူတော်စင်နေရာကို ရယူထားခဲ့သည်။
ပိုင်ကျစ်မင် အထက်ဘုံကမ္ဘာသို့တက်ရောက်ပြီးမှသာ ချုန်းယန်နေမင်းဂိုဏ်းချုပ်က ထိုနေရာကိုအစားထိုး ရယူခဲ့ခြင်းဖြစ်၏။
သို့သော် ယန်ဖူကမ္ဘာတွင် လောကပထမအဖြစ် မောက်မာဝင့်ကြွားစွာ မိုးမြေတစ်ခွင်လွှမ်းမိုးခဲ့သော ထိုပုဂ္ဂိုလ်သည် ယွမ်ကျန်းဖုန်းလက်ချက်ဖြင့် ပြေးစရာမြေပင်မရှိပဲ အသက်ပျောက်သွားခဲ့သည်။
ထို့ပြင် ရှုတ်ယှက်ခတ်နေသော အခြေအနေများတွင် ယွမ်ကျန်းဖုန်း သတ်ဖြတ်ခြင်းခံခဲ့ရသော ချုန်းယန်နေမင်းဂိုဏ်းမှ သိုင်းသမားများစွာလည်း ရှိနေသေးသည်။
ဤတိုက်ပွဲအပြီးတွင် ယန်ဖူကမ္ဘာတစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။
ချုန်းယန်နေမင်းဂိုဏ်းသာ မျှော်စင်ရေလှိုင်းခန်းမကို မတိုက်ခိုက်ခဲ့လျှင် သိုသိုသိပ်သိပ် အေးအေးဆေးဆေးနေထိုင်တတ်သော လက်တစ်ဖက်သာရှိသည့် အဘိုးအိုသည် ယန်ဖူကမ္ဘာတစ်ခုလုံး ပျက်ဆီးလုနီးပါး ရက်စက်ကြမ်းတမ်းသူတစ်ယောက်ဖြစ်ကြောင်း မည်သူမှသိရှိမည် မဟုတ်ပေ။
ယန်ဖူကမ္ဘာသို့ ယွမ်ကျန်းဖုန်းရောက်လာစဉ်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပင် ပါလာခြင်းမရှိပေ။ သို့သော် သူက လက်တစ်ဖက်တည်းဖြင့်ပင် ကောင်းကင်ကို ပင့်မြှောက်ထားနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲတွင် ချုန်းယန်နေမင်းဂိုဏ်း အကြီးအကျယ် အထိနာခဲ့ရသဖြင့် တာ့ရွှယ်တောင်ကတော့ ဝမ်းမြောက်သည် အမှန်ပင်။
ယွမ်ကျန်းဖုန်းက အနောက်ပင်လယ်တွင်သာ တိုက်ခိုက်သည်မဟုတ်ဘဲ ချုန်းယန်နေမင်းဂိုဏ်း ဌာနချုပ်အထိသွားပြီး ဖျက်ဆီးတိုက်ခိုက်ခဲ့သဖြင့် သူတို့ဂိုဏ်း၏ ပင်မအစီအရင်ကြီးပင် ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
အရေးပေါ်အချိန်တွင် အထက်ဘုံကမ္ဘာရှိ ချုန်းယန်နေမင်းဂိုဏ်းမှ သိုင်းသူတော်စင်များ ဆင်းသက်လာကြသဖြင့် ချုန်းယန်နေမင်းဂိုဏ်း တစ်ဂိုဏ်းလုံးသုတ်သင်ခံရမည့်အန္တရယ်မှ ကင်းဝေးခဲ့သည်။
ချုန်းယန်နေမင်းဂိုဏ်းမှာ သိုင်းသမားများမှာ သူတို့ဂိုဏ်းဌာနချုပ်တည်ရှိရာနေရာတွင် ပိတ်မိနေကြပြီး အပြင်သို့လုံးဝမထွက်ခွာရဲတော့ဘဲ အတိတ်တစ်ချိန်က လေးစားထိုက်သော ဂုဏ်သိက္ခာများအားလုံး ပျောက်ဆုံးသွားခဲ့ရသည်။
ဤသတင်းများကိုကြားတော့ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွား၏။
ယွမ်ကျန်းဖုန်းသည် သူ၏တပည့်သားမြေးများရှေ့တွင် သဘောကောင်းပုံပေါက်သော်လည်း သူ့ကို သာမန် စေတနာကောင်းသော အဘိုးအိုတစ်ယောက်ဟု ထင်မိပါက သေချာပေါက် လွဲမှားပေလိမ့်မည်။
ဝါဒတောင်၏အမှောင်ဆုံးအချိန်များကို ကြံ့ကြံ့ခံကာ ထင်ရှားကျော်ကြားလာခဲ့သူ ယွမ်ကျန်းဖုန်း၏လက်တွင် ရန်သူ့သွေးများစွန်းထင်းခဲ့သည်မှာ မနည်းမနောပင်။
သို့ပေသိ ယွမ်ကျန်းဖုန်း၏ လက်ရှိတန်ခိုးစွမ်းအားက မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားနေလေရာ ရန်ကျောက်ကဲသည်ပင် သူ၏ဆရာဘိုးဘိုးအပေါ် အမြင်ပြောင်းလဲသွားခဲ့သည်။ ဤသည်က ဆရာဘိုးဘိုးကို မရိုမသေလုပ်ခြင်းမဟုတ်သော်လည်း ကျင့်ကြံခြင်းအဆင့် တူညီသူများကြားတွင် ဆရာဘိုးဘိုး၏ တန်ခိုးစွမ်းအားအဆင့် မည်မျှရှိမည်ကို ရန်ကျောက်ကဲ စဉ်းစားမိသည်။
ယခင်က ပိုင်ကျစ်မင်တိုက်ခိုက်သည်ကို ရန်ကျောက်ကဲတွေ့မြင်ခဲ့ဖူးပြီး တန်ခိုးစွမ်းအားအလွန်တရာမြင့်မားကြောင်း ငြင်းဆိုမရနိုင်ပေ။
ကျင့်ကြံခြင်းအဆင့်တူသူများထဲတွင် ပိုင်ကျစ်မင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ အရှေ့တောင်ထိပ်တန်းမျိုးနွယ်မှ ‘ချန်ကျိလျန်’ တို့နှင့်ယှဉ်လျှင် အနည်းငယ်နိမ့်ကျသော်လည်း မည်သည့်နေရာရောက်ပါစေ ထူးချွန်သူတစ်ယောက်ဟု ချီးကျူးခံရမည်မှာ အမှန်ပင်။
ပြီးတော့ ယန်ဖူကမ္ဘာမှ သိုင်းပညာအဆင့်အတန်းကလည်း သာမန်မဟုတ်ပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာထက်ပင် သာလွန်သည် ဆိုရမည်။
“ကျင့်ကြံခြင်းအဆင့်တက်တာသာ လျှင်မြန်တာမဟုတ်ဘူး ၊ ဆရာဘိုးဘိုးရဲ့တန်ခိုးစွမ်းအားက လုံးဝ အဆင့်သစ်တစ်ခုကို ရောက်ရှိသွားတာပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
သူ့အရှေ့တွင်ရှိနေသည့် တာ့ရွှယ်တောင်ဂိုဏ်းချုပ်က...
“‘ရန်’ သခင်လေးရဲ့ ဆရာဘိုးဘိုးက အခု တာ့ရွှယ်တောင်မှာ ဧည့်သည်တော်အဖြစ် နေထိုင်ပါတယ် ၊ သတင်းပို့ခိုင်းထားပြီဖြစ်လို့ မကြာခင် ရောက်လာပါလိမ့်မယ်”
ထိုစကားကတော့ ရန်ကျောက်ကဲ မျှော်လင့်မထားသည့်စကားဖြစ်သည်။
သို့သော် တာ့ရွှယ်တောင်ဂိုဏ်းချုပ်ကို အကဲခတ်ပြီးနောက် တစ်စုံတစ်ခု နားလည်သွားသည်။ တာ့ရွှယ်တောင်က ယွမ်ကျန်းဖုန်းနှင့် ချုန်းယန်နေမင်းဂိုဏ်းကြား ပဋိပက္ခကို ကြားဝင်ဖြန်ဖြေသူအဖြစ် ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်နိုင်၏။
ချုန်းယန်နေမင်းဂိုဏ်းတွင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များ ရှိကြပေသည်။ ယွမ်ကျန်းဖုန်းကတော့ တိုက်ပွဲပြီးသည်နှင့် ဘာကိုမှအရေးမစိုက်ဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်နိုင်သလို အထက်ဘုံကမ္ဘာသို့လည်း တက်နိုင်သည်ဖြစ်သော်လည်း တာ့ရွှယ်တောင်ကတော့ ယန်ဖူကမ္ဘာတွင် ကျန်ရှိနေခဲ့မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် အထက်ဘုံကမ္ဘာရှိ ချုန်းယန်နေမင်းဂိုဏ်းမှ တန်ခိုးစွမ်းအားရှင်များက သူတို့၏အမျက်ဒေါသကို တာ့ရွှယ်တောင်ဆီသို့ ပုံချလာနိုင်သည်။
ပိုက်ကျစ်မင်က အရှေ့တောင်ထိပ်တန်းမျိုးနွယ်များနှင့် အဆင်ပြေသော်လည်း ချုန်းယန်နေမင်းဂိုဏ်းက ဆီလျော်မှုရှိစွာ မစဉ်းစားဘဲ တိုက်ခိုက်လာမည်ဆိုလျှင် အခြေအနေပြောင်းလဲသွားနိုင်သည်ဖြစ်ရာ အတိအကျ တွက်ဆရနိုင်သည့် အနေအထား မဟုတ်ပေ။
ထို့ကြောင့် တာ့ရွှယ်တောင်က ချုန်းယန်ဂိုဏ်းဖြင့် သူသေကိုယ်သေတိုက်ခိုက်လိုခြင်းမရှိဘဲ မြွေမသေတုတ်မကျိုး အခြေအနေထိန်းထားလိုသည်မှာ ထင်ရှားသည်။
လက်ရှိတွင် ချုန်းယန်နေမင်းဂိုဏ်းက အတော်လေးအထိနာနေသလို အင်အားလည်းနည်းသွားပြီဖြစ်ရာ ယန်ဖူကမ္ဘာ၏ လောကပထမနေရာမှ ပြုတ်ကျသွားပြီဖြစ်ပြီး ထိုနေရာကို တာ့ရွှယ်တောင်က အစားထိုးဝင်ရောက်ခဲ့နိုင်ပေပြီ။
အထက်ဘုံကမ္ဘာမှ ချုန်းယန်နေမင်းဂိုဏ်းအကြီးအကဲများသည် ယန်ဖူကမ္ဘာတွင် အချိန်ကြာမြင့်စွာနေထိုင်ရန် မဖြစ်နိုင်ပေ။
ဒုက္ခခံစားနေရသည့် ချုန်းယန်နေမင်းဂိုဏ်းအနေဖြင့်လည်း တာ့ရွှယ်တောင်ကသာ သူတို့ကိုမတိုက်ခိုက်လျှင် ရန်လိုစိတ်ရှိမည်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေမည်သာပင်။
ရန်ကျောက်ကဲက ထိုအကြောင်းများကို စိတ်မပူပေ။ သူ၏ဆရာဘိုးဘိုးအဆင်ပြေသရွေ့ စိတ်ချမ်းသာနိုင်ပြီ ဖြစ်၏။
ထိုအချိန်...
ခန်းမဆောင် တံခါးဝတွင် လူရိပ်တစ်ခု ပေါ်လာသည်။
ပိုင်ကျစ်မင်၏ရုပ်တုထဲတွင် စိတ်အာရုံအပိုင်းအစအဖြစ်ရောက်ရှိနေသော ရန်ကျောက်ကဲက ထိုပုံရိပ်ကိုတွေ့သည်နှင့် စိတ်ထဲလှုပ်ရှားသွားရလေတော့၏။